Saturday, October 2, 2010

အနေအထိုင်မတတ်တဲ့ည

ဟောဒီ..ည....
ကောင်းကင်ရဲ့ဆိပ်ကမ်းမှာ
ကြယ်တွေပေါလောမျောနေတဲ့ည
ကျနော်မက်မက်မောမော
တမ်းတနေမိတာကတော့
ရွှန်းတောက်လဲ့ဖြာနေတဲ့
ချစ်သူရဲ့ လှလှစက်စက်
မျက်ဝန်းနက်နက်ကလေးတွေကိုပါပဲ...
လောကနဲ့ထိစပ်ဖို့
ကြိုးစားရင်း
ဘ၀ဟောက်ပက်ထဲ
ခဏခဏ
ပက်လက်လဲကျသွားတတ်တဲ့
ဖြစ်တည်ခြင်းအသစ်တွေကြား
အချစ်ဟာ
ဖျားနာနေပြီလားကွယ်..
ဖမ်းဆုတ်ဆွဲကိုင်ထားတဲ့
ယုံကြည်ချက်တစ်ပိုင်းတစ်စနဲ့
ရေစုန်ရေဆန်လူတွေထဲ
ခြေစုံကန်ရပ်နေရင်းက
ခက်ခက်ခဲခဲမြိုချနေရတဲ့
ကိုယ်ပိုင်ဒဿန
လတ်လတ်ဆတ်တွေကိုထမ်းပိုး
တရေးနိုးတိုင်း
မင်းကိုလွမ်းနေမိတာကို
ငါမျက်နှာပူလိုက်တာ
အချစ်ရယ်..
တကယ်တော့
ဘ၀တွေကို
ဘယ်တော့မှ..
အချိုးညီညီရှင်သန်ခွင့်မပေးတတ်တဲ့
ဟောဒီကမ္ဘာကြီးထဲ
ဘယ်အရာမှမတည်မြဲခဲ့ဘူးဆိုတာ
ကျနော်မေ့လျော့နေခဲ့တယ်
ကိုယ့်ဆီကိုယ်ပြန်ဖို့
လမ်းပျောက်နေတဲ့
အိပ်မက်ပျော့ပျော့တွေနဲ့
ဟောဒီ.. ည..ဟာ..
ကောင်းကင်ရဲ့ ဆိပ်ကမ်းမှာ
ကြယ်တွေနဲ့ပေါလောမျောနေတဲ့
ယေဘုယျ
ညတစ်ညပါပဲ

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment