Wednesday, October 6, 2010

သင်ခန်းစာ `ခ´

ကျနော်ဟာ ခရီးသည်ကြီးပေါ့
မှတ်တိုင်ပေါင်းများစွာ
ချဉ်းကပ်ခဲ့ဖူးသည် ခွဲခွာခဲ့ဖူးသည်
ခါးသီးခြင်း ချိုမြိန်ခြင်းတွေ ဖြတ်သန်းခဲ့ရသည်
ချွတ်ခြုံကျအိပ်မက်တွေ နဲ့
ချာတူးလန်နေ့ရက်တွေအတွက်
ချြိးခြံစွာ လျှောက်လှမ်းခဲ့ရဲ့
ခွက်ခွက်လန်အောင် ရှုံ့ချမှုတွေ
ချွေချွေတာတာ ချီးကျူးမှုတွေအတွက်
ခပ်မဆိတ်ပဲနေဖြစ်ပါသည်
ချမ်းချမ်းသာသာ မဖြစ်ရင်နေပါ
ခြောက်ခြောက်ခြားခြား မနေပါရစေနဲ့ဟု
ခြောက်တီးခြောက်ချက်တွေးဖူးရဲ့
ခြစ်ခြုပ်စုထားတဲ့ သိက္ခာလေးနဲ့
ချပ်ချပ်ရပ်ရပ်နေတတ်ပါပြီ
ရိုးသားမှု ဟာ၂၁ရာစုအတွက်
ဘာကြောင့်ခက်ခဲနေကြတာလဲဟုတွေးတိုင်း
အမြဲ ခိုးလိုးခုလုဖြစ်မိသည်
ခံစားချက်အပြည့်နဲ့ရေးခြစ်ခဲ့တဲ့ ကျနော့်ကဗျာတွေ
ခွက်ထိုးခွက်လှန် အလှောင်ခံခဲ့ရဖူးသည်
ချစ်တတ်သူအတွက် ကဗျာသည် ပန်းခင်းဖြစ်ပေမယ့်
မခံစားတတ်သူအတွက် ခပ်ညံ့ညံ့ စက္ကူစပေါ်က
ခေါင်းစားမခံချင်တဲ့ မင်စက်တွေဖြစ်ပေလိမ့်
အဲဒီအတွက် အချက်လက်တွေနဲ့ ကျနော်ရှင်းမပြချင်ပါ
ခက်ခက်ခဲခဲမြိုချထားခဲ့ရတဲ့ ၇င်ဘတ်ထဲကဖြစ်တည်မှုတွေနဲ့
တခါတခါကျနော် ခပ်တည်တည်ပဲနေပါသည်
ဒါကိုပဲ ခွဲခြားခွဲခြားလုပ်သည်ဟု
ချူချူချာချာပြောကြပြန်၏
ချွဲကြပ်မှာစိုးလို့ အချိုမစားဘူးဆိုမှ
သူတို့ကျနော့်ကို ချော့ကလက်တွေ လာကျွေးကြတယ်
ကျနော် ချောင်းတဟွတ်ဟွတ်ဆိုးရပါသည်
အဲဒီနေ့မှာပဲ ကျနော် အချစ်ကို အချစ်ဟု တွေ့ရှိနားလည်ခဲ့ရ
(ဟုတ်တယ် အချစ်က ချော့ကလက်နဲ့တူသည်
အစကတော့ ချို၏ ခဏခဏစားတော့ ချောင်းဆိုးလေသည်)


အားလုံး ချြိုးခြံခြွေတာ ချမ်းသာကြပါစေ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment