Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Monday, July 6, 2020

Motivation

#Motivation

အလီဘာဘာပိုင်ရှင် #JackMa ဂျက်မားက ၃၅ နှစ်မှ ဘဝစတယ် သူ့အသက် ၄၀ နှစ် မှာ အလီလီဘာဘာ ပိုင်ရှင် ဘီလျှံနာသူဌေးကြီး ဖြစ်ခဲ့တယ် 😊

ကေသီပန် ဦးလှမြင့်က  အသက် ၅၅ နှစ်မှအောင်မြင်တာ 😊

KFC ပိုင်ရှင် #colonelsanders ကော်လိုနယ်က အသက် ၆၅နှစ်မှ ဘဝစတယ် သူ့အသက် ၈၈ နှစ်မှာ KFC ပိုင်ရှင် ဘီလျှံနာသူဌေးကြီး ဖြစ်ခဲ့တယ် 😊

တချို့ ၄၅နှစ်မှ ဘဝစတာ အသက် ၅၀နှစ်မှအောင်မြင်တာ 😊

အဲဒီလိုပဲ သူဌေးတော်တော်များများ အသက်ကြီးမှအောင်မြင်ကြတာဗျ 😎

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ချမ်းသာကြတာဆိုလို့ တော်တော်များများက သူဌေးသား/သူဌေးသမီးတွေပဲ ရှိတာလေဗျာ 😂

အဲဒီတော့ မင်းအသက်ငယ်ငယ်လေးရှိသေးတယ် အားမလျော့ပါနဲ့ ကြိုးစားပါ 😁

ဇွဲရှိရှိနဲ့ ကြိုးစားလိုက်ပါ 😁

တနေ့နေ့မှာ သူဌေးဖြစ်ကိုဖြစ်တယ် 😁

ကျနော်ဆို အရမ်းကြိုးစားတယ် 😁

ကျနော်က အညာရွာတစ်ရွာက ရိုးသားတဲ့ တောင်သူလယ်သမားတစ်ယောက်ရဲ့ သားဗျ 😊

ကျနော့်ကို ကြီးမြတ်သော မင်္ဂလာအပေါင်းနဲ့ ခညောင်းသော ရက်ရာဇာနေ့တစ်နေ့ဟု သေချာသော နှင်းမြူတွေနဲ့ အုံ့ဆိုင်းအေးချမ်းပြီး လှပသာယာတဲ့ အာရုံဦးတစ်ခုဖြစ်တဲ့ 1984 ခုနှစ် နိုဝင်ဘာမှာ အတိတ်ကောင်း နိမိတ်ကောင်းဖြင့် မွေးဖွားသန့်စင်ခဲ့တာဗျ 😄

အသက် ၁၅နှစ် ၆လ (2000) မှာ ဆယ်တန်းအောင်တယ် 😁

အသက် ၁၇ နှစ်သား (2001) မှာ တက္ကသိုလ်စတက် Monywa GTC မှာပေါ့ဗျာ 😄  (ကဲကြတာ ကဲကြတာ ဆိုတာ Main တက္ကသိုလ်၊ ECO၊ Computer တက္ကသိုလ် Day/အဝေးသင် နှံ့လို့ ဘီယာဆိုင်တွေလည်း စုံလို့  😂😂😂)

အသက် ၂၂ နှစ် (2006)မှာ B.E ( Electrical Power) နဲ့ ကျောင်းပြီးတယ် 😁

ရန်ကုန်မှာ သင်တန်း ၁ နှစ် တက်တယ် 😁

အသက် ၂၄ နှစ် (2008)မှာ စင်္ကာပူသွားအလုပ်ရှာတယ် တစ်လလောက်ရှာတော့ အလုပ်ရတယ် 😁

အသက် ၂၇ (2011) မှာ နဖူးစာရွာလည်ပြီး ဇနီးလောင်းနဲ့တွေ့တယ်ဗျ 😍

ကောင်မလေးက အလန်းလေး ကျနော့်ထက် ၅နှစ်ငယ်တယ် B.E (Civil) နဲ့ ကျောင်းပြီးခါစ မုံရွာ 😌GTC ကပဲ Queen တွေထက်တောင် လှပြီး ချစ်စရာကောင်းသဗျ 😄 ငယ်ငယ်ချောချောလေးပေါ့  မယုံရင် ကျနော့် မျက်လုံးငှါးကြည့်ဗျာ 😘 😄 ( အဲ ကိုယ့်ငါးချဥ်ကိုယ် ချဥ် အ​ဖားပို့စ်  😄)

အရူးအမဲသားကျွေးဆိုသလို ကလေးမုန့်ပေးကြိုက်တော့တာပါပဲဗျာ 😂

နွားသိုးကြိုးပြတ် ဇွတ်ပဲ အဲဒီ (2011) မှာပဲ လက်ထပ်ယူပစ်လိုက်တာပါပဲ 😂

တပ်ကူရောက်လာပြီဆိုတော့ မိန်းမကို စင်္ကာပူခေါ်ပြီး လင်မယား ၂ယောက် တက်ညီလက်ညီ အတူတူ ကြိုးစားကြတာပေါ့ 😁

2008 ကနေ 2015 အထိ 7နှစ်လောက် အလုပ်တွေ ကြိုးစားပြီး မိဘတွေလုပ်ကျွေး ညီညီမတွေကျောင်းထားပေး ပိုက်ဆံတွေစုပေါ့ 😁

2015 မှာ ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာ အစိုးရသစ်နဲ့ ဘဝသစ်စမယ် ကိုယ်ပိုင်လုပ်ငန်း စမယ်ချမယ်ဆိုပြီး မြန်မာပြည်ပြန်လာ သူငယ်ချင်းတွေနဲ့စပ်ပြီး ကုမ္ပဏီထောင်တယ် ကုမ္ပဏီစစချင်းမှာပဲ အခြေအနေကောင်းတယ် 😁

ဒါပေမယ့် တစ်ယောက်ထဲ ကိုယ်ဒူးကိုယ်ချွန် လူမယ်ဟဲ့ဆိုပြီး 2017 မှာ ကိုယ်ပိုင် ကုမ္ပဏီခွဲထောင်လိုက်တယ် 😁

2020မှာ ကလေးအထည်ဆိုင် ထပ်ဖွင့်တယ်
ထီဆိုင်လည်း ထပ်ဖွင့်ပစ်လိုက်တယ် 😁

ကျနော်လည်း အမြဲကြိုးစားနေပါတယ် 😎

2017, 2018,2019, 2020 ဒီလေးနှစ်လောက် အစွမ်းကုန်ကြိုးစားလိုက်တာ 😁

ခုဆို အသက် ၃၅ နှစ်မှာ ကျနော်ဟာ ခလေးတစ်ယောက်အဖေတောင် ဖြစ်နေပြီလေ 😄

ခင်ဗျားလည်း ခုချိန်ကစပြီး ကြိုးစားလိုက်ပါ 😁

ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာပါဘူး 😄

ထသွားမှ ကျိုးမှန်း/မကျိုးမှန်း သိနိုင်မှာပါ 😄

ခင်ဗျားသာ ကြိုးစားမယ်ဆိုရင် 🤓

သူဌေးပဲ ဖြစ်မလား ? ခွေးပဲ ဖြစ်မလား ? 😆

ရွှေထီးပဲ ဆောင်းမလား ? မြေကြီးပဲ ဂျောင်းမလား ? 😆

တနေ့နေ့မှာ သူဌေးမဖြစ်ခဲ့ရင်တောင် တစ်ခုခုတော့ဖြစ်မှာ အသေအချာပါပဲ 😂😂😂

ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးရဲ့ လူသားမျိုးဆက်အပေါ် တာဝန်ကျေဖို့ ခလေးအဖေတစ်ယောက်ဖြစ်အောင်တော့ သင့်မှာ အခွင့်အရေးရှိပါသေးတယ်
😎😎😎

ကြားကြားသမျှ အားရပါးရ ပြုံးတော်မူနိုင်ကြပါစေဗျာ 😄😄😄

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတို့၏ ဂုဏ်ကို ဦးထိပ်ထားလျှက်

လင်းဝေ (ခ) ကိုအူဝဲ (ခ) ကိုပြည့်ဖြိုးဝေ
B.E (Electrical Power) (2001-2006)
(မုံရွာနည်းပညာတက္ကသိုလ်)

Wednesday, October 7, 2015

ရြာကေလးတစ္ရြာ...


တစ်ခါတုန်းက ရွာတရွာမှာ ဓားပြတွေသူခိုးတွေက နှစ်ပေါင်းများစွာ  မင်းမူအုပ်ချုပ်နေသတဲ့။

သူတို့က ရွာသားတွေကိုဖိနှိပ်တယ်၊ အနိုင်ကျင့်တယ်၊ ဆပ်ကြေးတွေကောက်တယ်။ တစ်ရွာလုံး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျပြီး အရမ်းဆင်းရဲကြရှာသတဲ့ကွယ်။

တခြား ဟိုဘက်ရွာမှာတော့ လူကောင်းတွေ ပညာတတ်တွေအုပ်ချုပ်နေကြသတဲ့။ တစ်ရွာလုံး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အကုန်တိုးတက်ပြီး တစ်ရွာလုံး ချမ်းသာကြတာပေါ့။

အဲဒီတော့ ဟိုဘက်ရွာကို အားကျပြီး ဒီဘက်ရွာကလည်း ခေါင်းဆောင်ရွေးပွဲကျင်းပကြသတဲ့ကွယ်။

ဓားပြတွေက တဖွဲ့၊အရပ်သားတွေက တဖွဲ့ပေါ့။

 အဲဒီမှာ အရပ်သားတချို့က ဘာကြောင့်မှန်း ဓားပြအဖွဲ့ထဲကနေဝင်ပြိုင်ပြသတဲ့။

 ပြီးတော့ ဓားပြတွေခိုင်းတာလုပ် ရွာသားတွေကျေနပ်အောင် ရွာသားတွေဆီက ဓားပြတိုက်ထားတဲ့ ငွေတသိန်းထဲက တရာဖိုးလောက်တောင်းပြီး ရွာသားတွေယုံအောင် မုန့်ဝယ်ကျွေးလိုက်ကြသတဲ့။

 တခြားအရပ်သားအဖွဲ့ကလူတွေကတော့ ကျနော်တို့ကျေးရွာအတွက် အကောင်းဆုံးကြိုးစားပေးပါ့မယ်လို့ ပြောကြရုံကလွဲပြီး ဘာမှဝယ်ပေးစရာမရှိရှာကြဘူးပေါ့။

 သူတို့ရှိတာလေးတွေနဲ့ ရပ်ရေးရွာရေး လုပ်ကိုင်ပြကြတာပေါ့လေ။

 ရွာသားတချို့ကတော့ အသိဥာဏ်မဲ့ကြတော့ ဓားပြတွေသူတို့ဆီက မတရားလုထားတဲ့ ငွေတွေ နဲ့ သူတို့ကို မုန့်လေးနည်းနည်းဝယ်ကျွေးပြီး စည်းရုံးတဲ့သူတွေကိုပဲ အဟုတ်ထင်နေကြသတဲ့။

ဲ့ အသိဉာဏ်ရှိတဲ့ ရွာသားတချို့ကတော့ ဓားပြအဖွဲ့မကောင်းတာသိတော့ ကျေးရွာတိုးတက်ဖို့အတွက် အရပ်သားအဖွဲ့ကိုပဲ ကောင်းမကောင်းမသိသေးပေမယ့် ပြောင်းလဲရေးအတွက် ထောက်ခံချင်ကြသတဲ့။

အဲဒီလိုနဲ့ ရွာထဲမှာ ဓားပြတွေကို ထောက်ခံတဲ့အဖွဲ့နဲ့ အရပ်သားတွေ ထောက်ခံတဲ့အဖွဲ့ နှစ်ဖွဲ့ဟာ ငြင်းခုံနေကြသတဲ့ကွယ်။

လက်ရှိဓားပြအဖွဲ့ကလည်း အမျိုးမျိုး လိမ်ညာညစ်ပတ်နေကြသတဲ့။

ဓားပြလူယုံတွေကို ထောက်ခံတဲ့သူတွေကနိုင်ရင် ဒီရွာလေးဟာ ဟိုးနှစ်ပေါင်းများစွာလိုပဲ ဓားပြတွေ အုပ်ချုပ်တဲ့ ရွာကလေးအဖြစ် ဆက်လက်ရပ်တည်သွားရမှာပေါ့လေ။

အရပ်သားတွေကို ထောက်ခံသူများဖက်က နိုင်မယ်ဆိုရင်တော့ ဒီရွာကလေးဟာ တစုံတခုတော့ပြောင်းလဲသွားမှာပေါ့။

အနည်းဆုံး ဓားပြတွေ အုပ်ချုပ်မှုဒဏ်က လွတ်သွားမှာပေါ့လေ။

ဒီလိုနဲ့ ရွာကလေးရဲ့ ခေါင်းဆောင်ရွေးပွဲကြီးဟာ တဖြေးဖြေးနီးကပ်လာနေပြီတဲ့ကွယ်။

ကဲ...

မိတ်ဆွေသာ အဲဒီရွာကလေးရဲ့ ရွာသားတွေထဲက တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်အဖွဲ့ကို ထောက်ခံမှာပါလဲခင်ဗျာ?

လင်းဝေ

Saturday, March 28, 2015

ကျောင်းတော်က ရင်ခုန်သံ အပိုင်း (၉) ဇာတ်သိမ်းပိုင်း

အပိုင်း (၈) မှ အဆက်

“ဟဟ...ကောင်မလေးတယောက် ရှက်သွားပြီဟေ့”

“ကဲပါ...မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးလို့ပဲ မှတ်လိုက်မယ်နော် ဟုတ်ပြီလား..”
မမသဲမွန်က ပြုံးစစနဲ့ စလိုက်တော့ သူမမျက်နှာလေး ရဲနေအောင် ရှက်နေမိပြန်သည်။

“ကဲ စဉ်းစားနေတဲ့ ပုစ္ဆာကို ဆက်ပြီး စဉ်းစားနော် ပြီးရင် တို့ကိုလည်း ရှင်းပြဦး သိလား ဟဲဟဲ”

သူမအကြောင်းကို ရိပ်မိနေကြပြီဆိုတာ သိပေမယ့် ခုလို စတော့လည်း ရှက်နေမိသည်။

“သြော် ခက်ပါလားနော်”

အတွေးတွေနဲ့ ရင်ထဲမှာ ရှုတ်ထွေးနေမိသည်။

၁၃

သူထိုင်နေကျ နေရာမှာလေးမှာ သူ့အရိပ်ကို မတွေ့တော့ စာသင်ရတာလဲ မပျော်တော့ပါဘူး။
“ကိုရယ် ကျမ ဘယ်လိုလုပ်ရမလဲ”

ရှေ့မှာ တီချယ် ဘာတွေရှင်းပြနေသလဲဆိုတာ ကို မသိတော့။ စိတ်ထဲမှာ ဘယ်အရာကိုမှာ အာရုံစိုက်လို့မရဖြစ်နေမိသည်။ အတွေးတွေအားလုံးဟာ သူ့ဆီမှာပဲ ပျလွင့်နေမိသည်။

ဒေါင်းကြီးတယောက်လည်း အဆောင်မှ တယောက်ထဲ အထီးကျန်မှု ဝေဒနာကို ခံစားနေရသည်။
မနက်က အိပ်ယာထပြီး စာကြည့်တော့လည်း စာကကြည့်လို့မရ။ အဆောင်မှ တစ်ယောက်ထဲ ပျင်းခြောက်ခြောက်ကြီး။ ဘာပဲဖြစ်ဖြစ် ကျောင်းသွားတာကမှ ချစ်သူမျက်နှာလေးကို ခိုးကြည့်ခွင့်ရဦးမည်။

“မဖြစ်သေးပါဘူး။ သူမှ ကိုယ့်ကို မမြင်ချင်တာပဲလေ..”

ကိုယ်ကိုမြင်နေရရင် သူစိတ်ဆင်းရဲနေမှာပဲဆိုတဲ့ အတွေးဟာ ရင်ကို ဆို့နင့် နာကြင်စေသည်။
သက်ပြင်းတွေ ခဏခဏ ချနေမိရင်းက စာထဲမှာ ဘယ်လိုမှ အာရုံစိုက်လို့မရ။ အိပ်ယာထကတည်းက ဘာမှ မထည့်ရသေးတဲ့ အစာအိမ်က ဆန္ဒပြလာသည်။ လက္ဖက်ရည်ဆိုင်သွားပြီး ထမင်းကြော်တပွဲလောက် စားရရင် ကောင်းမှာပဲလို့ တွေးမိသည်။

အချစ်နှင့်
ဆာလောင်မှုသည်
မြိုသိပ်ဖို့
ခက်ခဲတဲ့
အရာတွေပါလား..

မကြာခင် ဆောင်းကုန်ပြီး နွေကူးတော့မည်။ ဆောင်းက ကုန်ခါနီးမို့များ အတိုးချပြီး အေးနေစေသလားမသိ ချမ်းနေအောင် အေးလွန်းသည်။ အေးစိမ့်စိမ့်ဖြစ်နေသဖြင့် ဂျာကင်လေးတထည်ကောက်စွတ်ပြီး လက္ဖက်ရည်ဆိုင်ဘက် ထွက်လာခဲ့မိသည်။

သစ်ပင်တို့သည် ရွက်ဟောင်းတို့ဖြင့် ဝေရွဲနေလေသည်။ တချို့သစ်ရွက်တွေကတော့ ကြွေဖို့စောင့်နေကြပြီး တချို့သစ်ရွက်တွေက ကြွေလွင့်။ လမ်းကလေးဟာ သစ်ရွက်ကြွေတွေ ဟိုတစသည်တစနဲ့ နွေကိုသရုပ်ကို စတင်ဖော်ကျူးနေလေသည်။ အဝေးဆီက နွေအကြို ဥသြသံကလေးကိုလည်း ဆွေးမြေ့ဖွယ် ကြားနေရသည်။ 

ကျောင်းဖက်က ဆိုင်တွေဆီ မသွားချင်။ မုံရွာ-ရေဦး လမ်းမကြီးပေါ်က လေထန်ကုန်း လက္ဖက်ရည်ဆိုင်ဆီကိုပဲ သူထွက်ခဲ့သည်။ နံနက်ခင်း နေရောင်ခြည်အောက် မြို့သစ်ဈေးကလေးသည် ဈေးသည်ဈေးဝယ်တွေနဲ့ အသက်ဝင်လှုပ်ရှား နေလေသည်။ ဈေးသေးသေးလေးဆိုပေမယ့် ဟင်းချက်စရာ သားငါး ဟင်းသီးဟင်းရွက် စုံလင်ပါသည်။ ထို့အပြင် စတိုးဆိုင်၊ အပ်ချုပ်ဆိုင်တွေလည်းရှိသဖြင့် မြို့သစ်ဈေးကလေးသည် မြို့သစ်ရပ်ကွက်ရှိ အိမ်ရှင်မတွေနဲ့ မုံရွာနည်းပညာ ကျောင်းသားကျောင်းသူတွေအတွက် ဒီဈေးကလေးက အလွန်အဆင်ပြေပါသည်။ ဈေးအရှေ့ဘက် က ကွင်းလပ်ကလေးမှာတော့ ကလေးတွေ ပျော်ပျော်ပါးပါး ဘောလုံးကန်နေကြသည်။

အင်း..ကိုယ်လည်း ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ရွာမှာ ဒီလိုပဲ ကစားခဲ့ကြတာပါပဲ။ ခုလည်း ကျောင်းပိတ်ရက်တိုင်း ဘောလုံးကစားတုန်းပါပဲ။ ၀ါသနာဆိုတာ စွန့်လွှတ်နိုင်ခဲတယ်လေ။ ကလေးတွေရဲ့ဘ၀ဟာ အပြစ်ကင်းတယ်၊ အပူပင်ကင်းတယ်၊ ဖြူစင်တယ်၊ ဟန်ဆောင်မှုကင်းတဲ့ ဘ၀လေးတွေပေါ့။ လူတွေဟာ အသက်ကြီးလာလေ ပူပန်စရာတွေ များလာလေလေပါပဲလား။

ပေလမ်းမကြီးမှာ တမာပင်ကြီးတွေက ပင်လုံးကျွတ် ၀ါထိန်လို့။ နွေမရောက်ခင် လေရူးတွေက ရောက်နှင့်နေပါပြီ။ ကတ္တရာလမ်းမကြီးပေါ်မှာ တမာရွက်ကြွေတွေက လေပွေလေရူးတွေနဲ့အတူ ၀ဲလွင့်နေကြရဲ့။

“သြော်..မဝေးမခင်က ဆွေးနှင့်နေရပြီ အချစ်ရယ်..”

စာမေးပွဲတွေကလည်း နီးလာပြီ။ ဒီကြားထဲမှာ ချစ်သူမျက်နှာကိုလည်း မြင်ခွင့်ရမည် မဟုတ်။ စာမေးပွဲ ပြီးလျှင်လည်း ခွဲရဦးမည်။

“ဘယ်တော့မှ မဖြစ်နိုင်တဲ့ ဇာတ်လမ်းတပုဒ်တဲ့လား ချစ်သူရယ်...”

အင်းပေါ့လေ ငါ့လို ရွက်ကြမ်းရေကြို အညတရ တောသားတစ်ယောက်ကို မင်းဘယ်လိုလုပ်ပြီး စိတ်ကူးယဉ်ချင်မှာလဲလေ...။ အတွေးတွေနဲ့ လျှောက်လာရင်း လေထန်ကုန်း လက္ဖက်ရည်ဆိုင်ကိုရောက်လာသည်။

“အကို ဘာသောက်မှာလဲ”
စားပွဲထိုးလေးက သွက်လက်စွာ လာမေးသည်။

“အေး ကျဆိမ့်တခွက်၊ ထမင်းကြော်တပွဲ၊ နေခြည်ဆေးပေါ့လိပ်တပွဲ ချကွာ”
“ဟုတ် အကို”

စားပွဲထိုးလေးက အော်မည်လုပ်နေတုန်းကျနော် လှမ်းတားလိုက်သည်။
“ညီလေးနေဦး ထမင်းကြော်မစားတော့ဘူးကွာ လိပ်ခုတ်တပွဲပဲ လုပ်ကွာ ဆောရီး”

“ ဟာ ကကိုကလည်း အမျိုးမျိုးပဲ ဒီတခါ အတည်နော် ကျနော်မှာပြီ လိပ်ခုပ် ၀မ်း ကျဆိမ့် ၀မ်း နေခြည်ဝမ်း ဆရာရေ့”

စားပွဲထိုးလေးက သူ့ကို နားမလည်သလို ကြည့်ရင်း ကမန်းကတန်း မှာလိုက်သည်။

လိပ်ခုတ်ဆိုတာ နံပြားပါပဲ။ နံပြားပူပူကို ထောပတ်လေးသုတ်ပြီး စားတော်ပဲပြုတ်နဲ့ သကြားနဲ့ရောထည့်ပြီး လိပ်ထားတာကို ဓားနဲ့ခုတ်ပေးထားတာပါ။ ကျနော်က အချိုကြိုက်တော့ ဒီဆိုင်ထိုင်တိုင်း လိပ်ခုတ် စားဖြစ်သည်။

“သံယောဇဉ်ဆိုတာ သကြားလုံးလိုပဲ အချိုကြိုက်တဲ့ သူဟာ တနေ့တော့ သွားပိုးစားခံရမှာပဲတဲ့” ကျနော် စာအုပ်တအုပ်ထဲမှာ ဖတ်ဖူးတယ်။ ချစ်သူရယ် သွားတင်မဟုတ်ပါဘူး တကိုယ်လုံး ပိုးစားသွားပါစေ ငါဟာ နင့်ရဲ့ အပြုံးချိုချိုလေးတွေကို တသက်လုံးစွဲလန်းသွားမှာပါပဲ။ ချစ်သူအပေါ်မှာထားတဲ့ ကျနော့်ရဲ့ သံယောဇဉ်ဟာ ကျနော့်ရင်ထဲမှာ ခိုင်မြဲစွာ အမြစ်တွယ်နေပါပြီ။

လမ်းမကြီးပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ မြင်းလှည်းတွေ၊ ဆိုက်ကားတွေ၊ စက်ဘီးတွေ ၊ လူတွေ ဖြတ်သန်း သွားလာနေကြသည်။ လူ့ဘ၀ဆိုတာ သံသရာကြီးရဲ့ လှေကားထစ်ကလေး တစ်ခုပါပဲ။ နတ်ပြည်ကိုသွားမလား ငရဲပြည်ကိုသွားမလား အတက်အဆင်းတွေများလွန်းတဲ့ ဘ၀တွေပါပဲ။

မင်းနဲ့ငါဟာ အဲဒီ ဘ၀တွေဆိုတဲ့ လှေကားအတက်အဆင်းတွေကြားမှာ မမျှော်လင့်ဘဲ ဆုံခဲ့ကြတယ်။ တွေ့ဆုံကြုံကွဲတဲ့ ဆုံဆည်းခြင်းတွေပြီးရင် ခွဲခွာခြင်းဟာ မလွဲမသွေ ရောက်လာမှာပါပဲ။ ဆင်းတဲ့သူကဆင်း တက်တဲ့သူက တက် ကိုယ့်လမ်းကို သွားကြရမှာပေါ့လေ။ ဒါပေမယ့် ချစ်သူရယ်တို့နှစ်ယောက်ရဲ့ ဆုံဆည်းခွင့်လေးကို ဘ၀တစ်လုံးစာအထိ ဆွဲဆန့်ထားချင်တာကတော့ ငါ့ရဲ့ အတ္တတစ်ခုပဲ ဖြစ်မယ်ထင်ရဲ့။

 ဖြစ်နိုင်မယ်ဆိုရင် သံသရာဆုံးထိ ဆင်းရဲလည်းအတူ ချမ်းသာလည်းအမျှ ဘ၀လှေကားထစ်တွေကို မင်းနဲ့အတူ ဖြတ်သန်းချင်မိတာ ငါစိတ်ကူးယဉ်လွန်းတာများလား။ မင်းဟာ ငါနဲ့အတူ ဘ၀ဆက်တိုင်း ပါရမီ ဖြည့်ပေးမယ့် လက်တွဲဖော်လေးပဲလို့ စိတ်ကူးယဉ်မိတာ ငါမှားနေပြီလား ချစ်သူ။

“ဟင်း..” သက်ပြင်းနဲ့အတူ ဆေးလိပ်မီးခိုးတွေကို လွှင့်ထုတ်လိုက်သည်။ ဆေးလိပ်မီးခိုးပြာပြာတွေကြားမှာ လမ်းမကြီးဟာ မှုန်ဝါးနေရဲ့။ ကျနော့်နှလုံးသားတေကလည်းေ၀၀ါးလမ်းပျောက်နေပါသည်။ အေးစက်နေတဲ့ လက်ကျန်လက္ဖက်ရည်ခွက်လေးကို မော့သောက်ပစ်လိုက်သည်။

ခါးသက်တဲ့ အရသာဟာ လည်ချောင်းကတဆင့် ကျနော့်နှလုံးသားဆီ တိုးယိုပေါက် စီးဆင်းသွားသလားမသိ ရင်ထဲမှာ ခါးသက်ဆူဝေနေလေသည်။ မျက်နှာတည့်တည့်ဆီ ထိုးကျနေတဲ့ နေရောင်ကလည်း တဖြေးဖြေး ပြင်းရှ တောက်လောင်လာပြီ။

ဒါပေမယ့် ခုချိန်မှာတော့ အဲဒီအပူထက် ရင်ထဲက အချစ်ဆိပ်ရဲ့ အပူက ပိုပြီး ပူလောင်စေတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လက္ဖက်ရည်ဆိုင်က ထွဏ်းခမ်ရဲ့ နှုတ်ဆက်မျက်ရည် သီးချင်းက ဆို့ဆို့လှိုက်လှိုက် လွင့်လာသည်။

“မင်း လိုအင်တွေ ကိုယ်တတ်စွမ်းသမျှ ဖြည့်ဆည်းကာ...
မင်း အဖော်လိုရင် ကိုယ်ဟာ အနားမှာ ရှိစမြဲပဲ..
အရာရာမင်းအတွက် ပေးဆပ်ကာ ရှုင်သန်လာတာ မင်းအတွက်ပါ..
မင်းကလေးကို ခင်တွယ်လွန်းသူ ပါ.....
မင်း ပျော်မယ်ဆို လိုရာခရီး မင်း သွားလိုက်ပါ..
အထီးကျန်ညများ ကိုယ်ကျေနပ်စွာ ခံယူမယ်..
အိပ်မက်များထဲ မင်း အကြောင်းတွေ
ရှာဖွေနေမယ် မင်းသတင်းတွေ
မသိစိတ်မှာ အစဉ်ထာဝရပါ မေ

ဒါဟာ နှုတ်ဆက်မျက်ရည်
ဒါဟာ လမ်းခွဲ မျက်ရည်
ဒီမျက်လုံး ဒီနှုတ်ခမ်း ငိုမယ်မတားနဲ့တော့..”

သီချင်းစာသားတွေ လိုက်ငြီးရင်း မျက်လုံးမှိတ် သံစဉ်တွေနဲ့အတူ စီးမျောနေမိသည်။

အဲဒီအချိန်မှာပဲ
“ဟေ့ကောင် ဒေါင်းကြီး ဘာလဲ မင်းငုတ်တုတ်ကြီး မေ့နေတာလား”

“ဒါမှ မဟုတ် မတ်တပ်ကြီး အသက်ထွက်သွားတာလားကွ ဟေ”
ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ ဂူဂဲ အသံကြောင့် သူလန့်သွားရသည်။ အလွမ်းတွေတောင် ဘယ်ရောက်သွားမှန်း မသိ။
“မဟုတ်ပါဘူး ဂူဂဲရာ ငါ သီချင်းက
ို ခံစားနေတာပါ”

“ဒီလောက် နေပူနေတာကို မင်းက လသာနေတယ်များမှတ်နေလားကွာ အံ့ပါ့ကွာ မင်းကတော့ တကယ်ပဲ”

“မဟုတ်ပါဘူးကွာ ငါစထိုင်တုန်းက မပူသေးဘူးကွ ခုမှပူလာတာ”

“ထားပါတော့ကွာ လာ နေရိပ်တဲ့နေရာ ပြောင်းထိုင်ကြမယ်”
ပြောပြောဆိုတို ဂူဂဲက နေရာပြောင်းထိုင်တယ်။ သူလည်း အတူလိုက်ပြောင်းထိုင် လိုက်သည်။

“မင်းကြည့်ရတာလဲ စိတ်နဲ့လူ ကပ်ပုံမပေါ်ပါဘူး ဒေါင်းကြီးရာ”

“အေးကွာ ငါလည်း လမ်းမကြီးကို ငေးကြည့်နေရင်း အတွေးတွေ များသွားလို့ပါကွာ”

“မင်းလည်းမှာလေ ဘာစားမလဲ ငါကတော့ စားပြီးပြီ”

“အေး ငါဘာမှစားရသေးဘူး အဆောင်ပြန်ရောက်တော့ မင်းမရှိတာနဲ့ ဒီမှာ ရှိမှာပဲဆိုပြီး လိုက်လာတာ”

“အေးကွာ ငါလည်း အစက စာကြည့်နေတာပဲ ဒါပေမယ့် ဘယ်လိုမှ အာရုံသွင်းမရလို့ ဗိုက်ကလဲဆာလာတာနဲ့ ဒီထွက်လာတာ”

“အကို ဂဂူဘာစားမလဲ”
“ဟာ ဒီကောင်လုပ်ပြန်ပြီ ..ငါ့နာမည် ဖြိုးဝေ အကိုဖြိုးဝေလို့ ခေါ်ခိုင်းတာ ဘယ်နှစ်ခါ ရှိပြီလဲကွာ မှတ်မိဘူးလား ငါမင်းကို တင်းလာပြီနော် ဟင်း”

“မဟုတ်ပါဘူး အကိုရ အကိုဂူဂဲလို့ ခေါ်ရတာကောင်းတယ်ဗျ မှတ်ရတာလဲ လွယ်တယ် အဲဒါကြောင့်ပါဗျ ဟဲဟဲ”

“ထားပါတော့ကွာ မင်းဦးနှောက်ကလဲ မကောင်းတာကျ မှတ်မိတယ် ကောင်းတာကျတော့် မမှတ်မိဘူး ကောင်းပါကွာ”

“သွားသွား နန်းကြီးသုတ်တပွဲ ကြက်သားနဲ့ ချဉ်ငန်စပ်ကလေး မြန်မြန်လုပ်ခဲ့ကွာ”

“ဟုတ်ကဲ့ နန်းကြီးသုတ်တပွဲ ချဉ်ငန်စပ်ကလေး တပွဲဗျို့”

“ရော့ ရေနွေးလည်းကုန်နေပြီ ထည့်ပေးဦး”

“ဟုတ်ကဲ့ပါ ကိုကြီးဂူဂဲ”

“ဟာကွာ ဒီကောင်”
စားပွဲထိုးလေးက ဂူဂဲကိုစပြီး ထွက်သွားသည်။ ဂူဂဲက ပျော်ပျော်နေတတ်သည် ။ အဆင့်အတန်းလဲမခွဲတတ် လူတိုင်းကို ချိုချိုသာသာဆက်ဆံသည်။ ရယ်စရာလည်း အမြဲပြောသည်။ ထို့ကြောင့် စားပွဲထိုးလေးတွေက သူ့ဆို ခင်ကြသည်။

“ကဲပါကွာ ထားလိုက်ပါတော့ ဂူဂဲဆိုတာ ကမ္ဘာကျော်ပဲ မင်းမနစ်နာပါဘူး ကလေးနဲ့ ရန်ဖြစ်မနေပါနဲ့”

“ဒါတော့ ဒါပေါ့ကွာ ကလေးဆိုတာ နေရာတိုင်း အလိုမလိုက်ရဘူးကွ။ အရောဝင်ရင် အရိုသေတန်တယ် ဆိုတာ မင်းကြားဖူးတယ်မို့လား။ မျက်နှာသာပေး ခွေးလေး ပါးယက်နားယက်ဆိုသလိုပေါ့ကွာ။ ခုခေတ်ကလေးတွေကို လျော့မတွက်နဲ့ မင်းခေါင်းပေါ်အီးတက်ပါသွားမယ် ဘာမှတ်လဲ”
ဂူဂဲက တခါတခါ ဒီလိုပဲ သူ့ဒဿနတွေကို ပြောတတ်သည်။

“အဲလောက်ကြီးလည်း မဟုတ်ပါဘူးကွာ။ ကလေးတွေက ဖြူစင်ပါတယ်၊ အပြစ်ကင်းတယ်၊ ဟန်မဆောင်တတ်ဘူး၊ ရိုးရိုးလေးပဲ တွေးတတ်ကြတယ်။ သူတို့စိတ်ထဲမှာ သဘောကျရင် ကျတယ် သဘောမကျရင် မကျဘူး။ ဒါပဲ သူတို့တွေးတာ။”

ပြောရင်းရေနွေး တခွက် မော့လိုက်သည်။ ဂူဂဲကလည်း ရောက်လာတဲ့ နန်းကြီးသုတ်ကို စားရင်း နားထောင်နေသည်။

“ကလေးတွေကို ခြောက်လန့်ပြီး အမြဲရိုက်နှက်နေလို့လဲ မဖြစ်ဘူး။ ချော့တန်ချော့ ခြောက်တန်ခြောက် ဆုပေးဒဏ်ပေးပေါ့ကွာ။
ငယ်ရွယ်နုညံ့တဲ့ ကလေးတယောက်ရဲ့ စိတ်ထဲမှာ အားငယ်ကြောက်ရွံ့မှုတွေ မရှိအောင်၊ ကိုယ်ကိုယ်ကို ယုံကြည်တဲ့ အားမာန်တွေ ကိန်းအောင်းလာအောင် ၊ ကိုယ်တိုင်တွေးခေါ် ဆုံးဖြတ်နိုင်တဲ့ အလေ့အကျင့်လေးတွေ လုပ်ပေးရမှာကွ၊ တခုခု အမှားလုပ်ရင် အရင်ဆုံးမရိုက်ဘဲ ပါးစပ်နဲ့ နားဝင်အောင် ဆုံးမနိုင်ရင်တော့ အကောင်းဆုံးပေါ့ကွာ”

မရည်ရွယ်ပါဘဲ သူငယ်ချင်းနှစ် ဒဿနတွေ ဖလှယ်နေမိကြသည်။

“ ဟ ဒေါင်းကြီးရ မင်းက သိလှချည်လားကွာ၊ ကလေးဆယ်ယောက် အဖေတောင် မင်းလောက်သိမယ် မထင်ဘူး ဟဟား”

“ မဟုတ်ပါဘူးကွာ ငါတွေးမိတာလေးတွေပါ၊ မင်းအတွေးလဲမမှားပါဘူး ငါက မင်းမတွေးတဲ့ တခြားတဖက်ကတွေးကြည့်တာပါ”

“ဟုတ်တယ်ကွ  လူဆိုတာ ရှုထောင့်ပေါင်းစုံက တွေးကြည့်ရမှာ ဒါမှ တကယ်အမှန်တရားကို ချဉ်းကပ်နိုင်မှာပေါ့ကွာ။ ဒီနေ့မင်းနဲ့ပြောရတာ အရသာရှိတယ် ဒေါင်းကြီးရေ”

“လုပ်ပြီ မင်းကတော့ ပြောရင်း ဖောက်လာပြီ”

“တကယ်ပြောတာဟ ငါမိန်းမယူပြီးရင် မင်းဆီ သင်တန်းလာတက်ရမယ် ဟဲဟဲ”

“ဟဟ အသာလုပ်ပါကွာ”

သူငယ်ချင်းနဲ့ ခုလို ပြောလိုက်တော့လည်း ရင်ထဲက ဝေဒနာတွေ ခဏတော့ မေ့ပျောက်သွားတာပေါ့လေ။

“တချို့ကလေးတွေက လူကြီးကို လူကြီးမသိ မလေးစားကြဘူး ဒေါင်းကြီးရ”

“တချို့လူကြီးတွေကလည်း ကလေးကို ကလေးဆို သနားကြင်နာစွာ ဆက်ဆံရမှန်း မသိပါဘူး ဂူဂဲရာ”

“မင်းပြောတာလည်း ဟုတ်တာပဲ”

“အေးပေါ့ ဥပမာကွာ မင်းက လေးစားအောင်နေရင် ကလေးတွေက လေးစားမှာပေါ့။ ခုတော့ မင်းပုံစံက စပ်ဖြီးဖြီး ကိုးယိုးကားယားနဲ့ ဘယ်ကလေးကလေးစားမှာလဲ ဟုတ်ဘူးလား ဟားဟား”
အကွက်ဝင်တုန်း ဂူဂဲကို တွယ်လိုက်ရတာ အရသာရှိသည်။

“မင်းပြောမှ ငါက ငပေါကြီးဖြစ်နေပြီ”

“မဟုတ်ဘူးလား ၊ ဒါပေမယ့် ကလေးတွေက မင်းကိုတော့ ချစ်ကြပါတယ်ဟ”

“တော်ပီကွာ ထားလိုက်တော့ ငါနန်းကြီးသုတ်လေး အရသာခံစားပါရစေဦး”

ပြောပြီး ဂူဂဲက နန်းကြီးသုတ်ကို ခေါင်းမဖော်ဘဲ အားရပါးရစားနေတော့သည်။

တရှူးရှူးတရှဲရှဲနဲ့ ရထားကြီးမောင်းနေသလို ဟင်းချိုသောက်လိုက်စားလိုက် တွယ်နေတဲ့ သူ့ကိုကြည့်ရတာ ဘေးလူပင် သွားရည်ကျချင်ချင်ပါပဲ။ နန်းကြီးသုတ် တပန်းကန်က ခဏချင်း ပြိုက်ခနဲ ကုန်သွားလေသည်။

“မင်းဟာက ဝေသာလီပြည် ဘီလူးဝင်စီးနေတာကျနေတာပဲကွာ ဖြေးဖြေးစားလဲ ရပါတယ် ဂဂူရယ်”
“ဆာတကိုးကွ”

“စားပိုးနင့်ပြီး သေနေဦးမယ်၊ ဘေးလူတွေမြင်ရင် အီသီယိုးပီးယားက လာတဲ့သူလို့ ထင်နေလောက်ြပီ”

“ထင်လည်း မတတ်နိုင်ဘူး ငါ့လူရေ စားနိုင်မှ အားရှိမှာ၊ အားရှိမှ ကျန်းမာမယ်၊ ကျန်းမာမှ စာကောင်းကောင်းကြည့်နိုင်မယ်၊ စာကောင်းကောင်းကြည့်နိုင်မှ စာမေးပွဲအောင်မယ်၊ စာမေးပွဲ အောင်မှ ကျောင်းမြန်မြန် ပြီးမယ်၊ ကျောင်းမြန်မြန်ပြီးမှ အလုပ်မြန်မြန်ရမယ် မိန်းမမြန်မြန်ရမယ် ဟုတ်တယ်ဟုတ် ဟဲဟဲ”

ဂူဂဲက ရီစရာတော့ အမြဲပြောတတ်သည်။ သူအမြဲပြောသလိုပေါ့ ပျော်ပျော်နေသေခဲ မော်တော်တွေရေထဲ ဆိုသလိုထင်ပါသည်။ တခါတလေတော့လဲ သူ့လို အပူပင်ကင်းစွာ နေချင်မိသည်။

“ရော့ မင်းလည်း ပြောရစားရတာ မောသွားပြီ ရေနွေးသောက်ပါဦး”

“မင်းရဲ့ ကြီးကျယ် ခမ်းနားတဲ့ စကားတွေကြားပြီး ဘေးလူတွေက တို့ကို အဆောင်မှာ စာအတွေ အသေအလဲ ကြည့်တယ်လို့ ထင်ကုန်တော့မှာပဲကွာ ဟားဟား”

“အင်း ကောင်းလိုက်တဲ့ သားသမီး မိဘလုပ်ကျွေးဖို့တော့ မစဉ်းစားဘူးမိန်းမယူဖို့ပဲ ကျောင်းပြီးချင်တဲ့ မင်းကတော့ မနိုင်ဘူး ဂဂူရေ”

သူငယ်ချင်းအရင်းပြောမနာဆိုမနာတွေဆိုတော့ တယောက်တယောက် ဘာပြောပြော စိတ်မဆိုးကြပါ၊ တခါတရံ ကိုယ်ယုံကြည်ရာကို ငြင်းကြရင် ဘေးလူတွေက ရန်ဖြစ်တယ်ထင်ရတဲ့အထိ။

“ဒါက ဒီလိုရှိတယ်လေ ဒေါင်းကြီး က ဟိုဟာက ဟိုလိုရှိတယ် ဘယ်လိုပြောရမလဲ ဆိုတော့ ဒီလိုပေါ့ကွာ ဟုတ်တယ်မို့လား”

“မင်းပြောတာရှင်းတာကွာ မင်းကတော့ ဟုတ်နေပြီ”

“မဟုတ်ဘူးလေကွာ ငါပြောချင်တာက...”

“လိုရင်းပြောကွာ ငါ ထထိုးမိတော့မှာနော် အသည်းကွဲနေတာ မင်းတရားခံဖြစ်သွားမယ်”

“ဟဲ ဟဲ မင်းကလည်းစိတ်ကြီးပဲ ငါက မိဘကိုလဲ ကျေးဇူးဆပ်မှာပါ  ဒီကိစ္စက အော်တိုတာဝန်ရှိပြီးသားဆိုပြီး မပြောတာပါလို့ ဟုတ်ဘူးလား။”

“အဲဒီလို ပေါ့ပေါ့လေး ပြောလို့မရဘူး ဂူဂဲ မိဘတွေရဲ့ မေတ္တာတရား၊ စွန့်လွှတ်အနစ်နာခံမှု၊ ငါတို့အတွက် ရုန်းကန်ကြိုးစားရမှုတွေ စသဖြင့် ဒါတွေကို နားလည်ခံစားပေးနိုင်မှ တကယ် ကျေးဇူးဆပ်နိုင်မှာကွ ၊ အဲဒါကြောင့် ငါဒီစကားကို လေးလေးနက်နက်ပြောတာ ”

“အေးပါကွာ ငါနားလည်ပါတယ် ငါလည်း စကားကို ပေါ့ပေါ့လေးပြောတဲ့ အကျင့်ကို ပြင်ရဦးမယ်။”

“ဟုတ်တယ် စကားတခွန်းတိုင်း တခွန်းတိုင်းက အရေးကြီးတယ်၊ ဘယ်စကားပဲ ပြောပြော လေးလေးနက်နက် စဉ်းစားပြီး ပြောပေါ့ကွာ၊ ငါတို့ဟာ အမှန်တရားကို မြတ်နိုးတတ်ဖို့ ရိုးသားဖြောင့်မတ်ဖို့လဲ ကြိုးစားရမယ်”

“ဟုတ်တယ် ဒေါင်းကြီး တို့ ဘုရားဟောထားသလိုပေါ့ စကားတခွန်းဟာ သူတပါး နားဝင်ချိုရဲ့လား၊ ကောင်းကျိုးရှိရဲ့လား၊ မှန်ရဲ့လား၊ ပြောရမယ့် အချိန်အခါရော ဟုတ်ရဲ့လားဆိုတာ စဉ်းစားရမယ်ကွ”

“အေးမင်းပြောတာ မှန်တယ် ဒါပေမယ့် အရမ်းစဉ်းစားလွန်းတော့ လဲ ပြောစရာစကားမရှိတော့ဘူး ဒီလိုပဲ အလိုက်အထိုက်ပြောရမှာပေါ့ကွာ တို့က သူတော်စင်တွေမှ မဟုတ်ကြသေးတာ”

“အင်းအဲဒါကလည်း အကျင့်ပါပဲ ပထမတော့ တကူးတက စဉ်းစားရတာပေါ့ ဒါပေမယ့် အကျင့်ရသွားတဲ့ အခါ သူ့အလိုလို စဉ်းစားပြီး ပြောတတ်သွားတာပေါ့”

“အေးပါ ငါလည်း စာအုပ်ထဲက ဖတ်မိတာလေးတွေ ပြောတာပါ ငါလဲ ခုထိ စကားကို ပေါ့ပေါ့တန်တန် ပြောနေမိတုန်းပါပဲ”

တယောက်ဒဿန တယောက် ပြောကြရင်း စကားတွေ ဖောင်ဖွဲ့နေမိကြသည်။ ဒီလိုပါပဲ ကျနော်တို့နှစ်ယောက်က အကြောင်းအရာ တစ်ခုကို အာရုံစိုက်ပြောမိပြီဆို တော်တော်နဲ့ စကားမပြတ်တော့ပေ။

“အင်း ဟုတ်တယ် ဂူဂဲ လူ့ဘ၀ဆို တာ တိုတိုလေးပါကွာ၊ ရှင်သန်ခွင့်ရတဲ့ အခိုက်အတန့်လေးမှာ ကောင်းကောင်းမွန်မွန် ကြိုးစားပြီး အကျိုးရှိရှိ ပြောဆိုပြုမူ လုပ်ကိုင်ကြဖို့ အရေးကြီးတာပါပဲ”

“ဘာလဲ မင်းက ကောင်မလေးနဲ့ အဆင်ပြေတာနဲ့ တရားပေါက်တော့မှာလား ဒေါင်းကြီး”
သူပြောမှပဲ ကျနော့်ရဲ့ သံယောဇဉ်မလေးကို သတိရသွားသည်။

“တရားမပေါက်လို့ပဲ သူ့ကိုငါ  အရူးအမူးစွဲလန်းနေတာပေါ့၊ ဘယ်တတ်နိုင်မလဲကွာ မေတ္တာတရားမှာ အသွား အပြန်ရှိပေမယ့် အချစ်မှာ အသွားအပြန် မရှိဘူး ထင်တယ်ကွာ”

သူဆွေးမြေ့နာကြင်စွာ ပြောမိသည်။

“အေးပေါ့ကွာ ချစ်သူတိုင်းသာ သူတို့ ချစ်သူတိုင်းကို ပိုင်ဆိုင်ခွင့်ရနေရင် ကမ္ဘာမှာ အသည်းကွဲတဲ့ သူတွေ မရှိနိုင်သလို အသည်းကွဲကဗျာတွေ အသည်းကွဲသီချင်းတွေလည်း ဘယ်ရှိပါတော့မလဲ ”

ဂူဂဲပြောတာလည်း မှန်ပါသည်။ တကယ်တော့ ချစ်သူနဲ့ ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနဲ့ တွေ့ဆုံရခြင်းတွေဟာလည်း လူသားတိုင်း ကြုံတွေ့နေရတဲ့လောကဓံတရားတွေပဲ မဟုတ်လား။

“အေးကွာ ငါကလည်း အဲဒီ ဒုက္ခတွေကိုမှာ ချိုမြိန် ဒုက္ခတွေလို့ ထင်နေမိတာပါ ဂူဂဲရာ”

“မင်း သိပ်လဲ ဆွေးမနေပါနဲ့ကွာ ငါ့အထင်မမှားဘူးဆို သူလည်းမင်းအပေါ်သံယောဇဉ်ရှိသလိုပါပဲ၊ သူမင်းကို ခုလောက်ကြီး အတင်းငြင်းနေတာ တခုခု တော့ အကြောင်းရှိမယ်ထင်တယ်၊ အိသွယ်တို့သဲမွန်တို့ အဖွဲ့တွေတော့ သိမယ်ထင်တယ်ကွာ”
ဂူဂဲက သူစိတ်သက်သာအောင် ဖေးဖေးမမ ပြောရှာသည်။ သူလည်း ဒီလို မျှော်လင့်နေမိတာပါပဲလေ။

“သူငယ်ချင်းပဲ သံယောဇဉ်တော့ ရှိမှာပေါ့ကွာ၊ အိမ်မှာမွေးထားတဲ့ ခွေးလေးကြောင်လေးတွေတောင် သံယောဇဉ် ဖြစ်ကြသေားတာပဲ သူငယ်ချင်းရာ”
သူ့အသံတွေက ခံစားချက်တို့ဖြင့် တုန်ရင် ဆို့နင့်နေသည်။ ဂဲဂူလဲ သူ့အတွက် စိတ်မကောင်းဖြစ်နေပုံရသည်။

“မဟုတ်ဘူးကွ ဒီနေ့မင်းမလာတော့ ဒီကလေးမ တော်တော် မှိုင်နေတာ မင်းထိုင်နေကျနေရာကို လှမ်းလှမ်းကြည့်ပြီး ဆွေးနေတာ ငါတွေ့တယ်။ သေချာတယ်ကွာ သူလဲ မင်းကို ချစ်နေလိမ့်မယ် ငါတကယ်ပြောတာ”
ဂူဂဲစကားတွေကြားတော့ သူကြည်နူးအားတက်မိပါသည်။ဒါပေမယ့် ရင်ထဲမှာ မယုံရဲဘူး။

“မဖြစ်နိုင်ပါဘူးကွာ..ကဲ ဒါတွေ ထားလိုက်ပါတော့ စကားကောင်းနေတာနဲ့ ဒီမှာ တော်တော်ကြာနေပြီ တော်ကြာ ဆိုင်ရှင်က ရိုက်လွှတ်လိမ့်မယ် ငါတို့ အဆောင်ပြန်ကြစို့”

အဆောင်ပြန်ရောက်တော့ ကြီးပေါတို့ အုပ်စုက အဆောင်မှာ ရောက်နှင့်နေကြပြီ။

“မင်းတို့နှစ်ကောင်ရောက်လာတာနဲ့ အတော်ပဲ။ ငါတို့တောင် လေထန်ကုန်းဘက် လိုက်လာခဲ့ကြတော့မလို့”
လင်းထင်က စပြောပါသည်။

“နေပါဦး မင်းတို့က ဘာလုပ်မလို့တုန်း ဘာအရေးကြီးကိစ္စ ရှိလို့တုန်းဟ”

“ဟ ငါတို့က ကိစ္စရှိမှ လာရမှာလား ဂူဂဲ မင်းတော့ နာချင်ပုံရပြီ”
တေဇက ဒေါသထွက်ပြီး ဂူဂဲကို ငေါက်လိုက်သည်။

“အေးလေ တေဇပြောတာ ဟုတ်တာပဲ မင်းမကြီးကျယ်နဲ့ ချီးထုပ်ဂူဂဲ ငါတို့က ပိုက်ကျော်ခြင်းလေးခတ်ရင်း မင်းတို့အဆောင်မှာ နှပ်ကြမလို့ဟ” နိုင်လင်းကပါ ၀င်ပြောသည်။

“ဘယ်လိုလဲ အသည်းကွဲဆရာကြီး ကောင်မလေးနဲ့ အဆင်မပြေတာနဲ့ မင်းက တို့သူငယ်ချင်းတွေကို စိမ်းကားသွားပြီလာကွ မင်းတော့ နာမယ်နော်”

“မဟုတ်ပါဘူး လေးဖြူရာ မင်းတို့အားလုံးက ငါ့အချစ်ဆုံးသူငယ်ချင်းတွေပဲ ဘာစိမ်းကားစရာရှိလဲ ငါ့ဒုက္ခနဲ့ ငါမို့ပါကွာ ငါ့ကို နားလည်ပေးကြပါ”

“ရုပ်ကြမ်းကြီးနဲ့ နွဲ့မနေနဲ့ ရွံစရာကြီး ကွာ လခွီးပဲ”

ကြီးပေါစကားကြောင့် ဒေါင်းကြီး အမြီးကုတ်သွားသည်။

“ကဲ တော်ကြပါတော့ ကွာ ကျနော်မောင်ဂူဂဲကပဲ အားလုံးကို တောင်းပန်ပါတယ်၊ သိဘူးလေကွာ မင်းတို့က အဖွဲ့လိုက်ချီတက်လာကြတာဆိုတော့ ငါက တခြား အရေးကြီးကိစ္စများရှိသေးသလားဆိုပြီး မေးမိပါတာ မင်းတို့ကလဲ ငေါက်မယ်ဆိုတာချည်းပဲ ဟဲဟဲ”

“အရေးကြီးတာဆိုလို့ စာမေးပွဲ နီးပြီး စာမရသေးတာပဲ ရှိတာ၊ ဂူဂဲ မင်းဂစ်တာ သွားယူကွာ မင်းတို့က ခြင်းခတ် ငါတို့က ဂစ်တာတီးမယ်”
“ငါ့ကောင်ကြီးအတွက် အသည်းကွဲ သီးချင်း ဆိုပေးရမယ်”
လေးဖြူစကားကြောင့် ဂူဂက အဆောင်ထဲ ၀င်ကာ ဂစ်တာသွားယူသည်။

“မင်းတို့ကလည်းကွာ ဒေါင်းကြီးကို ၀ိုင်းစမနေကြပါနဲ့ ဒီကောင် တကယ် အသည်းကွဲနေပုံရပါတယ်”
ဝူးဝါးက ဒေါင်းကြီးကို စာနာစွာ ပြောသည်။

“ မင်းတို့ ပြောသလောက်လဲ မဟုတ်ပါဘူးကွာ”
ရင်ထဲမှာ ကြေကွဲနေပေမယ့် သူငယ်ချင်းတွေကိုတော့ ၀မ်းနည်းမှုကို မမြင်စေချင်ပါ။

“အေး ဒါဆို ငါတို့ ခြင်းခတ်ကြမယ် မင်းရော ခတ်မှာမို့လား”
 “ငါမခတ်တော့ဘူး တေဇရာ မင်းတို့ပဲ ခတ်ကြတော့၊ ငါစာနည်းနည်းကြည့်လိုက်ဦးမယ်၊ ဒါနဲ့ ဆရာမက ဘာပြောသေးလဲ”

“ဘာမှတော့ မပြောပါဘူး အရေးကြီးတဲ့ အခန်းတွေကို revision ပြန်နေတာဆိုတော့ လာနားထောင်ရင်တော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား မင်းကလည်း အသည်းကိုနုလွန်းတယ်”
ဝူးဝါးက ကရုဏာဒေါသောဖြစ်ကာ စေတနာနဲ့ ပြောရှာသည်။

တယောက်ထဲ အဆောင်ထဲသို့ ၀င်ခဲ့သည်။ အခန်းထဲဝင်ဝင်းပြီး စာကြည့်စားပွဲထိုင်ကာ တွက်စရာ ရှိတာတွေ တွက်နေမိသည်။ ဘ၀အတွက် စာကြည့်ရမည်မဟုတ်ပါလား။ စာမေးပွဲကျလို့တော့ မဖြစ်ပေ။ အသည်းကွဲပြီး စာမေးပွဲကျသည်ဆိုလျှင် လူကြားလို့လဲမကောင်း မိအေးနှစ်ခါနာဖြစ်ဦးမည်။
အောင်စရင်းထွက်ရင်လည်း အဆင့်တစ် မဟုတ်တောင် ခုံနံပါတ်ရှေ့နားမှာ ရှိချင်သည်။

တနေ့နေ့ကျရင် အဖက်ဖက်က နိမ့်ကျနေတဲ့ မြန်မာနိုင်ငံကြီးအတွက် တထောင့်တနေရာကနေ အကျိုးပြုနိုင်မယ် အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်ရမည်ဟု ကျနော်ဆုံးဖြတ်ထားသည်။ အချစ်အတွက် ရည်မှန်းချက်ပျက်သွားတယ်ဆိုတဲ့ သူတွေကိုတော့ ကျနော့်  ရှုတ်ချပါသည်။

တကယ်တော့ အချစ်ဆိုတာ ဖန်တီးလို့လဲမရ ဖျက်ဆီးလို့လဲ မရနိုင်တဲ့ အချစ်အဖြစ်ပဲ သန့်ရှင်းစွာ ဖြစ်တည်နေသင့်တဲ့ အရာလို့ တွေးမိသည်။

အချစ်ကြောင့် ဘ၀ပျက်တယ်ဆိုတာ ကိုယ့်ရဲ့ ညံ့ဖျင်းမှုအတွက် အချစ်ကို တရားခံရှာခြင်းလို့လဲ တွေးမိသည်။

“၀ူးဝါး အဲဒါ ဖောင်းဘောကွ မင်းခေါင်းက ပိုက်ထိသွားတာ ငါမြင်တယ် မင်းမငြင်းနဲ့”

“ဟေ့ကောင် ကြီးပေါ ငါဒီနားမှာ ရပ်နေတာလေ ပိုက်နဲ့အဝေးကြီး မင်း လျှောက်မပြောနဲ့”

“မင်းခုတ်ချတဲ့ ခြင်းလုံးကလဲ စည်းအပြင်မှာကွာ မယုံရင်လာကြည့် ဒီမှာ ခြင်းလုံးရာ“

“ကဲကွာ အဲဒါဆို အစက ပြန်ပေး ဒါပဲ ဘာကောင်တွေမှန်းမသိဘူး”

အပြင်မှာ တော့ သူငယ်ချင်းတွေ ခြင်းခတ်ရင်း ငြင်းကြ ခုန်ကြနဲ့ ဆူညံနေသည်။
လေးဖြူဆိုတဲ့ ကောင်ကလည်း အိပ်မက်ကဗျာသီချင်းကို အဆောင်ရှေ့မှာ အာဖြဲအော်နေလေသည်။

ဆန်နီ့ရဲ့ ပုံရိပ်တွေက နှလုံးသားထဲ အာရုံထဲ ခဏခဏ ၀င်လာသည်။ စာထဲကို မနည်းအာရုံစိုက်နေရတဲ့ အဖြစ်ပါလား။

၁၄

ကျေးငှက်ကလေးတွေရဲ့ တေးသံနဲ့အတူ နေရောင်ခြည်နွေးနွေးဟာ ပြူတင်းပေါက်မှတဆင့် အခန်းထဲကို လင်းပြစွာ ဖြာကျနေလေသည်။ မနေ့ညက တညလုံးစဉ်းစားပြီး သေချာတဲ့ အဖြေတခုကို ဆုံးဖြတ်ချက် ချနိုင်ခဲ့သည်။ သူမအတွက် ယနေ့သည် ရင်ခုန်စရာကောင်းသော နေ့တနေ့ဖြစ်သည်။တွေးရင်း သူမမျက်နှာလေးတွေ ရဲနေအောင် ရင်ခုန်ရှက်နွေးနေမိရသည်။

နာရီကြည့်တော့ ၈ နာရီထိုးခါနီးပြီ။

အင်း လန်းလန်းဆန်းဆန်း ဖြစ်သွားအောင် ရေအရင်ချိုးတာ ကောင်းတယ်။ သီချင်းလေးတအေးအေး နဲ့ ရေချိုးရင်း သူမ ပျော်ရွှင်ကြည်နူးနေမိသည်။ ရေစက်တို့သည် သူမရဲ့ လှပတ့ ကိုယ်လုံးလေးပေါ်တွဲခိုလို့ သူမဟာ ခါတိုင်းထက် အေးမြလန်းဆန်းမှုကို ခံစားနေရသည်။ အချစ်သည် တခါတရံ လူကို အေးမြလန်းဆန်းမှုကိုလည်း ပေးတတ်ပါလားလို့ သူမတွေးနေမိသည်။

ရေချိုးပြီး တော့ မှန်တင်ခုံရှေ့ထိုင်ပြီး သူမကိုယ်သူမ ကြည့်နေမိသည်။ သူမဒီနေ့ အရမ်းလှချင်နေသည်။ အလှဆုံးပြင်ဖို့ ကြိုးစားမည်လို့လဲ တွေးနေမိသည်။ မနက်ခင်းတိုင်းထပြေးပြီး အားကစားလုပ်တဲ့အတွက် သူမကိုယ်လုံးလေးက အချိုးစားကျလှသည်။ အသားရေလေးတွေက ၀င်းမွတ်ဖြူစင်ပြီး ပါးပြင်ပေါ်မှာ သွေးကြောစိမ်းလေးတွေ ယှက်ဖြာနေသည်။ ရှည်လျားကော့ညွတ်နေတဲ့ မျက်တောင်ရှည်တွေနဲ့ ကာရံထားတဲ့ ၀ိုင်းစက်လှပတဲ့ မျက်ဝန်းနက်နက်ကလေးတို့ အရည်လဲ့ နေသည်။နှာသီးလုံးလုံးလေးနဲ့ စင်းနေတဲ့နှာတံ၊ ပြီးတော့ ကကြီးပုံ နှုတ်ခမ်းဖောင်းဖောင်းလေးတွေက နီရဲနေရဲ့။

တကယ်တော့ သူမ အလှပြင်တာ ၀ါသနာမပါပါဘူး။ ဒါပေမယ့် ဒီနေ့တော့ ဘာမှ မလိမ်းခြယ်ရသေးဘဲ လှပနေတဲ့ သူမမျက်နှာလေးကို သူမ အားမရ ဒီထက် လှချင်နေမိသည်။

မိန်းကလေးတိုင်းဟာ သူမချစ်သူရှေ့မှာ အလှဆုံးဖြစ်ချင်ကြတာပဲလေ။

မသုံးဖြစ်တာကြာပြီဖြစ်တဲ့ SK2 မိတ်ကပ်ဗူးလေးကို ဖွင့်ပြီး ပါးပါးလေးလိမ်းလိုက်သည်။ ပြီးတော့ လော်ရယ်လ် နှုတ်ခမ်းနီ ပန်းရောင်လေးကို ပါးပါးလေးဆိုးလိုက်သည်။ မျက်ခုံးမွှေးလေးကို အိုင်းရှဲဒိုးလေးနဲ့ ဆွဲလိုက်တဲ့အခါမှာတော့ သူမကိုသူမ တော်တော်လေးလှသွားတယ်လို့ ထင်မိသည်။ သူမ ဒီထက်လဲ ပိုပြီး မပြင်တတ်တော့ပါ။

အ၀တ်အစားကိုတော့ ကျောင်းယူနီဖောင်းပဲ ၀တ်သွားတာကောင်းပါတယ်။ အ၀တ်စားကို သတ်သတ်ရပ်ရပ်ဖြစ်အောင် သေချာဆွဲဆန့်ပြီး မနေ့က ဆရာမ ပြန်လှန်လေ့ကျင်းခန်းလုပ်ပေးထားတဲ့ စာအုပ်လေးကို ယူပြီး အဆောင်အောက် ဆင်းခဲ့သည်။

“အိုး ဆန်နီလေး အရမ်းလှနေပါလား၊ အိသွယ်တို့ ဇာခြည်တို့ ဇင်ကြီးတို့ ဒီမှာလာကြည့်စမ်း ဆန်နီ ဒီနေ့ အရမ်းလှနေတယ်ဟေ့”

“အာ မမသဲမွန်ကတော့ လုပ်ပြီ အဲလောက်မဟုတ်ပါဘူး မမပြောမှ တဆောင်လုံး သိတော့မှာပဲ သမီးရှက်လာပြီ”

“ဟုတ်ပ ငါ့သမီး အရမ်းလှနေတယ်ဟေ့”
အဆောင်ရှင် အန်တီချိုက ထွက်လာပြီး ပြောသည်။

“ငါ့သမီး ဒီနေ့ ကျောင်းမသွားဘူးလား”

“မသွားဘူးအန်တီချို သမီး သူငယ်ချင်းတယောက်ဆီ စာသွားရှင်းမလို့”

“အင်း ဧကန္တ စာသွားရှင်းမယ့် သူက ကောင်လေးချောချောလေး ဖြစ်မယ်ထင်တယ်ဟေ့”

“ဟာ မဟုတ်ပါဘူးအန်တီချိုရယ် တကယ် သူငယ်ချင်းပါ”

“အေးပါအေ မဟုတ်ရင်လည်း ပြီးတာပါပဲ ဘာပဲဖြစ်ဖြစ် မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုတန်ဖိုးထားရတယ်၊ ထိမ်းထိမ်းသိမ်းသိမ်း နေကြနော် သမီးတို့”

“ဟုတ်ကဲ့ပါ အန်တီချို ခုလို ဆုံးမတာ ကျေးဇူးပါ၊ သမီးသွားလိုက်ဦးမယ်နော်”

“အေးအေး သွားသမီး”

“မမ သဲမွန်တို့ သမီး ကိုကျော်သူဆီ သွားလိုက်ဦးမယ်နော် ”

“ဟာ တကယ်လား ကောင်းတယ်ဟေ့ ငါတို့သတင်းကောင်းစောင့်နေမယ် ၊ ငါတို့အားလုံးက နင်တို့ ၂ ယောက်ကို အဆင်ပြေစေချင်နေတာ၊ သွားသွား”

အဆောင်က ထွက်လာခဲ့ပြီးမှ စိတ်ထဲမှာ ကြောက်ရွံ့နေမိသည်။ ငါ ယောက်ျားလေးအဆောင်သွားရင် ကိုကျော်သူများ ငါ့ကို အထင်သေးသွားမလား။ လမ်းလျှောက်ရင်း ရင်တွေ အရမ်းခုန်နေမိသည်။ နောက်ဆုံးတော့ နှလုံးသားတစုံးရဲ့ ဆန္ဒကို သူမ မလွန်ဆန်နိုင်တော့ပါဘူးလေ။

ကျော်သူခေါ် ဒေါင်းကြီးတယောက်လဲ တယောက်ထဲ စာကျက်မယ်ဆိုပြီး အဆောင်ရှေ့ ပိတောက်ပင်အောက်မှာ တယောက်ထဲ ထိုင်နေမိတာ ၁၅ မိနစ်လောက်ရှိပြီ။ လက်ထဲ ကိုင်ထားတဲ့ Insatallation စာအုပ်ကို ခုထိ တရွက်မှ မလှန်ရသေး။ ကောင်းကင်ပြာပြာကြီးကို သူ ဆွေးမြေ့စွာ ငေးမောကြည့်နေမိသည်။

ချစ်တတ်သူမို့ လွမ်းတတ်တာ မဆန်းပါဘူး။ ကောင်းကင်ပြာပြာမှာ တိမ်လွှာဖြူဖြူလေးတွေ လွင့်ဝဲနေတာကိုကြည့်ရင်း သူမကို လွမ်းသည်။ လေပြေလေးတွေတိုက်တိုင်း ပိတောက်ရွက်ကလေးတွေ လှုပ်ရှားသွားတာကိုကြည့်ရင်း သူမကို လွမ်းသည်။

အလွမ်းသည် ကျနော့်အတွက်တော့ ချစ်သူပေးသော အိပ်မက်ရှည်တပုဒ်ဟု ကျနော်ထင်သည်။ မေ့ဖို့ကြိုးစားရင် မုန်းဖို့အားထုတ်ရင် ရင်မှာ ပိုပိုသတိရလာတယ်ဆိုတဲ့ ကိုညီထွဋ်ရဲ့ စာသားတွေက ခုအချိန်မှာ ကျနော့်အတွက် ကွက်တိပါပဲ။ မဖြစ်သေးပါဘူး အပြင်ဖက်မှာဆိုတော့ အာရုံတွေက ပိုလွင့်တယ်။ အခန်းထဲ ပြန်ဝင်ပြီး ကြည့်မှဖြစ်မယ်။ အရူးတယောက်လိုပဲ သူတယောက်ထဲ ယောက်ယက်ခတ်နေမိသည်။

အခန်းထဲ ပြန်ဝင်ပြီး အိပ်ယာပေါ်ခဏလှဲကာ မျက်ဝန်းတွေကို ပိတ်ထားလိုက်သည်။ မျက်ဝန်းတွေ မှိတ်ထားလိုက်ပေမယ့်လည်း သူမပုံရိပ်တွေက ကျနော့် မြင်ကွင်းထဲမှ ပျောက်ကွယ်မသွားပါ။ အစကတည်းက မေ့ဖို့ချစ်ခဲ့တာမှ မဟုတ်ဘဲလေ။

“မောင်ကျော်သူ ဟေးမောင်ကျော်သူရေ အိပ်ပျော်နေလား”
အဆောင်ရှင် အသံကြောင့် သူအတွေးပျက်သွားရသည်။

“ဗျာ ဟုတ်ကဲ့ ဂျီးတော် မအိပ်ပါဘူးခင်ဗျ ဘာကိစ္စရှိလို့လဲ”

“ ဒီမှာဟေ့ အဆောင်ရှေ့မှာ ကလေးမလေးတယောက် ရောက်နေတယ် မင်းသူငယ်ချင်းတဲ့”

“ဗျာ ဟုတ်ကဲ့ ဂျီးတော် လာပါပြီ”
မိန်းကလေးဧည့်သည်တဲ့ ဘယ်သူပါလိမ့်။ သဲမွန်တို့ အိသွယ်တို့ဆိုလဲ အဖွဲ့လိုက်လာကြမှာပါ၊
ဘယ်သူဖြစ်နိုင်မလဲ တွေးရင်းနဲ့ပဲ အဆောင်ရှေ့ထွက်ခဲ့လိုက်သည်။

အဆောင်ရှေ့ရောက်တော့ ကိုယ့်မျက်လုံးတွေကိုပင် မယုံချင်။ ဘုရားဘုရား အိပ်မက်များ မက်နေတာလား၊ ကိုယ့်လက်မောင်းကို ဆိပ်ကြည့်မိသည်။ အဆောင်ရှေ့မှာ ကျနော့် အချစ်ဆုံးနတ်သမီးလေး ဆန်နီ မခို့တရို့လေးရပ်နှေရှာသည် ။သူမ အလှပြင်တာ တခါမှ မမြင်ဘူးပါ။ လက်ထဲမှာ စာအုပ်ကလေးကိုပိုက်လို့ မိတ်ကပ်လူးထားတဲ့ မျက်နှာလေးက ဖူးလှဝင်းလဲ့နေလေသည်။

ကျောင်းဝတ်စုံလေး ကျက်သရေရှိစွာ ချစ်စရာကောင်းတဲ့ ချစ်သူလေးကို သူမင်သက်စွာ ငေးကြည့်နေမိသည်။ သူ့အတွက် ကမ္ဘာကြီးသည် အခိုက်အတန့် ရပ်တန့်သွားသလိုပါပဲ။

“ဘာလို့ အဲလောက်ကြီး ရပ်ကြည့်နေရတာလဲ ဧည့်သည်ကို ဘာမှ ဧည့်မခံတော့ဘူးလား”
သူမက မျက်နှာလေးရဲပြီး ပြောရှာသည်။

“ဟာ အဲသလို မဟုတ်ပါဘူး ကိုအရမ်းအံသြနေလို့ပါ”
သူအသံတွေကလည်း ရင်ခုန်တုန်ရီနေပါသည်။

“ဘာလဲ မလာစေချင်းဘူးလား”
သူမက ချစ်စဖွယ် ရန်တွေ့သည်။

“ဟာ မဟုတ်ပါဘူးဆန်နီရဲ့ အဲဒီ ပိတောက်ပင် အောက်က ခုံလေးမှာ ထိုင်နော်”
“ဓာတ်ဗူးထဲမှာ ရေနွေး ရှိသေးတယ် ကျနော်ကော်ဖီ ဖျော်လိုက်မယ်နော် ခဏစောင့်”
ရင်ထဲမှာ အတိုင်းမသိ ကြည်နူးပျော်ရွှင်နေမိသည်။

“ရတယ် ဘာမှမလုပ်နဲ့တော့ ကျမမဆာပါဘူး”

“ကို ဆန်နီကို ဘာမှ ထပ်မနှောင့်ယှက်တော့ပါဘူးနော်”
သူပြာပြာသလဲ တောင်းပန်မိသည်။

“ဘယ်သူက နှောင့်ယှက်တယ်ပြောနေလို့လဲ”
သူမရဲ့ စူဆောင့်ဆောင့်ပြောပုံလေးက ချစ်စဖွယ်ပါပဲ။

“ဒါပေမယ့် ဟိုလေ..ဟို”

“ကဲပါ တော်ပါပီ အဲဒါတွေမပြောပါနဲ့တော့ ဘာလို့အတန်းလာမတက်တာလဲ”

“အဲဒါက ဟိုလေ သင်ခန်းစာတွေကလည်း ပြီးနေပြီဆိုတော့ အိမ်မှာ အေးအေးဆေးဆေး စာကျက်မလို့ပါ ဆန်နီရယ်”

“ကျမလိမ်တာကို အရမ်းမုန်းတာပဲ ဘာလို့အမှန်အတိုင်း မပြောရတာလဲ ကိုကျော်သူ”
တခါတခါကျတော့ အကင်းမပါးသော သူ့ကို ကျမတကယ် အသည်းယားမိသည်။

“ကို အမှန်အတိုင်း ပြောရယ်ပါတယ် ဆန်နီရယ် ဒါပေမယ့် ကိုယ့်စကားတွေကြောင့် ဆန်နီ စိတ်အနှောက်အယှက် ဖြစ်သွားမှာ စိုးလို့ပါ”
သူမကို မြတ်နိုးစွာကြည့်နေမိရင်းက သူပြောနေမိသည်။

“ဘာ ဆိုင်လို့လဲ”
သူမက မျက်လုံးကလေးထောင့်ကပ်ပြီး ပြန်မေးသည်။

“ဆိုင်တာပေါ့ ဆန်နီရယ် ကိုမင်းကို အရမ်းချစ်လွန်းလို့ပေါ့ . ဟုတ်တယ် ဆန်နီ ကို ဆန်နီကို အရမ်းချစ်တယ် တဘ၀လုံးအတွက် ရည်ရွယ်ပြီး ချစ်တာ”
သူမရဲ့ လှပတဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ရင်း သူလေးလေးနက်နက်ပြောလိုက်သည်။

“ အပိုတွေ ပါ”

“ကျေးဇူးပြုပြီး ကိုအချစ်တွေကို ယုံပေးပါ”

“မယုံပါဘူး တကယ်ချစ်ရင် ဘာလို့ ကျောင်းမလာဘဲ ရှောင်နေသေးလဲ”
သူ့မ မျက်နှာလေး ရဲနေပါသည်။

“ဒါဆို အတန်းပြန်တက်ရင် ယုံမှာပေါ့ ဟုတ်လား”

“အင်း”
ခေါင်းငြိမ့်ပြီး နှုတ်ခမ်းလေးကိုက် ခတ်ဖွဖွ ပြောပုံလေးက ချစ်စရာကောင်းလှသည်။ကျနော်ကို ရင်ခုန်ရူးသွပ်စေပါသည်။

“ဒါဆို ဆန်နီ ကိုယ့်အချစ်ကို လက်ခံတယ်ပေါ့နော်”

သူမ ခေါင်းငြိမ့်လိုက်သည်ထင်သည်။

“ဟာ ၀မ်းသာလိုက်တာ ဆန်နီရယ် ကို အရမ်းပျော်တာပဲ ပြီးတော့ ဆန်နီကို အရမ်းကျေးဇူးတင်တယ်”

“လုပ်ပြန်ပြီ ဘာကျေးဇူးတင်တာလဲ အဲလို အူကြောင်ကြောင်လုပ်တာတွေ မုန်းတာ”

“ဆန်နီ ဒီနေ့ အရမ်းလှတာပဲ သိလား  ကိုအရမ်းချစ်တာပဲ ဆန်နီရယ်”

“ဟာ ကိုနော် ဒီစကားပဲ ခဏခဏပြောနေတော့တာပဲ ဆန်နီ ရှက်လာပြီ ပြန်တော့မယ်”

“ ဘယ်လို ကိုယ့်ကို ဘယ်လို ခေါ်လိုက်တာလဲ ပြန်ခေါ်ပါဦး”

“ဟာ မသိတော့ဘူး သွားတော့မယ့်”

“ မသွားပါနဲ့ ဆန်နီရယ်”
နူးညံ့တဲ့ တက်ဖ၀ါးလေးကို လှမ်းဆွဲထားရင်း ချစ်သူရဲ့ ရှက်ဝဲစွာ လှနေတဲ့ မျက်နှာ ၀င်းဝင်းမွတ်မွတ်ကလေးကို မြတ်နိုးစွားကြည့်လိုက်သည်။

“ဟိုးထားဆရာ ဟိုးထား အရင်တခါလို ထပ်လုပ်ရင်တော့ တသက်လုံး မခေါ်တော့ဘူး”

“မလုပ်ရဲတော့ပါဘူး ကိုလေ တခါတည်းနဲ့ကို မှတ်သွားပါပြီ ဟဲဟဲ”

“ဆန်နီ ကိုယ့်ကို ချစ်တယ်လို့ပြောပါလား ကိုယ်အရမ်းကြားချင်တာပဲ”

“မပြောရဲပါဘူး ရှက်စရာကြီး ခေါင်းငြိတ်ပြပြီးပြီပဲ ကျေနပ်တော့ လောဘကို ကြီးတယ် တကယ်ပဲ”

“ပြောပါ ဆန်နီရယ် ကိုယ် အရမ်းကြားချင်လွန်းလို့ပါကွာနော်”

မျက်ဝန်းတွေ လက်တောက်ပြီး ကလေးလေးတယောက်လို ပျော်နေတဲ့ သူ့ကို ငေးကြည့်ရင်း ကျမရင်ထဲမှာ သူ့ပေါ်အရမ်းချစ်မိသွားရသလို ရင်ထဲမှာလည်း အရမ်း ရင်းနှီးသွားမိရပါသည်။
ဒါပေမယ့် ချစ်တယ်လို့ ပြောဖို့ကျတော့လည်း ကျမနှုတ်ခမ်းတွေက ရှက်ရွံ့နေမိပြန်သည်။

“ပြောပါ ဆန်နီရယ် တခွန်းထဲပါနော်”

“ဘယ်လိုလူကြီးလဲ မသိဘူးဇွတ်ကြီးပဲ သူများက ရှက်လို့ပါဆို”

“ဘာရှက်စရာ ရှိလဲ ချစ်လေးရယ်ကိုတို့က ချစ်သူတွေဖြစ်သွားကြပြီပဲ သူစိမ်းတွေမှ မဟုတ်တာပဲ”

“ကိုလည်း ချစ်လေးလို့ခေါ်မယ်နော်”
ကလေးတယောက်လို အတင်းပူဆာနေတဲ့ သူ့ကို မလွန်ဆန်ချင်တော့ သူ့ကို ပျော်ရွှင်စေချင်မိသည်။

“ကဲ ချစ်တယ် ချစ်တယ် ချစ်တယ် ကို့ကို ချစ်တယ် ...ကျေနပ်ပီလားကဲ..ဘာမှန်းကို မသိဘူး”

“ပျော်လိုက်တာ ချစ်လေးရယ် ကျောင်းဖက်သွားရအောင် ဟိုကောင်တွေကို သွားကြွားရမယ်”

“ဟာ မသွားချင်ပါဘူး ဆန်နီ ရှက်တယ်”

“သွားရအောင်ပါကွာ ချစ်လေးလည်း ကိုယ့်ကြောင့် ဒီတမနက်ခင်းလုံး အတန်းတွေ ပျက်သွားပြီ၊ လာပါ နောက်အချိန်တွေ သွားတက်ကြမယ်။ ဒီနှစ်စာမေးပွဲကို ခုံနံပါတ်ကောင်းကောင်းနဲ့အောင်အောင်ကြိုစားကြမယ်နော်”

“ကဲ သွားသွား ..ဟိုရောက်ရင် အတင်းသည်းမပြနဲ့နော်”

“အင်းပါခဏစောင့် ကို ကျောင်းဝတ်စုံလဲပြီး လွယ်အိတ်သွား ယူလိုက်ဦးမယ်”
နှစ်ယောက်လုံး ကြည်နူးပျော်ရွှင်နေမိကြသည်။

မျှော်လင့်မထားဘဲ ပေးလားတဲ့ ချစ်သူရဲ့ လက်ဆောင်ကို ကျနော့်နှလုံးသားထဲမှာ တသက်လုံးပဲ တခမ်းတနား သိမ်းဆည်းထားပါမည်။

“ချစ်လေးရေ လာ သွားမယ်..ကို့လက်ကိုတွဲထား”

“မတွဲပါဘူး”
မျက်စောင်းလှလှလေးက ကျနော့်ဆီ စွေ့ကနဲ လွင့်လာပါသည်။

ကျနော့်ချစ်သူသည် ထိုကဲ့သို့ မျက်စောင်းလှလှလေးတွေလဲ ပိုင်ဆိုင်ထားပါသည်။

“အရမ်းချစ်တယ် ချစ်လေးရယ်”

“သွား အရူး”

“ဟုတ်တယ် ကိုက ရူးနေတာ ..ကမ္ဘာကျော်မယ့် အချစ်ရူးကြီးလေ သိလား”

“သိပါဘူး အရမ်း ပိုတာပဲတော့ ”

“မြန်မြန်သွား သူများတွေ ကြည့်နေကြတယ်”
ရှက်ဝဲ၀ဲ မျက်နှာလေးနဲ့ သူမလေးက ကျနော့် ဘေးကနေ သိမ်မွေ့ညင်သာစွာ လိုက်လာသည်။
ကျနော့် ခြေထောက်တို့သည် ချစ်ခြင်း၏ အဟုန်ဖြင့် မြေကြီးနှင့် မထိချင်တော့။

ချစ်သူနဲ့ တွဲပြီး လမ်းလျှောက်ရခြင်းရဲ့ အရသာကို ခင်ဗျားတို့ခံစားဖူးပါသလား.....

ပြီးပါပြီ
အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ..
လင်းဝေ

Saturday, November 27, 2010

ကျောင်းတော်က ရင်ခုန်သံ အပိုင်း (၈)

 အပိုင်း (၇) မှ အဆက်

`ငါ ကျောင်းဆက်မတက်ချင်တော့ဘူး ဂူဂဲရာ´

`ဘာဆိုင်လဲကွာ မင်းကလည်း အဲလောက်ကြီး မပျော့ညံ့စမ်းပါနဲ့´

`သူငါ့ကို မြင်ရင် စိတ်ဆင်းရဲနေမှာပါ၊ငါ သူ့ကို ငါ့အတွက်နဲ့ စိတ်မညစ်စေချင်ဘူး၊ပြီးတော့ စာတွေကလည်း ပြတ်သလောက်ဖြစ်နေပြီ၊ငါ အဆောင်မှာပဲ စာကြည့်တော့မယ်´

`ညောင်ဦးကမ်းပါး ပြိုတာနဲ့ ကိုသာအေးနွားမကြီး ပေါင်ကျိုးတယ်ဆိုတာလိုပဲ မင်းဟာက ဘာမှမဆိုင်ပါဘူး၊အချစ်နဲ့ ကျောင်းစာကိုခွဲခြားသိစမ်းပါကွာ´

`ငါသိပါတယ် သူငယ်ချင်းရာ ငါ့ရည်မှန်းချက်တွေကို အချစ်အတွက်နဲ့ မပျက်စေရဘူးလို့ မင်းကို ကတိပေးတယ်´

`ဒါဆိုလည်း ပြီးတာပဲ ဒါပေမယ့် ဒီနေ့ကျူတိုရီယယ်ကို တော့ ဖြေရမယ်နော်´

`အေးပါ´

`ဒါဆိုလည်း အတန်းထဲ သွားကြစို့´

တမာပင် အရိပ်မှာ သဲမွန်တို့ ကြီးပေါတို့အဖွဲ့တွေ စကားပြောနေကြသည်။

`ကြီးပေါတို့ ဘာတွေ အူပွနေကြတယ်မသိဘူး လာသွားရအောင်´

`မသွားပါနဲ့ကွာ ဟိုမှာ ဆန်နီရှိတယ်´

`ရှိတော့ ဘာဖြစ်လဲ မနက်ဖြန်က စပြီးသူမင်းကို မမြင်စေရဘူးဆိုတာ သိအောင်ပြောရမှာပေါ့´
`အဲဒီလိုကြီးတော့..`

`လာကွာ လေကိုတော်တော်ရှည်တဲ့ကောင်ပဲ´

ဂူဂဲက စိတ်တိုပြီး ထွက်သွားသည်။

`ဟေး မျောက်နှစ်ကောင် နောက်ကျလှချည်လား´

`ဆရာမ မလာသေးဘူးလား ၀ူးဝါး´

`လာတော့မယ်´

“ကျူတိုရီရယ်က ဘယ်တော့စမှာလဲ”

“နာရီဝက်လိုသေးတယ်”

`မင်းနောက်ကကောင်က လင်းတ ဘာမီတွန် တိုက်ထားတာလား သေတော့မယ့် မျက်နှာနဲ့´

`ဟုတ်ပ ဟဲ့ဒေါင်းကြီး နေမကောင်းဘူးလား´ အိသွယ်က လှမ်းမေးသည်။

“ဟုတ်ပ ဂူဂဲရယ် နင် အဆောင်က ကျောက်ရုပ်များ မလာတာလား”

ဘာလဲ နင့်ကိုစကားပြောရင် လျာဖြတ်ပစ်မယ်လို့ ပြောထားတဲ့သူ ရှိလို့လား”
 သဲမွန်ကလဲ ၀င်ပြောသည်။

သူ ဆန်နီဆီ တချက်ကြည့်လိုက်သည်။

“ မဟုတ်ပါဘူးဟာ အထွေထူး ပြောစရာ မရှိလို့ပါ။ နင်တို့ပြောတာ နားထောင်မှာပေါ့”

`အေးဟာ ခေါင်းလည်း နည်းနည်းကိုက်နေလို့၊နင်တို့က စာမကြည့်ဘဲ ဘာလုပ်နေကြတာလဲ´

`စာကအေးဆေးပါ တို့အာလူးဖုတ်နေကြတာ ဟဲဟဲ`

ဆန်နီကတော့ ခေါင်းငုံ့ပြီး စာပဲလုပ်နေသည်။

“ဆန်နီ ညည်းကလဲ စာပဲ ကြည့်နေတာပဲ ကျူတိုရီရယ်ကို ဘာများမှတ်နေလဲ”

“မဟုတ်ပါဘူး မမ အိသွယ်ရယ် သမီးက စာမေးပွဲကြီးကရင် မမေ့သွားအောင် ခုကတည်းက သေချာအောင် ကြည့်နေတာပါ”

“အင်း နောက်နှစ် ဘီအီး ရိုးလ် ၀မ်းက ဆန်နီပဲ ဖြစ်မယ်ထင်တယ်ဟေ့”

ကြီးပေါက ထနောက်လိုက်သည်။

“ဟုတ်တယ် ကြီးပေါပြောတာမှန်တယ်”

“ဟာ ကိုကြာကြီးတို့ ကလဲ မဟုတ်တာ သမီးက အဲလောက် မတော်ပါဘူး”
မျက်နှာလေးရဲကာ ငြင်းဆန်နေသူလေးကို သူ ခိုးကြည့်နေမိသည်။

မနက်ဖြန်က စပြီး ဒီမျက်နှာလေးနဲ့ မဆုံဖြစ်အောင် ကြိုးစားရတော့မှာပါလားဆိုတဲ့ အသိက သူ့ရင်ကို နာကြင်စေသည်။

“ဟုတ်ပါပြီ ရိုးလ်ဝမ်းရရင်တော့ ငါတို့အဖွဲ့ကို ၀မ်းတေဘယ်လ်နော်“

“ဟုတ်ကဲ့ပါ ကိုနီကိုရဲရယ်..”

`ဒေါင်းကြီး မင်းဥစ္စာက ခေါင်းကိုက်တာလား နှလုံးရောဂါလား´

`ဟုတ်တယ် ကြီးပေါရေ ဒီကောင် အသည်းကွဲနေတာ မနက်ဖြန်က စပြီးကျောင်းမတက် တော့ဘူးတဲ့´
“အဆောင်မှာပဲ အခန်းပိတ်စာကြည့်တော့မယ်တဲ့”

အားလုံးရဲ့ အကြည့်တွေက ဆန်နီနဲ့ ဒေါင်းကြီးဆီ ရောက်သွားကြသည်။

“တကယ်လားဒေါင်းကြီး မင်း ဘာထပြီးတော့ ကြောင်နေတာလဲ ခုမှ အစောကြီးပဲ ရှိသေးတယ်”

“နှစ်တိုင်း ကိုယ်ပိုင်စာကြည့်ချိန် မပိတ်မချင်း အတူတက်နေကြပဲကို မင်းက”

“ဟုတ်သားပဲ လေးဖြူပြောတာ မှန်တာပဲ နင်က ဘာထကြောင်တာလဲ ”

သူငယ်ချင်းတွေ ဆူညံပွက်လောရိုက်ကုန်ကြသည်။
သူမကလဲ သူ့ဆီကို တချက် မော့ကြည့်လိုက်သည်။

“ငါ့ အကြောင်းနဲ့ ငါပါကွာ...စာတွေလဲ ပြတ်နေပြီပဲ...ငါ စာမေးပွဲ အောင်အောင် လုပ်မှာပါဟ ...စိတ်မပူကြပါနဲ့”

“ဒေါင်းကြီးရေ မင်းကတော့ မလွယ်ဘူး...နောက်ပိုင်း သင်တာတွေက အရေးကြီးတာတွေ ပြန်သင်နေတာ .. မင်းတက်သင့်တယ်”
ဝူးဝါးကလဲ သူငယ်ချင်းဆိုတော့ ၀င်ပြောသည်။

“မင်းတို့ ပြန်ရှင်းပြကြပေါ့ကွာ ... ငါကတော့ ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ..”

“မင်းတို့လည်း နားလည်မှာပါ .. ငါကျောင်းဆက်တက်မှ ငါတကယ် စာမေးပွဲကျသွား နိုင်တယ်”

“ဒေါင်းကြီးရယ် နင်ကလဲ အဲဒီလောက် မပျော့ညံ့ စမ်းပါနဲ့ ဟယ်”
ဇာခြည်လဲ စိတ်မကောင်းစွာ ၀င်ပြောရှာသည်။

“နင်ပြောလဲ ခံရမှာပဲ ဇာခြည်ရာ...ထားလိုက်ပါတော့.. မင်းတို့အားလုံး ငါ့အတွက် စိတ်မကောင်းဖြစ်နေကြပြီ.. ငါတောင်းပန်ပါတယ် ...လာကျူတိုရီရယ် သွားဖြေကြရအောင်..”

သူငယ်ချင်းတွေ အားလုံး မျက်နှာ မကောင်းကြ။

ကျူတိုရီရယ် ဖြေတော့ အစောဆုံး သူငယ်ချင်းတွေ မပြီးခင် အစောဆုံးထထွက်ပြီး အဆောင်ကို တန်းပြန်ခဲ့သည်။ လောလောဆယ် ဘယ်သူနဲ့မှာလဲ စကားမပြောချင်ပါ။

စာမေးပွဲ နီးပြီဆိုတော့ ကျောင်းကလဲ ခြောက်တောက်တောက်ကြီး ဖြစ်နေလေသည်။ ရေတမာပင် လမ်းကလေးအတိုင်းပဲ လျှောက်ပြန်လာခဲ့သည်။ ရင်ထဲမှာ ဟာပြီး ဆို့နင့်ကြေကွဲနေသည်။

တကယ်ကို ဆုံးရှုံးသွားပြီ ဆိုတဲ့ အသိက နှလုံးသားတစ်ခုလုံးကို တိုက်စားနာကြင်စေသည်။ လျှောက်လာရင်း ဦးကျော် လက်ဖက်ရည်ဆိုင် ရှေ့နားရောက်လာသည်။ သူမနဲ့ စပြီး ဆုံခဲ့တဲ့ နေရာလေးပေါ့။ မတွေးတာပဲ ကောင်းတယ် ချစ်သူရယ်..။

ပျော့ညံ့တယ်ပဲ ပြောပြော ငါ့နှလုံးသားကိုက အချစ်နဲ့ပတ်သက်လာရင် ထိခိုက်ခံစားလွယ်လွန်းပါတယ် ချစ်သူရယ်..။

အဆောင်ပြန်ရောက်တော့ အခန်းထဲဝင်ပြီး အိပ်ယာပေါ် ခဏလှဲနေမိသည်။ နဖူးပေါ်လက်တင် စဉ်းစားကြည့်တော့ သူမနဲ့ ပတ်သက်တဲ့  အဖြစ်အပျက်တွေက ရုပ်ရှင်ဇာတ်လမ်းတပုဒ်လို တကွက်ချင်းပေါ်လာသည်။ တွေးလေလေ သူမကို ပိုပြီး မြတ်နိုးမိလေ ပိုချစ်လာလေလေပါပဲ..။

ချစ်သူရယ် ငါဘယ်လို မေ့ရမလဲ..။ အချစ်ဆိုတာ ကိုယ်ရုတ်သိမ်းချင်တိုင်း ရုတ်သိမ်းလို့ ရရဲ့လား..။
စိတ်တွေက ဂနာမငြိမ်ဖြစ်နေတော့ ဆေးပေါ့လိပ် တစ်လိပ်ကို မီးညှိလိုက်မိသည်။

နောက်ဆုံးတော့ ကိုယ်နဲ့ မတည့်တဲ့ ဆေးပေါ့လိပ်တွေကိုပဲ ရှိုက်ဖွာမိရင်း ကဗျာတပုဒ်ကို နာနာကြင်ကြင် ချရေးလိုက်မိသည်။

အခန်းကျဉ်းကျဉ်းထဲ
သက်ပြင်းတွေ အခါခါချ
ရင်ဘတ်ထဲမှာ
အချစ်တွေပဲ
စီးဆင်းနေရဲ့
မင်းငါ့အတွက်
နှင်းဆက်လိုက်တာက
အမုန်းဆုတဲ့လား...
ငါက
မမှီတဲ့ ပန်းကိုမှ တုံးခုလှမ်းခဲ့
ချစ်သူပေးတဲ့ အရှုံးနဲ့ပဲ
ငါကျေနပ်လိုက်ပါတယ်
ချစ်သူ..

၁၂

“ကို...ရယ်... ကို အရမ်းခံစားနေရလားဟင်..။ကျမလဲ ကိုနဲ့ ထပ်တူပါပဲ..။ကျူတိုရီရယ်ကို ဘယ်လို ဖြေလိုက်မိမှန်း မသိဘူး။ သူ့ကို အဖြေ ပေးလိုက်ရင် ကောင်းမလား။

ဟင်း...မဖြစ်သေးပါဘူး။စိတ်အလိုလိုက်လို့ မဖြစ်သေးပါဘူး။ ကျမ ဘာဆက်လုပ်ရမလဲ။
နွမ်းလျ ဆွေးမြေ့နေတဲ့ ကို့ရဲ့ တောင်းပန်တဲ့ မျက်ဝန်းတွေကို ကျမ တကယ် ရင်မဆိုင်နိုင်ပါဘူး။”
ကျူတိုရီရယ်ကို လက်စသတ်ရင်း သူမတယောက်တည်း တွေးနေမိသည်။

ဟင်.. အတန်းထဲမှာ သူမရှိတော့ပါလား။ဆရာမဆီ အဖြေလွှာစာအုပ်ထပ်ပြီး သူမ အပြင်ကို အမြန်ထွက်လိုက်မိသည်။ ဒါပေမယ့် အပြင်မှာလဲ သူမရှိတော့..။

“သြော် အကိုရယ် ကျမ ကို့ကို မြင်ခွင့်တောင် မရှိတော့ဘူးပေါ့နော်..”
ရင်ထဲမှာ အလိုလို ငိုချင်လာမိရင်း မျက်ဝန်းမှာ မျက်ရည်တွေ ၀ိုင်းလာသည်။

“ဟိတ် ကောင်မလေး ဘာတွေ ရှာနေတာလဲ ..။ ဒေါင်းကြီးကို ရှာနေတာလား..။”
အတန်းထဲက ထွက်လာတဲ့ အိသွယ်က မေးလိုက်သည်။

“ဟုတ်တယ်အမ သူဘယ်ရောက်သွားတာလဲ ဟင်..”

“ဒီကောင် အပြင်ထွက်သွားတာ ကြာပေါ့”

သူမ တကယ်ဝမ်းနည်းမိသည်။

“ဟိုလေ သမီးကြောင့် ကိုကျော်သူ ကျောင်းမတက်တာဆိုရင် သမီး တကယ် စိတ်မကောင်းပါဘူး မမအိသွယ်ရယ်”

“ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့ ဆန်နီရယ်.. အချစ်ဆိုတာ ဖန်တီးလို့မှ မရတဲ့ အရာပဲလေ”
မမအိသွယ် နားလည်တဲ့အပြုံးနဲ့ နှစ်သိမ့်သည်။

“ဟုတ်တယ် အိသွယ် ပြောတာ မှန်တယ်။ ဒီကောင်က စာတော်ပြီးသားပါ။ ဘာမှ စိတ်မပူနဲ့။ သူခံစားနေရတာတွေကို အချိန်က ကုစားပေးသွားမှာပါ”
ကိုဂူဂဲကလည်း သူမစိတ်သက်သာအောင် ၀င်ပြောပေးရှာပါသည်။

“ဟုတ်တော့ ဟုတ်ပါတယ် ကိုဂူဂဲရယ် ဒါပေမယ့် သမီးစိတ်မကောင်းဘူး။”
သူမ မျက်ရည်အ၀ဲသားနဲ့ ပြန်ပြောမိသည်။

“အောင်မယ် ကောင်မလေးတယောက် မူထားတာ ထင်တယ်..။မှန်မှန်ပြောစမ်း ညည်း ဒေါင်းကြီးကို ကြိုက်နေတယ် မဟုတ်လား”
မသဲမွန်ကလည်း ရယ်ရယ်မောမောနဲ့ စလိုက်သည်။

“ဟာ မမ သဲမွန်တို့ကလဲ သမီးက အဲလို မဟုတ်ပါဘူး..”
ဒီလိုဆိုတော့လဲ သူမတကယ်ရှက်မိသည်။

“မိန်းကလေးချင်းပဲအေ ငါတို့လဲ ရိပ်မိပါတယ်..။ မမတို့ကို အမှန်တိုင်း ပြောပြနော်..”

မမဇာခြည်တို့ တကယ်ပဲ ရိပ်မိနေကြပြီလား.။သူမ မျကိနှာလေး ရဲတွတ်နေမိသည်။

“ငါတို့က ညည်းတို့နှစ်ယောက်ကို ကြည့်ရင်း ရင်မောနေကြတာအေ့”

သူမလဲ မြိုသိပ်ထားရတာ မွန်းကြပ်နေပြီ ..။ တယောက်ယောက်ကို ရင်ဖွင့်ချင်ပါသည်။ နောက်ဆုံး မမအိသွယ်တို့ အဖွဲ့ကိုပဲ ရင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်သည်။

“မမသဲမွန်တို့ သူ့ကိုတော့ ပြန်မပြောရဘူးနော်”

“အောင်မလေး ဈေးကိုင်လိုက်တာ ဆန်နီရယ် ပြောမယ့်ဟာကို”

“ပြောပါ့မယ် မမတို့ရယ် ..။ တကယ်တော့လေ သမီးသူ့ကို ချစ်ပါတယ်..။သူ့ကို ပေးမယ့် အဖြေကလဲ ရှိပြီးသားပါ။ ဒါပေမယ့် သမီးမှာလဲ အကြောင်းတွေ ရှိသေးတယ်”

အားလုံးက သူမပြေသမျှကို စိတ်ဝင်တစား နားထောင်နေကြပါသည်။

“သမီး မုံရွာကျောင်းကို ပြောင်းလာဖြစ်တဲ့ အကြောင်းက ဒီလိုပါ.....
..........”
သူမအကြောင်းတွေကို သူငယ်ချင်းတဖွဲ့လုံး ကို ရင်ဖွင့်လိုက်မိသည်။

“အင်း... ငါတို့လည်း ထင်တော့ ထင်ပါတယ်။ နင့်ကို ကြည့်ရတာ တမျိုးပဲလို့ပေါ့။
ငါတို့လဲ ဘယ်လို အကြံဥာဏ်တွေ ပေးရမယ်မှန်း မသိတော့ဘူးဟယ်”

အိသွယ်က လဲ စိတ်မကောင်းစွာ ပြောသည်။

“အိသွယ် ပြောတာမှန်တယ် .. ဘ၀ရဲ့ ချမ်းသာမှု မိဘရဲ့ စိတ်ချမ်းသာမှုကို ရွေးမလား၊ ဒါမှမဟုတ် ကိုရဲ့နှလုံးသားအလိုကို လိုက်မလား ဆိုတာ နင်ကိုယ်တိုင် ဆုံးဖြတ်တာ အကောင်းဆုံးပဲ ဆန်နီ”
ဂူဂဲက တွေးဆဆ ပြောသည်။

“ကျော်သူတို့ မိဘတွေကတော့ လူလတ်တန်းစားတွေ။သိပ်အချမ်းသာကြီးတော့ မဟုတ်ကြဘူး။ဘာပဲဖြစ်ဖြစ် ဒေါင်းကြီးလဲ ခေတ်ပညာတတ် တစ်ယောက်ပဲ..။ပြီးတော့ ရိုးသားတယ် ၊ နင့်ကိုလဲ တကယ် ချစ်ရှာပါတယ်”
ကိုလေးဖြူကလဲ သူ့ငယ်ချင်းအတွက် ၀င်ပြောပေးသည်။

“စဉ်းစားပေါ့ဟာ ငါတို့ကတော့ သူငယ်ချင်းဆိုပြီး မျက်နှာမလိုက်ပါဘူး..။ ဆန်နီရဲ့ ဘ၀တစ်ခုလုံးနဲ့ ဆိုင်နေတော့ တို့လဲ ဆုံးဖြတ်မပေးရဲဘူးဟ”

“သမီးလဲ ဘယ်လို ဆုံးဖြတ်ရမှန်းမသိတော့ပါဘူး ကိုကြီးပေါရယ်..ပြီးတော့ ကို.. အဲ ကိုကျော်သူ့ကိုလဲ သနားတယ်”

“ကဲကဲ စဉ်းစားစဉ်းစား စဉ်းစားရုံနဲ့လဲ မပြီးသေးဘူး။စာလဲ ကြည့်ဦး စာမေးပွဲကလဲ နီးနေပြီ..
ငါတို့ ဒေါင်းကြီးကို  ပြန်မပြောပါဘူးဟာ.. နင့်ဘာသာနင် ဆုံးဖြတ်ပါ..”

သူငယ်ချင်းတွေ ဆိုတော့လဲ တခုခုဆို တဦးကိုတဦး ၀ိုင်းဝန်းဖြေရှင်းပေးကြပါသည်။

“ကဲ အားလုံး သွားကြစို့ အတန်းလဲ ပြီးပြီ”
ဝူးဝါး ပြောမှပဲ အားလုံး ကျောင်းကနေ ထပြန်လာခဲ့ကြသည်။

သူမ အဆောင်ပြန်ရောက်တော့ အန်တီလေးတို့ရောက်နေတာ တွေ့လိုက်ရသည်။

“အန်တီလေးတို့ သမီးဆီ အလည်လာကြတာလားဟင်”

“ဟုတ်တယ် သမီးရေ ဒီနေ့ အလုပ်လေး နဲနဲပါးတာနဲ့၊ ပြီးတော့ သမီးမှာ ဟင်းတွေဘာတွေ ကုန်နေလောက်ပြီထင်လို့ ထွက်လာလိုက်တာ”

“အန်တီလေးတို့ ဟိုအရင်ပတ်က ပေးသွားတဲ့ ဟင်းတွေတောင် မကုန်သေးဘူး အန်တီးလေးရဲ့”

“ဟယ် ကြာလှပြီကို သမီးက စားမှပေါ့..။ကြည့်စမ်း စာမေးပွဲနီးလို့ စာတွေ အရမ်းကြိုးစားနေတယ် ထင်တယ်..။ ငါတူမလေးတောင် ပိန်သွားသလိုပဲ..”
အန်တီလေးက စိုးရိမ်စွာ ပြောရှာသည်။

“ကျန်းမာရေး ဂရုစိုက်နော်..။ သမီးရယ် အန်တီလေးနဲ့ အတူနေရင် ပြီးနေတာကို ခုတော့ အန်တီလေး စိတ်ပူနေရတာပေါ့”

“ငါ့တူမလေးက ချစ်စရာလေးဆိုတော့ ကြိုက်တဲ့ လူတွေပေါမှာပဲ အန်တီလေးစိတ်ကို မချဘူး”
အန်တီလေးပုံစံက တကယ် စိတ်ပူနေပုံပါပဲ။

“သမီးရည်းစားမထားပါဘူး အန်တီလေး”
ပြောသာ ပြောလိုက်ရတာ စိတ်ထဲမှာ သိပ်မလုံချင်။

“မနက်ကတောင် သမီးအမေ ဖုန်းဆက်သေးတယ်”

“ဟုတ်လား အန်တီလေး မေမေက ဘာပြောလဲဟင်”

“ထုံးစုံအတိုင်းပေါ့ ညည်းကို သေချာစောင့်ရှောက်ပါတဲ့..အဓိကက ရည်းစားတွေဘာတွေ မထားစေနဲ့တဲ့..သတင်းကြားလို့ကတော့ မလွယ်ဘူးမှတ်တဲ့..”

“သမီးမေမေနဲ့ အန်တီလေးတို့ စကားများရအောင်တော့ မလုပ်ပါနဲ့နော် သမီးလေး”
အန်တီလေးက စိုးရိမ်စွာ ပြောရှာသည်။

“ဟုတ်ကဲ့ပါ အန်တီလေး”
လူကြီး စိတ်ချမ်းသာအောင် ပြောသာပြောလိုက်ရသည် လိမ်မိတဲ့အတွက် စိတ်ထဲမှာ မကောင်း။

“ဟောဒီမှာ ဘာလချောင်ကြော်၊ ဒါက ၀က်အူချောင်းကြော်၊ ဒါကတော့ ဆတ်သားခြောက်ဖုတ်၊ငါးရံ့ခြောက်ဖုတ်နှင့် နှစ်ပြန်ကြော်တွေ။ သရက်သီးသနပ်နဲ့ စာကျက်ရင်းစားဖို့ လက္ဖက်နှပ်၊အချဉ်ထုပ်၊
မုန့်ပုံးနဲ့ အားဆေးတွေ”

“လိုတာရှိရင် ဖုန်းဆက်မှာနော် သမီးလေး”
အန်တီလေးက တကယ့်သမီးလေးအရင်းလို ဂရုစိုက်ရှာသည်။

“အများကြီးပဲ အန်တီလေးရယ် သမီး မကုန်ပါဘူး”

“အောင်မလေး ဒါတောင် ညည်းအဖွားက နဲတယ်ထင်သေးတာတော့”

“သူ့မြေးလေး အစားအသောက်ဆင်းရဲမှာ စိုးလို့တဲ့တော်၊ သမီးသူငယ်ချင်းတွေလည်း ကျွေးရတာပေါ့အေ ဟုတ်ဘူးလား”
အန်တီလေးက စေတနာကောင်းသည်။ ဘယ်သူ့အပေါ်မှ နှမြောတွန့်တို တတ်သူမဟုတ်ပေ။

“ကဲ ရောက်နေတာလဲကြာပြီ ဆိုင်ကလဲပစ်ထားခဲ့ရတာဆိုတော့ ပြန်တော့မယ်နော် သမီး”

“ဟုတ်ကဲ့ပါ အန်တီလေး”

“အေးအေး စာကြိုးစား လိမ်လိမ်မာမာနေ၊ လိုအပ်တာရှိရင် ဖုန်းဆက်ဖို့ မမေ့နဲ့နော် သမီး”

“စိတ်ချပါ အန်တီလေး၊ ဘွားဘွားကိုလည်း ပြောလိုက်ပါဦး သမီးက လွမ်းတယ်လို့ စာမေးပွဲပြီးမှ လာတော့မယ်လို့ ပြောလိုက်ပါဦးနော် တာ့တာနော်တီလေး ”

“အေး အေး သွားပြီနော်သမီး”
အန်တီလေးက နှုတ်ဆက်ကာ ပြန်သွားပါသည်။

အန်တီလေးတို့ ပြန်သွားမှ မမသဲမွန်တို့ အဖွဲ့တွေ အနားရောက်လာကြသည်။

“ဆန်နီရယ် ဆန်နီအရမ်းကံကောင်းတာပဲ ဆန်နီအဒေါ်တွေကလည်း အရမ်းချစ်ကြတယ်နော်”

“သူတို့က အပျိုကြီး အမတို့ရ ဒါကြောင့် သူတို့မှာ သမီးပဲ ချစ်စရာရှိတာလေ”
သူမ ကြည်ကြည်နူးနူးလေး ပြောမိသည်။

“ကဲ စားစရာတွေတော့ ရောက်လာပြီ မမတို့ရော ၀ိုင်းစားရမယ်နော် သမီးတယောက်ထဲ ဒါတွေမကုန်ဘူး”

“စိတ်ချ စားရမှာပေါ့ ဒါမျိုးတော့ စိတ်ချ ဟဟ.. ကဲကဲ စာအရင်ကြည့်ကြစို့ စာမေးပွဲ နီးလာပြီ”

တွက်စာတွေများတဲ့ မေဂျာမို့ စာကြည့်ရတာ ဦးနှောက်ခြောက်လှပါသည်။တချက်တချက် အတွေးထဲရောက်ရောက်လာတတ်တဲ့ နွေးထွေးနူးညံ့တဲ့ ကို့ရဲ့ မျက်ဝန်းတွေကလဲ ကျမနှလုံးသားတွေကို
ဆူဝေစေပါသည်။
“ကျမ ဘယ်လိုဆုံးဖြတ်ရမလဲ”

“ဟိတ် ကောင်မလေး ..စာမတွက်ဘဲ ဘာတွေတွေးနေတာလဲ..ဒေါင်းကြီး အကြောင်းမှ ဟုတ်ရဲ့လား”
သဲမွန်ရဲ့ နောက်ပြောင်မှုကြောင့် သူမ မျက်နှာ လှလှလေးဟာ မလုံမလဲ ရှက်သွေးဖြာသွားရသည်။

“ဟာ မမသဲမွန်ကလဲ..မဟုတ်ပါဘူး..သမီး ဘယ်လိုတွက်လို့ တွက်ရမှန်းမသိလို့ စဉ်းစားနေတာ”
ရှက်ရှက်နှင့် ပြောမိပြောရာ ပြောလိုက်မိသည်။

“ဟဟ ဟုတ်ရဲ့လား..တို့ကတော့ မယုံရေးချ မယုံတော် ကိုကိုကျော်သူကို ဘယ်လို အဖြေပေးရင်ကောင်းမလဲလို့ တွေးနေတယ်ဟုတ်”
“ဟာ မမအိသွယ်က တမျိုး မမတို့ဒါပဲလာစနေတယ် တော်ပီ သမီးမခေါ်တော့ဘူး“

“ဟဟ ကောင်မလေးတယောက် မှန်တာပြောလို့ ရှက်သွားပြီဟေ့”

ဇာတ်သိမ်းပိုင်းမျှော်
လင်းဝေ

Sunday, November 21, 2010

ကျောင်းတော်က ရင်ခုန်သံ အပိုင်း (၇)

အပိုင်း (၆) မှ အဆက်

ကျမမိဘများသည် ချမ်းသာကြွယ်ဝသော ဆီစက်၊ဆန်စက်ပိုင်ရှင်များ ဖြစ်ကြသည်။
အလွန်စည်းကမ်းတင်းကြပ်သော၊အစဉ်အလာကြီးသော အသိုင်းအ၀ိုင်းလည်း ဖြစ်သည်။
အိမ်ထောင်ပြုရာတွင်လည်း မိဘများစီစဉ်ပေးသည့်သူကို လက်ထပ်ရသည့် ရှေးရိုးစွဲအစဉ်အလာ
တစ်ခုလည်း ရှိသည်။ယခုလည်း ဆရာဝန်တစ်ယောက်နဲ့ လက်ထပ်ဖို့ စီစဉ်ထားပြီးဖြစ်ပါသည်။

ကျမကတော့ အချစ်မပါသော နှလုံးသားမဲ့ အိမ်ထောင်တစ်ခုမှာ ဘ၀ကိုမနှစ်မြုပ်ချင်ပါ။
သို့သော် အချစ်ဆိုသော အရာကိုလည်း အဲဒီတုန်းက နားမလည်ခဲ့သေးပေ။မေမေ့စကားကို
မလွန်ဆန်နိုင်၍သာ ခေါင်းငြိမ့်ခဲ့ရခြင်း ဖြစ်ပါသည်။အဲဒီအတွက် မေမေကလည်း ကျမရဲ့ တောင်းဆိုချက်တစ်ခုကိုလိုက်လျောပေးခဲ့ပါသည်။အဲဒါကတော့ အိမ်ထောင်မပြုခင် ကျောင်းကို လွတ်လပ်စွာ တက်ခွင့်ပဲ ဖြစ်ပါသည်။

မန္တလေးတက္ကသိုလ်မှာဆို ထိုဆရာဝန်ဆိုသော ပုဂ္ဂုလ်ကိုမမတွေ့ချင်ဘဲ တွေ့နေရသည်။ကျမထိုလူကို ဘယ်လိုမှ ကြည့်လို့မရ၊မေတ္တာလည်း ထားလို့မရပါ။ထို့ကြောင့် သူနဲ့မတွေ့အောင် အမြဲရှောင်နေရသည်။ သို့သော် ထိုလူကလည်း မျက်နှာပြောင်တိုက်ကာ လာမြဲလာနေသည်။ထို့ကြောင့် အဒေါ်များရှိရာ မုံရွာကျောင်းကို ပြောင်းခဲ့ရခြင်းဖြစ်သည်။

ကံဆိုးတာလား ကံကောင်းတာလား ခုတော့ တသက်လုံး မခံစားခဲ့ဖူးသည့် အချစ်ဆိုသော ခံစားချက်သည် ကျမရင်ကို နွေးထွေးလာစေခဲ့ပါသည်။နွေးထွေးမှုနဲ့အတူ ၀မ်းနည်းကြေကွဲရမှုတို့သည် နှလုံးသားကို တပြိုင်နက်ထဲ လောင်ကျွမ်းစေပါသည်။

အချစ်သည် မမျှော်လင့်နိုင်တဲ့ အချိန်တစ်ခုမှာပဲ ကျမမသိအောင် ကျမနှလုံးသားထဲကို ၀င်ရောက်နေခဲ့ပါသည်။ အဲဒီအတွက် ကျမမှားတယ်လို့မယူဆချင်ပါ။မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတစ်ခုဟာ အတွေးတွေကို နှိတ်စက်နေလေသည်။အင်း ငါဘယ်လို ဆုံးဖြတ်ရမလဲ။အဝေးဆီမှ နာရီသံချောင်းခေါက်သံ ၃ ချက်တိတိ ကြားလိုက်ရသည်။တော်တော်တောင် ညနက်နေပြီပဲ။ညသည် ၀မ်းနည်းကြေကွဲစရာ ကောင်းလွန်းနေသည်။

“မဖြစ်သေးဘူး”
မနက်ကျရင် စာသင်ခန်းထဲမှာ အိပ်ငိုက်နေမှာ စိုးရသည်။ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားပြီး အိပ်ပျော်အောင် ကြိုးစားရမည်။ ပြတင်းပေါက်မှ ခန်းစည်းစလေးကို ဆွဲချပြီး အိပ်ယာပေါ်တက်ကာ လှဲအိပ်လိုက်သည်။အတွေးတို့က ဟိုတစ်စ သည်တစ်စ.။ကိုရယ် မဖြစ်နိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်အတွက် ကျမတို့နှစ်ယောက် ခတ်စိမ်းစိမ်းပဲ နေလိုက်ကြတာ ကောင်းမယ်ထင်တယ်။ဒီထက်ပိုပြီး သံယောဇဉ်တွေ ဖြစ်မိရင် ပိုပြီးခံစားရလိမ့်မယ်လေ။

ခွင့်လွှတ်ပါ ကိုရယ် ကျမလေ ကိုမသိအောင်ပဲ တိတ်တိတ်လေး ချစ်သွားပါ့မယ်။
အလူးလူးအလိမ့်လိမ့် သူမ မဆုံးနိုင်တဲ့ အိပ်မက်တွေဆီ ရောက်ရှိသွားလေသည်။

၁၁

ကြယ်တွေ
ရုတ်တရက်
သေဆုံးသွားရတဲ့
ည တညပါ...
ကောင်းကင် ပျောက်ရှသွားမှာ
ကြောက်လို့
တိတ်တဆိတ်
ငိုကြွေးနေတဲ့
လမင်းရဲ့
ရှိုက်သံသဲ့သဲ့ကို
ငါကြားတယ်...
အပြာရောင်
မှိန်ပျပျ လင်းနေတဲ့
ငါ့ရဲ့
အခန်းကျဉ်းလေးက
ငါ့ကို
ထွေးပွေ့ထားတယ်..
ဟောဒီ..အခန်းထဲမှာ...
မင်း စွန့်ပစ်လိုက်လို့
နာကြင်နေတဲ့
ကဗျာတပုဒ်...
မင်းကို..လွမ်းလို့..
တုန်ခါနေတဲ့
သံစဉ်တခု...
ဖတ်လက်စ
စာအုပ်တအုပ်...
စားလက်စ
ထမင်းပန်းကန်တချပ်
ရေးလက်စ
သီချင်း တပိုင်းတစ
ဖရိုဖရဲ
အိပ်မောကျနေတဲ့
ဂစ်တာအိုလေး...
ကျိုးကြေသွားတဲ့
မျှော်လင့်ချက်
အပိုင်းအစတွေနဲ့
လေပြေက
အံထုတ်လိုက်တဲ့
ပန်းတပွင့်ရဲ့
ခတ်အက်အက် ရနံ့....
ပြီးတော့...
အမှတ်တမဲ့များ...
အမှတ်တရများ...
ဒဏ်ရာများ...
မင်းနဲ့ငါကြား
ကမ္ဘာကြီး
ထက်ခြမ်း ကွဲသွားသလိုမျိုး
အရာရာဟာ
ဝေးကွာဖို့
အဆင်သင့်ဖြစ်နေကြရဲ့...
နေမြင့်လေလေ
အရူးရင့်လေလေ
အချစ်ရေ
ငါ့မျက်လုံးတွေ
တဖြည်းဖြည်း
ေ၀၀ါးလာတယ်...
ဒါပေမယ့်
မျက်ဝန်းတွေရဲ့
`အဖွင်´့`အပိတ်´မှာ
မင်း...ပုံရိပ်တွေ....
မင်း...သဏ္ဌာန်တွေ...
မင်း...အပြုံးတွေ....
...ငါ.....
မုန်းရမှာတဲ့ လား....
မေ့ရမှာတဲ့ လား...
မတွေ့ခဲ့ကြရင်
အကောင်းဆုံးတဲ့ လား...
အိပ်ပျော်ဖို့
ကြိုးစားရင်း
မိုးလင်းသွားရဦးမယ့်
နောက် လာမယ့်
ငါ့ရဲ့...အထီးကျန်ညများ...
...ဒါတွေဟာ...
...ဒါတွေဟာ...
ချစ်တတ်သူ
တယောက်အတွက်
ချစ်သူပေးခဲ့သော
ဆုလဒ်များ အဖြစ်
ငါ့နှလုံးသားတွေထဲ
အမြဲထစ်ချုန်းနေမှာပါ..
အချစ်ရယ်....

`ဂူဂဲ ထတော့လေကွာ ကျောင်းသွားရအောင်´
ဂူဂဲက တခေါခေါနဲ့ ကောင်းစွာအိပ်မောကြနေဆဲပါပဲ။

`ဟေ့ကောင် ထတော့ကွ ရှစ်နာရီထိုးတော့မယ်´
သူ့ကိုပေါ်မှာ ခြုံထားတဲ့စောင်ကို အတင်းဆွဲချရသည်။ဒီလိုမှ မလုပ်ရင် ဘယ်လိုမှထမယ့် ကောင်မဟုတ်ပါ။

`ဟာ ဒေါင်းကြီးဘယ်လို လုပ်တာလည်းကွာ ဒီမှာ အတင်း အိပ်လို့ကောင်းနေတာကွ´

`သူများသားသမီးကို တော်တော် စည်းစိမ်ဖျက်ချင်တဲ့ ကောင်ပဲ´

`နေ့တိုင်းအိပ်နေရတာပဲကွာ လူ့ဘ၀ဆိုတာ တိုတိုလေး။ မင်းရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အိပ်စက်ခြင်းနဲ့ပဲ ဖြုန်းတီးပစ်မလို့လား ငတုန်းရ´

`စကားကြီးစကားကျယ်တွေကွာ တော်ပါတော့ ပြော မင်းက ဘာတွေအရေးကြီးနေတာလဲ´

`ဒီနေ့ငါ အတန်းမတက်တော့ဘူးကွာ မင်းဘာသာ တစ်ယောက်တည်းပဲ သွားတော့။မနေ့ညက မန်ယူပွဲကလည်း ရှုံးသေး အိပ်ရေးကလည်းပျက်သေး။ငါ့ဒေါသတွေ မင်းအပေါ် စုပုံသွားမယ်နော်´
ဂူဂဲ အိပ်ရေးမ၀ဘဲ ထလိုက်ရလို့ ဘုတောနေသည်။

`လိုက်ခဲ့ပါကွာ ငါတစ်ကောင်တည်း ကျောင်းသွားရမှာ ယောင်ချာချာကြီးမို့ပါ´

`မလိုက်ဘူးဆို မလိုက်ဘူးကွာ´

`ဒီမှာ ဂူဂဲ မင်းကျောင်းသားမဟုတ်ဘူးလား။မိဘက ငွေကုန်ကြေးကျခံပြီး ကျောင်းထားပေးရတာ။
မင်းကျောင်းမှန်မှန်တော့ တက်သင့်ပါတယ်။”

“လောကမှာ ငွေဆိုတာ သုံးဖြုန်းပစ်လိုက်ဖို့သာ လွယ်တာ။
ရှာဖို့က တော်တော်ခက်တယ်ကွ မင်းသိလား´

`ကဲ ထပြီဟေ့ ဘယ့်နှယ်ကွာ နားကိုညီးနေတာပဲ၊ဒီမှာ မင်းထက်သိလွန်းတတ်လွန်းလို့လေ အံကို တိုနေပြီသိလား။´

`ဒီလိုလုပ်စမ်းပါ ဂူဂဲရ´

`မေမေရေ သားမှာလေ ဟောဒီသူငယ်ချင်း အကောင်းစားကြီးနဲ့နေရတာ အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်းမစားပါလားဗျ၊ ဒါနဲ့ ရေခ်ျိုးကန်ထဲမှာ ရေရှိသေးလား´

`အေးရှိသေးတယ် မြန်မြန်ချိုးကွာ အတန်းမမီဘဲ နေဦးမယ်´

`ဟုတ်ကဲ့ အဘ´

“ကို အောင်ဇော်ထွေး ရေကျန်သေးလားဗျ”

“ကျန်ပါ့ဗျာ မင်း နှစ်ခါ တောင် ပြန်ချိုးလို့ရတယ်။ မင်းက ဒီတခါ အစောကြီး နိုးလို့ပါလားကွ”

“ဟိုကောင် ဒေါင်းကြီး နှိပ်စက်လို့ပါဗျာ”

“ဟဟ မင်းတို့နှစ်ယောက်က မတဲ့အတူနေ မမြင်ချောင်းကြည့်”

“ဟာ ကိုဂူဂဲ ရေချိုးတော့မှာလား ကျနော်လဲ အတူချိုးမယ်ဗျို့”

“လာပါ မောင်တောက်ရာ ရေတွင်း ငါပိုင်တာမဟုတ်ဘူး”

“ဟဟ ကိုဂူဂဲကတော့ လုပ်ပြီ”

“ညကျ ဂစ်တာတီး သွားရင် ကျနော့် ခေါ်ဦးနော်”

“စိတ်ချပါကွာ စာတော့ ကြည့်နော် မင်းတို့ စာမေးပွဲကျရင် ငါဖျက်ဆီးတယ်ဖြစ်နေဦးမယ်”

“ဟုတ်ကဲ့ပါဗျ ကိုဂူဂဲတို့လို ဘီတက်ပါအောင် လုပ်မှာပါ”

`ဟေး ချမ်းချမ်းလှပြီ အေး အေးလှပြီ စကားလေးတစ်ခွန်းတော့ မေးလိုက်ချင်သည် ခင့်နာမည်....ဗွမ်း..ဗွမ်း..´

ဂူဂဲက ဒီလိုပဲ ရေချိုးရင်း အသံအာပြဲနဲ့ သီချင်းအော်ဆိုတတ်တဲ့ အကျင့်ရှိပါသည်။

`ဒေါင်းကြီးရေ ငါ့ကို ရေလည်းပုဆိုးလေး မ,စပါဦး ငါမေ့သွားလို့´

`မင်းဘယ်တုန်းကများ သတိရလို့တုန်း၊ရေချိုးတိုင်း ဆပ်ပြာ၊တဘက်၊ရေလဲ ဘာမှမပါဘူး ပြီးရင် သူများဆပ်ပြာ ယူသုံးမယ် ငါ့ကိုလှမ်းအော်မယ် ဒါပဲ၊မင်းကိုငါ အဲဒါတွေ မကြိုက်တာ။စည်းကမ်းရှိရှိနေစမ်းပါကွာ။ အလကားနေရင်း သူများအပြောမခံစမ်းပါနဲ့´

`အေးပါကွာ၊ ဒါနဲ့ မင်း ငါ့ကို မနက်ကတည်းက ထိုင်ဆော်နေပါလားကွဟေ ဘာသဘောလဲ၊ငါလည်း
မင်းရည်းစား ကြာမခိုရပါလားကွ´

`ဘာမှမဟုတ်ဘူး မင်းရဲ့ ကို့ယို့ကားယားအပေါက်တွေကို ကြည့်မရတာ ကြာနေပြီ ၊ခုဟာက ပြောလက်စနဲ့မို့တစ်ခါထဲ လုံးပြောလိုက်တာ”

“ ဒါတွေထားလိုက်ပါကွာ ခုယူနီဖောင်းမြန်မြန်လဲလိုက် ရွှေယမင်းမှာ စမူဆာသုတ် တစ်ပွဲလောက် ၀င်ဆွဲရအောင်´

“ဟေး ဒေါင်းကြီး အသည်းကွဲနေတာဆို ၊ အကိုကြီးတို့လည်း လုံးကွဲကြမယ်ကွာ ဟဟား”

“ကိုကျော်ထင်ကြီးကတော့ နောက်ပြီ”
သူတို့အဆာင်လေးက ပျော်စရာကောင်းသည်။ မေဂျာစုံ နှစ်အစုံ လူစုံသည်။ တယောက်နဲ့တယောက် ညီအကိုတွေလို နေကြသည်။

`အေး ငါလည်းဗိုက်ဆာနေပြီ၊စကားမစပ် မင်းမျက်လုံးတွေ ရဲနေပါလား၊ဘာလည်း ညက မအိပ်ဘူးလား´

`အေးကွာ ငါလည်း ဆန်နီ့အကြောင်းတွေးပြီး ညညအိပ်မရတာတွေ တော်တော်များနေပြီ၊ အရမ်းခံစားရတယ်ကွာ´

`အဲ အဲဒီမှာ စတွေ့တာပဲ´

`တကယ်ပါ သူငါ့ကို ခုထိကို အတွေ့မခံသေးဘူးကွာ၊သဲမွန်တို့အဖွဲ့ ၀ိုင်းပြောပေးတာလည်း မရဘူး..”

“ငါလည်း စိတ်ညစ်ပါတယ်ကွာ၊ မင်းတို့စိတ်မကောင်းဖြစ်မှာစိုးလို့ ငါဘာသာ တစ်ယောက်ထဲ ခံစားနေတာ´

`အေးကွာ အဲဒီကလေးမကလည်း ဒီလောက်ဆို စိတ်ပြေသင့်ပါပြီ၊ တောင်းပန်တဲ့သူကလည်း တောင်းပန်နေတာပဲမဟုတ်လား´

`ထားလိုက်ပါတော့ကွာ´

ပြောရင်းဆိုရင်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်မှန်းမသိ ရောက်လာကြသည်။ကြီးပေါတို့အဖွဲ့ကတော့ ရောက်နှင့်နြေဲကသည်။

`ဟိုနှစ်ကောင် မင်းတို့စားကြဦးမှာ မို့လား ငါတို့သွားနှင့်မယ်´ ကြီးပေါက လှမ်းပြောသည်။

`အေးကြီးပေါ ငါတို့နှစ်ကောင် ဆွဲခဲ့လိုက်ဦးမယ်´

`ဂူဂဲ ဒီနေ့ ကျူတိုရီယယ်ရှိတယ် မဟုတ်လား´

`အေးဟုတ်တယ် ပါဝါအီလက်ထရွန်းနစ်လေ နောက်ဆုံးအပတ်ပဲ ဒီတစ်ခါဖြေပြီးရင်ပြီးပြီ´

`အကိုတို့နှစ်ယောက် ဘာစားကြမှာလည်းဗျ´

`စမူဆာသုတ်တစ်ပွဲ၊ထမင်းသုတ် နှစ်ပွဲ၊ကျဆိမ့် နှစ်ခွက် ပြီးတော့ နေခြည်ဆေးပေါ့လိပ် တစ်ပွဲချကွာ´

ဂူဂဲမှာနေတုန်း ကျနော်က ဓာတ်ဘူးထဲမှ ရေနွေးနှစ်ပန်းကန် ငှဲ့ထည့်ပေးလိုက်သည်။

`၀ါး လက်ဖက်ခြောက်နံ့လေးကို သင်းနေတာပဲ ဂူဂဲ သူငယ်ချင်း ရေနွေးအရင်သောက်ကွာ ကောင်းတယ်´

လက်ဖက်ခြောက်ရနံ့လေးသင်းနေသည့် ရေနွေးပူပူ တစ်ပန်းကန်သည် ကျနော့်ဝမ်းခေါင်းထဲသို့ အကာအကွယ်မဲ့ စီးဆင်းသွားသည်။ရင်ထဲ နွေးထွေးလန်းဆန်းသွားသလိုပါပဲ။မြန်မာ့ရိုးရာ ရေနွေးကြမ်းကိုတော့ ကျနော် အရမ်းနှစ်သက်ပါသည်။

`ဘယ့်နှယ်လဲ ဂူဂဲ ရေနွေးကြမ်းက ဒီနေ့တော်တော်ဂွတ်တယ် မဟုတ်လား၊ကိုးကန့်လက်ဖက်ခြောက်တွေ သုံးထားတယ်ကွ ဧကန္တ မင်းယောက္ခမကြီး နှစ်လုံးထီများ ပေါက်ထားသလားမသိဘူး´

`ကြားသွားလို့ ပြေးပေါက်မှားနေပါဦးမယ် ဒေါင်းကြီးရာ´

စားပွဲထိုးလေးလာချသော စမူစာသုတ်နဲ့ ထမင်းသုတ်ပူပူလေးကို နှစ်ယောက်သား အားပါးတရ စားပစ်လိုက်ကြသည်။တမနက်ခင်းလုံး ခုန်ပေါက်နေခဲ့တဲ့ အစာအိမ်လည်း ခုမှပဲ ကျေနပ်စွာ ငြိမ်သက်သွားပါတော့သည်။
ကျဆိမ့်လေးသောက်ရင်း ဆေးပေါ့လိပ်ကိုယ်စီနဲ့ ဇိမ်ယူလိုက်ကြသေးသည်။

`သွားကြမယ်လေ´

`လစ်ကြတာပေါ့၊ ဟာ ဟေ့ကောင် ဒေါင်းကြီး ရှေ့မှာ ဆန်နီမို့လား´

`အင်းဟုတ်တယ်´

`တစ်ယောက်တည်း လမ်းလျှောက်လာတာကွ မင်းတော့ ဂွင်ပဲ´

`ဒီတခါတော့ ကျေနပ်အောင်ကို တောင်းပန်မယ်ကွာ မင်းနောက်က ဖြေးဖြေးလိုက်ခဲ့တော့´

ဂူဂဲကို ထားခဲ့ပြီး သူမဆီ လျှင်မြန်သော ခြေလှမ်းများဖြင့် လိုက်သွားမိသည်။

`ဆန်နီ..ဆန်နီ...နေပါဦး တို့ စကားနည်းနည်းလောက်ပြောချင်လို့´

မကြားတာလည်း မကြားချင်ယောင်ပဲဆောင်နေသလားမသိ သူမကတော့ တချက်လေးမှ ငဲ့မကြည့်ပေ။

`ဆန်နီ တကယ်ခဏလေးပါ အဲဒီလို မလုပ်ပါနဲ့ လူတွေ့ရှေ့ ကြည့်မကောင်းပါဘူး။ဒီတစ်ခါပဲ နောက်ဆုံးအခွင့်အရေးအနေနဲ့ တို့ကို တောင်းပန်ခွင့်ပေးပါ´

သူမ လှပသော ခြေလှမ်းတွေကို တုံ့ခနဲရပ်လိုက်သည်။ထို့နောက် နဖူးပေါ် ၀ဲဖြာကျနေသော ဆန်နွယ်စတွေကို ယမ်းခါရင်း ကျနော့်ကို စူးစူးရဲရဲလေး မော့ကြည့်လိုက်သည်။
ချစ်သူရယ် ခုလိုအနီးကပ် မြင်တွေ့ခွင့်မရတာ ဘယ်နှစ်ရက်ရှိပြီလဲ။

ချစ်စရာ ကောင်းလိုက်တာကွာ။နေမကောင်း၍များလားမသိ မျက်နှာလေးကတော့ နည်းနည်း ငြှိုးနေသည်။

`ကိုကျော်သူ ဘာပြောမှာလဲ ပြောလေ ကျမ အတန်းတက်ရဦးမှာ´

`ဆောရီး ဘယ်ကစပြောရမလဲလို့ စဉ်းစားနေလို့ ဒီလိုလေ ဟိုတနေ့က ကိစ္စကို တို့တကယ်တောင်းပန်ပါတယ်။နောက်ဘယ်တော့မှ ဒီလို မဖြစ်စေရဘူးလို့ ကို ကတိပေးတယ်။တို့မင်းကို တောင်းပန်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်၊ဒါပေမယ့်..´

`ဒီကိစ္စတွေကို ထားလိုက်ပါတော့ ကိုကျော်သူ၊ကျမကလည်း ဘာမှမဖြစ်ခဲ့ဘူးလို့ သဘောထားပြီး မေ့လိုက်ပါပြီ´

`တို့က မှားခဲ့တာဆိုတော့ တောင်းပန်ရမှပေါ့´

`တောင်းပန်စရာမလိုပါဘူး၊ ကျမအားလုံးကို ခွင့်လွှတ်ပြီးသားပါ။ကျမသွားမယ်´

`နေပါဦး ဒါဆို ဟိုလေ တို့ကို အရင်တုန်းကလို ပြန်ခေါ်မှာလား´

`၀မ်းနည်းပါတယ် အဲဒီကိစ္စကတော့ မဖြစ်နိုင်တော့ပါဘူး ကျမဆုံးဖြတ်ပြီးပါပြီ၊ကျမိကိုကျော်သူ့ကို ခင်ပါတယ်၊ဒါပေမယ့် ကျမသွားပါရစေရှင်´

`အဲဒါဆို ဆန်နီ တို့ကို တကယ်စိတ်မပြေသေးလို့ပေါ့´

`ရှင်ထင်ချင်သလို ထင်နိုင်ပါတယ်´

`အဲဒီလောက်တောင်ပဲလားဗျာ ကျနော်တကယ်ဝမ်းနည်းပါတယ်၊ ကျနော့်ကိုမြင်တိုငိးတ်ဆင်းရဲမှာပေါ့နော်
ကျနော် ဆန်နီနဲ့ ဝေးရာကို ထွက်သွားနိုင်ဖို့ ကြိုးစားပါ့မယ်။နောက်ဆို ဆန်နီစိတ်ဆင်းရဲရမှာ မဟုတ်ပါဘူး´

`ကျမကလည်း အဲဒီအတွက် ကျေးဇူးတင်ပါတယ်´

သူမသည် ကျနော့်ရှေ့မှာ အရာအားလုံးကို လစ်လျူရှုလျှက် ညင်သာစွာ ထွက်ခွာသည်။ကျနော့်ရင်ထဲမှာတော့ တောင်တွေပြိုနေသလို တအုန်းအုန်းခုန်လှိုက်ကျန်နေခဲ့ပါသည်။ကမ္ဘာကြီး ရုတ်တရက် အေးစက်သွားသလိုပါပဲ။

မုန်တိုင်းတိုက်ခံလိုက်ရတဲ့ သစ်ပင်တစ်ပင်လိုပဲ ကျနော် နှလုံးသားတွေ ယိမ်းထိုးကျန်ခဲ့ပါသည်။

`ဒေါင်းကြီး အဆင်မပြေဘူးလား´

`မင်း မြင်တဲ့အတိုင်းပဲကွာ´

`ပျော့ညံ့တယ်လို့မင်း ပြောလဲခံရမှာပဲ ခုငါ ၀မ်းနည်းပက်လက်ကို ငိုပစ်ချင်စိတ်ပေါက်နေတယ်´

`ငါနားလည်ပါတယ် သူငယ်ချင်းရာ´

အချစ်ဆိုသောခံစားချက်သည် ဤမျှလောက် ပြင်းထန်လိမ့်မည် ဟု ကျနော်တစ်ခါမှ ကြိုတွေးမထားခဲ့မိဘူးပါ။

`ဘယ်တတ်နိုင်မှာလဲ ဂူဂဲ ငါ့အတွက် ထိုက်တန်တဲ့ ဆုလဒ်တစ်ခုပဲ ဖြစ်မှာပါ´

`မင်းတို့ဥစ္စာကလည်း အပြက်အပြက်နဲ့ တကယ် နှခေါင်းသွေးထွက်နေပြီ´

`ဘယ်တတ်နိုင်မလဲကွာ အချစ်ဆိုတာ ဖန်တီးလို့ရတဲ့ အရာတစ်ခုမှ မဟုတ်တာပဲ၊
ငါ ကျောင်းဆက်မတက်ချင်တော့ဘူး ဂူဂဲရာ´

ဆက်ရန်
လင်းဝေ

Friday, October 1, 2010

အိပ်မက်ထဲကမြို့တော်















အိပ်မက်ထဲကမြို့တော်

ကမ္ဘာကြီးသည် နေ့နဲ့ညကြားပုံမှန်လည်ပတ်နေဆဲ..
လူတွေကမွေးတဲ့သူတွေမွေးဖွားလို့ သေတဲ့သူတွေကလည်းသေနေမြဲပါ။
ဒီလိုနဲ့ ကျနော်တို့ ကမ္ဘာကြီးနဲ့ အပြိုင်ဝဲလည်နေပါတော့သည်။
မုံရွာမြို့ရဲ့ဆောင်းသည် အရိုးကွဲမတတ် အေးစက်လွန်းလှရဲ့ ..ဂွမ်းစောင်ခြုံထားသည့်ကြားမှပင်
ခိုက်ခိုက်တုန်အောင်တစ်ချက်တစ်ချက်အသွေးအသားထဲစိမ့်နေအောင်အေးနေပါသေးတော့သည်။ အဲဒီလို ချမ်းနေတဲ့ ဆောင်းညတစ်ညရဲ့ အိပ်မက်ထဲမှာ ကျနော်စိတ်ကူးယဉ်ဆန်လွန်းတဲ့ မြို့တော် တစ်ခုဆီရောက်သွားခဲ့ဖူးတယ်..။
ကမ္ဘာကြီးရဲ့ တစ်နေရာဆိုတာကလွဲလို့ မြို့ကလေးတည်ရှိနေတဲ့နေရာကို ကျနော်မခန့်မှန်းနိုင်ပါ။ မြို့ကလေးသည် ကျနော်နှင့် သူစိမ်းဆန်မနေပဲ ရင်းနှီးနေတာပဲ တစ်ဆိတ်ထူးဆန်းနေသည်။
ဈေးသည်၊ဈေးဝယ်တွေနဲ့ စည်ကားနေတဲ့ မြိုကလေးဆီ ကျနော်ရောက်သွားတော့ မြို့တံခါးတွေက
ပြုံးပြနှုတ်ဆက်ရင်း ကြိုနေခဲ့ကြရဲ့..။
မိုးကုတ်စက်ဝိုင်းကြီးဆီမှာလည်း တောင်းတန်းကြီးတွေက စိမ်းညို့လို့..။ တောင်ပေါ်မြို့ကလေးမို့
ဆီးနှင်းမြူခိုးတို့ဖြင့် မှုန်ရီဆွေးမြေ့နေတတ်တဲ့ မြို့ကလေးပါ..။ နှင်းစက်တွေရွှဲရွှဲစိုလို့ အမြဲခိုက်ခိုက်တုန်အောင်
ချမ်းနေတဲ့မြို့ကလေးမှာ တိုက်ပွဲခေါ်သံတွေမရှိ၊အနိုင်ကျင့်မှုတွေမရှိ၊ဂုတ်သွေးစုတ် အမြတ်ကြီးစားခြင်းတွေမရှိ။
စိမ်းမြသည်၊သာယာသည်၊လန်းဆန်းသည်။ ပီဘိကလေးငယ်လေးတစ်ယောက်လို ရိုးသားဖြူစင်ပြီး သန့်ရှင်းတဲ့
မြို့ကလေးက ယဉ်ကျေးမှု၊ ဥပဒေ၊ စည်းကမ်းတွေကို ဆိုင်းပုဒ်အကြီးကြီးတွေနဲ့ထောင်ပြအထားမထားပါဘူး။
(၃၈)ပါးသော မင်္ဂလာတရားတွေက မြို့သူမြို့သားတွေရဲ့ ယဉ်ကျေးမှု၊(၅)ပါးသော သီလသည်သာ မြို့သူမြို့သား
တို့ရဲ့ ဥပဒေ၊ကိုယ်ချင်းစာခြင်း၊ရိုးသားချင်း၊ဇွဲရှိခြင်း၊သနားကြင်နာခြင်းက မြို့သူမြို့သားတို့ရဲ့ စည်းကမ်းပါပဲ..။
ဘုရားရှင်ရဲ့ အဆုံးအမအောက်မှာ မြို့ကလေးဟာ အကြင်နာတရားတို့ဖြင့် ငြိမ်းချမ်းနေလေ၏။
အိမ်ရှင်မတွေ ဆွမ်းထချက်ကြဖို့ နေ့စဉ်လှုပ်နိုးတတ်တဲ့ မြို့ကလေးရဲ့ အာရုဏ်ဦး အုန်းမောင်းခေါက်သံက
ငြိမ့်ညောင်းသာယာလွန်းလှရဲ့..။ အာရုဏ်ဦး ဘုရားဝတ်ပြုသံတွေနဲ့ နေ့စဉ်နေ့တိုင်း မင်္ဂလာရှိရှိနိုးထတတ်တဲ့
မြို့ကလေး..။ ဘေးအန္တရာယ်ဆိုးတွေကို မေ့လျော့နေတဲ့ မြို့ကလေးပါလေ..။
နံနက်ခင်းရဲ့ နေရောင်ခြည်အောက် ရွှေရောင်တွေတောက်ပနေတဲ့ မြိုဦးစေတီလေးကအစ သူတော်စင်တို့၏ သင်္ကန်းရွှေဝါရောင်တို့သည်တင့်တယ်လွန်းလှ၍ မြို့ကလေးကို ပိုမိုတောက်ပ လင်းပြစေလေသည်။
အေးအေးလူလူ ကျောင်းသွားနေကြတဲ့ ကလေးငယ်လေးတွေရဲ့ မျက်နှာလေးတွေမှာ ကြောင့်ကြမှုကိုမတွေ့ရ..။
လှပတဲ့အနာဂတ်ဟာ သူတို့အပြုံးတွေပေါ်မှာ တရိပ်ရိပ်ပြေးနေလေသည်။ အဖွဲဖွဲ ကြွေနေတဲ့နှင်းမှုံတွေကြား သူတို့
ရဲ့ နုဖတ်သန့်စင်တဲ့မျက်နှာလေးတွေက အေးမြလန်းဆန်းနေရဲ့..။ မြို့ကလေး၏ အနာဂတ်သည် ဒီကြယ်ပွင့်ကလေး
ရဲ့အလင်းနဲ့ အစွမ်းကုန်တောက်ပပေဦးတော့မည်။ကိုယ်စီကိုယ်ငှ အလုပ်သွားနေကြတဲ့မြို့သူမြို့သားတွေရဲ့
မျက်နှာတွေဟာလည်း လောဘအရိပ်တွေမရှိ၊ဒေါသ အရိပ်တွေမရှိ၊မာနအရိပ်တွေ မရှိ ကြည်လင်အေးလှရဲ့.။
သူတို့ရဲ့မျက်နှာပေါ်မှာ ယုံကြည်ချက်တွေအပြည့်၊ရဲရင့်မှုတွေ အပြည့်၊ပျော်ရွှင်မှုတွေအပြည့်၊ တာဝန်ယူတတ်တဲ့
စိတ်တွေ အပြည့်နဲ့ ဒုက္ခဆိုတာ မကြားဖူးသည့်အလား၊ငရဲဆိုတာ မကြုံဖူးသည့်အလား အားမာန်တို့သည်
သူတို့မျက်နှာထက် ၀င်းလက်တောက်ရှနေ၏။ သူတို့အကြည့်သည် နူးညံ့သည်။ သူတို့မျက်ဝန်းသည် ဖြူစင်
အပြစ်ကင်းသည်။ သူတို့မျက်လုံးကို ကြည့်မိသူအဖို့ ညီကိုမောင်နှမ အရင်းအချာတို့ကို တွေ့ရသကဲ့သို့
ရင်ထဲ၌ နွေးထွေးရင်းနှီးလွန်းလှရဲ့..။မြို့ကလေးသည် မေတ္တာတရားတို့ဖြင့် သင်းပျံ့နေပေသည်။လမ်းမှာ တွေ့သမျှ
လူတိုင်းက ကျနော့်ကို ပြုံးပြနှုတ်ဆက်သွားကြ၏။အပြုံးက ဟန်ဆောင်ခြင်းမပါသော ရင်ထဲကလာသော
အပြုံးမျိုး..။
ကျနော်သူတို့ကို တစုံတခုမေးမလို့ပါပဲ။ဒါပေမယ့် ကျနော့်နှုတ်ဖျားတွေက အလိုလိုဆွံ့အ နေတော့သည်။
အဲဒီအချိန်မှာပဲ မြို့သားတစ်ယောက်က ကျနော်ထံ တစ်လှမ်းချင်းစီလျှောက်..ပြီးတော့ ကျနော့်ကို
ထူးထူးဆန်းဆန်းမေးခွန်းနဲ့ထူးထူးဆန်းဆန်းစကားတွေ ပြောပါတော့သည်။
“မိတ်ဆွေက ဘယ်မြို့ကလဲဗျ..လု့ပြည်ကလာတာရော ဟုတ်ရဲ့လား..။စိတ်တော့မရှိနဲ့ဗျာ
ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဘီလူးသဘက်နံ့ရတယ်ဗျာ။”
သူ့စကားကြောင့် ကျနော် အံ့သြသွားမိသည်။
“ဟို..ကျနော် လူပြည်ကပဲလာ....”
ကျနော် ရှင်းပြမလို့ လုပ်နေတုန်းတုန်း ထိုပုဂ္ဂိုလ်က လက်ကာပြီးဟန့်တားလိုက်သည်။
ပြီးတော် ဆက်ပြောသည်။
“မိတ်ဆွေနှစ်သက်တဲ့အစားအစာ ပြောပါ ကျနော်တို့ ကျွေးပါ့မယ်။”
ကျနော် အံသြစွာ ကြည့်နေစဉ်မှာပဲ သူက ကရားရေလွှတ် တတွတ်တွတ် ပြောနေသည်။ ကျနော် ဘာမှ ပြန်ပြောချိန်မရ။ သူကလည်း ကျနော်နဲ့ စကား ပြောချင်ပုံမရပါ။ သူပြောစရာ ရှိတာတွေကို  အဆက်မပြတ်ပြောနေတော့သည်။
“မိတ်ဆွေနှစ်သက်တဲ့ ပစ္စည်းကို ပြောပါ ကျနော်လက်ဆောင်ထည့်ပေးလိုက်ပါမယ်။“
“ဒါပေမယ့် ခင်ဗျားဒီမြို့က အမြန်ထွက်သွားပါ..။မဟုတ်ရင် ကျနော်တို့မြို့ကလေးက နုနယ်တဲ့ကလေးတွေဆီ
ဘီလူးသဘက် ရောဂါပိုးတွေ ကူးသွားလိမ့်မယ်..။”
“ခင်ဗျားကိုလည်း သူတို့ဒဏ်ခတ်ကြလိမ့်မယ်..ခင်ဗျားခန္ဓာကိုယ်က
အနံ့ဆိုးတွေ ဆေးကြောသန့်ရှင်းပြီးခဲ့ရင်တော့ ကျနော်တို့မြို့ကလေးကို တစ်ခေါက် ပြန်လာခဲ့ပေါ့ဗျာ..”
ပြောစရာရှိတာ ပြောပြီးထိုလူသည် အေးဆေးစွာ ထွက်ခွာသွားပါသည်။
အေးစက်အက်ရှနေတဲ့လေတွေက တဟူးဟူးတိုက်ခတ်နေကြလေရဲ့..ကျနော်တစ်ကိုယ်လုံး ရေခဲတုံးတစ်တုံးလို
ခဲတောင့်အေးပြာနေ၏။ ကိုယ့်ကိုယ် မယုံနိုင်ရဲစွာ ပြန်ပြီးအနံခံကြည့်လိုက်တော့ သူတို့ခန္ဓာကိုယ်တွေက ထွက်နေတဲ့
အနံ့မျိုးမဟုတ်ဘဲ ကျနော့်ရဲ့ကိုယ်နံ့က ထူးဆန်းစွာ အီလည်လည်ညှီစို့စို့..။ ကျနော် ကြောက်လာသည်၊ ကြက်သီးတွေ
တဖြန်းဖြန်းထလာသည်။ ဒီအနံက ဘယ်ကလာတာလဲ ဦးနှောက်တွေ ဆူဝေ၊နှလုံးသားတွေမွန်းကြတ်လာ၏.။
ကျနော့်ကိုယ်ထဲမှာ..
ကျနော့်ကိုယ်ထဲမှာ......
.....
မြို့ကလေးကိုတက်မက်တဲ့စိတ်တွေ၊ အပိုင်လိုချင်တဲ့ စိတ်တွေ၊ မို့သူမြို့သားတွေရဲ့  ကြွယ်ဝမှုကို အနိုင်ကျင့်သိမ်းပိုက်
ချက်တဲ့စိတ်တွေ၊ မြို့သူမြို့သားတွေရဲ့ ရိုးသားမှုအပေါ် ဂုတ်သွေးစုတ်အမြတ်ထုတ်ချင်တဲ့စိတ်တွေ၊မြို့သူမြို့သားတွေရဲ့
အေးချမ်းမှုကို မနာလိုတဲ့စိတ်တွေ၊ မြို့သူမြို့သားတွေရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးလိုတဲ့စိတ်တွေ.......
ခန္ဓာကိုယ်တစ်ခုလုံး ရင်ဘတ်တစ်ခုလုံး ပြည့်လျှံနေသည်။
ကျနော့်မျက်ဝန်းထဲက ကောက်ကျစ်မှုတွေကို သူတို့တွေက နူးညံ့တဲ့အပြုံးတွေနဲ့ပဲ တုံ့ပြန်နေကြပါလား။ ကျနော် ကိုယ့်ကိုယ်ရှက်လာသည်။လေတွေကလည်း ပိုပြီးအေးစိမ့်လာသလိုလို..ကောင်းကင်သည်လည်း တဖြည်းဖြည်း ညိုမှောင်လာခဲ့ပြီထင်ရဲ့..။
ရိုသားတဲ့ မြို့ကလေးအလယ်မှာကျနော်သည် မြေခွေးတစ်ကောင်လို ကောက်ကျစ်စွာ ရပ်နေမိခဲ့သည်။ ဖြူစင်သန့်ရှင်းလွန်းတဲ့ နယ်မြေမှာ ကျနော်က အမည်းစက်ကြီးတစ်ခုလိုထင်းထင်းကြီး ဖြစ်နေလေရဲ့..။ အစောက မြို့သာ လာပြီးသတိမပေးခဲ့ရင် ကျနော်သည် ချိုမြိန်လတ်ဆတ်တဲ့ သစ်သီး တွေကြားက ကျီးအာသီးတစ်လုံးလို ဘယ်အချိန်ထိ ပုတ်သိုးနေမယ်မသိ..။
ဇောချွေးတွေပြန်လာသလို နားတွေလည်း အူလာသည်။ သေချာကြည့်နေပါလျှက် မြင်ကွင်းက မှုံဝါးလာသည်။ ကျနော်ပြန်ရမည်။ ကျနော်ကိုယ်ကျနော်သန့်စင်အောင်ဆေးကြောရဦးမည်..နူးညံ့အောင်လေ့ကျင့်ရဦးမည်။
မြင်ကွင်းတွင် မြို့ကလေးက တဖြည်းဖြည်းဝေး၍ မှုန်ဝါး ပျောက်ကွယ်သွား၏။
ရုတ်ချည်းပင် မြင်ကွင်းသည် ကြည့်နေရင်းက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပြန်ပါသည်။
မြိုပြကြီးတစ်ခုသည် ဘွားခနဲ ပေါ်လာသည်။ နောက်တော့ ခေတ်တွေတစ်ခေတ်ပြီးတစ်ခေတ်၊ စစ်ပွဲတွေ
တစ်ပွဲပြီးတစ်ပွဲ တစ်ဦးကိုတစ်ဦး သွေးရဲရဲသံရဲရဲနဲ့ သတ်ဖြတ်နေကြရဲ့..၊ မျက်နှာအဆီတ၀င်းဝင်းနဲ့ လူကုံတန်ကြီးတွေက အစေခံလေး တွေကိုညှင်းပန်းနှိပ်စက်နေကြသည်။ ထမင်းနပ်မှန်အောင်မစားရလို့ ငတ်ပြတ်နေတဲ့ဘ၀တွေ၊ ကယ်ပါယူပါတစာစာနဲ့ မိဘမဲ့ကလေးတွေရဲ့ ညီးညူအသံတွေ၊ ဆေးဖိုးဝါးခမရှိလို့ အာခေါင်ခြစ်အော်နေကြတဲ့
ရောဂါသည်တွေရဲ့အသံတွေ ပဲ့တင်ထပ်နေရဲ့..။
အကျိုးအမြတ်လေး အလောက်မငအတွက် လယ်ကွင်းတွေထဲ နေပုမိုးရွာမရှောင် ပင်ပန်းကြီးစွာလုပ်ကိုင်နေကြရတဲ့ တောင်သူလယ်သမားတွေ၊ အဖိုးအခမဖြစ်စလောက်လေးနဲ့ မသေချာတဲ့ မျှော်လင့်ချက်တွေအတွက် ကျောက်တောင်ကြီးတွေကိုတူးဆွ ရုန်းကန်နေကြတဲ့ ရ တနာရှာသူတွေ၊ စက်ရုံကြီးတွေမှာ လခအနည်းငယ်အတွက်
အလုပ်ချိန်အများကြီးပေးဆပ်နေကြရတဲ့ အလုပ်သမားတွေ အဲဒီလို ဆင်းရဲသားတွေ သွေးချွေးနဲ့ရင်းခဲ့ရတဲ့ အောင်မြင်
မှုတွေနဲ့ မုံယစ်နေတဲ့ ရယ်သံကြီးတွေ ကကြောက်မက်ဖွယ်ရာပါပဲ..။
လယ်ယာအိမ်မြေတွေ အဓမ္မသိမ်းနေတဲ့ အာဏာရှင်ကြီးတွေ၊ လယ်သမားတွေကို သေနတ်နဲ့ချိန်ပြီး လယ်ထဲကနှင်ထုတ်နေတဲ့ စစ်သားတွေ၊ သံဃာတော်တွေကို ရက်ရက်စက်စက် ပစ်သတ်နေတဲ့ စစ်သားတွေ၊ ကျောင်းသားလေးတွေ အလုပ်သမားလေးတွေကို လူမဆန်စွာ ရိုက်နှက်နေတဲ့ ရဲတွေ
ကြီးနိုင်ငယ်ညှင်းဝါဒနဲ့ လိမ်ညာရက်စက်မှုတွေနဲ့ အားလုံးရဲ့ မျက်ရည်တွေကိုသောက်သုံး ပြုံးပျော်မုန်ယစ်နေနိုင်ကြတဲ့ စုန်းထီးတွေရဲ့ မျက်နှာကြီးတွေက အော်ဂလီဆန်စရာကောင်းလှသည်။
 ခွေးဟောင်သံကြီးတွေ စူးစူးရှရှကြားလိုက်ရသည်။
ဟုတ်တယ်.. ဧရာမခွေးနက်ကြီးတွေသည် မြို့ကလေးကို ဒဏ်ခတ်ဖို့ မိုင်ပေါင်းများစွာအဝေးမှ အလင်း၏လျှင်မြန်ခြင်းမျိုးနဲ့လာနေကြပေပြီ။
မြင်ကွင်းသည် ထိတ်လန့်ရွံရှာဖွယ် အတိ။ ဤမျှကြောက်မက်ဖွယ် ကောင်းသောမြို့၌ မည်သူတွေနေထိုင်ကြသနည်း။
သွေးညှီနံ့တွေ ၀နေသည့် မုတ်ဦးကြီးကလည်း ဘီလူသဘကစီးနေသလို သွေးလန့်ခြောက်ခြားဖွယ်ကောင်းလွန်းရဲ့.။
မြို့တော်ရဲ့ အမည်ကို တစ်လုံးချင်းသေချာ စာလုံးပေါင်းပြီး ဖတ်ကြည့်လိုက်သည်။ချက်ချင်းပဲ ကျနော် ငုတ်တုတ်မေ့သွားတော့သည်။ပြီးနောက်.........
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကမ္ဘာကြီးအက်ကွဲသွားလောက်အောင် ကျနော်အော်ဟစ်ရင်း အိပ်ယာကလန့်နိုးသွားသည်။ ခိုက်ခိုက်တုန်အောင်ချမ်းလှသည့် မုံရွာမြို့ရဲ့ အညာဆောင်းညမှာကျနော့်တစ်ကိုယ်လုံး ချွေးတို့ဖြင့် ရွှဲရွှဲစိုနေလေတော့သည်။
“ဆောင်းတွင်းအိပ်မက် ကယောက်ကယက်တဲ့ ဘုရား..ဘုရား”
“..ငါကို့ယို့ကားယား ကြီးအိပ်ပျော်သွားမိလို့ဖြစ်မယ်ထင်တယ်”
ရေတခွက်ထပြီးသောက်လိုက်တာတောင် ရင်တွေက တဆတ်ဆတ် တုန်နေဆဲ..။
သတ္တ၀ါတွေကို မေတ္တာပို့မိသည်။
“အိပ်မက်အစက လှပအေးချမ်းတဲ့ မြို့တော်မျိုးကိုသာ ပိုင်ဆိုင်ရပါလို၏။
အိပ်မက်နောက်ပိုင်းက ငရဲလိုမြို့တော် အထပ်ထပ်နဲ့တော့ ဘ၀အဆက်ဆက် လွဲရပါလို၏ အရှင်ဘုရား...”
ဘုရားရှင်ရှေ့ဒူးထောက်၍ အကြိမ်ကြိမ်ဆုတောင်းမိရ၏။
မြောက်ပြန်လေသည် ကျနော့်အခန်းလေးကို အေးသက်စွာ ဖြတ်သန်းတိုက်ခတ်နေလေသည်။ နှင်းမှုန်တွေကတော့
မျက်နှာမူရာတိုင်း တဖွဲဖွဲလွင့်စင်နေကြရဲ့....ကောင်းကင်က လကွေးကွေးလေးတောင် တော်တော်စောင်းသွားပြီပဲ..
ကြယ်ကလေးတွေတော့ ဟိုတစ်ပွင့် ဒီတစ်ပွင့်..။ အုန်းရွက်သံတရှဲရှဲနဲ့ တခါတရံ ပုရစ်ကလေးတွေ အော်မြည်သံမှအပ
ညသည်တိတ်ဆိတ်ငြိမ်သက်နေ၏။အိပ်မက်ကြောင့် မျက်လုံးတွေလည်း ကြောင်ပြီိးပ်မရတော့..။
အတွေးတွေကလည်း ရောက်တတ်ရာရာ..။ စကြာဝဠာနဲ့ကမ္ဘာကြီးအကြောင်း၊ သမိုင်းတွေယဉ်ကျေးမှုတွေ အကြောင်း၊ နိုင်ငံတွေနဲ့ မြို့ပြတွေ အကြောင်း၊ ဘုရင်တွေလူတွေအကြောင်း.အတွေးပေါင်း သောင်းခြောက်ထောင်နဲ့.. ကျနော်ရယ်၊ဆောင်းညတစ်ညရယ်၊
လကွေးလေးနဲ့ ကြယ်စင်လေးတွေရယ် နှင်းစက်လေးတွေထဲ လွင့်ဝဲနေကြတယ်..။

လောကကြီးသည် တစ်ဖက်၌ စွဲမက်ဖွယ်ကောင်းသလိုလိုနဲ့ အခြားတစ်ဖက်မှာတော့ ကြောက်မက်ဖွယ်ကောင်းလှ၏။
ကမ္ဘာကြီးရဲ့ မနက်ဖြန်မှာ ဘာတွေဖြစ် လာကြဦးမလဲ..။
ကျနော်တို့ကြိုမသိနိုင်တဲ့ နက္ခတ်တွေနဲ့အတူ ကမ္ဘာကြီးက မနက်ဖြန်ပေါင်းများစွာ အထပ်တလဲလဲ နိုးထနေလိမ့်ဦးမည်။
မကောင်းသော နိုးထခြင်းလား
ကောင်းသောနိုးထခြင်းလား..
ကောင်းသော နိုးထခြင်းသာဖြစ်ပါစေ...
လင်းဝေ

Thursday, September 30, 2010

အချစ်အကြောင်းတီးခေါက်မိတဲ့ရက်သမ်တစ်ပုဒ်



ကျနော်တို့သတိမထားမိလိုက်တဲ့ အချိန်ကလေးမှာပဲ အဲဒီ အချစ်ဟာ
ကျနော်တို့နှလုံးသားထဲကို
ဝင်ရောက်နေတတ်သည်.......
ပန်းပင်ကလေးတစ်ပင်ဆီမှာ ပန်းပွင့်တစ်ပွင့်ကို
မွေးဖွားလိုက်ခြင်းနှင့်တူသည်ဟု ကျနော်ထင်ပါသည်။
ထိုခဏ၌ပင် အိပ်ပျော်နေသော နှလုံးသားတို့သည်
ရှင်သန်နိုးထကြလေ၏။မျှော်လင့်ခြင်းဆိုသောသစ်သီးသည်
အလင်း၏လျှင်မြန်ခြင်းမျိုးဖြင့် ကမ္ဘာဦးဆီမှ ကျနော်တို့ထံ
ရောက်ရှိလာပေပြီ။ပန်းဝတ်မှုံမှ ရနံ့တို့သည်လေပြေ၌
ပြန့်လွင့်စိုးမိုးသကဲ့သို့ နှလုံးသားမှ ပြန့်လွင့်လာသော အချစ်သည်
လူသား၏ဦးနှောက်မှသည် တကိုယ်လုံးသို့
စိုးမိုးလေသည်။လောကရဲ့ သာယာဖွယ်၊ပျော်ရွှင်ဖွယ်၊လွမ်းမောဖွယ်၊ရင်နင့်ဖွယ်
ဇာတ်လမ်းတို့သည် ဒီနေရာမှ
စကြလေတော့သည်။
တန်ခိုးရှင်တို့ မဖန်တီးနိုင်သော၊မဖျက်ဆီးနိုင်သော အချစ်ဟူသော
ကမ္ဘာဦးပန်းတစ်ပွင့်သည် လူသား၏ နှလုံးသား၌
ချိုလဲ့လင်းပြစွာ ပွင့်ဝေလာပေပြီ.။
အချစ်ဆိုတာ ဘယ်လိုလဲ..ဘယ်ကလာသလဲ....အချစ်ကဘယ်အချိန်မှာ
ရောက်လာတတ်သလဲ...ပြီးတော့ ဘယ်သူ့
အတွက် ဖြစ်တည်မှာလဲ.....ကျနော်တို့ဘာတစ်ခုမှ ကြိုတင်မသိခဲ့....
သံယောဇဉ်သည် အချစ်ကိုဖြစ်စေသလား..လှပတဲ့မျက်နှာလေးသည် အချစ်ကို
ဖြစ်စေသလား...ချိုသာတဲ့အသံလေးသည်
အချစ်ကိုဖြစ်စေသလား...မေးခွန်းပေါင်းများစွာနဲ့ ကျနော်တို့
စီးဆင်းခဲ့ကြသည်။ကျနော်ကိုယ်တိုင်လည်း ခုထိနားမ
လည်နိုင်ခဲ့ပါ။သို့သော် လူသားစစ်စစ်တစ်ယောက်ဖြစ်သော ကျနော်သည်လည်း
အချစ်ကျက်စားရာလောက၌
တ၀ဲလည်လည်ဖြစ်နေပါတော့သည်။
ရယူပိုင်ဆိုင်ခြင်းဟာအချစ်...ပေးဆပ်ခြင်းဟာအချစ်...နားလည်ခွင့်လွှတ်ခြင်းဟာအချစ်..သာယာပျော်ရွှင်စေခြင်းဟာ

အချစ်...တယောက်နဲ့တယောက်မခွဲနိုင် မခွာရက်ဖြစ်နေတာ အချစ်..လူတွေဟာ
ကိုယ့်ခံစားချက်နဲ့ကိုယ်
အဓိပ္ပာယ်တွေ ဖွင့်ခဲ့ကြသည်။ထို့ကြောင့် အချစ်၏ ကွဲပြားခြားနားသော
အဓိပ္ပာယ်များသည် လူတိုင်းအတွက်
သူတို့ ဖော်မြူလာနဲ့သူတို့ မှန်ကန်နေကြမည်ဖြစ်သည်။
သေချာတာကတော့ အချစ်ဖြစ်တည်လာဖို့ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်
အတိအကျ
လိုအပ်သည်။ချစ်သူတွေဖြစ်လာဖို့ အတွက်တော့ အဲဒီလုလင်ပျိုနဲ့
လုံမပျိုတို့ကြားမှာ အပြန်အလှန် ချစ်ခြင်းတရား
တစ်ခုပါလိုအပ်ပါသေးသည်...ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ဖော်မြူလာတွေကို
အဖြေထုတ်ကြည့်လျှင် အနီးစပ်ဆုံး
ဖြစ်နေကြလိမ့်မည်....
ကျနော်ကရောအချစ်ကို ဘယ်လိုလက်ခံထားသလဲ.....
ကျနော် မိန်းကလေးတစ်ယောက်ကိုချစ်ခဲ့မိသည်
ဆိုကြပါစို့ရဲ့...အသံကလေးကြားဖူးရုံနဲ့ စွဲလန်းမြတ်နိုးခဲရတယ်ဆိုရင်
ခင်ဗျားတို ယုံနိုင်မလား..အဲဒီနောက်တော့
အသံချင်းရင်းနီးမည်..သူစိမ်းဆန်စွာသမရိုးကျဆုံတွေ့ကြမည်..အကြည့်ချင်း
ရင်းနှီးမည်..အပြုံးချင်းရင်းနှီးမည်...အဲဒီလိုရင်းနှီးခဲ့တဲ့ မိန်းခလေးတွေ
အများကြီးထဲမှာမှ ကျနော် သူမလေးကို
ချစ်မိသွားခြင်းဖြစ်သည်..သြော်ထူးဆန်းလေစွတကား....
ဘယ်ချိန်ချစ်မိသွားမှန်း ရေရေရာရာ မသိလိုက်ပေမယ့်
ကျနော်သတိထားမိချိန်မှာတော့ နှလုံးသားထဲတွင်
သူမရှိနေခဲ့ပြီလေ...
အဲဒီမှာေ၇ာဂါစတာပါပဲ....သူမရဲ့ ၀င်းမွတ်ရှင်းသန့်တဲ့
မျက်နှာလှလှလေးတွေ၊လှုပ်လီလှုပ်လဲ့ အမူအရာလေးတွေ၊
သူမရဲ့ ၀င်းရှတောက်ပလွန်းတဲ့ အပြုံးလက်လက်ကလေးတွေ အားလုံးကို စက္ကန့်နဲ့အမျှ
ထိတွေ့ချင်နေမိတော့သည်။
သူမသည် ကျနော့်ဘ၀..ကျနော့်ရင်ခုန်သံ..ကျနော့်
အိပ်မက်..ကျနော့်လမိုက်ညများစွာအတွက် လမင်းတစ်စင်း...
ကျနော် ပျံသန်းဖို့
အတောင်ပံတစ်စုံ..မြတ်နိုးစွားသိမ်းဆည်းထားချင်တဲ့ကော်ပတ်ရုပ်ကလေး..ကျနော်တောင့်

့တမိသည့် လေပြေလေညင်း..ကျနော်၏လွမ်းမောဖွယ် ဆည်းဆာ...ကျနော် အကြိမ်ကြိမ်
ရေးခြစ်ချင်မိသည်
ကဗျာလေးတစ်ပုဒ်.......
ကျနော် ချစ်ပါမည်...လူသားတစ်ယောက်ရဲ့ ချစ်နိုင်တဲ့ ချစ်ခြင်းရဲ့
ပမာဏတွေအားလုံးပေးပြီး ကျနော်မက်မက်စက်စက်
ချစ်မည်။သူမဘ၀ကို မြှင့်တင်ပေးချင်သည်..သာယာလှပတဲ့ ဘ၀လေးတစ်ခု
ဖန်တီးပေးချင်သည်..သူမ၀မ်းသာလျှင်
ကျနော်ပျော်မည်...သူမ ငိုလျှင် ကျနော်ဝမ်းနည်းမည်..သူမနေမကောင်းဖြစ်တဲ့အခါ
ကျနော်နေထိုင်မရအောင် စိတ်ပူမည်...သူမ အလိုရှိလျင် သူမအနားေ၇ာက်ရှိလာပြီး
သူမအလိုမရှိတဲ့ အခါ ချက်ချင်း ကွယ်ပျောက်သွားနိုင်မယ့်
နတ်သားတစ်ပါးဖြစ်ချင်သည်...လူတစ်ယောက်ဟာ ကိုယ်ချစ်တဲ့သူကို ဘယ်တော့မှ
စိတ်မဆင်းရဲစေဘူးလေ..
အရာရာမှာ နားလည်ခွင့်လွှတ်ခြင်းအတတ်နဲ့ ကျနော်ချစ်ပါမည်....
လူတိုင်းဟာ ကိုယ်ချစ်မိတဲ့ လူတယောက်ဆီကအချစ်ကို ပြန်ရပါစေလို့
ဘယ်တန်ခိုးရှင်ကမှ အာမခံမထားခဲ့ပါ။
ထို့ကြောင့် အချစ်သည် ရယူဖို့ချည်းသက်သက် မျှော်လင့်လို့မရ
ပေးဆပ်ပြီချစ်နိုင်ဖို့လည်း လိုအပ်ပါတယ်..
ဖန်တီးလို့မရတဲ့ အချစ်ကိုဇွတ်သိမ်းပိုက်ဖို့ ကြိုးစားတာဟာ ချစ်သူကို
ရက်စက်ခြင်းဖြစ်တယ်..အတ္တကြီးမှုတစ်ခု
လည်းဖြစ်တယ်..ကိုယ့်အတ္တအတွက် ချစ်သူကို စိတ်ဆင်းရဲစေသူဟာ ချစ်သူကို
တကယ်မချစ်သူဖြစ်ပေလိမ့်မည်..
အဲဒါဟာ တက်မက်စွဲလမ်းသာယာခြင်းလို့ ကျနော်မြင်တယ်.....
တစုံတယောက်က တစုံတယောက်ကို ချစ်မိနေတဲ့အချိန်၌ ထိုတစုံတယောက်သည်
အခြားတစုံတယောက်ကို
ချစ်လျင်ချစ်နေပေလိမ့်မည်..
အချစ်ကိုနှလုံးသားနဲ့သာလဲလည်နိုင်၏။ဓားပြတိုက်၍ မရ...ထို့ကြောင့် အချစ်ကို
ဖြူစင်သော နှလုံးသားနဲ့
ပေးဆပ်သင့်ပေသည်...
သြော်..အသင်လောက...အသင်သိပါသလား..ကျနော့်နှလုံးသား၌ ကမ္ဘာဦးပန်းတစ်ပွင့်သည်
ဘယ်အရပ်က
မိန်းမပျိုလေးအတွက် ပွင့်ဝေလိမ့် မည်နည်း....မည်သူမှ
မသိနိုင်ကြပေ..ထို့ကြောင့် ကျနော်လည်းမသိပါ..။
မြားနတ်မောင်ဆိုသော ပုဂ္ဂိုသည် ဘယ်နေရာတွင် အမူးလွန်၍
အိပ်ပျော်နေပါသနည်း..လူပေါင်းများစွာတို့သည် သူ၏လေးမှ ပစ်လွှတ်လိုက်မည့်
မြား၏လာရာအား
စောင့်စားနေကြသည်ကို လစ်လျူရှု၇က်သည်.....
သူ့မိန်းမမြားနတ်မလေး တစ်ယောက်ရှိသေးလျှင်လည်း
အကူညီတောင်း၍ရနိုင်ကောင်းရဲ့..
.ခုတော့ မြားနတ်မောင်သည်မုဆိုးထီးလား ၊တစ်ခုလတ်လား၊လူပျိုကြီးလား ဘယ်သူမှ
ရေရေရာရာ မရှိခဲ့...
ခုထိနားမလည်နိုင်သေး..ထိုနားရခက်တဲ့ အချစ်ကိုမှ ကျနော့် နှလုံးသားက တစာစာ
အော်ဟစ်
တောင့်တနေလေသည်..ထိုကဲ့သို့ နားမလည်ခြင်းများစွာနဲ့ပဲ
လူသားတို့သည်သားစဉ်မြေးဆက်
ချစ်မြဲချစ်နေကြဦးမည် ဖြစ်သည်...
အချစ်မရှိသောဘ၀သည် သတ်ပုံမှားနေသော ၀ါကျ တစ်ကြောင်းလို အဓိပ္ပာယ်
မပြည့်စုံနိုင်ဘူးလေ...
အချစ်သည် ကမ္ဘာကြီးရဲ့အသည်းနှလုံး သံယောဇဉ်သည် စကြာဝဠာ၏ အသွေးအသား ဖြစ်လေသည်
အချစ်မရှိလျှင် ကမ္ဘာကြီးလည်း ရပ်တန့် သွားပလိမ့် မည်...
လူမိုက်တွေနေတဲ့ မြို့ပြထက် အ၇ူးတွေနေတဲ့ ထောင်က ပို၍ပျော်စ၇ာကောင်းလိမ့်မည်..
ပေါတယ်ပဲ ပြောပြော..ကြောင်တယ်ပဲ ဆိုဆို..ရူးတယ်ပဲ မှတ်မှတ်..
ကျနော်အချစ်၌ ရိုးသားစွာ ၇ူးသွတ်ချင်သည်...
ကျနော့် ဘာသာဗေဒနဲ့ကျနော် အချစ်ကို ခံစားခြင်းဖြစ်ပါသည်..
ကဲ........
ခင်ဗျားတို့ရော အချစ်ကို ဘယ်ကဲ့သို့ ခံစားနားလည်ကြပါသလဲ...

အားလုံး ကျန်းမာ၊ချမ်းသာပြီး ပျော်ရွှင် ရယ်မောနိုင်ကြပါစေ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

စကားဝိုင်းထဲက နေလောင်ပန်းပွင့်များ

လွန်ခဲ့သော ၆နှစ် စင်္ကာပူမှာနေတုန်းက ရေးခဲ့တဲ့ စာတစ်ပုဒ်

စကားဝိုင်းထဲက နေလောင်ပန်းပွင့်များ

တနင်္ဂနွေအလုပ်ပိတ်ရက်မို့ သူငယ်ချင်းတွေနဲ့ဆုံကြရင်း ဘီယာဆိုင်လေးဘက်ခြေဦးလှည့်ခဲ့ကြသည်။ အလုပ်ထဲမှာ ပင်ပန်းသမျှ တစ်လတစ်ကြိမ် သူငယ်ချင်းတွေဆုံပြီး ဘီယာလေးသောက်ရင်း ဘော်ဒါတွေဆုံရင်း ဘဝအမောဖြေတာဟာ ကျနော်တို့အတွက် ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပေမယ့်  ကျနော်တို့ဟာ အရက်သမားများတော့ မဟုတ်ပါ။ ထုံးစံအတိုင်း ဘီယာလေးတကြိုက်လောက်ဝင်ရုံရှိသေး အာလေးလျှာလေးကသွက်လာပြီပေါ့ဗျာ...

"ကိုလင်း...မိန်းမမယူသေဘူးလားဗျ..ခုအသက်ဘယ်လောက်ရှိပြီလဲ.."

"လူပျိုကြီး လုပ်မယ်လို့ စိတ်ကူးထားလို့လား.."

လုပ်ရှူ အမေးကြောင့် ကိုလင်းတစ်ယောက် ဘီယာသောက်ရင်း အီလည်လည်ကြီး ဖြစ်သွားကြသည်။

"အေးကွာ ငါလည်း ၃၀ ကျော်ပြီကွ...
ယူဖို့နေနေသာသာ ရည်းစားတောင် မူးလို့ ရှူစရာ မရှိပါဘူးကွာ...."
ကိုလင်းပုံက အခုကျတော့ သနားစဖွယ်ဖြစ်နေပါသည်။

"ဟေ့ကောင် ပြောင်ကြီး ကိုလင်းကို မင်းသူငယ်ချင်း ချောချောလေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါဦးကွာ.."

"အောင်မာ ဟေ့ကောင် လုပ်ရှူ....မင်းက မိန်းကလေးသူငယ်ချင်း ပိုပေါတယ်လေ.."
လုပ်ရှူနဲ့ပြောင်ကြီးဒီလိုပဲ တယောက်နဲ့တယောက် အမြဲငြင်းနေတတ်တာမျိုး။

"ကဲ..ကဲ ဘာမှဖြင့်မသောက်ရသေးဘူး စကားတွေ များမနေကြနဲ့ ဘီယာတွေ အေးကုန်လိမ့်မယ် သောက်ကြဦး.."
ကိုလင်းပြောလိုက်မှ ဘီယာတကြိုက်စီ မော့လိုက်ကြသည်။

"ခုခေတ်ကြီးက မလွယ်ဘူး မိန်းကလေးတွေက အနေအထိုင်မတတ်ကြဘူးပြီးတော့လည်းကိုယ်ကိုယ် တန်ဖိုးမထားကြဘူး"
အရင်းမရှိအဖျားမရှိ ပြောင်ကြီးစကားကြောင့် သူတို့စကားဝိုင်းလေးက ဘီယာခိုးလေးတွေနဲ့  လေးနက်ရီဝေလာလေသည်။

"သူတို့အပြစ်ကြီးပဲမဟုတ်ဘူးလေ ပြောင်ကြီးရဲ့...ငါတို့ ယောက်ျားလေးတွေကလည်း နှမချင်းစာနာကြလို့လား"

လုပ်ရှူစကားကြောင့် လိုလင်းလည်း စကားဝိုင်းထဲ ပါလာလေသည်။

"ဟုတ်တယ် ညီလေး...သူများသားသမီးကို ကြောရယုံ ကြံတာတော့ မကောင်းဘူးပေါ့ကွာ"

"မင်းတို့၂ကောင်ပြောသလို မကောင်းတဲ့သူတွေရှိသလို တကယ်ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့
မိန်းခလေးတွေရှိသလို
တကယ်သစ္စာကြီးတဲ့ ယောက်ျားတွေလည်းအများကြီးရှိပါသေးတယ် ငါ့ညီတို့ရာ"

"ကိုလင်းပြောတာလည်းမှန်ပါတယ်
ယောက်ျားလေးဆိုတာလဲ ကိုကသာရည်းစားထည်လဲတွဲချင်တာ ကိုလက်ထပ်မဲ့ မိန်းခလေးကြတော့
ရည်းစားတောင်မထားဖူးတဲ့ အပျိုစင်ကလေးမှဗျ ..အမှန်တော့ ကိုယ်ကသန့်သန့်လေးကြိုက်ရင် ကိုယ်တိုင်ကလဲ
သန့်သန့်လေးနေခဲ့သင့်တာပေါ့..ဒါမှတရားမျှတမှာပေါ့ဗျာ ဟုတ်ဘူးလား.."

"အေးပေါ့ပြောင်ကြီးရာ ဒီခေတ်ထဲမှာ ရည်းစားထားဘူတာ အပြစ်လို့ပြောလို့မရပါဘူး."

"လူဆိုတာနှလုံးသားနဲ့ပဲ
ရင်ခုန်တတ်တယ်ချစ်တတ်တယ်...အရွယ်ရောက်လာရင် စိတ်ကစားပြီး ရည်းစားထားကြချစ်သူရှာာကတာ သဘာဝ
ပါပဲလေ.."

"ကိုယ်နဲ့လက်ထပ်ပြီးမှ ကောင်းဖို့အရေးကြီးတယ်"

"ဟ..လုပ်ရှူရ ဘာကောင်းတာကိုပြောတာလဲ ..နားရှင်းအောင်ပြောစမ်းပါကွာ"

"ဟာဗျာ ကိုလင်းကလည်း မဝေးစမ်းပါနဲ့ဗျာ..ကိုနဲ့လက်ထပ်ပြီး မဖောက်မပြန် မယားဝတ္တရား၅ပါးနဲ့အညီ
ကောင်းမွန်လိမ္မာတာကို ပြောတာလေဗျာ.."

"အောင်မာမင်းက အဲဒီဝတ္တရားတွေကိုသိလို့လား လုပ်ရှူရ...စကားကြီးစကားကျယ်နဲ့.."
ပြောင်ကြီးစကားကြောင့် လုပ်ရှူက မချိသွားဖြဲဖြင့် လျော့ကျသွားသည်။

"ဟဲဟဲ လောကနီတိထဲမှာပါတယ်လေ ..သိချင်ရင်ဝယ်ဖတ်..တအုပ်ကို ၂ဒေါ်လာပဲရှိတယ်.."

"ဘာပဲဖြစ်ဖြစ် မြန်မာဗုဒ္ဓဘာသာဝင်တွေပီပီ စည်းကမ်းလေးတွေနဲ့ စောင့်ထိမ်းသင့်တာပေါ့"
ကိုလင်းက လူကြီးဆိုတော့ တွေးတွေးဆဆ ပြောတတ်တယ်။

"ခုတော့ စလုံးမှာ ကြားနေရတဲ့ သတင်းတွေက နားမသက်သာလှပါဘူးဗျာ..."

"ဘာတွေကြားတာလည်းလုပ်ရှူလေးရ ပြောစမ်းပါဦး.."

"ယောက်ျးလေးတချို့က စလုံးက အသက်ကြီး ဘွားတော်တွေနဲ့
နေပြီးချူစားနေကြတယ်ဆိုပဲ"

"ဟ.ဟုတ်လို့လား..ပြောင်ကြီး မင်းရောကြားမိသလား`"

"ကိုလင်းက အလုပ်ထဲပဲ နစ်မြုတ်နေပြီး
ဘာမမသိဘဲကိုး."
."တချို့ကျောင်းသူလေးတွေအိမ်ဖော်မလေးတွေကလည်း
ငွေကြေးအခက်အခဲအတွက် PRကိုကိုတို့နဲ့ နေပြီး ဘဝကိုရောင်းစား နေကြတယ်တဲ့"

"အေးကွာဒါတွေအားလုံးဟာ
ငွေကြောင့်ဖြစ်ရတာပါပဲ.."

"ဝမရှိဘဲ ၀ိလုပ်ချင်တာတွေလည်းပါတာပါပဲ.."

"မိန်းခလေးတွေက
အားနည်းချက်တွေများတယ်လေ..သူတို့က အစကတည်းက မှီခိုတတ်တဲ့
သဘာဝပဲလေအားငယ်တတ်တယ်၊
ယုံလွယ်တယ်၊အလှအပလည်း မက်တယ်။ကိုယ်တတ်နိုင်တာထက် ပိုလိုချင်တာတွေ ကြောင့်ပေပေါ့"

"အေးပေါ့ပြောင်ကြီး၇ာ အဓိကကတော့ ငွေပဲပေါ့"

"ိစကာင်္ပူကိုလာတဲ့ မိန်းခလေး
၃မျိုး၇ှိတယ်..ကျောင်းတက်ဖို့၊အလုပ်၇ှာဖို့၊အိမ်ဖော်လုပ်ဖို့ပေါ့။ဘာအတွက်ပဲလာလာ
အရင်းအနှီးကမနည်းဘူးလေ."

".အလုပ်လာရှာတဲ့သူတွေထဲမှာ တချို့ပြေလည်တယ်၊တချို့က
သူများဆီကချီးငှားပြီးလာ
ကြရတယ်။နေထိုင်ခွင့်က ၂လပဲရတယ်။အဲဒီအတွင်း အလုပ်ရှာ
..ရရင်တော့တော်သေးတာပေါ့"

"မရရင်တိုင်ပတ်တာပဲ..အထုပ်ပိုက်ပြီးပြန်ကြရုံပဲ..
အိမ်ကိုပြန်သွားရင် ပတ်ဝန်းကျင်ကပြောဦးမယ်..နောက်တစ်ခေါက်ဆိုတာလည်း
မသေချာတော့ဘူး...
အဲဒါနဲ့ပဲ ကျောင်းလျှောက်ကြပြန်ေ၇ာ"
လုပ်ရှူပြောသမျှ ကျန်နှစ်ယောက်က ငေးမောနားထောင်နေကြသည်။

"ဟုတ်တယ်လုပ်ရှူ
ဒီမှာကျေုာင်းတက်စရိတ်၊နေဖို့စားဖို့ကလည်းဈေးကြီးတယ်..အဲဒီအချိန်မှာ
မိဘကလည်း
ထပ်ပြီး မပို့နိုင်တော့ ဒီမှာသောင်တင်ပြီး ပျက်စီးကြရတာပေါ့.."

"အိမ်ဖော်တွေကတော့ လစာနည်းလို့ ဒုက္ခေ၇ာက်ကြရတယ်..ကိုယ့်ကိုယ်ကိုမထိမ်းဘဲ
ထွက်ပေါက်ရှာတာက ပိုဆိုးတယ်.."

"ကျောင်းသူလေးတွေကတော့ ငယ်လွန်းတဲ့အရွယ်လေးမှာ လွတ်လပ်မှုဒဏ်
မခံနိုင်ကြဘူး..ပြီးတော့
ဒီနိုင်ငံရဲ့ အနောက်တိုင်းဆန်မှုမှာ မျောပါသွားတာပေါ့ဗျာ"

"ဟုတ်တယ်ပြောင်ကြီးရ ခုနိုက်ကလပ်တွေမှာ ဗမာမလေးတွေ ပေါတယ်လို့ကြားနေရတယ်"

"ကြားရတာစိတ်မချမ်းသာပါဘူးကွာ"

"မင်းတို့၂ကောင်ပြောမှ အကိုလဲအကုန် သိရတော့တယ်..စိတ်မကောင်းစရာပါပဲကွာ
မိဘမောင်ဘွားတွေသိရင် ရင်ကျိုးကြ၇မှာပဲ"

"...ဘယ်လိုလဲ မိန်းမယူရမှာ
လန်ကသွားပြီလား ကိုလင်းရ"

"ကောင်းကောင်းမွန်လုပ်စားပြီးတန်ဖိုးရှိရှိ နေနေကြတဲ့
အမျိုးကောင်းသမီးလေးတွေ အများကြီးပါဗျာ.."

"ဟုတ်တယ်ပြောင်ကြီး
ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်ဆိုသလို..စကာင်္ပူမှာေ၇ာက်နေတဲ့
ကောင်မလေးတွေကကွာဆိုပြီ..၀ါးလုံးရှည်ကြီးနဲ့ အရမ်းခံရတာတော့ ဘယ်ကောင်းမလဲ.."

"လုပ်ရှူလေးပြောတာမှန်တယ်..လူဆိုတာ ယောက်ျားလေးပဲ ဖြစ်ဖြစ်၊မိန်းခလေးပဲ
ဖြစ်ဖြစ် စိတ်ဓာတ်မာကျောရတယ်၊
ကိုယ်ကျင့်တရားကို စောင့်ထိမ်းရတယ်၊အမှားအမှန်ချင့်ချိန်ပြီး ဆုံးဖြတ်ချက်
မှန်အောင်ချနိုင်၇တယ်၊ပြီးတော့ကိုယ်မနိုင်
တဲ့ဝန်ကို မထမ်းရဘူးပေါ့ကွာ..."
ဘီယာပုလင်းတွေ စားပွဲပေါ်တိုးလာတာနဲ့အညီ သူတို့စကားဝိုင်းလေးက ပိုပြီးအရှိန်ကောင်းလာသည်။

"ဟာ...တချိန်ငြိမ်နားထောင်နေတဲ့ ကိုလင်းက ပြောတော့လည်း အနှစ်တွေပါလားဗျ.."

"ဒီနေ့တော့ တန်သွားပြီဗျာ
.ဒါကြောင့်မို့ပြောတာ ခေါင်း၃လုံးရှိသူထံမှာ
ပညာသင်ယူပါတဲ့..ဟား..ဟား.."

"မင်းတို့ မနောက်ကျနဲ့လေကွာ."

'မနောက်ပါဘူးဗျာ တကယ်ပြောတာပါ.."

"အေး ခုခေတ်လူငယ်တွေက ဘာသာရေးအားနည်းလာသလို စာအုပ်စာပေတွေလည်း
မဖတ်ကြတော့ဘူး.."

"အဲဒါကြောင့် အသိတရားတွေ ၊ဆင်ခြင်မှုတွေ၊စရိတ္တတွေ အားနည်းနေကြတယ်"

"နည်းပညာနဲ့ ငွေနောက် တကောက်ကောက်လိုက်ရင်း လူသားဆန်တဲ့ မြင့်မြတ်တဲ့စိတ်တွေ
လုံးပါးပါးနေကြတယ်ကွ"

'ကဲ ..ကဲ..စကားတွေက တောင်ရောက်မြောက်ရောက်နဲ့ သောက်တာကြောင့် ခါတိုင်းထက်များနေပြီ ဆိုင်လည်းပိတ်တော့မယ်"

"နောက်မှဆွေးနွေးကြတာပေါ့ကွာ တို့လလည်း ဘီယာသောက်လေးတွေ လျော့ ပရဟိတလုပ်ငန်းလေးတွေဘက် အားစိုက်ကြရအောင်ကွာ"

"ဟုတ်ကဲ့ ကိုနေလင်း"
ကိုလင်းစကားအဆုံး လုပ်ရှူနဲ့ ပြောင်ကြီးတို့နှစ်ယောက် ပြိုင်တူ ခေါင်းငြိမ့်လိုက်ကြသည်။

သိမ်းနေတဲ့ ဆိုင်တချို့ကလွဲလို့ ညဦးးပိုင်းက ရွှေမြန်မာတွေနဲ့ စီညံနေတဲ့ ပင်နီဆူးလားပလာဇာကြီးက နည်းနည်းတိတ်ငြိမ်သွားပါပြီ။

နောက်ရက် အလုပ်ဆင်းဖို့ အားမွေးရင်း တယောက်နဲ့တယောက်နှုတ်ဆက်လမ်းခွဲကာ ပြန်ခဲ့ကြသည်။

ဆိုင်ကပြန်လာတော့ ကျနော်ခေါင်းထဲ ဘာသာရေး၊စာရိတ္တနဲ့ ကိုယ်ကျင့်တရား တွေ
ရောထွေးပါလာပါသည်။

လင်းဝေ

စာရွက်ပေါ်ကနေ့စွဲ

ဒုန်း...ဒုန်း...ဒုန်း...
တံခါးခေါက်သံသည် နားထဲသို့ အရှိန်ပြင်းစွာ ပြေးဝင်လာသည်။ကျနော်တို့ သူငယ်ချင်းတွေထဲကတော့ မဖြစ်နိုင်။
ဘယ်သူမျာပါလိမ့်ဆိုတဲ့အတွေးနဲ့ တံခါးကိုဆွဲဖွင့်လိုက်တော့ မြေညီထပ်က ဥက္ကဌရဲ့ တပည့်ကျော် ပေါက်ကြီး ဖြစ်နေသည်။
အသားမည်းမည်း ထောင်ထောင်မောင်းမောင်းနဲ့ ပေါက်ကြီးကို ကျနော်တို့အဖွဲ့က သက်တော်စောင့်ကြီးဟု
ကင်ပွန်းတတ်ထားသည်။ပေါက်ကြီးက ပညာမတတ်၊တကောင်ကြွက် ဥက္ကဌအိမ်ကပ်နေပြီး တာက်တိုမယ်ရ၊
အကြမ်းပတမ်း အကုန်လုပ်ရသည်။
ဘာလဲ..ကိုပေါက်ကြီး..ညနက်မှ..
မင်းတို့အဖွဲ့ကိုဥက္ကဌကြီးက လာခဲ့ဦးတဲ့..ငါထင်တာတော့ ဧည့်စာရင်းကိစ္စနဲ့တူတယ်.။
ကျနော်တို့နေတာက ၅လွှာတိုက်ခန်းမှာဖြစ်သည်။ဥက္ကဌအိမ်က မြေညီထပ်မှာဖြစ်သည်။အသားမည်းမည်းဗိုက်ရွှဲရွှဲနဲ့
ဦးမြင့်အောင်မျက်နှာကြီးကို မြင်ယောင်မိသည်။
ကျနော်တို့ သူငယ်ချင်းတွေက နယ်မှာကျောင်းပြီးပြီးချင်း ရန်ကုန်ကို လုပ်လာလုပ်ကြခြင်းဖြစ်သည်။အလုပ်ရတော့လည်း
လှိုင်သာယာက အထည်ချုပ်စက်ရုံ တစ်ရုံမှာရသည်။ယခုနေနေသည့် တိုက်ခန်းကလဲ ကျနော်တို့သူငယ်ချင်းတွေနေဖို့
သူဌေးပေးထားခြင်း ဖြစ်သည်။ကျနော်သူငယ်ချင်းမျိုးကြီးက အ၇င်၂နှစ်စောပြီးေ၇ာက်သည်။နောက်၁နှစ်နီးနီးကြာမှ
သူဌေးကိုပြောပြီး ကျနော်တို့ ကျန်တဲ့သူငယ်ချင်းတွေကို ခေါ်ခြင်းဖြစ်သည်။ဒီရပ်ကွက်မှာနေတာ ၁ နှစ်ကျော်လောက်
ရှိပြီ ဖြစ်သည်။လူငယ်တွေကြီးပဲဆိုတော့ ပျော်ပျော်ပါးပါးနေကြသည်။ဂစ်တာတီး၊သီချင်းဆိုနဲ့ တခါတရံ ညနက်တဲ့အထိ
ဆူဆူညံညံတော့ရှိသည်။ရပ်ကွက်ထဲမှာလဲ ခတ်တည်တည် ကိုယ့်အထာနဲ့ကိုယ် နေကြပါသည်။ဒါပေမယ့် ဘာကြောင့်
မှန်းမသိ ကျနော်တို့ပုံစံကို ဥက္ကဌက ကြည့်ရပုံမရှိ လမ်းမှာတွေ့လျှင် မျက်နှာကြောကြီး တင်းထားတတ်သည်။သူ့ကို
အရိုအသေပေးမှ သဘောကျသည်ထင်သည်။ကျနော်တို့အေးအေးဆေးဆေးနေတတ်တာကို သဘောကျပုံမရပေ။
ဘွဲ့ရပညာတတ်လည်း မဟုတ်သည့်အပြင် စကားအပြောဆိုရိုင်းလှသည်။
ရန်ကုန်ရောက်ကတည်းက မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပြီး မြန်မာနိုင်ငံသားကဒ်ပြားကိုင်ဆောင်ထားသော ကျနော်တို့မှာ
လစဉ်ဧည့်စာရင်းတိုင်ကြရသည်။ဧည့်စာရင်းတိုင်တိုင်းလည်း ၅၀ ပေးရသည်မှာ ၁ နှစ်ပင်ကျော်နေပါပြီ။
ဒီလတော့ အလုပ်ရှုပ်နေတာရော ပြီးတော့သတိမထားမိသဖြင့် ဧည့်စာရင်းတိုင်ဖို့ မေ့နေခဲ့ကြသည်။အဲဒါကြောင့်လဲ
ဥက္ကဌက ခေါ်ခြင်းဖြစ်ပေလိမ့်မည်။
ကျနော်တို့ သူငယ်ချင်း၅ယောက် ဥက္ကဌရုံးခန်းသို့ဝင်သွားသည်။ရောက်ရောက်ချင်းပဲ ဥက္ကဌက
နေစမ်းပါဦး.မင်းတို့က ဧည့်စာရင်းမတိုင်ဘာမတိုင်နဲ့ ဘာအချိုးချိုးတာလဲ။
မင်းတို့ တရားဝင်နေတာရော ဟုတ်ရဲ့လား။ပြောကြစမ်းပါဦး..။တရားမဝင် အလုပ်တွေများ လုပ်နေကြသလား။
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ဥက္ကဌကြီး၏ စကားလုံးတွေက ဆိုးရွားကြမ်းတမ်းလွန်းလှပေသည်။
အိမ်ကရော ဂရမ်ရောရှိလား....ဂရမ်ပြစမ်းပါဦး....တဖြည်းဖြည်း စကားတွေက စော်ကားလွန်းလာသည်။
ကျနော်သူငယ်ချင်း စိုးလင်းက ကျနော်တို့ထဲမှာ စိတ်အဆတ်ဆုံးဖြစ်သည်။မဟုတ်မခံစိတ်လည်းရှိ၏။
ဥက္ကဌကြီးဒီလိုတော့ တူသားချင်းမစာမနာ မပြောသင့်ပါဘူး။
ကျနော်တို့လည်းပညာတတ်တွေပါ။ကောင်းကောင်းမွန်မွန်လုပ်စားနေတဲ့ လူငယ်တွေပါဗျ။
ဒီရပ်ကွက်မှာနေတာလဲ နှစ်ပေါက်နေပါပြီ။
ကျနော်တော်တို့သတင်းဘာမကောင်းတာကြားမိပါသလဲ။
အိမ်ကတော့ ကျနော်တို့သူဌေးပိုင်တယ်
ဥက္ကဌကြီးမယုံရင် ကျနော်တို့သူဌေးကိုကြိုက်တဲ့အချိန်ဖုန်းဆက်မေးနိုင်ပါတယ်။
စာရိတ္တကိုအစော်ကားခံရခြင်း၊ရိုးသားမှုကို ထိခိုက်ခြင်းတို့ကြောင့်
စိုးလင်း၏အသံတွင် ဒေါသအရိပ်တွေပါသွားသည်။
ဟ...မင်းလူကြီးကိုလူကြီးမှန်းမသိ မိုက်ရိုင်းလှချည်လား..ကဲကွာ ဒီလောက်မိုက်ရိုင်းတဲ့ကောင်...
ဘုန်း..ဥက္ကဌကစိုးလင်း မျက်နှာတည့်တည့် လက်သီးနဲ့ပစ်ထိုးလိုက်၏။
ကျနော့်သူငယ်ချင်းကိုထိတော့ ကျနော်လည်းမခံနိုင်ပေ။
ရှေ့ကခုန်ကိုကျော်ပြီး ဥက္ကဌကို အားကုန်ထိုးလိုက်မိတော့သည်။
ဟေ့ကောင်တွေလာကြစမ်း ဒီကောင်ကို ဆုံးမကြစမ်း..ဥက္ကဌရဲ့ လူတွေ အယောက် ၂၀ လောက်အခန်းထဲဝင်လာကြသည်။
ပြီးတော့ကျနော်နှင့် သူငယ်ချင်း၂ယောက်ကို ဝိုင်းထိုးကြပါတော့သည်။
ကျနော်တို့လည်း အစွမ်းကုန်ပြန်လည်ခုခံကြသည်။သို့သော် အင်အားမမျှပေ။
ကျတဲ့သူငယ်ချင်း၂ယောက်ကဝင်မထိုးရဲကြ ထိုင်ကန်တော့ပြီးတောင်းပန်နေကြသည်။
ကျနော်စိတ်ထဲ ဝမ်းနည်းမိသည ..နာကြည်းမိသည်။သူငယ်ချင်းတွေ ဆိုးတူကောင်းဖက် ဖြစ်သင့်သည်ဟုထင်သည်။
နောက်ဆုံး ကျနော်တို့၃ယောက်ကို ကုလားထိုင်ပေါ်တွင် လက်ပြန်ကြိုးတုတ်ပြီး ပယ်ပယ်နယ်နယ် ထိုးကြပါတော့သည်။
မလောက်လေးမလောက်စားလေးတွေနဲ့ မင်းတို့ကဘယ်လောက် မိုက်လို့လဲ..ဟား..ဟား..ဟား.....
ဘုန်း..ဘုန်း..ဘုန်း....ကဲကွာ..ဘုန်း..ဘုန်း...
လက်သီးတွေ တလုံးပြီးတလုံး ဝင်လာာကသည်..နာကြင်မှုက အသည်းခိုက်အောင် ပြင်းထန်လှသည်..
လာသမျှလက်သီးတွေကိုခေါင်းနဲ့ ထိုးခံနေရင်းကပင်...နားရွက်တွေလည်း
ကြေနေလေပြီ..လက်သီးတွေကလွဲ၍ ကျနော်ဘာကိုမှမမြင်ရတော့ ...ပါးစပ်ထဲမှ
သွေးတွေ ထွက်လာသည်။ခန္ဓာကိုယ်ကနာကြင်နေသလို စိတ်ကလည်း
နာကြည်းမိပါသည်။
ကဲ..ကဲ..ဟေ့ကောင်တွေတော်လောက်ပါပြီကွာ..ရဲကိုဖုန်းဆက်ခေါ်လိုက်တော့ဟေ့...ဒီကောင်တွေကို
တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ တရားစွဲရမယ်...ခဏကြာတော့ ရဲကားတစ်စီးနဲ့ ရဲတွေရောက်လာကြသည်။
ဥက္က္ကဌကြီး ဘယ်လိုဖြစ်တာလဲဗျ။
ဒုအုပ်ကြီးရာ မပြောချင်ပါဘူး..ဒီကောင်တွေပေါ့တော်တော်ရိုင်းတဲ့ကောင်တွေ...စခန်းရောက်မှအေးအေးဆေးဆေး
ရှင်းပြမယ်ဗျာ..လာသွားကြစို့...
ကားနဲ့ကျနော်တို့ရဲစခန်းပါသွားကြသည်။
ကဲဒီကောင်တွေကို အချုပ်ခန်းထဲ ထည့်လိုက်ကြဟေ့...ဟုတ်ကဲ့ဆရာ...
တသက်နဲ့တကိုယ် တခါမှမရောက်ခဲ့ဘူးတဲ့ အချုပ်ခန်းထဲ ကျနော်တို့ကို ထည့်လိုက်ကြသည်။
လူမိုက်လေးတွေလားဟေ့..လာစမ်းကွာ မိုက်မမိုက် စမ်းကြည့်၇အောင်..ဘုန်း..ဘုန်း...
ကျနော်ခွေခနဲ လဲကျသွားသည်။မှတ်ထားတန်းစီး ဗမောင်ဆိုတာငါပဲ မင်းတို့ခေါင်းထောင်ရဲရင် ထောင်ကြည့် ငါ့အကြောင်းသိသွားမယ်...
တကိုယ်လုံးထုံနေပြီ အသည်းခိုက်အောင် နာာကင်မှုကြားမှာ အဖေနဲ့မေကို သတိရသည်.သူတို့သာ ကျနော်ကို
ခုချိန်မြင်ရရင်ဘယ်လောက်ဝမ်းလိုက်မလဲ..အမေတို့ရယ်......သားကိုခွင့်လွှတ်ပါ..သားမဟုတ်တာဘာမှု
မလုပ်ခဲ့ပါဘူးအမေ။
တန်းဆီးဆိုသူက ခေါင်းထောင်လျှင်ခေါင်းကိုထိုးသည် လှုပလျှင်
တင်ပါးကိုဖနောင့်နှင့်ပေါက်သည်။ဒဏ်ရာတွေနဲ့ နာကြင်နေသည့်ကြားက ကျနော်
တညလုံးအချုပ်ခန်းထဲမှောက် အိပ်ခဲ့ရသည်။ဒဏ်ရာတွေကတစစ်စစ်...
နောက်နေ့ကျရင်တော့ သူငယ်ချင်းတွေလာမှာပဲဆိုပြီး မျှော်လင့်ထားခဲ့ပေမယ့် ကျနော်အရမ်းချစ်တဲ့
သူငယ်ချင်းတွေတယောက်မှ ရောက်မလာခဲ့ကြပေ။နေစိမ့်နိုင်လွန်းကြရဲ့..။ရပ်ကွဲထဲက ကျနော်နဲ့မျက်မှန်း
တန်းမိနေသည့်ကောင်းလေးတယောက်သာ မမျှော်လင့်ဘဲရောက်လာခဲ့သည်။
အကိုရာမျက်နှာတခုလုံးဒဏ်ရာတွေနဲ့ပါလားဗျာ ကျနော်စတ်မကောင်းဘူး
အကိုလို သဘောကောင်းအေးတဲ့သူကိုမှဗျာ..ဒါနဲ့ အကိုသူခယ်ချင်းတွေေ၇ာမမြင်ပါလား..
တယောက်မှ မလာာကဘူးကွာ....ဟာ..အဲဒါသူငယ်ချင်းလားဗျာ..
ဘယ်တတ်နိုင်မလဲညီလေးရာကံပေါ့..ခုလိုလာတာကျေးဇူးကွာ..အကိုအဒေါ်တယောက် မြေနီကုန်းမှာရှိတယ်ဖုန်းဆက်
ပေးပါကွာ..အသိမပေးလို့မဖြစ်တော့ဘူး။ကောင်လေးကျေးဇူးကြောင့် အဒေါ်ချက်ချင်းရောက်လာသည်။
နိုင်မင်း..ငါ့တူလေးရယ်ဖြစ်မှဖြစ်ရလေကွယ်..မျက်နှာတခုလုံးလဲရစရာမရှိပါလား..ဘယ်လိုဖြစ်တာလဲကွယ်..
ဒေါ်လေးနောက်မှရှင်းပြမယ်ခုကျနော်ဗိုက်ဆာနေပြီ..နားလည်းနားချင်နေပြီဗျာ..။သြော်အေးအေး..
မင်းအမေတို့သိရင်တော့ကွယ်..ဒေါ်လေးရယ် အမေတို့ကို အကြောင်းမကြားပါနဲ့နော်...
အဒေါ်က ကျနော်တို့သူငယ်ချင်း၃ ယောက်ကို၁ယောက် ၃၀၀၀၀ နဲ့အာမခံပြီးထုပ်းခဲ့ရသည်။ ကိစ္စကတော့မပြီးသေး
အမှုရင်ဆိုင်ရဦးမည်။တရားရုံးရောက်တော့ တရားသူကြီးက ဦး..၏သား တရားခံ မောင်နိုင်မင်းဆိုပြီးခေါ်လိုက်တဲ့အသံ
ကျနော့်နားထဲ သံရည်ပူနဲ့လောင်းထည့်လိုက်သလိုခံစားရသည်။သာမာန်ဝန်ထမ်းလေးဘဝနဲ့ တသက်လုံးရိုးသားစွာ
နေခဲ့တဲ့ကျနော်အဖေကို စိတ်ထဲမှာမြင်ယောင်လာရင် ယူကြုံးမရဝမ်းနည်းရသည်။အသည်းထဲထိတဆတ်ဆတ်
တုံအောင် နာကြင်လွန်းလှရဲ့..။ခွင့်လွှတ်ပါအဖေရယ် သားဘာမကောင်းမှုဒုစရိုက်မှ မလုပ်ခဲ့ပါဘူး..သက်သက်
အနိုင်ကျင့်တာကို မခံနိုင်လွန်းလို့ပါ အဖေရယ်......
ထပ်ပြီးရင်နာစရာကောင်းလွန်းတာက အမှုရင်ဆိုင်တဲ့အထိအောင် ကျနော်နဲ့ တအိမ်ထဲနေခဲ့တဲ့သူငယ်ချင်းတွေ
တယောက်မှယောက်မလာကြပေ။နောက်ဒီလိုမဖြစ်စေရပါဘူးဆိုပြီး ခံဝန်လက်မှတ်ထိုးပြီး အမှုပြီးသွားသည်။
ရပ်ကွက်နဲ့သူငယ်ချင်းတွေကိုစိတ်နာသည်။အလုပ်ကိုလဲ တခါတည်းထွက်ပြစ်လိုက်သည်။အဲဒီရပ်ကွက်ကိုလည်း
မသွားတော့ သူငယ်ချင်းတွေကိုလည်း အဆက်အသွယ် ဖြတ်ခဲ့လိုက်သည်။
သေသေချာချာ စဉ်းစားကြည့်တော့ ဒေါသတွေ၊ဆင်ချင်ဥာဏ်မဲ့မှုတွေ၊သဘောထားသေးသိမ်မှုတွေ၊
ကိုယ်ချင်းစာတရားခေါင်းပါးမှုတွေ၊ဆိုးတူကောင်းဖက် သူငယ်ချင်စိတ်မရှိမှုတွေ..အဲဒါတွေနဲ့ အားလုံး
မှားခဲ့ကြပါသည်။ဥက္ကဌအနေနဲ့ ကိုယ့်တူသားအရွယ်လူငယ်လေးတွေကို ကြင်ကြင်နာနာ ချိုချိုသာသာ ပြောဆိုခဲ့ရင်၊
ဒေါသရှေ့ထားပြီးကိုယ်ထိလက်ရောက် မကျူးလွန်ခဲ့ရင်၊ကျနော်တို့ကလည်း သည်းခံပြီးလူကြီးသူမကိုရိုရိုသေသေ
ဆက်ဆံခဲ့ရင်၊လူကြီးရဲ့အမှားကို အမှားနဲ့လက်တုန့်မပြန်ခဲ့ရင်၊သူငယ်ချင်းတွေကလည်း ညီအကိုစိတ်ဓာတ်နဲ့
တယောက်ကိုတယောက် ကူညီဖေးမခဲ့ကြရင်ခုလို ရင်နာစရာ၊နာကြည်းစရာ နေ့စွဲ တစ်ခုဟာ ကျနော်ဘဝရဲ့စာရွက်
ပေါ်မှာ စွန်းထင်းပေကျံခဲ့မှာ မဟုတ်ပါဘူး..။
ကြာခဲ့ပြီ......ခုတော့ စိတ်နာတာတွေ၊နာကြည်းတာတွေဟာ ရင်ထဲမှာ ဘာမှမရှိတော့။
ုကျောင်းပြီးစ ၂၀ စွန်းစွန်း လူငယ်လေးလဲ မဟုတ်တော့..။အလုပ်အမျိုးမျိုးနဲ့ ပြည်ပနိုင်ငံ ၂ ခုကိုလည်း
ကျင်လည်ခဲ့ပြီးပြီးမို့ ရင့်ကျတ်သင့်သလောက်ရင့်ကျတ်ခဲ့ပြီ...
အရေးကြီးတာကတော့ စိတ်ထားကလေးတွေပါပဲ..တယောက်နဲ့တယောက်နားလည်ပေးပြီး စိတ်ထား
ကောင်းကောင်းလေးတွေထားကြရင် လူ့အသိုင်းအဝိုင်းကြီးမှာ ပြဿနာတွေ မရှိသလောက်နည်းပါးသွားမှာပဲလို့
တွေးမိသည်။လူတိုင်းဟာအမှားနဲ့မကင်းနိုင်ကြဘူးဆိုရင်တောင် အမှာနည်းနိုင်သမျှနည်းအောင်နေထိုင်ကြဖို့
ပါလိုသည်။ကိုယ်ပြောမဲ့စကားတစ်ခွန်း၊ကိုယ်လုပ်မယ့် အလုပ်တခု အပြစ်ကင်းအောင်၊အကြိုးရှိအောင် ကျင့်ကြံ
ရမည်။တွေးတောကြရမည်။ဘာလုပလုပ် ကောင်းတဲ့အကျိုးရှိပါစေ...။
လူ့ဘဝသည် အခိုက်အတန့်လေးတွေနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပေသည်။ခွင့်လွှတ်မှု ကိုယ်ချင်းစာမှုတွေနဲ့
အယောက်ခွက်ကိုတယောက် ဖြည့်စွက်ရပေမည်။

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

မိုးရေနဲ့စွတ်စိုနေတဲ့အလွမ်း


ညနေရီသည် ပုဇွန်ဆီရောင် တိမ်တိုက်လေးတွေနဲ့ ဆွတ်ပြန့်စွာ လှပနေပါသည်။
ဒါပေမယ့် ကံဆိုးစွာ လေပြင်းတွေ ကျလာခဲ့သည်။ကြည်နူးစိတ်ကလေးတွေ
ဘယ်ရောက်သွားမှန်းမသိ...
တောင်ဘက်ဆီမှ မိုးသားမည်းမည်း တလိမ့်လိမ့် တက်လာလေပြီ။
ကျနော် ကတ္တရာလမ်းကလေးပေါ် တယောက်ထဲ လျှောက်နေ၇င်း သူမကို သတိရမိသည်။
သြော်..ခုချိန်ဆို သူမလေး ဘာတွေများလုပ်နေမည်လဲ....ကျနော်အကြောင်းတွေတွေးနေမလား...
မိုးသားတွေလဲ ကောင်းကင်နဲ့ အပြည့်
လောကသည် ချက်ချင်း အမှောင်တိကျလာသည်။မိုးရွာတော့မည်ထင့်..
ကျနော့် အတွေး မဆုံးလိုက်ပါ။မိုးရေစက်တွေ ကျနော်ကိုယ်ပေါ် အငြိုးတကြီး ခုန်ချလာကြသည်...
ကဗျာဆန်ဆန်ပြောရရင်တော့ ၀မ်းနည်းနေတဲ့ ကောင်းကင်ကြီးအောက် အလွမ်းကြောင့် ၀မ်းနည်းနေတဲ့
လူငယ်လေးတယောက် အထီးကျန်စွာ လျှောက်လှမ်းနေသည်ပေါ့........
ဒီလို မိုးတွေသည်းတဲ့နေ့တွေတိုင်းမှာ တစုံတခုကို
ကျနော်အမြဲလွမ်းနေတတ်ပါသည်...မိုးသည်းသည်းထဲမှာ
ကျနော်ဆိုတဲ့ကောင်ဆိုးလေးဟာ မေ့မေ့အိမ်က ထွက်ပြေခဲ့ဖူးသည်...မိုးစက်တွေထဲမှာဘောလုံး ကန်ခဲ့ဖူးသည်
မိုးရေတွေထဲမှာ ချစ်သူနဲ့ပျော်ရွှင်စွာ လျှောက်လည်ခဲ့ကြဖူးသည်..ကျနော်တို့နှစ်ယောက်
ဝေးခဲ့ကြတော့လည်း
မိုးထဲရေထဲမှာပဲလေ....
တကိုယ်လုံးမိုးရေတွေ ရွှဲရွှဲစိုနေပါပြီ....ဒီလိုမိုးရေတွေနဲ့ရွှဲရွှဲစိုနေတဲ့ နေ့လေးတနေ့မှာပဲ
ကျနော်နဲ့သူမလေးတို့
ခွဲခွာခဲ့ကြသည်။မှန်တာပြော အလိုရှိရာ ပြည့်စုံရပါစေ ခုလိုမိုးရွာထဲမှာ ကျနော့်ချစ်သူကို ကျနော် လွမ်းနေပါသည်။
လွမ်းတယ်ချစ်သူရယ်...အလွမ်းတွေ ရင်ဘတ်ကြီးနဲ့ အပြည့်....ပြည့်နိုင်ခဲတဲ့ တောင်းဆုတွေကြား
ငါရင်မောရပါလား ချစ်သူလေးရယ်...


လင်းနေ နင်ငါ့ကို တကယ်ခွဲသွားရက်တယ်ပေါ့နော်..
ငါ့ကိုမထားခဲ့ပါနဲ့ လင်းနေရယ်..ငါလဲနင်သွားတဲ့ဆီလိုက်ချင်တယ်..
ကလေးတစ်ယောက်လို ပူဆာနေတဲ့ ချစ်သူလေး..နှုတ်ခမ်းလေးတွေက မိုးရေနဲ့ စိုလက်လို့..
မျက်ဝန်းတွေမှာလည်း မျက်ရည်တွေ အပြည့်...ဘယ်လိုပဲကြည့်ကြည့် လှရက်လွန်းတဲ့ ချစ်သူလေးရယ်
ငါဘယ်လိုနှလုံးသားနဲ့ ထားခဲ့ရမလဲ....
နှုတ်ခမ်းလေးကို ကိုက်ထားတဲ့ သွားစွယ်ဖွေးဖွေးလေးတွေက ကျနော့်နှလုံးသားကို ကိုက်ခြွေနေသလိုပါပဲ
ရင်ထဲမှာတစစ်စစ် ခံရခက်လွန်းလှသည်။
ငါလဲဘယ်ခွဲချင်ပါ့မလဲ ယုယရယ်..
နင်ကိုခွဲပြီး အဝေးကြီးကိုထွက်သွားမယ်လို့ တခါမှ မတွေးခဲ့ဖူးကွာ
ဒါပေမယ့် အခြေအနေတွေက ဒီလိုဖြစ်လာတယ်လေ....
ငါကအိမ်မှာ သားကြီးလေ ငါ့မှာ တာဝန်တွေ အများကြီးရှိသေးတယ်..ကျောင်းလဲပြီးပြီဆိုတော့ မိဘကိုလုပ်ကျွေး
ရဦးမယ်...မျက်ရည်တွေနဲ့ ရှိုက်ငိုနေရင်း သူမ နားထောင်နေရှာသည်။
ညီလေးညီမလေးတွေကိုလဲ ထောက်ပံ့ပေးရဦးမယ်လေ..ပြီးတော့ နင်နဲ့ငါ တို့နှစ်ယောက်ရဲ့ အနာဂတ်
အားလုံးအတွက် ငါငွေတွေ အများကြီးရှာရဦးမယ်..လက်ထပ်ပြီးရင်လည်း နင့်ကို
တင့်တောင်းတင့်တယ်
ထားချင်တယ်..
လင်းနေရယ် ငါနင်ပင်ပန်းဆင်းရဲမှာကို မကြည့်ရက်ဘူး..ပြီးတော့.ငါနင့်ကို အရမ်းချစ်တာပဲသိတယ်..ဟင့်..ဟင့်..
ချစ်သူက သနားစဖွယ်ငိုနေတော့လည်း နှလုံးသားတွေက မခိုင်ချင်...
ငါ့မိဘတွေက ဆင်းရဲတယ်လေ..ဒီမှာစီးပွားရေးလုပ်ဖို့ ဆိုတာ အရင်းအနှီးလိုတယ်..
ငါမှာက ရှိစုမက်စု မေမေတို့ အပင်ပန်းခံကျောင်းထားခဲ့လို့ ဘွဲ့လေးတစ်ခုပဲရှိတယ်လေ
ငါတို့နှစ်ယောက်ခုလက်ထပ်လိုက်လို့ နင်နဲ့ ငါ့မိဘတွေကိုစိတ်မဆင်းရဲစေချင်ဘူး ညီညီမတွေကိုလဲ
မျက်နှာ မငယ်စေချင်ဘူး...ချစ်သူနဲ့လက်မထပ်ချင်တဲ့သူ ဟောဒီကမ္ဘာကြီးမှာ
ဘယ်သူရှိမလဲကွာ...
ငါ့ကိုနားလည်ပါ ယုယရယ်...ငါနင့်ကို အသည်းပေါက်မတတ် ချစ်ပါတယ်...
ငါနားလည်ပါတယ်...ဒါပေမယ့် ခုလိုတကယ် ထားသွားတော့မယ်ဆိုတော့....ဟင့်..ဟင့်
ဘယ်လိုနေရမလဲမသိတော့ဘူး...
နှုတ်ခမ်းလေးတွေတဆတ်ဆတ်တုန်ပြီး ရှိုက်ကြီးတငင်ငိုနေပုံလေးက
သွားရမဲ့ခြေလှမ်းတွေကို
လေးကန်စေပါသည်...
ယုယမှာ မိဘတွေကလွဲရင် တွယ်တာစရာ အားကိုးစရာဆိုလို့ လင်းနေတစ်ယောက်ထဲပဲ
ရှိတာပါ..
ယုယ တကယ် မခံစားနိုင်ဘူး လင်းနေရယ်..
သြော် ယုယရယ်....ချစ်သူလေးကို ၇င်ခွင်ထဲ
မှာဆွဲသွင်းထားမိသည်....နဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်စလေးတွေ
ကိုဖယ်ပြီး ဖွဖွကလေးနမ်းမိသည်..နောက်ဆိုဒီနဖူးပြင်လေးနဲ့
ဘယ်ကာလထိဝေးနေရဦးမလဲ...
ဝေးနေရတယ်ဆိုပေမယ့် အင်တာနက်မှာတွေ့လို့ရတာပဲလေ..ပြီးတော့ငါလည်း
ခဏခဏဖုန်းဆက်မယ်လေ..
ငါနင့်ကို အမြဲချစ်နေ လွမ်းနေမှာပါ....င့ါကိုစိတ်ချပါ ယုယရယ်..ငါလဲ
စိတ်ချမယ်နော်...အစစအရာရာ
ဂရုစိုက်ပါကွာ...

ချစ်သူ၏မျက်နှာသည် ကျမအတွက်တော့
လပြည့်ဝန်းကြီးပါပဲ...သားလိမ္မာလေး၊အားကိုးလောက်တဲ့ အကိုကြီး၊
တာဝန်ကျေတဲ့ ချစ်သူတစ်ယောက်....ချစ်သူရဲ့ မြင့်မြတ်ဖြူစင်တဲ့
စိတ်ထားလေးတွေကြောင့် ချစ်သူကို ပိုပြီးချစ်ရပါ
သည်...တကယ်ခွဲရတော့မယ်ဆိုတော့ မခံစားနိုင်ဘူး...
နင်က ယောက်ျားလေးမို့ ဟန်ဆောင်မြိုသိပ်
နိုင်ပေမယ့်...ငါကတော့မိန်းကလေးဆိုတော့ မငိုဘဲမနေနိုင်ဘူး..
ခရီးသွားရမယ့်ချစ်သူတစ်ယောက်ကို နောက်ဆန်တင်းအောင် မလုပ်ချင်ပါဘူး
လင်းနေရယ်..
လင်းနေရယ် နင့်ရဲ့ရင်ခွင်ကျယ်ကြီးထဲမှာ နေခွင့်မရှိတော့ဖူးနော်....ငါလေ
နင့်ရင်ခွင်ထဲမှာနေရရင်
အရာရာအားလုံး လုံခြုံသွားတယ်လို့ခံစားရတယ်...
နင်ကဟိုမှာ အပေါင်းအသင်းတွေပေါပါတယ်..ဟိုရောက်ရင် နင်
ငါ့ကိုမေ့သွားမှာပါ...ငါမှာက အပေါင်းအသင်းလည်း
မရှိ..ဒီမှာတယောက်ထဲကျန်ခဲ့မှာ..ဟိုရောက်ရင် ငါကိုမေ့မသွားပါနဲ့နော်...
မသွားပါနဲ့လား လင်းနေရယ်..ဟင့်......ဟင့်...
ယုယရယ် ချစ်သူလေးရယ် ...
ကိုယ်တိုင်ခက်ခဲစွာ ဟန်ဆောင်မြိုသိပ်နေရသူမို့.ချစ်သူကိုနှစ်သိမ့်ဖို့
စကားလုံးတွေပျောက်ဆုံးနေသည်။
နာရီကြည့်လိုက်တော့ ၃နာရီထိုးဖို့ ၅မိနစ်သာ လိုတော့သည်။
လေယာဉ်ကလဲ ထွက်တော့မယ့်အကြောင်းကြေငြာနေလေပြီ..
ကဲယုယ လေယဉ်ထွက်တော့မယ်....ငါသွားတော့မယ်ဟာ...ဟိုရောက်ရောက်ချင်း
ဖုန်းဆက်လိုက်မယ်..
ဘုရားကိုလည်းတပတ်တခါ သွားဖို့ မမေ့နဲ့နော်......

မိုးတွေက တဖွဲဖွဲ ကျနေသည်...ဒါပေမယ့်ရင်ထဲကရွာတဲ့မိုးက ပိုသည်းပါသည်...
မျက်ရည်အ၀ိုင်းသားနဲ့ လက်ပြကျန်ရစ်ခဲ့တဲ့ ချစ်သူလေး ရေ...
ငါ့ရင်ထဲမှာ မကောင်းလိုက်တာကွာ..လေယဉ်ရဲ့ ၀မ်းဗိုက်ထဲရောက်တဲ့အထိ
မျက်ရေတွေနဲ့ လက်ဝေနေတဲ့
ချစ်သူမျက်နှာလှလှက ကျနော့်နှလုံးသားမှာ ကပ်ပါလာသည်....
ဘယ်အထိလည်း..ဘယ်လောက်ကြာမှာလည်း...ကြိုမသိနိုင်တဲ့ ကံကြမ္မာဆီသို့
လေယာဉ်ကငြိမ့်ခနဲ
ထိုးတက်သွားသည်..ရွှေရောင်တ၀င်းဝင်းနဲ့
ရွှေတိဂုံစေတီ၊ပင်လယ်ပြာပြာ.....လှပသာယာတဲ့ အမိမြေ
နဲ့အတူ ချစ်သူကို ထားခဲ့ရတဲ့ လူငယ်လေးတစ်ယောက်ဟာ....ခုတော့
တိမ်တိုက်တွေကြားမှာ ချစ်သူ
အရိပ်ကိုရှာဖွေနေလေရဲ့...

သြော်...ချစ်သူရယ်...ငါတို့နီးကြရမယ့်ရက်တွေ
ရောက်တော့မှာပါ....ယောက်ျားလေးတစ်ယောက်အနေနဲ့
ပွင့်လင်းစွာ ငိုကြွေးခွင့် မရှိခဲ့တဲ့ မျက်ရည်တွေ မိုးနဲ့အတူ မျှောချရင်း
..
အလွမ်းတွေလေ..မျက်ရည်တွေနဲ့ စိုစွတ်လို့.....

ရွှင်လန်းချမ်းမြေ့ပါစေ
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)