Saturday, October 2, 2010

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ နှင့် ပညာရေး အမြင်

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ နှင့် ပညာရေး အမြင်




ပညာဆိုသည်မှာ စာအုပ်စာတန်းဘတ်၍ စာသိမှုကို ပညာဟု မဆိုပေ၊ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်၊ ကမ္ဘာရှိ စာအုပ်အားလုံး ပင်လျှင် ပညာ အားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး ၌ ကျွနုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲ ရောက်သည်အထိ ပညာ သင်သားများ ဖြစ်နေ ကြစေသည်။

ပညာ သင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ၊ ပညာတတ်သူသည် လောကရှိအရာရာကို အခွင့် အလမ်းလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း မိမိဥာဏ် အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓါတ် တို့ကို၎င်း (Emotion of the Education) ပြုပြင် ပြုစု စီမံ ထားခဲ့သူသာလျှင် ဖြစ်သည်။

ပညာသည် စာအုပ်များထဲတွင်သာ ရှိသည်မဟုတ် စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ဥာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသာမဟုတ် လူ၏ စိတ်နေ စိတ်ထား အယူ အဆများ ကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ် စေရမည်။

ရာဇဝင်သိရုံသာ မဟုတ် ရာဇဝင်ကို ဖန်တီး နိုင်စေရမည်။ လောကဓါတ် ပညာကို သိရုံသာ မဟုတ်၊ လောကဓါတ် ပညာကို တိုးချဲ့နိုင်စေရမည်။ ပဋ္ဌမ ပညာကို သိရုံမျှသာ မဟုတ်၊ မြေသစ် ရေသစ် တော တောင် တို့ကို ရှာဖွေ စုံစမ်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ် အကျဉ်းမျှပင်တည်း။

ပညာသည် ကာလ ဒေသ ပရောဂ နှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည့် ပညာတွင် သညာ လည်း ပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်၊ ဥာဏ်ချည်းသာ တိုးတက်၍ သညာ မရှိပါမူလည်း ဤမျှ ပိုမို ဆန်းကြယ် အပြောကျယ် လှသော ခေတ်သစ် အကြောင်းကို နားမလည်နိုင်ပေ၊ လောကဓါတ် ပညာကို မတတ် မသိဘဲ လောကဓါတ် ပညာဥာဏ် ကိုသာရလျှင် လောကဓါတ် ပညာ၏ တန်ဘိုးကို ဒင်ပြည့် မသုံးနိုင်ပေ။

တိုင်ပြည် အခြေအနေ ပြဿနာ၊ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည် ထောင်ခြင်း ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။

လူတယောက်၏ သက်တမ်းတွင် အစ ပဋ္ဌမက သိမြင်လာသော စိတ်နေ စိတ်ထား ဝါဒ တို့သည် အမှန်ချည်း မဟုတ် ပြုပြင် ပြောင်းလဲ ရမည်သာတည်း။

လူတဦး၏ တဘဝတွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖေါက်လွဲ ဖေါက်ပြန် ဖြစ်ခြင်း ပေတည်း။ ဝါဒ ပြောင်းလဲ မှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်ပေ။ တနည်း တိုးတက်ခြင်း ပေတည်း။

သမာဓိဆိုသည်မှာ လောက၏ အကောင်း အဆိုး အကျိုးအဖြစ် သနစ်စုံကို ပိုင်းခြား ထင်ထင် သိမြင်၍ ဆင်းရဲလည်း ဝမ်းမနည်း ချမ်းသာလည်း ဝမ်းမသာ ပကတိ စိတ်ထား ဥာဏ် အမြင်အရ လူချီးမွမ်း လူကဲ့ရဲ့မှု ဘေးဒုက္ခ အန္တရာယ်ကို မထိတ် မလန့် တသမတ်တည်း တည်ညိမ်စွာ ရှိခြင်းကို ဆိုလေသည်။

လှေနံဓါးထစ်ဆိုသော အလုပ်။ အပြော၊ အတွေးတို့မှာ ပညာ၏အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း။



ဗိုလ်ချုပ်အောင်ဆန်း လူငယ်ကျောင်းသားဘဝက ကိုယ်တိုင်ရေးခဲ့သော အလွန်လေးနက်သော လောကအမြင်။ ပညာရေး အမြင် တစိတ်တဒေသ ဖြစ်သည်။

စုဆောင်းသူ ဘလော့ခ်ဂါ အလင်းဆက်

၂၈. ဇွန်လ. ၂၀၁၀

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစားကြည်ညိုသော အားဖြင့်ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။။

No comments:

Post a Comment