Friday, October 1, 2010
ချစ်သူဖန်ဆင်းသော...
သတိရနေမိတယ်
မင်းကိုခိုးခိုးကြည့်ခဲ့ရတဲ့
နေ့ရက်တွေ...
အစွန်းအထင်း
များလွန်းခဲ့တဲ့
ငါလိုလူတစ်ယောက်ရဲ့
ရင်ဘတ်ခတ်အက်အက်ထဲမှာ
ဖြူစင်တဲ့ချစ်ခြင်းတွေ
ရှိနေခဲ့သေးတယ်ဆိုရင်
မင်းယုံမှာလား...ချစ်သူ...
ငါက
အညတရ ကဗျာဆရာ
တစ်ယောက်ပါ
အဲဒီဖြူစင်တဲ့ အချစ်တစ်ခုကလွဲပြီး
မင်းအတွက်
ဘာကိုမှမပေးဆပ်နိုင်ခဲ့သူပါ
သုညမှတ်အောက် ကျဆင်းနေတဲ့
မင်းဆီက တုံ့ပြန်မှုလေးကို
မျှော်လင့်တောင့်တရတာ
ငါရင်ဘတ်တွေ
ခဏခဏအောင့်တယ်...ချစ်သူ...
တကယ်တော့
ငါ့အနားမှာ မင်းရှိမနေခဲ့ဘူးလေ..
ငါရယ်...ပြီးတော့...
မင်းနားမထောင်လို့
ငါ့ဘာသာ ပြန်ပြန်ကြားနေရတဲ့
ငါ့ရင်ခုန်သံတွေရယ်..
မင်းလက်မခံလို့
ငါ့ဆီပြန်ပြန်ရောက်လာတဲ့
ငါ့အချစ်တွေရယ်...
မင်းမနမ်းခဲ့လို့
ခဏခဏနွမ်းခြောက်ခဲ့ရတဲ့
ငါ့အလွမ်းတွေရယ်...
ငါ့အခန်းလေးနဲ့ အပြည့်ပါပဲ
စာအုပ်တစ်အုပ် ဘောပင်တစ်ချောင်းနဲ့
မင်းကိုချစ်တဲ့အကြောင်းတွေ ငါရေးတယ်...
ဂစ်တာတစ်လက် ပက်ထရမ်တစ်ခုနဲ့
မင်းကိုလွမ်းတဲ့အကြောင်းတွေ ငါဆိုတယ်..
ကြာတော့လည်း
အဲဒီအရာတွေက
တဖြည်းဖြည်း ငါ့ဘ၀တွေ ဖြစ်လာတာပါပဲ...
ချစ်သူရယ်
တိုးတိတ်စွာ ချစ်နေခွင့်တစ်ခုကိုပဲ
ငါခုထိ
မြတ်နိုးစွာ သိမ်းဆည်းထားတယ်......
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment