Friday, October 1, 2010

ဓား




















သံချေးတွေအထပ်ထပ်နဲ့
နံရံကြား
ထိုးထည့်ထားခဲ့တဲ့ဓား
တစ်သက်လုံးခုတ်ခဲ့သမျှ
ယာတစ်ကွက်တောင်မှ
ဟုတ်တိပတ်တိ
ပိုင်ဆိုင်ခွင့်မရခဲ့ဘူး
ထက်မြက်မှာကြောက်လို့
ကိုယ့်ကိုယ်ကို သွေးတတ်အောင်
မသင်ခဲ့တာ မဟုတ်ဘူး
ထက်မြက်ချင်လွန်းလို့
သွေးရင်း ကိုယ့်အသွားနဲ့ကိုယ်ပြန်ရှရင်း
ဘ၀တလျှောက်လုံး
လုံးပါးပါးခဲ့ရတဲ့ကောင်ပါ
ဓားရိုးတွေက ငါ့ကိုဝါးမြိုလို့
ဓားအိမ်တွေက ငါ့ကိုဆာလောင်နေကြရဲ့
တုတ်ထိုးဆိုင်က ဓားလောက်တောင်မှ
ဓားအရာ မ၀င်ခဲ့တဲ့ကောင်လေ
ဒါပေမယ့်..
ငါကလည်း သံနဲ့ကိုယ် အသွားနဲ့ကိုယ်ပဲ
ပေနဲ့တူကြား တထွင်ထွင် အထုခံရင်း
ပန်းပဲဆရာလက်ထဲမှာ
မာကြောအောင်ကြိုးစားခဲ့ရတဲ့ကောင်ပါ
နပိုလီယံလက်ထဲရောက်ခဲ့ရင်တော့
ကမ္ဘာကျော်နိုင်ကောင်းရဲ့
ခုတော့...ထားလိုက်ပါလေ
လူ့ပေါက်ပန်းတွေ
ဝိုင်းကြည့်နေကြမှာ မသတီလွန်းလို့
ပြတိုက်ထဲက မီထွန်းအပြခံရတဲ့
သမိုင်းဝင်ဓားတစ်လက်ရဲ့ ဘ၀ကိုလည်း
အားမကျချင်တော့ဘူး
ဓားဖြစ်မှတော့ အသွားရှိနေသမျှ
တစ်စုံတစ်ခုကိုတော့ ထိရှချင်သေးသတဲ့
အမှတ်မရှိတဲ့ အဲဒီဓားဟာလေ
သုံးစားလို့မရအောင်တုံးနေတာတောင်မှ
ဖြစ်နိုင်ရင် ဟင်းရွက်ကန်စွန်းလှီးတဲ့
ဓားလောက်တော့
အသုံးကျချင်သေးသတဲ့....

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment