စာရေးဆရာဆိုသော သတ္တ၀ါကို လူတစ်ချို့က အတင်သေးသည်။မြန်မာပြည်သာမဟုတ်၊အခြားတိုင်းပြည်များတွင်လည်း အထင်သေးသောလူစုရှိသည်။အထင်ကြီးသော အစိတ်အပိုင်းကလည်း မသေးငယ်လှချေ။
အထင်သေးသော အစိတ်အပိုင်းမှ ကဲ့ရဲ့သင်္ဂြိုမှုပြုသည့် အကြောင်းမှာ မထူးဆန်းလှ။မျှော်လင့်ရပေမည်သာ။သို့ရာတွင် အထင်ကြီးသော အစိတ်အပိုင်းကလည်း အန္တရာယ်လာပေးသေးသည်။အထင်ကြီးရာ၌ အထင်ကြီးလွန်းသည့် သဘောသက်ဝင်သည်က ပိုများသည်။အထင်သေးသော အစိတ်အပိုင်းက စာရေးဆရာတွေဟာ လူရှုပ်တွေ၊လူပွေတွေ၊လူ့ဘရုတ်တွေဟု ထင်ကြသည်။အထင်ကြီးသည့် အစိတ်အပိုင်းကလည်း စာရေးဆရာများကို လူတော်များ၊သူတော်ကောင်းများ လေးစားအပ် ကြည်ညိုအပ်သော ပုဂ္ဂိုလ်များဟူ၍ အမျိုးမျိုး ထင်ကြသည်။
ယင်းသို့ အထင်ကြီးလွန်းရာမှ စာရေးဆရာက လူသာမန် ပုဂ္ဂိုလ်တို့ လုပ်သော အလုပ်အကိုင်ကို လုပ်လျှင် ချက်ချင်းအထင်သေးသွားကြသည်။တဖန်လူသာမန်တို့က မလုပ်စကောင်းမပြောစကောင်းဟု မှတ်ယူထားသောအရာကို လုပ်လိုက်ပြောလိုက်လျှင် ချက်ချင်းပင် အထင်အသေးကြီးသေးသွား ကြကုန်၏။
စားရေးဆရာသည် အထင်သေးခြင်းကိုလည်း မမှု အထင်ကြီးခြင်းကိုလည်း ဂရုမပြု၊မှန်သည့်စကားကို ဆို၏။အမှန်တရားကို ဖော်ပြကြ၏။ယင်းသို့ ပြုရာတွင် သတ္တိရှိ၏။ကဲ့ရဲ့လိုသူတို့ အားရအောင်ကဲ့ရဲ့နိုင်သည်။ချီးမွမ်းလိုသူတို့လည်း ချီးမွမ်းကြပါစေလေ။ သူ၌၀တ္တရားကို ကျေပွန်အောင်ဆောင်ရွက်၍ စာပေသစ္စာကို စောင့်၏။စာရေးဆရာ၏ ၀တ္တရားများတွင် အရုပ်ဆိုးသော်လည်း မှန်သောစကားကို ရဲဝံ့စွာဆိုခြင်းသည် အလွန်အရေးကြီးလှပေသည်။ `အရုပ်ဆိုးသော သစ္စာစကား´ သည် အပေါ်ယံရွှေမှုံကြဲသော ညာတာဝါဒ စကားထက် များစွာ ပို၍ အဖိုးတန်ပေရာ ထိုစကားကို ဆိုရဲနိုင်ဘို့သာ လိုအပ်သည်။စာရေးဆရာသည် ထိုလိုအပ်မှုကို ဖြည့်ဆည်းကာ လောကအကျိုးကို ဆောင်ရွက်ရန် ၀တ္တရားကျေပွန်ရပေမည်။
လောကကြီးတစ်ခုလုံး၌ ပိတ်ဖုံးလွှမ်းခြုံလျက်ရှိသည်က အခြားမဟုတ် ညာတာဝါဒပင် ဖြစ်သည်။လူအပေါင်းတို့သည် ညာနေကြသည်၊ညာမှန်းသိလျက်နှင့်ညာနေကြ၏။ညာမှန်းမသိဘဲနှင့်လည်း ညာနေကြ၏။သူတပါးကို ညာကြသည်။ မိမိကိုယ်ကိုလည်း ညာကြသည်။ညာသည့်အချက် ညာသည့်အကြောင်းတို့ကိုပင် ဟုတ်လှမှန်လှပြီဟု ထင်ကြကုန်၏။ ညာမှန်းသိလာသည့်တိုင်အောင်ညာသည်ဟု ဖွင့်မပြောရဲ၊ချောလဲရောထိုင်လိုကြသည်သာတည်း။
အင်ဒါဆင် ပုံပြင်တစ်ပုဒ်တွင် လူညာနှစ်ယောက်က ပလာကို နတ်ဝတ်ပုဆိုးဟုဆိုကာ ဘုရင်အားဆက်ကြ၏။ဘုရင်ကလည်း ပလာသက်သက်မှန်း သိသော်လည်း ဆက်၍ညာ၏။မှူးမတ်တို့က လည်း ၀ိုင်း၍ညာ၏။မိမိတို့စိတ်တွင်း၌ ညာမှန်းသိသော်လည်း ဖွင့်ဟနိုင်စွမ်းသော သတ္တိမရှိကြချေ။တိုင်းသူပြည်သားတို့ကလည်း ဆရာ့ဆရာ သခင့်သခင်တို့ကို လွန်ဆန်၍ မဖွင့်ဟရဲသည့်အလျောက် ဘုရင်ကြီး၏ ပလာပုဆိုးကို လျှာဦးတည့်ရာ ချီးမွှမ်းကြကုန်၏။
ဤသည်တွင် လူတို့၏ မိုက်မဲမှု မူမမှန်မှုတို့ဖြင့် ငြိစွန်းခြင်း ကင်းလျှက်ရှိသော လူမမယ်ကလေး တစ်ယောက်က....´ဘုရင်ကြီး ကိုယ်တုံးလုံး´ဟု ဟစ်အော်ကျေညာလိုက်လေသည်။ထိုအရုပ်ဆိုးသော အမှန်စကား၏ဒဏ်ကို မခံနိုင်ကြသော လူထုကြီးသည် အုတ်အုတ်ကျက်ကျက်ဖြစ်ကာ လူမမယ်၏ စကားအတိုင်း လိုက်နာကြွေးကျော်ကြလေ၏။အရုပ်ဆိုးသော အမှန်စကားသည် ရွှေမှုန်ကြဲသော အညာစကားတွေကို အောင်နိုင်လိုက်လေသည်။
စာရေးဆရာသည်ကား အရုပ်ဆိုးသော အမှန်စကားကို ဟစ်အော်ကြွေးကြော်ရဲသော လူမမယ်ကလေးငယ် ဖြစ်ရပေမည်။
အင်ဒါဆင်ပုံပြင်မှာကဲ့သို့ အရုပ်ဆိုးသော အမှန်စကားက ရုတ်တရက် အောင်နိုင်သည်ဟု မဆိုသာ `ဘုရင်ကြီးကိုယ်တုံးလုံး´ဟု ဟစ်အော်လိုက်သော လူမမယ်ကလေးကို မိဘတို့က ရိုက်နှက်ကောင်းရိုက်နှက်ကြမည်။လူထုက ရဲရဲနှိတ်စက်ကောင်း နှိတ်စက်ကြမည်။အမှန်တရားသည် ရုတ်တရက် အောင်နိုင်ခဲလှသည်။မူမမှန်သော အင်အားစုသည် လောက၌ပို၍ကြီးမား လေရကား ယင်း၏ အနှိတ်အစက်အတိုက်အဖျက်ကို လှိမ့်၍ခံရမည်မှာ မုချပင်။နောက်ဆုံး၌သာ အမှန်တရား၏ အောင်နိုင်ခြင်းသည် ပေါ်ထွန်းလာပေမည်။ထိုနောက်ဆုံးအချိန်အခါတွင် အမှန်တရား၏ စစ်သည်တော် (စာရေးဆရာ) မှာ အသက်နဲ့ကိုယ် တွဲဖက်တည်မြဲနေဦးမည်ဟု မဆိုသာ။
စာရေးဆရာဖြစ်ချင်သူများအား သတိပေးလိုက်ပါသည်။စာရေးဆရာသည် ဘ၀အခြေအနေအားဖြင့် သာမန်ပုဂ္ဂိုလ်မျှသာ ဖြစ်သည်။ ဆိုခဲ့သည့်အတိုင်း အချို့သောသူတို့က အထင်သေးကြသည်၊အထင်ကြီးသူတို့ကလည်း ယင်းအထင်ကြီးမှုဖြင့် စာရေးဆရာကို တနည်းအားဖြင့် ချုတ်ချယ်ထားကြကုန်၏။
စာရေးဆရာဖြစ်ချင်သူသည် စာရေးတတ်ရုံနှင့် ကိစ္စမပြီးမြောက်၊၀တ္ထုကဗျာပေါင်းများစွာ ရေးနိုင်ရုံနှင့်လည်း မပြီးသေး။ လူကြိုက်များနေရုံနှင့်လည်း အောင်မြင်သည် မဆိုသာ။စာရေးဆရာသည် ပျော်တော်ဆက်လည်း မဟုတ်၊ရှေ့ဆောင်လမ်းပြဟု လည်း မဆိုသာ။စာရေးဆရာသည် ညာတာဝါဒကြီးစိုးနေသော လူ့လောက၌ အမှန်တရားကို ရှာဖွေ၍ အမှန်တရားဖက်မှနေလျက် တော်လှန်ပုန်ကန်နေသော စစ်သည်တော်တဦးမျှသာ ဖြစ်သည်။
စာရေးဆရာကို အထင်သေးစရာလည်း မလို၊အထင်ကြီးစရာလည်းမလို။
လူသည် လူဖြစ်၏။နတ်မဟုတ်၊နွားမဟုတ်။လူသည် နတ်သို့ကျင့်၍မဖြစ် နွားသို့ကျင့်၍လည်း မတော်။လူသည် ပုထုဇဉ်ဖြစ်သည်။ လူ၌ရက်စက်မှုရှိသည်နှင့်အမျှ ကြင်နာမှုလည်း ရှိသည်။တကိုယ်ကောင်းစိတ်နဲ့ မျှတသည့်စိတ်သည် တွဲဖက်လျှက် ရှိ၏။ ဥာဏ်အလင်းရောင်နှင့် အမိုက်အမှောင်ယှဉ်လျက်ရှိလေသည်။ပုထုဇဉ်ဖြစ်ပါလျက် အရိယာသိုပြုမူခြင်းသည် ဟန်ဆောင်ခြင်း မျှသာဖြစ်၏။ပုထုဇဉ်သည် မည်သို့ပင် ဟန်ဆောင်စေကာမူ ပုထုဇဉ်၏ နကိုရုပ်ကို ဖျောက်ဖျက်၍မရနိုင်။ဟန်ဆောင်ရုံမျှနှင့် သူတော်စင် မဖြစ်နိုင်ကား ဧကန်ပင်။
စာရေးဆရာသည် လူ့သဘာဝ ကို လေ့လာကျင့်သုံးနေသောပုဂ္ဂိုလ် ဖြစ်သည်။ထို့ကြောင့်လူလိုနေဘို့ အမြဲကြိုးစား၏။လူလိုလိမ္မာ ဘို့ ကြိုးပမ်းသည်။ဟန်ဆောင်မှုကို ရွံရှာသည့်အလျောက် ဟန်ဆောင်သည့်အလုပ် ဟန်ဆောင်သည့် အပြုအမူအပြောအဆိုတို့ကို ရှောင်ရှားသည်။အမှန်ကို အရင်းအတိုင်း ပြောပြတတ်၏။ယင်းသို့ပြောရာ၌ ဟန်ဆောင်သမားတို့၏ အငြိုအငြင်ကို ခံယူရန်အသင့် ရှိသည်။
