Thursday, October 7, 2010

သင်ခန်းစာ `ဆ´

ဆွတ်ယူခွင့်မရှိတဲ့ ပန်းတပွင့်ဟာ
ဟိုးအမြင့်ကြီးဆီမှာ မွှေးမြလန်းဆန်းနေရဲ့
ဆွဲဆွဲငင်ငင်အူလိုက်တဲ့ ဥသြသံဟာ
တို့နှစ်ယောက်ရဲ့ ခွဲခွာခြင်းများလား
ဟုတ်မယ်ထင်တယ်..မတွေးတတ်တော့ဘူး...
အနွေးဓာတ်တွေ မဆွတ်ပြန့်နိုင်တော့လို့
စွန့်ခွာသွားခဲ့တယ်ဆိုရင်လဲ..ကျနော်ရဲ့
ဆုတောင်းမှားမှုတစ်ခုခု ဖြစ်လိမ့်မယ်
ဖြစ်ချင်ရာဖြစ်
ချစ်သူနဲ့ကျနော့်ရဲ့နာရီလက်တံတွေ
ဆွဲဆန့်ထားပါရစေ
ဆေးဆရာကတော့ မမှားခဲ့ဘူး
သို့ပေမယ့်
နှလုံးသားတစ်ခုဟာဖြင့် သေဆုံးသွားခဲ့ပေါ့
သူမအတွက်တော့ အပြုံးကလေးတစ်လက်
နှုတ်ခမ်းလေးတစ်ချက်အမဲ့ပါပဲ..ကျနော့်မှာ....
ဆင်ကျီစားရာ ဆိတ်မခံနိုင်ဖြစ်ခဲ့ရတယ်
ဆေးမရှိတဲ့ အနာလိုပဲ
အချစ်ဆိုတာလည်း ၀ဋ်နာကံနာတစ်မျိုးထင်ရဲ့
ဆန့်ငင်ဆန့်ငင် ဖြစ်နေတဲ့ အဲဒီအမှတ်မရှိတဲ့ နှလုံးသားလေ
အချစ်ကိုပဲ ဆာလောင်ငတ်မွတ်ပါတယ်တဲ့
ဆုတ်လည်းစူး စားလည်းရူးတဲ့
ရင်ဘတ်တစ်ခုလုံး
ဆတ်ဆတ်ခါအောင်နာကြင်ခဲ့ဖူးတယ်
ရူးတယ်လို့ပဲ ဆိုကြပါစို့
ဆူးတွေနဲ့နှင်းဆီကိုမှ
ကျနော်က အဆုံးမဲ့
မြတ်နိုးတတ်ခဲ့တာလေ...
ခုတော့..ဆောင်ထားတဲ့ဓားတစ်လက်နဲ့ပဲ
အဲဒီကြိုးတွေအားလုံး ဖြတ်ထားခဲ့တယ်
လူတွေရဲ့ စပ်စုတတ်ကြခြင်းကိုတော့
ဆင်ဝှေ့ရန်ရှောင်ပေါ့
အဲဒီလိုနဲ့...
ဆားငန်ပင်လယ်တစ်ခုဆီကနေ
ကျောမှာ မျှော်လင့်ခြင်းသစ်ပင်တွေထမ်းပြီး
တောင်ကုန်းတစ်ခုလို
ကျနော်...ကျောခိုင်းခဲ့တယ်
ဘ၀က အဆုံးသတ်မလှခဲ့တဲ့
စာမျက်နှာတွေပြန့်ကျဲလို့
ဆီဆမ်းထားတဲ့ထမင်းတစ်ပန်းကန်အတွက်
လမင်းကိုတောင်းပန်ခယခဲ့ရတဲ့
သက္ကရာဇ်တွေဆီ
ဆောင်းညပေါင်းများစွာ ပေးဆပ်ခဲ့ဖူးတယ်
ဆုံနိုင်ခွင့်နည်းလွန်းတဲ့
ကံကြမ္မာကောင်းတွေ ကျနော်တံခါးကို
ခေါင်းလောင်းထိုးဖို့ မေ့ခဲ့တယ်ထင်ရဲ့
ဆွတ်ယူလိုက်တဲ့ အဲဒီနှလုံးသာဟာ
ကျနော်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် မဆိုက်ရောက်ခဲ့ဘူး
ဆေးစက်တွေပေကြံနေတဲ့
ကျနော်ဆိုတဲ့ ခတ်ညစ်ညစ် ကင်းဘက်စတစ်စဟာဖြင့်
သူမအတွက် အမြတ်တနိုးသိမ်းဆည်းစရာ
ပန်းချီကားလှလှတစ်ချပ် မဟုတ်ခဲ့ပေဘူး
ဆက်ဆံရေးဆိုတာလည်း
ငွေမရှိတော့ ကျဲတိကျဲသောက်နဲ့ပေါ့
ဆည်းလည်းသံလေးတွေကိုတော့
ကျနော်ခုထိလွမ်းနေတတ်တုန်းပါ ချစ်သူ..
စန့်စန့်ကြီးရပ်နေရတာ ညောင်းတယ်တဲ့
ရပ်နေတဲ့ ခြေတောက်တွေက ပြောတယ်
နှလုံးသားတစ်ခုလုံး မောလျှနွမ်းနေတာ
သူတို့ကိုယ်ချင်းမစာကြဘူး
ဆူးခင်းထားတဲ့လမ်းတွေမလျှောက်ရသေးတော့
သူတို့က နာကြင်မှုကို အဓိပ္ပာယ်မဖွင့်တတ်ကြဖူးထင်ရဲ့
ဆင်ခြေဆက်လက်တွေ အပြည့်နဲ့ပဲ ကျနော်
သူတို့ကိုငြင်းလိုက်ပါတယ်
ဆန့်တန်းထားတဲ့ လက်တွေနဲ့
ကျနော် မကြိုခဲ့ဘူး..သို့ပေမယ့်
ဒုက္ခတွေ တေးဆိုပြီး ကျနော်ရင်ဘတ်ဆီ
ခုန်ဆင်းလာကြရဲ့..
သူများတွေမှာ နွေရယ်မိုးရယ်ဆောင်းရယ်
ကျနော့်နှလုံးသားက ဆီးနှင်းတွေမအေးမြနိုင်တဲ့အရပ်
မိုးရေတွေ မစွတ်စိုနိုင်တဲ့ဒေသတဲ့
ဆောင့်ကြောင့်ထိုင်ကြည့်နေတဲ့ လောကဓံတွေနဲ့
ကျနော့်နှလုံးသားထဲမှာတော့
နွေပြီးရင်းနွေပါပဲလေ........
ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက်နိုင်လွန်းတဲ့
ညတွေ..အရိုးမထွင်ဘဲ မျိုချခဲ့ရ
ဆီမပါတဲ့ဟင်လျာလိုပါပဲ
လူတွေရဲ့`စေတနာ´ဆိုတဲ့ စကားလုံးကလည်း
အရသာ မဲ့လွန်းလှရဲ့
ဆေးစက်ကျရာ အရုပ်မထင်နိုင်တဲ့ဘ၀က
စုတ်ချက်တွေနဲ့ရှုတ်ထွေးလို့ ကိုယ့်ကိုယ်ကိုရေးခြစ်ခဲ့တာလေ
ဆဲလ်တွေပေါက်ကွဲ ထွက်သွားတဲ့အချိန်ထိ
အမှန်တရားဆိုတာကို ကျနော်တို့ချစ်တတ်ရလိမ့်မယ်
ဆီကုန်သည်ဆန်ကုန်သည်ကြီးရဲ့သမီးက
လည်ပင်းကဆွဲကြိုးအတွက် စိန်လော့ကက်သီးတစ်ခုပူဆာနေချိန်
ဆိုက်ကားသမားတစ်ဦးရဲ့သမီးက `ဖေဖေ..မနက်ဖြန်အတွက်
ဆန်အိုးထဲမှာဆန်မရှိဘူး ဆီအိုးထဲမှာဆီမရှိဘူး´တဲ့
အဲဒီအသံက ကျနော့်နားထဲလာလျှံတယ်
ပိတ်နေတဲ့မျက်လုံးတစ်ဖက်ကို ကျနော်တို့တွေ ဆွဲဖွင့်ပစ်ရမယ်
ဆင်သရေကို ဆိတ်သရေနဲ့ဖုံးထားတဲ့
ကောက်ကျစ်မှုတွေမြင်တိုင်း
ဟောဒီကမ္ဘာကြီးအက်ကွဲသွားအောင်
စိတ်ရှိလက်ရှိအော်ဆဲပစ်လိုက်ချင်တယ်
ဘာအတွက် ရှင်သန်နေကြတာတဲ့လဲ
ဘ၀ရဲ့ဆည်းဆာဆိုတာလည်း
ကျနော်တို့သတိမထားခင် ရောက်လာတော့မယ်လေ
တစ်ယောက်ကိုတစ်ယောက် ဘာကြောင့်ချေမှုန်းချင်ရတာလည်း
နောက်ဆုံးမှာ အားလုံးဟာ သေဆုံးရမှာပဲလေ
`ကံကိုယုံပြီး ဆူးပုံမနင်းရာ´တဲ့
ကံကိုယုံပြီးဆူးပုံကိုနင်းခဲ့ကြသလား
ဆူးတောကိုမတိုးရဲလို့ ကံကိုပဲရိုးခဲ့ကြသလား
လူတွေက မိုးခါးရေကိုပဲ အမောပြေတယ်ထင်ခဲ့ကြတယ်
အမေပြောသလိုပြန်ပြောရရင် `မင်းတို့ခေတ်ကြီးက မကောင်းပါဘူးကွယ်တဲ့´
ကူးတော့ကူးနေတာပဲ အမေရဲ့..ဒါပေမယ့်
ကျနော်တို့ နစ်ပြီးရင်းနစ်ခဲ့ရတယ်
ဆန်းစသော်တာ လကွေးကွေးလေးအောက်
စိတ်အေးလက်အေး တေးဆိုခဲ့တဲ့ညတွေ
ပြန်လွမ်းမိပါသေးတယ် `အမေ´
ဆပ်ပြာသည် လင်ပျောက်နေတဲ့ ကမ္ဘာကြီးကတော့
ဆလိုက်မီးရောင်စုံတွေကြား
ဆန်းဆန်းပြားပြားကခုန်နေဆဲပဲလေ...


သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment