Friday, October 1, 2010

အိပ်မက်ထဲကမြို့တော်















အိပ်မက်ထဲကမြို့တော်

ကမ္ဘာကြီးသည် နေ့နဲ့ညကြားပုံမှန်လည်ပတ်နေဆဲ..
လူတွေကမွေးတဲ့သူတွေမွေးဖွားလို့ သေတဲ့သူတွေကလည်းသေနေမြဲပါ။
ဒီလိုနဲ့ ကျနော်တို့ ကမ္ဘာကြီးနဲ့ အပြိုင်ဝဲလည်နေပါတော့သည်။
မုံရွာမြို့ရဲ့ဆောင်းသည် အရိုးကွဲမတတ် အေးစက်လွန်းလှရဲ့ ..ဂွမ်းစောင်ခြုံထားသည့်ကြားမှပင်
ခိုက်ခိုက်တုန်အောင်တစ်ချက်တစ်ချက်အသွေးအသားထဲစိမ့်နေအောင်အေးနေပါသေးတော့သည်။ အဲဒီလို ချမ်းနေတဲ့ ဆောင်းညတစ်ညရဲ့ အိပ်မက်ထဲမှာ ကျနော်စိတ်ကူးယဉ်ဆန်လွန်းတဲ့ မြို့တော် တစ်ခုဆီရောက်သွားခဲ့ဖူးတယ်..။
ကမ္ဘာကြီးရဲ့ တစ်နေရာဆိုတာကလွဲလို့ မြို့ကလေးတည်ရှိနေတဲ့နေရာကို ကျနော်မခန့်မှန်းနိုင်ပါ။ မြို့ကလေးသည် ကျနော်နှင့် သူစိမ်းဆန်မနေပဲ ရင်းနှီးနေတာပဲ တစ်ဆိတ်ထူးဆန်းနေသည်။
ဈေးသည်၊ဈေးဝယ်တွေနဲ့ စည်ကားနေတဲ့ မြိုကလေးဆီ ကျနော်ရောက်သွားတော့ မြို့တံခါးတွေက
ပြုံးပြနှုတ်ဆက်ရင်း ကြိုနေခဲ့ကြရဲ့..။
မိုးကုတ်စက်ဝိုင်းကြီးဆီမှာလည်း တောင်းတန်းကြီးတွေက စိမ်းညို့လို့..။ တောင်ပေါ်မြို့ကလေးမို့
ဆီးနှင်းမြူခိုးတို့ဖြင့် မှုန်ရီဆွေးမြေ့နေတတ်တဲ့ မြို့ကလေးပါ..။ နှင်းစက်တွေရွှဲရွှဲစိုလို့ အမြဲခိုက်ခိုက်တုန်အောင်
ချမ်းနေတဲ့မြို့ကလေးမှာ တိုက်ပွဲခေါ်သံတွေမရှိ၊အနိုင်ကျင့်မှုတွေမရှိ၊ဂုတ်သွေးစုတ် အမြတ်ကြီးစားခြင်းတွေမရှိ။
စိမ်းမြသည်၊သာယာသည်၊လန်းဆန်းသည်။ ပီဘိကလေးငယ်လေးတစ်ယောက်လို ရိုးသားဖြူစင်ပြီး သန့်ရှင်းတဲ့
မြို့ကလေးက ယဉ်ကျေးမှု၊ ဥပဒေ၊ စည်းကမ်းတွေကို ဆိုင်းပုဒ်အကြီးကြီးတွေနဲ့ထောင်ပြအထားမထားပါဘူး။
(၃၈)ပါးသော မင်္ဂလာတရားတွေက မြို့သူမြို့သားတွေရဲ့ ယဉ်ကျေးမှု၊(၅)ပါးသော သီလသည်သာ မြို့သူမြို့သား
တို့ရဲ့ ဥပဒေ၊ကိုယ်ချင်းစာခြင်း၊ရိုးသားချင်း၊ဇွဲရှိခြင်း၊သနားကြင်နာခြင်းက မြို့သူမြို့သားတို့ရဲ့ စည်းကမ်းပါပဲ..။
ဘုရားရှင်ရဲ့ အဆုံးအမအောက်မှာ မြို့ကလေးဟာ အကြင်နာတရားတို့ဖြင့် ငြိမ်းချမ်းနေလေ၏။
အိမ်ရှင်မတွေ ဆွမ်းထချက်ကြဖို့ နေ့စဉ်လှုပ်နိုးတတ်တဲ့ မြို့ကလေးရဲ့ အာရုဏ်ဦး အုန်းမောင်းခေါက်သံက
ငြိမ့်ညောင်းသာယာလွန်းလှရဲ့..။ အာရုဏ်ဦး ဘုရားဝတ်ပြုသံတွေနဲ့ နေ့စဉ်နေ့တိုင်း မင်္ဂလာရှိရှိနိုးထတတ်တဲ့
မြို့ကလေး..။ ဘေးအန္တရာယ်ဆိုးတွေကို မေ့လျော့နေတဲ့ မြို့ကလေးပါလေ..။
နံနက်ခင်းရဲ့ နေရောင်ခြည်အောက် ရွှေရောင်တွေတောက်ပနေတဲ့ မြိုဦးစေတီလေးကအစ သူတော်စင်တို့၏ သင်္ကန်းရွှေဝါရောင်တို့သည်တင့်တယ်လွန်းလှ၍ မြို့ကလေးကို ပိုမိုတောက်ပ လင်းပြစေလေသည်။
အေးအေးလူလူ ကျောင်းသွားနေကြတဲ့ ကလေးငယ်လေးတွေရဲ့ မျက်နှာလေးတွေမှာ ကြောင့်ကြမှုကိုမတွေ့ရ..။
လှပတဲ့အနာဂတ်ဟာ သူတို့အပြုံးတွေပေါ်မှာ တရိပ်ရိပ်ပြေးနေလေသည်။ အဖွဲဖွဲ ကြွေနေတဲ့နှင်းမှုံတွေကြား သူတို့
ရဲ့ နုဖတ်သန့်စင်တဲ့မျက်နှာလေးတွေက အေးမြလန်းဆန်းနေရဲ့..။ မြို့ကလေး၏ အနာဂတ်သည် ဒီကြယ်ပွင့်ကလေး
ရဲ့အလင်းနဲ့ အစွမ်းကုန်တောက်ပပေဦးတော့မည်။ကိုယ်စီကိုယ်ငှ အလုပ်သွားနေကြတဲ့မြို့သူမြို့သားတွေရဲ့
မျက်နှာတွေဟာလည်း လောဘအရိပ်တွေမရှိ၊ဒေါသ အရိပ်တွေမရှိ၊မာနအရိပ်တွေ မရှိ ကြည်လင်အေးလှရဲ့.။
သူတို့ရဲ့မျက်နှာပေါ်မှာ ယုံကြည်ချက်တွေအပြည့်၊ရဲရင့်မှုတွေ အပြည့်၊ပျော်ရွှင်မှုတွေအပြည့်၊ တာဝန်ယူတတ်တဲ့
စိတ်တွေ အပြည့်နဲ့ ဒုက္ခဆိုတာ မကြားဖူးသည့်အလား၊ငရဲဆိုတာ မကြုံဖူးသည့်အလား အားမာန်တို့သည်
သူတို့မျက်နှာထက် ၀င်းလက်တောက်ရှနေ၏။ သူတို့အကြည့်သည် နူးညံ့သည်။ သူတို့မျက်ဝန်းသည် ဖြူစင်
အပြစ်ကင်းသည်။ သူတို့မျက်လုံးကို ကြည့်မိသူအဖို့ ညီကိုမောင်နှမ အရင်းအချာတို့ကို တွေ့ရသကဲ့သို့
ရင်ထဲ၌ နွေးထွေးရင်းနှီးလွန်းလှရဲ့..။မြို့ကလေးသည် မေတ္တာတရားတို့ဖြင့် သင်းပျံ့နေပေသည်။လမ်းမှာ တွေ့သမျှ
လူတိုင်းက ကျနော့်ကို ပြုံးပြနှုတ်ဆက်သွားကြ၏။အပြုံးက ဟန်ဆောင်ခြင်းမပါသော ရင်ထဲကလာသော
အပြုံးမျိုး..။
ကျနော်သူတို့ကို တစုံတခုမေးမလို့ပါပဲ။ဒါပေမယ့် ကျနော့်နှုတ်ဖျားတွေက အလိုလိုဆွံ့အ နေတော့သည်။
အဲဒီအချိန်မှာပဲ မြို့သားတစ်ယောက်က ကျနော်ထံ တစ်လှမ်းချင်းစီလျှောက်..ပြီးတော့ ကျနော့်ကို
ထူးထူးဆန်းဆန်းမေးခွန်းနဲ့ထူးထူးဆန်းဆန်းစကားတွေ ပြောပါတော့သည်။
“မိတ်ဆွေက ဘယ်မြို့ကလဲဗျ..လု့ပြည်ကလာတာရော ဟုတ်ရဲ့လား..။စိတ်တော့မရှိနဲ့ဗျာ
ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဘီလူးသဘက်နံ့ရတယ်ဗျာ။”
သူ့စကားကြောင့် ကျနော် အံ့သြသွားမိသည်။
“ဟို..ကျနော် လူပြည်ကပဲလာ....”
ကျနော် ရှင်းပြမလို့ လုပ်နေတုန်းတုန်း ထိုပုဂ္ဂိုလ်က လက်ကာပြီးဟန့်တားလိုက်သည်။
ပြီးတော် ဆက်ပြောသည်။
“မိတ်ဆွေနှစ်သက်တဲ့အစားအစာ ပြောပါ ကျနော်တို့ ကျွေးပါ့မယ်။”
ကျနော် အံသြစွာ ကြည့်နေစဉ်မှာပဲ သူက ကရားရေလွှတ် တတွတ်တွတ် ပြောနေသည်။ ကျနော် ဘာမှ ပြန်ပြောချိန်မရ။ သူကလည်း ကျနော်နဲ့ စကား ပြောချင်ပုံမရပါ။ သူပြောစရာ ရှိတာတွေကို  အဆက်မပြတ်ပြောနေတော့သည်။
“မိတ်ဆွေနှစ်သက်တဲ့ ပစ္စည်းကို ပြောပါ ကျနော်လက်ဆောင်ထည့်ပေးလိုက်ပါမယ်။“
“ဒါပေမယ့် ခင်ဗျားဒီမြို့က အမြန်ထွက်သွားပါ..။မဟုတ်ရင် ကျနော်တို့မြို့ကလေးက နုနယ်တဲ့ကလေးတွေဆီ
ဘီလူးသဘက် ရောဂါပိုးတွေ ကူးသွားလိမ့်မယ်..။”
“ခင်ဗျားကိုလည်း သူတို့ဒဏ်ခတ်ကြလိမ့်မယ်..ခင်ဗျားခန္ဓာကိုယ်က
အနံ့ဆိုးတွေ ဆေးကြောသန့်ရှင်းပြီးခဲ့ရင်တော့ ကျနော်တို့မြို့ကလေးကို တစ်ခေါက် ပြန်လာခဲ့ပေါ့ဗျာ..”
ပြောစရာရှိတာ ပြောပြီးထိုလူသည် အေးဆေးစွာ ထွက်ခွာသွားပါသည်။
အေးစက်အက်ရှနေတဲ့လေတွေက တဟူးဟူးတိုက်ခတ်နေကြလေရဲ့..ကျနော်တစ်ကိုယ်လုံး ရေခဲတုံးတစ်တုံးလို
ခဲတောင့်အေးပြာနေ၏။ ကိုယ့်ကိုယ် မယုံနိုင်ရဲစွာ ပြန်ပြီးအနံခံကြည့်လိုက်တော့ သူတို့ခန္ဓာကိုယ်တွေက ထွက်နေတဲ့
အနံ့မျိုးမဟုတ်ဘဲ ကျနော့်ရဲ့ကိုယ်နံ့က ထူးဆန်းစွာ အီလည်လည်ညှီစို့စို့..။ ကျနော် ကြောက်လာသည်၊ ကြက်သီးတွေ
တဖြန်းဖြန်းထလာသည်။ ဒီအနံက ဘယ်ကလာတာလဲ ဦးနှောက်တွေ ဆူဝေ၊နှလုံးသားတွေမွန်းကြတ်လာ၏.။
ကျနော့်ကိုယ်ထဲမှာ..
ကျနော့်ကိုယ်ထဲမှာ......
.....
မြို့ကလေးကိုတက်မက်တဲ့စိတ်တွေ၊ အပိုင်လိုချင်တဲ့ စိတ်တွေ၊ မို့သူမြို့သားတွေရဲ့  ကြွယ်ဝမှုကို အနိုင်ကျင့်သိမ်းပိုက်
ချက်တဲ့စိတ်တွေ၊ မြို့သူမြို့သားတွေရဲ့ ရိုးသားမှုအပေါ် ဂုတ်သွေးစုတ်အမြတ်ထုတ်ချင်တဲ့စိတ်တွေ၊မြို့သူမြို့သားတွေရဲ့
အေးချမ်းမှုကို မနာလိုတဲ့စိတ်တွေ၊ မြို့သူမြို့သားတွေရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးလိုတဲ့စိတ်တွေ.......
ခန္ဓာကိုယ်တစ်ခုလုံး ရင်ဘတ်တစ်ခုလုံး ပြည့်လျှံနေသည်။
ကျနော့်မျက်ဝန်းထဲက ကောက်ကျစ်မှုတွေကို သူတို့တွေက နူးညံ့တဲ့အပြုံးတွေနဲ့ပဲ တုံ့ပြန်နေကြပါလား။ ကျနော် ကိုယ့်ကိုယ်ရှက်လာသည်။လေတွေကလည်း ပိုပြီးအေးစိမ့်လာသလိုလို..ကောင်းကင်သည်လည်း တဖြည်းဖြည်း ညိုမှောင်လာခဲ့ပြီထင်ရဲ့..။
ရိုသားတဲ့ မြို့ကလေးအလယ်မှာကျနော်သည် မြေခွေးတစ်ကောင်လို ကောက်ကျစ်စွာ ရပ်နေမိခဲ့သည်။ ဖြူစင်သန့်ရှင်းလွန်းတဲ့ နယ်မြေမှာ ကျနော်က အမည်းစက်ကြီးတစ်ခုလိုထင်းထင်းကြီး ဖြစ်နေလေရဲ့..။ အစောက မြို့သာ လာပြီးသတိမပေးခဲ့ရင် ကျနော်သည် ချိုမြိန်လတ်ဆတ်တဲ့ သစ်သီး တွေကြားက ကျီးအာသီးတစ်လုံးလို ဘယ်အချိန်ထိ ပုတ်သိုးနေမယ်မသိ..။
ဇောချွေးတွေပြန်လာသလို နားတွေလည်း အူလာသည်။ သေချာကြည့်နေပါလျှက် မြင်ကွင်းက မှုံဝါးလာသည်။ ကျနော်ပြန်ရမည်။ ကျနော်ကိုယ်ကျနော်သန့်စင်အောင်ဆေးကြောရဦးမည်..နူးညံ့အောင်လေ့ကျင့်ရဦးမည်။
မြင်ကွင်းတွင် မြို့ကလေးက တဖြည်းဖြည်းဝေး၍ မှုန်ဝါး ပျောက်ကွယ်သွား၏။
ရုတ်ချည်းပင် မြင်ကွင်းသည် ကြည့်နေရင်းက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပြန်ပါသည်။
မြိုပြကြီးတစ်ခုသည် ဘွားခနဲ ပေါ်လာသည်။ နောက်တော့ ခေတ်တွေတစ်ခေတ်ပြီးတစ်ခေတ်၊ စစ်ပွဲတွေ
တစ်ပွဲပြီးတစ်ပွဲ တစ်ဦးကိုတစ်ဦး သွေးရဲရဲသံရဲရဲနဲ့ သတ်ဖြတ်နေကြရဲ့..၊ မျက်နှာအဆီတ၀င်းဝင်းနဲ့ လူကုံတန်ကြီးတွေက အစေခံလေး တွေကိုညှင်းပန်းနှိပ်စက်နေကြသည်။ ထမင်းနပ်မှန်အောင်မစားရလို့ ငတ်ပြတ်နေတဲ့ဘ၀တွေ၊ ကယ်ပါယူပါတစာစာနဲ့ မိဘမဲ့ကလေးတွေရဲ့ ညီးညူအသံတွေ၊ ဆေးဖိုးဝါးခမရှိလို့ အာခေါင်ခြစ်အော်နေကြတဲ့
ရောဂါသည်တွေရဲ့အသံတွေ ပဲ့တင်ထပ်နေရဲ့..။
အကျိုးအမြတ်လေး အလောက်မငအတွက် လယ်ကွင်းတွေထဲ နေပုမိုးရွာမရှောင် ပင်ပန်းကြီးစွာလုပ်ကိုင်နေကြရတဲ့ တောင်သူလယ်သမားတွေ၊ အဖိုးအခမဖြစ်စလောက်လေးနဲ့ မသေချာတဲ့ မျှော်လင့်ချက်တွေအတွက် ကျောက်တောင်ကြီးတွေကိုတူးဆွ ရုန်းကန်နေကြတဲ့ ရ တနာရှာသူတွေ၊ စက်ရုံကြီးတွေမှာ လခအနည်းငယ်အတွက်
အလုပ်ချိန်အများကြီးပေးဆပ်နေကြရတဲ့ အလုပ်သမားတွေ အဲဒီလို ဆင်းရဲသားတွေ သွေးချွေးနဲ့ရင်းခဲ့ရတဲ့ အောင်မြင်
မှုတွေနဲ့ မုံယစ်နေတဲ့ ရယ်သံကြီးတွေ ကကြောက်မက်ဖွယ်ရာပါပဲ..။
လယ်ယာအိမ်မြေတွေ အဓမ္မသိမ်းနေတဲ့ အာဏာရှင်ကြီးတွေ၊ လယ်သမားတွေကို သေနတ်နဲ့ချိန်ပြီး လယ်ထဲကနှင်ထုတ်နေတဲ့ စစ်သားတွေ၊ သံဃာတော်တွေကို ရက်ရက်စက်စက် ပစ်သတ်နေတဲ့ စစ်သားတွေ၊ ကျောင်းသားလေးတွေ အလုပ်သမားလေးတွေကို လူမဆန်စွာ ရိုက်နှက်နေတဲ့ ရဲတွေ
ကြီးနိုင်ငယ်ညှင်းဝါဒနဲ့ လိမ်ညာရက်စက်မှုတွေနဲ့ အားလုံးရဲ့ မျက်ရည်တွေကိုသောက်သုံး ပြုံးပျော်မုန်ယစ်နေနိုင်ကြတဲ့ စုန်းထီးတွေရဲ့ မျက်နှာကြီးတွေက အော်ဂလီဆန်စရာကောင်းလှသည်။
 ခွေးဟောင်သံကြီးတွေ စူးစူးရှရှကြားလိုက်ရသည်။
ဟုတ်တယ်.. ဧရာမခွေးနက်ကြီးတွေသည် မြို့ကလေးကို ဒဏ်ခတ်ဖို့ မိုင်ပေါင်းများစွာအဝေးမှ အလင်း၏လျှင်မြန်ခြင်းမျိုးနဲ့လာနေကြပေပြီ။
မြင်ကွင်းသည် ထိတ်လန့်ရွံရှာဖွယ် အတိ။ ဤမျှကြောက်မက်ဖွယ် ကောင်းသောမြို့၌ မည်သူတွေနေထိုင်ကြသနည်း။
သွေးညှီနံ့တွေ ၀နေသည့် မုတ်ဦးကြီးကလည်း ဘီလူသဘကစီးနေသလို သွေးလန့်ခြောက်ခြားဖွယ်ကောင်းလွန်းရဲ့.။
မြို့တော်ရဲ့ အမည်ကို တစ်လုံးချင်းသေချာ စာလုံးပေါင်းပြီး ဖတ်ကြည့်လိုက်သည်။ချက်ချင်းပဲ ကျနော် ငုတ်တုတ်မေ့သွားတော့သည်။ပြီးနောက်.........
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကမ္ဘာကြီးအက်ကွဲသွားလောက်အောင် ကျနော်အော်ဟစ်ရင်း အိပ်ယာကလန့်နိုးသွားသည်။ ခိုက်ခိုက်တုန်အောင်ချမ်းလှသည့် မုံရွာမြို့ရဲ့ အညာဆောင်းညမှာကျနော့်တစ်ကိုယ်လုံး ချွေးတို့ဖြင့် ရွှဲရွှဲစိုနေလေတော့သည်။
“ဆောင်းတွင်းအိပ်မက် ကယောက်ကယက်တဲ့ ဘုရား..ဘုရား”
“..ငါကို့ယို့ကားယား ကြီးအိပ်ပျော်သွားမိလို့ဖြစ်မယ်ထင်တယ်”
ရေတခွက်ထပြီးသောက်လိုက်တာတောင် ရင်တွေက တဆတ်ဆတ် တုန်နေဆဲ..။
သတ္တ၀ါတွေကို မေတ္တာပို့မိသည်။
“အိပ်မက်အစက လှပအေးချမ်းတဲ့ မြို့တော်မျိုးကိုသာ ပိုင်ဆိုင်ရပါလို၏။
အိပ်မက်နောက်ပိုင်းက ငရဲလိုမြို့တော် အထပ်ထပ်နဲ့တော့ ဘ၀အဆက်ဆက် လွဲရပါလို၏ အရှင်ဘုရား...”
ဘုရားရှင်ရှေ့ဒူးထောက်၍ အကြိမ်ကြိမ်ဆုတောင်းမိရ၏။
မြောက်ပြန်လေသည် ကျနော့်အခန်းလေးကို အေးသက်စွာ ဖြတ်သန်းတိုက်ခတ်နေလေသည်။ နှင်းမှုန်တွေကတော့
မျက်နှာမူရာတိုင်း တဖွဲဖွဲလွင့်စင်နေကြရဲ့....ကောင်းကင်က လကွေးကွေးလေးတောင် တော်တော်စောင်းသွားပြီပဲ..
ကြယ်ကလေးတွေတော့ ဟိုတစ်ပွင့် ဒီတစ်ပွင့်..။ အုန်းရွက်သံတရှဲရှဲနဲ့ တခါတရံ ပုရစ်ကလေးတွေ အော်မြည်သံမှအပ
ညသည်တိတ်ဆိတ်ငြိမ်သက်နေ၏။အိပ်မက်ကြောင့် မျက်လုံးတွေလည်း ကြောင်ပြီိးပ်မရတော့..။
အတွေးတွေကလည်း ရောက်တတ်ရာရာ..။ စကြာဝဠာနဲ့ကမ္ဘာကြီးအကြောင်း၊ သမိုင်းတွေယဉ်ကျေးမှုတွေ အကြောင်း၊ နိုင်ငံတွေနဲ့ မြို့ပြတွေ အကြောင်း၊ ဘုရင်တွေလူတွေအကြောင်း.အတွေးပေါင်း သောင်းခြောက်ထောင်နဲ့.. ကျနော်ရယ်၊ဆောင်းညတစ်ညရယ်၊
လကွေးလေးနဲ့ ကြယ်စင်လေးတွေရယ် နှင်းစက်လေးတွေထဲ လွင့်ဝဲနေကြတယ်..။

လောကကြီးသည် တစ်ဖက်၌ စွဲမက်ဖွယ်ကောင်းသလိုလိုနဲ့ အခြားတစ်ဖက်မှာတော့ ကြောက်မက်ဖွယ်ကောင်းလှ၏။
ကမ္ဘာကြီးရဲ့ မနက်ဖြန်မှာ ဘာတွေဖြစ် လာကြဦးမလဲ..။
ကျနော်တို့ကြိုမသိနိုင်တဲ့ နက္ခတ်တွေနဲ့အတူ ကမ္ဘာကြီးက မနက်ဖြန်ပေါင်းများစွာ အထပ်တလဲလဲ နိုးထနေလိမ့်ဦးမည်။
မကောင်းသော နိုးထခြင်းလား
ကောင်းသောနိုးထခြင်းလား..
ကောင်းသော နိုးထခြင်းသာဖြစ်ပါစေ...
လင်းဝေ

No comments:

Post a Comment