စာရေးဆရာကို လူထူးလူဆန်းဟု ထင်နေကြသည်။စင်စစ်သော်ကား စာရေးဆရာသည် လူ့သဘာဝနဲ့ ကိုက်ညီအောင် နေသောကြောင့် ရိုးသားသော သူမျှသာ ဖြစ်သည်။သဘာဝကို ဖုံးအုပ်၍ ဟန်ဆောင်မှုမျက်နှာပန်းနှင့် ပြုအမူနေထိုင်သော များလှစွာသော လူယဉ်ကျေး တို့သာလျှင် လူထူးလူဆန်းများ ဖြစ်ကြချေသည်။
ယခုခေတ်၌ ယဉ်ကျေးမှု ဟုခေါ်နေသောအရာတွင် ဟန်ဆောင်မှု မြောက်များစွာ ပါနေသည်ကို သတိပြုမိစေလိုပါသည်။
အမှန်ကို အမှန်အတိုင်း မပြောဝံ့ အမှန်အတိုင်းမလုပ်ဝံ့ဘဲ ညာ၍လှိုင်း၍ နှုတ်ချိုချိုလက်သာသာဖြင့် ပြောဆိုပြုမူနေကြသည်ကိုပင် ယဉ်ကျေးသိမ်မွေ့သည်ဟု ခေါ်ဆိုချီးကျူးကြကုန်၏။
ယဉ်ကျေးမှုအစစ်သည်ကား မေတ္တ၊ကရုဏာ၊မုဒိတာ၊ဥပက္ခာ ဗြဟ္မစိုရ်တရားလေးပါး၌သာ တည်နေကြောင်း စာရေးဆရာသည် သိသည့်အလျောက် စိတ်၌မစ္ဆေရတရားပွားများရင်း နှုတ်ချိုစကားပြောကြားနေသော ဟန်ဆောင်သမား လူယဉ်ကျေးကို မုန်းတီးရွံရှာ၏။အကုသိုလ်တရား၌ ဆိတ်ကွယ်ရာ ဟူ၍ မရှိသည့် အမှန်တရားကို သိသည့်အလျောက် လူတောထဲတွင် သူတော်ကောင်းစကားပြောပြီး ကွယ်ရာ၌ သောင်းကျန်းနေသော လူကြီးလူကောင်းတို့ကို အနူထက်ပင်ရွံရှာပေသည်။လက်တွင် ပုတီးကိုင်၍ နှုတ်က မေတ္တာသုတ်ရွတ်ဆိုလျက် မှတ်၊ခြင်၊ယင်ကလေးကို ပင် မတော်တဆသတ်လိုက်မိရမှာကို ရင်တမမဖြစ်နေသော ပုဂ္ဂိုလ်သည် အမြတ်ကြီးစားကာ ဆင်းရဲသားတို့ကို အမှတ်မထင်သတ်နေချေသည်။ထိုလူယဉ်ကျေး သူတော်စင်ကို စာရေးဆရာ ရယ်သွမ်းသွေး၏။ကိုယ်တွင်း၌ ရာဂစိတ်ပြည်လျံနေသော်လည်း မိမိကိုယ်ကို ရဟန္တာထင်၍ သူတပါးအားလည်း ထင်စေသောပုဂ္ဂိုလ်မျိုးကို စာရေးဆရာက ပြုံး၍ မျက်စောင်းထိုး၏။ ကလောင်နှုင့် အလှည့်ကြုံတိုင်း ကလိသည်။
စာရေးဆရာသည် ပုထုဇဉ်အဖြစ်ကို မရှက်မကြောက်ခံယူသည။ပုထုဇဉ်တို့၏ မိုက်မဲမှုကို ရဲဝံ့စွာ တင်ပြသည်။ပုထုဇဉ်သဘာဝကို မထိမ်မချန် ဖော်ပြသည်။ယင်းသို့ပြုသောကောင်းမှုကြောင့် သူ့အားလူအများက စည်းမဲ့ကမ်းမဲ့သည်ဟု ဆို၏။ဖောက်ပြန်သည်ဟု ကဲ့ရဲ့ကြ၏။
အမှန်တရားကို ထုတ်ဖော်ပြောပြသောကြောင့် ဒဏ်ခတ်ခံရပေါင်း များလှချေပြီ။လူ့သမိုင်းစဉ်တွင် အမှန်တရားကို မထိမ်မချန် မထောက်မညှာ ထုတ်ဖော်ပြောပြရက်သောကြောင့် အမှန်တရားဆေးခါးကြီးကို မမျိုလိုသောလူအများစုက ၀ိုင်းဝန်း၍ ဒဏ်ခတ်ကြလေ၏။
ရှေးဟောင်းခေတ်က ဂရိပညာရှိကြီး ဆိုကရေးတီးသည် အမှန်တရားကို ပြောရဲဆိုရဲ၊ပြောရက်ဆိုရက်သဖြင့် အဆိပ်ကျွေး၍ သတ်ခံရသည်။ခရစ်တော်ကို သေဒဏ်ပေးသော ရောမတရားသူကြီးပိုင်းလိတ်က `အမှန်တရားဆိုတာ ဘာလဲ´ဟု ပြက်ရယ်ပြု မေးလိုက်လေသည်။
ဘ၀၏အခြင်းအရာကို ရဲဝံ့စွာ တင်ပြကာ မိမိ၏ရိုးသားတော်မှန်သော ထင်မြင်ချက်တို့ကို ထုတ်ဖော်ပြောဆိုရဲသော စာရေးဆရာသည်ပရိတ်သတ်အကြိုက် မလိုက်ပေ။ယင်းသို့မှ ပရိတ်သတ်က သူ့အကြိုက်လိုကက်၍ဖတ်လာကြလျှင် ၀မ်းမြောက်သည်။မကြိုက်ဘဲသူ့ကို ရှုတ်ချအပြစ်တင်ကြလျင်လည်း သူက တွန့်ဆုတ်ခြင်းမရှိ။အရုပ်ဆိုးသော အမှန်တရားကို
တင်ပြမြဲ တင်ပြလျှက် ရှိပေ၏။သူသေပြီးနောက် အတန်ကြာမှ ပရိတ်သတတ်က လက်ခံလာကြသည့် ဥဒါဟရုဏ်များလည်း ကမ္ဘာစာပေသမိုင်းတွင် ကြုံတွေ့ရတတ်ပါသည်။
လူအများဟုတ်လှပြီထင်သော သမားရိုးကျ အလေ့အထအတွေးအခေါ်တို့ကို တော်လှန်သည့် အမှန်တရားဘက်တော်သား စာရေးဆရာများပေါများလာရေးသည် အရေးကြီးလှပေသည်။ထိုလူများသည် ပရိတ်သတ်၏ကဲ့ရဲ့ရှုတ်ချမှုကို အလူးအလဲခံကြရမည်မှာ မုချပင်။သို့ရာတွင် စာရေးဆရာ့သတ္တိနှင့် အမှန်တရားကို အမိုက်ခံ၍ ဖော်ပြနိုင်ကြဖို့လိုသည်။
ဆရာကြီးတက်တိုးရဲ့ ၁၉၆၅ခုနှစ်ကထုတ်တဲ့ ရွှေစင်နှင်းဆီစာအုပ်ထဲက ဆောင်းပါးလေးကို မျှဝေလိုက်ပါတယ်
အမှန်တရားတွေကို မြတ်နိုးတတ်ပါစေ လက်ခံရဲပါစေ...
သမိုင်းကို ဖုံးကွယ်ထားရင် အနာဂတ်ကို သစ္စာဖောက်ရာရောက်တယ်...(ဆရာအောင်သင်း)
အမှန်တရားကို ဖုံးကွယ်ထားရင် ပညာကိုသစ္စာဖောက်တာပဲ.. (ဆရာအော်ပီကျယ်)
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment