Wednesday, October 6, 2010

သင်ခန်းစာ `င´

ငုဝါတွေပွင့်တိုင်း
ချစ်သူလွမ်းဆွတ်ရတာကို
ဘ၀ရဲ့ အနှစ်သာရတစ်ခုလို့
ကျနော်ရူးသွပ်ဖူးတယ်
ငယ်ငယ်ကလို
ငိုပြတိုင်း ဆန္ဒတွေ မပြည့်နိုင်တော့ဘူးလေ
(ဆရာမင်းလူပြောသလို ပြောရရင် ငယ်ငယ်တုန်းကတော့ ကလေးလေးတွေပေါ့ဗျာ)
အတောင်လဲစုံရော လောကကြီးဆီ ငှက်တစ်ကောင်လို ကျနော် ပျံသန်းကြည့်တယ်
ပြန်သန်းရင်း ငုံ့ကြည့်လိုက်တာ ကမ္ဘာကြီးကို အပြားလိုက် ကျနော်မြင်လိုက်ရတယ်
(ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီကို မဆီမဆိုင် သတိရလိုက်သေး၏)
ငွေကစကားပြောတဲ့အခါ
ပညာရှိတွေတောင်ဆွံ့အ သွားတယ်ဆိုပဲ ထို့ကြောင့် ပညာမဲ့တွေ ရူးသွပ်ကြတာ မဆန်းဘူးထင်ရဲ့
အငမ်းမရဆာလောင်မွတ်သိပ်နေမှုတွေနဲ့ ဟောဒီကမ္ဘာကြီးဟာ
ငါးခုံးမလိုလူတွေကြောင့် တလှေလုံး ပုတ်ခဲ့ရတာလား
ငုတ်ချည်ပေါ်ချည် ကံကောင်းခြင်းတွေနဲ့ အိပ်မက်တွေကို မျှော်လင့်ရတာ
ကျနော်လည်ပင်းတွေတောင် ငန်းတစ်ကောင်လို ရှည်ခဲ့ပြီ
ငါးပွက်ရာ ငါးစာချတာကို ငန်းငန်းတက် ယုံကြည်မှုနဲ့
အငိုက်မမိကြဖို့တော့ အရေးကြီးပါသည်
ခဏတာ ငှားထားရတဲ့ တို့ခန္ဓာတွေက
ငတ်ကြီးကျဖို့တစ်ခုပဲသိတာ တဆိတ်ဆိုးရွားလွန်းတယ်
ငိုစားရီစား တဲ့ ငါ့စကားနွားရပြောပြီး
သူတပါး၏ ရီစာကိုလည်း မစားလို သူတပါး၏ငိုစာကိုလည်း မစားရက်
ကိုယ့်ချွေးစက်နဲ့ကိုယ် ဖန်တီးထားတဲ့ နံနက်စာကိုသာ
ကျနော် ရိုးသားစွာ ဆာလောင် ငတ်မွတ်တောင့်တပါမည်
ငှက်ကြီးတောင်ဓား ကိုင်ထားသူတိုင်း သူရဲကောင်းမဟုတ်သလို
ငှက်ပျောသီးစားတိုင်းလည်း မျောက်ဖြစ်ကြပါ
လူဆိုတာ ကိုယ့်ဓားကိုသွေး ကိုယ့်အစာကိုကျွေး
ကိုယ်အထာနဲ့ကိုယ်တွေးပြီး ကိုယ့်သွေးကိုရဲအောင် ကျင့်ရမည်
မိတ်ဆွေ လမ်းမဆုံးသေးဘူး...လမ်းတ၀က်မှာ
တငူငူ တငေါင်ငေါင်ထိုင်ပြီး ဘ၀ကိုအရှုံးပေးမလို့လား
တိုက်ပွဲတွေများလွန်းတဲ့ဘ၀မှာ ငိုက်မြည်းနေဖို့ အချန်မရှိဘူး
ငှက်မသိတော့ ဇရက်ချိုးထင် လူဆိုတာ အမှားတွေကိုပဲ
ခဏခဏခုံမင်တတ်ရဲ့ ...
အချက်မသိတော့ သမက်သခိုးထင်
ကျနော် sorry လို့ခဏခဏတောင်းပန်ခဲ့ရဖူးတယ်
သြော်..ဘ၀ဆိုတာ အငိုနဲ့ စခဲ့ကြရတာပါလား
ငိုက်စိုက်ငိုက်စိုက်လျှောက်ရင်း စဉ်းစားမိတယ်
ဒါဆို အငိုနဲ့များဆုံးရရင်.......ဆက်မတွေးရဲတော့
ကျနော် ငိုင်တိုင်တိုင် ဖြစ်သွားပါသည်
ဘာကြောင့်ပဲ ငိုငို မျက်ရည်ကျတာကိုက အရှုံးရဲ့ သင်္ကေတပဲ..
ငုတ်တုတ်ထိုင်နေတဲ့ တောင်ကုန်းကြီးက ကျနော့်ကိုပြောတယ်
မင်းတို့လူဆိုတဲ့ သတ္တ၀ါတွေဟာ...............
ငွေရဲ့ကျေးကျွန်...မျက်ရည်ရဲ့ အကျဉ်းသား.....
ငါဆိုတဲ့ အတ္တတစ်ခုအတွက် ....အငိုနဲ့သေရမယ့်...သတ္တ၀ါတွေ...
ငယ်သံပါအောင်အော်ပြီး
အိပ်မက်ကြီးတွေပေါ်က ကျနော်ပြုတ်ကျသွားတယ်...

ငိုကြွေးပူပန်ခြင်းများမှ ကင်းဝေးကြပါစေ
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment