Sunday, December 8, 2013

...တိတ်တခိုး....



ချစ်သူရယ်...

.ငါ....

လွမ်းလိုက်တာ...

နင်ဘယ်သိမှာလဲ

တိုးတိတ်လွန်းတဲ့

ငါ့ ရင်ခုန်သံကို....။

ဒါပေမယ့်

ငါ.......

တိုးတိုးလေးပဲ

ချစ်နေမိတယ်....။

အဲဒါကိုက

ငါအတွက်

အရမ်းပြည့်စုံနေပါပြီကွယ်....။

တကယ်တော့

အချစ်ဆိုတာ

ဖွင့်ဟ ၀န်ခံပေးရမယ့်

ရာဇ၀တ်မှုတစ်ခုမှ

မဟုတ်ဘဲကွယ်.....။

Friday, November 29, 2013

အချိန်လေးနည်းနည်းပေးပါ


(10 မိနစ်လောက်ပဲ ပေးပီး ဖတ်ပေးပါနော်....)

အိမ်ထောင်သက် (၂၁)နှစ်အကြာမှာ ကျွန်တော့်မိန်းမက ကျွန်တော့်ကို
အမျိုးသမီးတစ်ယောက်နဲ့ ညစာအတူ ထွက်စားပြီး ရုပ်ရှင်အတူတူ
ကြည့်စေချင်ကြောင်း ပြောလာပါတယ်။ ကျွန်တော့်မိန်းမက ပြောပါတယ်။
သူကျွန်တော့်ကို ချစ်တယ်တဲ့။ ဒါပေမယ့် အဲဒီအမျိုးသမီးလည်း ကျွန်တော့်ကို
သိပ်ချစ်ပြီး ကျွန်တော်နဲ့ အတူတူ ရှိနေချင်တာ သူသိတယ်တဲ့။

ကျွန်တော့်မိန်းမပြောနေတဲ့ အမျိုးသမီးဆိုတာ မုဆိုးမအဖြစ်
ဘ၀ကိုဖြတ်သန်းနေတာ (၁၉)နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော့်အမေပါ။ ကျွန်တော့်ရဲ့
အလုပ်တွေနဲ့ သားသမီး(၃)ယောက်အတွက် တာဝန်တွေကြောင့် အမေ့ဆီကို
အကြောင်းထူးရှိတဲ့ တခါတရံကလွဲလို့ သိပ်မရောက်ဖြစ်ပါဘူး။

အဲဒီညကတော့ အမေ့ကိုဖုန်းဆက်ပြီး ကျွန်တော်နဲ့အတူ ညစာထွက်စားပြီး
ရုပ်ရှင်ကြည့်ဖို့ ပြောလိုက်ပါတယ်။

"သား... နေရောကောင်းရဲ့လား။ ဘာများဖြစ်နေလဲ?"

အမေဟာ ညည့်နက်မှဖုန်းလာရင်၊ ဆိုင်းမဆင့်ဗုံမဆင့် အပြင်ထွက်စားဖို့ခေါ်ရင်
သတင်းဆိုးတွေများ ရှိလို့လားလို့ သံသယ၀င်တတ်တဲ့သူပါ။

"မဟုတ်ပါဘူး အမေရယ်။ အမေနဲ့ အေးအေးဆေးဆေးတွေ့ပြီး စကားလေးဘာလေး
ပြောချင်လို့ပါ။ ကျွန်တော်နဲ့ အမေနဲ့ နှစ်ယောက်ထဲလေ"
အမေက စဉ်းစားသလို ခဏငြိမ်သွားပြီးမှ "အရမ်းကောင်းတာပေါ့ သားရယ်" လို့
ပြန်ပြောပါတယ်။

အဲဒီအပတ် သောကြာနေ့မှာ ရုံးဆင်းတာနဲ့ အမေ့ကိုကားနဲ့ သွားကြိုပါတယ်။
ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလှုပ်ရှားနေမိတယ်။ အမေ့အိမ်ကို
ရောက်တဲ့အခါမှာ အမေလည်း ကျွန်တော့်လိုပဲ စိတ်လှုပ်ရှားပျော်ရွှင်နေတာ
တွေ့ရပါတယ်။ အမေက ကုတ်အကျီလေးဝတ်ပြီး တံခါးဝမှာ စောင့်နေပါတယ်။
ဆံပင်လေးတွေကို အခွေအလိပ်လေးတွေ လုပ်ထားပြီး အဖေနဲ့နောက်ဆုံးအကြိမ်
မင်္ဂလာနှစ်ပတ်လည် ပွဲတုန်းက ၀တ်ခဲ့တဲ့ အကျီလေးကိုပဲ ၀တ်ထားပါတယ်။
အမေ့မျက်နှာပေါ်က အပြုံးဟာ နတ်သမီးတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါလိုပဲ
လင်းလက်တောက်ပနေပါတယ်။

"အမေ့သူငယ်ချင်းတွေကို ငါ့သားလေးနဲ့ အပြင်ထွက်ပြီး ထမင်းစားမလို့
လို့ပြောလိုက်တော့ သူတို့တွေက အမေ့ကိုအထင်ကြီးနေကြတယ်။ သားနဲ့
ဘယ်တွေသွားတယ် ဘာတွေစားတယ်ဆိုတာ သူတို့ကိုပြန်ပြောပြရဦးမယ်။
သိပ်သိချင်နေကြတယ်..." ကားပေါ်တက်ရင်း အမေကပြောတယ်။

ဆိုင်အကောင်းစားကြီးမဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်နဲ့ နွေးထွေးမှုရှိတဲ့
ဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်တို့သွားလိုက်တယ်။ ထိပ်တန်းအမျိုးသမီးကြီး
တစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့ အမေက ကျွန်တော့်လက်မောင်းကို ကိုင်ထားပါတယ်။
စားပွဲမှာ ထိုင်ပြီးတော့ အစားအသောက်စာရင်းကို ကျွန်တော်က ဖတ်ပြရပါတယ်။
အမေက စာလုံးကြီးကြီးတွေကိုပဲ ဖတ်နိုင်တော့လို့ပါ။ ဖတ်ရင်းတန်းလန်းနဲ့
မော့ကြည့်မိတော့ ကျွန်တော့်ကို ထိုင်ပြီးစိုက်ကြည့်နေတဲ့အမေ့ကိ
တွေ့ရပါတယ်။ အတိတ်ကို သတိရနေတဲ့ အပြုံးလေးနဲ့ အမေကပြောတယ်...

"သားငယ်ငယ်လေးတုန်းကတော့ အစားအသောက်စာရင်းကို ဖတ်ပြတဲ့သူက အမေပေါ့..."
"အခုတော့ အမေအနားယူပြီး ကျွန်တော့်ကို အလှည့်ပေးပေါ့... နော်အမေ..." လို့
ကျွန်တော် ပြန်ပြောလိုက်ပါတယ်။

ညစာစားရင်း ကျွန်တော်တို့နှစ်ယောက် စကားကောင်းကောင်း ပြောဖြစ်ခဲ့ပါတယ်။
ပြောဖြစ်တဲ့ အကြောင်းအရာတွေက ဘာမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး။
အခုလတ်တလော ကိုယ်ဘာတွေလုပ်တယ် ဘာတွေဖြစ်တယ်ဆိုတာကို အပြန်အလှန်
ပြောဖြစ်ကြတာပါ။ စကားပြောတာ ဘယ်လောက်ကြာသွားသလဲဆိုရင် ရုပ်ရှင်တောင်
လွတ်သွားတဲ့အထိပါပဲ။

အမေ့ကို အိမ်ပြန်ပို့တော့ အမေက "အမေတို့ နောက်တစ်ခါလည်း အခုလိုပဲ
အပြင်ထွက်စားကြဦးမယ်လေ။ ဒါပေမယ့် ဒီတစ်ခါတော့ အမေက ကျွေးမှာနော်..."
လို့ပြောလို့ ကျွန်တော် သဘောတူလိုက်ရပါတယ်။

အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော့်မိန်းမက "ညစာထွက်စားတာ ပျော်ခဲ့လား" လို့
အပြုံးနဲ့ မေးပါတယ်။

"အရမ်းပျော်ဖို့ကောင်းတယ်။ ကိုယ်မျှော်လင့်ထားတာထက်တောင်
အများကြီးပိုပြီး ပျော်ဖို့ကောင်းပါတယ်..." လို့ ပြန်ဖြေမိပါတယ်။

ရက်အနည်းငယ်အတွင်းမှာပဲ ရုတ်တရက် ပြင်းထန်တဲ့ နှလုံးရောဂါခံစားရပြီး
အမေဆုံးရှာပါတယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့ အမေ့ကို ကျွန်တော်
ဘာမှတောင် လုပ်မပေးလိုက်နိုင်ပါဘူး။ အမေဆုံးပြီး သိပ်မကြာခင်မှာ
အမေနဲ့ကျွန်တော် သွားခဲ့တဲ့ စားသောက်ဆိုင်က ငွေလက်ခံဖြတ်ပိုင်း
မိတ္တူတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ် ကျွန်တော့်ဆီကို ရောက်လာပါတယ်။
ဖြတ်ပိုင်းမိတ္တူနဲ့အတူ အမေရေးထားတဲ့ စာလေးတစ်စောင်ပါ ပါလာပါတယ်။

"သား... ဒီငွေတောင်းခံလွှာအတွက် အမေကြိုပြီး ပိုက်ဆံပေးခဲ့တယ်...
အဲဒီနေ့မှာ အမေသားတို့နဲ့ အတူရှိနေနိုင်ပါ့မလားဆိုတာတော့
သိပ်မသေချာဘူး... ဘာပဲဖြစ်ဖြစ် အမေလူနှစ်ယောက်စာအတွက် ပိုက်ဆံပေးခဲ့တယ်။

အမေ့သားနဲ့အမေ့ချွေးမ အတွက်ပါ...
သားနဲ့ညစာထွက်စားတဲ့ညဟာ အမေ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိတယ်ဆိုတာ
သားဘယ်တော့မှ သိမှာမဟုတ်ပါဘူး... သားကို အမေသိပ်ချစ်တယ်..."

အမေ့စာကို ဖတ်ပြီးချိန်မှာ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း
အချိန်မီပြောဖို့၊ သူတို့ရသင့်တဲ့ တန်ဖိုးရှိတဲ့
ပျော်ရွှင်စရာအချိန်တွေကို အချိန်မီပေးဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ
ကျွန်တော်နားလည်လိုက်ပါတယ်။

ဘ၀မှာ ဘုရားနဲ့ မိသားစုထက်ပိုပြီး အရေးကြီးတဲ့အရာ မရှိပါဘူး။

တန်ဖိုးရှိတဲ့ ဇာတ်လမ်းလေးမို့လို့ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ အခုလို
မိဝေးဖဝေးနဲ့ တနယ်တကျေးရောက်နေတဲ့အချိန်မှာ လူကြီးမိဘတွေနဲ့ တစ်အိမ်ထဲမှာ
အတူတူနေခွင့် ပြုစုခွင့်ရနေတဲ့သူတွေကို အားကျမိပါတယ်။ ကျွန်မလည်း
မိဘနဲ့အတူတူနေတဲ့ အချိန်တွေတုန်းက (မိဘခိုင်းတာရှိရင်တော့ အကုန်လုံး
လုပ်ပေးခဲ့ပေမယ့်) မိဘနားသိပ်မနေခဲ့ပဲ အချိန်အားရင် ကိုယ်ဘာသာတစ်ယောက်ထဲ
နေတတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မိဘနဲ့နေရတဲ့ အချိန်တွေကို တမက်တမော
ပြန်လိုချင်နေခဲ့ပါပြီ။ ဘ၀မှာ ကိုယ့်ဘာသာရုန်းကန်ရင်း
လူတွေအကြောင်းပိုသိလာတဲ့ အခါကျမှ နောက်ဆုံးကိုယ့်ဘက်မှာ
အမြဲတမ်းရပ်တည်တဲ့ သူတွေဟာ မိသားစုပဲဆိုတာ ပိုပြီးနားလည်လာမိပါတယ်။

မိဘနဲ့ အတူနေနေဆဲဖြစ်တဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း
အလုပ်တွေရှုပ်နေပေမယ့် မိဘအတွက် အချိန်သပ်သပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

မြန်မာစံတော်ချိန်



(ဆောင်းပါးရှင် - သူရိန်လှိုင်ဝင်း)

အချိန်ဖြုန်းတဲ့သူ၊ အချိန်မလေးစားတဲ့သူဟာ သူ့တစ်ယောက်တည်းကိုပဲ ထိခိုက်စေတယ်လို့ ထင်မြင်ယူဆစရာ ရှိတယ်။ ဒါပေမဲ့ လူအများနဲ့ အဖွဲ့အစည်းနဲ့ အလုပ်လုပ်တဲ့ အခါမှာ အချိန်မလေးစား တတ်တဲ့သူတွေ ပါလာခဲ့ရင် သူတို့ဟာ အဖွဲ့အစည်းကိုပါ သူတို့နဲ့ တန်းတူဖြစ်အောင် ဆွဲချတဲ့ အတွက်ကြောင့် အဖွဲ့အစည်း တစ်ခုလုံးပါ နောက်ကျကျန်ရစ် ခဲ့တတ်ပါတယ်။ အချိန်နောက်ကျ တတ်သူကြောင့် အဖွဲ့အစည်းနဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ ကသိကအောက် ဖြစ်ခဲ့ရတာ၊ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတာတွေဟာ မြန်မာနိုင်ငံမှာတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ အရာတစ်ခုပါ။ နိုင်ငံတစ်ခုကိုလည်း အဖွဲ့အစည်း အနေနဲ့ မြင်ကြည့်မယ်ဆိုရင် အချိန်ကို တန်ဖိုးထား လေးစားတတ်တဲ့သူတွေများတဲ့ ဂျပန်၊ စင်ကာပူ အစရှိတဲ့ နိုင်ငံတွေဟာ နိုင်ငံငယ်ပေမဲ့လည်း တိုးတက်ဖွံ့ဖြိုးတယ်။ ဒါပေမဲ့ အချိန်ကို မလေးစားတတ်တဲ့သူ အများစုဖြစ်နေတဲ့ ကျွန်တော်တို့ နိုင်ငံကျတော့ ဒီနေ့ထိ ဆင်းရဲတွင်းကနေ မထွက်နိုင်ဘူး။ တိုင်းပြည်ဖွံ့ဖြိုးရေး တစ်ခုကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေပါတယ်။ အနောက်တိုင်းသား ဆရာသင်တဲ့ သင်တန်းတစ်ခုမှာ ဆရာက သင်တန်းချိန်ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ပါတယ်။ သင်တန်းချိန် အတိအကျ ရောက်ပြီဆိုတာနဲ့ ဘယ်သူ့ကိုမှ မစောင့်ဘဲ သင်လေ့ရှိတယ်။ ဒါပေမဲ့လည်း ဟောရင်းသာ ပျံတော်မူမယ်၊ ဆန်ဖြူဖြူ တစ်ခွက်လောက်မှ ရနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အတိုင်းပဲ သင်တန်းသားတွေကတော့ နောက်ကျမြဲ။ ဆရာ စာသင်နေရင်း Excuse me ဆိုတဲ့ စကားနဲ့ အနှောင့်အယှက် ပေးမြဲပါပဲ။ နောက်တော့ ဆရာက ဘာပြောလဲဆိုတော့ "စိတ်မပူပါနဲ့ ငါမြန်မာနိုင်ငံကို ရောက်တာကြာပြီမို့ ဒါမျိုးတွေ ရိုးနေပါပြီ" တဲ့။ သူ့စိတ်ထဲမှာတော့ မြန်မာလူမျိုးတွေ အားလုံးဟာ အချိန်ကို မလေးစားတတ်တဲ့ သူတွေလို့များ မှတ်ချက်ပေးသွားမလား မသိဘူး။ နိုင်ငံခြားသား တစ်ယောက်က ကိုယ့်နိုင်ငံကို အချိန်မလေးစားကြောင်း ပြောတဲ့စကားကိုပဲ ချီးမွမ်းတဲ့ စကားလိုမျိုး ရယ်မောနေကြသူတွေက ရယ်မောနေလေရဲ့။ ဂုဏ်ယူစရာလို့များသာ ထင်နေရင်တော့ ကျွန်တော်တို့နိုင်ငံ ရေတိမ်နစ်ရချည်ရဲ့။

အညာက အသိုက်အမြုံလေးဆီ



လွမ်းတယ်...
အညာက ဆောင်းရာသီကိုလည်း...

လွမ်းတယ်...
မုန့်ပေါင်းနဲ့ ဘူးသီးကြော်ကိုလည်း...

လွမ်းတယ်....

မလျောက်ဖြစ်တာ ကြာပြီဖြစ်တဲ့
ရွာအ၀င် လမ်းကလေးကိုလည်း...

လွမ်းတယ်...

နှင်းစက် နှင်းမှုံတွေကြားက
စပါးခင်း ဝါဝါတွေလည်း...

လွမ်းတယ်..

ဖုန်တထောင်းထောင်း ထနေတတ်တဲ့
လှည်းလမ်းကြောင်းလေးကိုလည်း..

လွမ်းတယ်...

မူးမြစ်နဲ့ ပဲခင်းတွေဆီ ဖြတ်တိုက်လာတဲ့
စိမ်းရွှေရွှေ လေနုအေးလေးကိုလည်း..

လွမ်းတယ်...

တောသွားတောပြန် တမာတန်းနဲ့
ရွာအလည်က ကုကိုရ်တန်းကိုလည်း...

လွမ်းတယ်...

ရွာစာသင်ကျောင်းဝင်းထဲက
လက်ပံပင်ကြီးနဲ့ စိန်ပန်းပင်တွေလည်း... 

လွမ်းတယ်...

တမာရွက်ပြုတ် ငါးပိရည်
မန်ကျည်းရွက်ချဉ်ရည် ပဲရေပွနဲ့ မြိန်လွန်းလှတဲ့
မိသားစု ထမင်းဝိုင်းလေးကိုလည်း...

လွမ်းတယ်...

နိုက်ကလပ် မရှိ ဘီယာဆိုင် မရှိ ရှော့ပင်းမော မရှိ
အေးချမ်းလှတဲ့ ရွှေဘိုမြို့နားဆီက ရွာကလေး...

လွမ်းတယ်...

ဖေဖေ မေမေ

ညီကိုမောင်နမ အစုံအလင်နဲ့
စားချင်တဲ့ ထမင်းဝိုင်းလေး
အဝေးရောက်သားတွေ
နေ့တိုင်း လွမ်းကြလိမ့်မယ်.....။

လင်းဝေ (ရွှေဘို)

မောဟ



သမုဒယ အသီးအပွင့်တွေကို
သုခရနံ့တွေ ထင်မှတ်
သံသရာ အထပ်ထပ်
ကြွေခဲ့ရတာ များပြီ...

သံယောဇဉ်အမြစ်တွေက
ရှည်ရှည်လျားလျား
ဒီ.. ဘ၀ဆိုတဲ့
သစ်ပင်ကလေးဟာ

ဖြစ်ခြင်း ပျက်ခြင်း
လောကဓံ မုန်တိုင်းတွေကြား
ခုထိ
တရား မရရှာသေးဘူး....။

လင်းဝေ (ရွှေဘို)

မုံရွာနည်းပညာတက္ကသိုလ်

အဆက်သွယ် မပြတ် တို့စည်းလုံးစွာ ၊

အတတ်ပညာ ဖလှယ်ရအောင် ၊

ညီ၊ညီမတို့ ရှေ့ဆောင်လမ်းပြ ၊

အများအကျိုး တို့ထမ်းရွက်ကာ ၊

တို့တခေတ်မှာ

“မုံရွာနည်းပညာ မိသားစု” အဖြစ်

သမိုင်းမှတ်တိုင်သစ် တို့စိုက်ရစ်မယ်....။

လင်းဝေ (မုံရွာနည်းပညာ တက္ကသိုလ်)

ရေစုန်မျောကြသူများ....



တနေ့နေ့တော့
လရောင်
လင်းလင်းပပကို
အေးအေးမြမြ
ခံစားရမှာပေါ့...

ဒီလိုနဲ့
ခဏခဏ
မှောင်ခဲ့ရတဲ့
လကွယ်ညတွေ
များပြီ...

ဆီဆမ်းထားတဲ့ ထမင်း ဟာ
ရွှေလင်ပန်းနဲ့အတူ
တခါမှရောက်မလာခဲ့ဖူးဘူး...

ဒါပေမယ့်
ပါးစပ်ကိုလက်နဲ့ပုတ်
ဝါ ဝါ ဝါ ဝါ လုပ်ပြီး
တောင့်တခဲ့ဖူးတဲ့
ခလေးဘဝ အိပ်မက်တွေ
ငါတို့
ခုထိ မက်နေကြတုန်းပဲ

တကယ်တော့
ဘဝဆိုတာ
တာဝန်ယူမှုတခုပဲ...


ကိုယ့်တာဝန်ကို မယူဘဲ
သူတပါးတွေဆီက
လက်ဖြန့် တောင်းစားနေတဲ့
ခတ်ကြီးကြီး လူတချို့အစား
ကျုပ်ကတော့
နည်းနည်း မျက်နှာပူတယ်...။

လင်းဝေ (ရွှေဘို)

Thursday, October 3, 2013

အမုန်းသခင်..သို့

အမုန်းသခင်..သို့ 

နင့်အတွက်ရည်စူး

ရင်ခွင်ဦးမှာ...

တယုတယ

 ဖူးခဲ့သမျှ...

 နင့်အမုန်းတရာ

 နွေကမ္ဘာမှာ
....

 တတောလုံးမြေခ

 ကြွေခဲ့ရရှာပြီ ...

 ကြေပျက်ဆိတ်သုန်း

 ငါ့အသည်းနှလုံးကို...

 အမုန်းသခင်

နင်မြင်ပါစေ...

လင်းဝေ (ရွှေဘို)

ကျနော် သိလိုက်သည်မှာ

ကျနော် သိလိုက်သည်မှာ

ကျနော့်ရဲ့ အတွေးများနဲ့

ကျနော့်ရဲ့ လုပ်ဆောင်ချက်များက

 ပေးသော

ဘ၀ကိုသာ

ကျနော် ပိုင်ဆိုင်ရမည် ဖြစ်သည်..

လင်းဝေ (ရွှေဘို)

ပြောသလောက် မလွယ်ဘူးဆိုတာ

သူများတွေ

အများအကျိုး လုပ်နေတာကို

ထိုင်ပြီး ဝေဖန် အပြစ်တင်ရတာ လွယ်ပါတယ်...

 ဝေဖန်အပြစ်ပြောနေကြမယ့် အစား..

ကိုယ်တိုင် ပါဝင်ပြီး ပူးပေါင်းလုပ်ကြည့်ပါ...

ဒါမှမဟုတ် အကြံဥာဏ်ကောင်းတွေ ပေးပါ...

အချို့ကိစ္စတွေက

 ပြောသလောက်

မလွယ်ဘူးဆိုတာ

သင်တွေ့ရမှာပါ...

လင်းဝေ (ရွှေဘို)

ကျုပ်တို့နိုင်ငံမှာ

ကျုပ်တို့နိုင်ငံမှာ

အများအကျိုးအတွက် လုပ်တဲ့သူက

နည်းနည်း

ဝေဖန်တဲ့သူတွေကတော့

များသလား မမေးနဲ့...

အများအကျိုးအတွက်

တကယ် အလုပ်လုပ်တဲ့သူတွေ

များပြီး ..

.ဝေဖန်ရေးသမားတွေနည်းတဲ့

တနေ့ဟာ..

ကျုပ်တို့နိုင်ငံ တိုးတက်မယ့် အချိန်ပဲ...

တန်ရဲ့လား..



ချွေးစက် ချွေးပေါက်တွေ..

အထီးကျန် နေ့ရက်တွေ...

ဖိအားတွေအောက်က ..

မွန်းကြတ်နေတဲ့ ရှင်သန်မှုတွေ...

သားတကွဲ..မယားတကွဲ..

ချစ်သူတကွဲ..ရည်းစားတကွဲ..

မိဘတကွဲ ..မိသားစုတကွဲ...

တစ်နှစ်တစ်ခေါက်တောင်

ကိုယ့်အိမ်ကို ပြန်မရောက်နိုင်တဲ့

အလွမ်းနဲ့ ...

မျက်ရည်တောက်တောက် ကျခဲ့ရတဲ့

ညတွေ..

.ဒါတွေဟာ

“ဒေါ်လာ” ဆိုတဲ့

စက္ကူစာရွက်တွေအတွက်..

ငါတို့ ပေးဆပ်လိုက်ရတဲ့

အဆိပ်တက်နေ့ရက်တွေ...

တခါတခါကျတော့

ကမ္ဘာကြီးဟာ

ပေးရတာကများများ

ပြန်ရတာကနဲနဲ ..

ငါပေးလိုက်ရတွေနဲ့

ငါရလိုက်တာတွေဟာ

တန်ရောတန်ရဲ့လားလို့..

.ငါ့ကိုယ်ငါ ခဏခဏယူကြုံးမရ..

ဒီလိုနဲ့

နာနာကြင်ကြင်

အိပ်စက်ခဲ့ရတဲ့

ညတွေ...

များပြီ......။

လင်းဝေ (ရွှေဘို)

ရွေးချယ်မှု...



ဘ၀ ဆိုတာ ...

မွေးဖွားခြင်းနဲ့ သေဆုံးခြင်း

မှတ်တိုင် နှစ်ခုကြားက

ခရီးလမ်းတစ်ခုပါ...

ပျော်ရွှင်စွာ ဖြတ်သန်းမလား...

ဝမ်းနည်းစွာ ဖြတ်သန်းမလား...

ရင်ဆိုင်ပြီး အောင်မြင်အောင်ကြိုးစားမလား...

ကြောက်ရွံ့ပြီး အရှုံးပေးမလား...

လူကောင်းတစ်ယောက်အဖြစ် ရှင်သန်မလား..

လူဆိုးတစ်ယောက်အဖြစ် ရှင်သန်မလား...

အရာရာဟာ..

ငါတို့ရဲ့ ရွေးချယ်မှုအတိုင်းပဲ ဖြစ်မှာပါ..

လင်းဝေ (ရွှေဘို)

Thursday, September 12, 2013

အနိုင်ရခြင်း

“လူတွေဟာ ဆုံးရှုံးမှာကို ကြောက်လွန်းတဲ့အတွက်

သူတို့တွေ ဆုံးရှုံးကုန်ကြတာ”

“အနိုင်ရတယ်ဆိုတာ ရှုံးမှာကို မကြောက်တာပဲ”

from rich dad poor dad

..ကျနော်ရယ် ကမ္ဘာကြီးရယ်...



မွေးဖွားခြင်း သေဆုံးခြင်း

ဖြစ် ပျက်

နှစ်ခုကြားက

နံရံပါးပါးလေးဟာ

ကျနော်ပါပဲ...

ကိုယ့်ယုံကြည်ရာနဲ့

ကိုယ် ရှင်သန်

ဒီ သံသရာရဲ့

အမှုန်ကလေး

တစ်မှုန်အဖြစ်

ကျနော်ဟာ

ဒီကမ္ဘာပေါ်

ခြေဆုံချခဲ့တာပေါ့...။

စစ်ပွဲတွေ ဇာတ်ပွဲတွေ

မွေးဖွားကြ သေဆုံးကြ

ရယ်မောကြ ငိုကြွေးကြ

တချိန်တည်းမှာပဲ

ဒါတွေအားလုံးဟာ

ဒီကမ္ဘာမှာ

ဖြစ်နေကြ......

ဘာတွေက ဘယ်လောက်

တက်မက်စရာကောင်းလို့

ဘယ်လိုအမျိုးကောင်းသားတွေက

ဘယ်လောက် ကြီးကျယ်ခမ်းနားကြပါသလဲ

နောက်ဆုံးမှာ

ကမ္ဘာကြီးရဲ့ သဲမှုန်တွေအဖြစ်

ငါတို့

ပျောက်ကွယ်သွားကြရမှာပဲ...။

လင်းဝေ (ရွှေဘို)

Thursday, August 29, 2013

ကျနော်စွန့်ခွာခဲ့ရာ အရပ်ဆီ....



 ရွှေရောင်အိပ်မက်တွေ အပြည့်နဲ့

 မေမေ့ ရင်ခွင်ရဲ့အဝေး

 ပြေးထွက်ခဲ့တုန်းက

 အေးမြအရိပ်ဆိုတာ

 ရေးရေးလေးမှ

သတိမချပ်ခဲ့ဖူးဘူး ..

 ဒီလိုနဲ့

ဒဏ်ရာ အပြည့်တင်ပြီး

 ခုတ်မောင်းခဲ့တဲ့ ရထားဟာ..

 မေမေ့ ဘူတာရုံအိုလေးဆီ

ဆိုက်ကပ်ဖို့

 ဝေးသထက်

 ဝေးနေဆဲပါပဲ မေမေ..

လင်းဝေ (မုံရွာနည်းပညာ)

Saturday, June 15, 2013

တာရာမင်းဝေ ၃

“တချက်လောက်ငေးကြည့်လိုက်မိရင်းက အငြိငြိ အယှက်ယှက်နဲ့ ချစ်မြတ်လွမ်းဆွတ်ခဲ့ရတာပါ။
ပန်းတောင်ခါးပန်းမှာ ပျော်ပျော်လွင်လွင် ဆော့ကစားနေတဲ့မင်းသမီးလေးကို လယ်ကွင်းထဲကနေ ငေးကြည့်နေခဲ့ရတဲ့ စပါးပင်ကလေးလို ချစ်သူကို ငေးကြည့်ခဲ့ရတာပါ။
ဒါထက် ဘာမှမပိုပါဘူး ချစ်သူ။”
တာရာမင်းဝေ

တာရာမင်းဝေ ၂

“ဖြူစင်လိုသူအတွက် အရေးကြီးဆုံးမှာ ဖြူစင်နေဖို့ပင် ဖြစ်သည်။”

တာရာမင်းဝေ

တာရာမင်းဝေ ၁

“ကောက်ရိတ်သိမ်းမည့်နေ့မှာ သူ ..အောင်ပွဲခံမည်ဆိုတာကိုလဲ ကျနော် မနှစ်မြို့ပါ။
အဘယ်ကြောင့်ဆိုသော် သူရိတ်သိမ်းမည့် ကောက်ပင်များမှာ သူစိုက်ပျိုးသော ကောက်ပင်များမဟုတ်ပါ။
သူတပါး၏ အသီးအပွင့်များသာ ဖြစ်သည်။”

တာရာမင်းဝေ

Friday, June 14, 2013

မင်းခိုက်စိုးစန် ၇

အချစ်သည် သွားကိုက်ခြင်းနှင့် ခတ်ဆင်ဆင် တူပါသည်။
ကိုယ်တိုင် ကိုယ်ကျ လက်တွေ့ မခံစားရဘူးဘဲနဲ့ အဲဒီဝေဒနာကို နားလည်နိုင်လိမ့်မည် မဟုတ်ပါ။

မင်းခိုက်စိုးစန်

မင်းခိုက်စိုးစန် ၆

“အချစ် စတင် ဖြစ်ပေါ်ရခြင်း၏ အကြောင်းအရင်းကို ရှင်းလင်းဖော်ပြ ဖြေဆိုပါ” ဟူသော မေးခွန်းမျိုးကိုသာ စာမေးပွဲမှာ မေးမည်ဆိုပါလျှင် ကမ္ဘာမြေပေါ်တွင် ရှိသော ယောကျာ်းတွေအားလုံး စာမေးပွဲကျကုန်လိမ့်မည်မှာ သေချာပါသည်။”

မင်းခိုက်စိုးစန်

ဘဝ

“နေ့” နဲ့ “ည” ဆိုတာကိုတောင်
ကျေကျေနပ်နပ် 
လက်ခံထားခဲ့ကြပြီးမှ...

“အနိုင်” နဲ့ “အရှုံး” ဆိုတာကျမှ
ဘာလို့ သွေးရူးသွေးတန်း
 ဖြစ်နေရမှာလဲ...

လောကကြီးက...
အမြဲတမ်း နေသာချင်နေလို့ မရသလို
အမြဲတမ်း မှောင်မိုက် တိတ်ဆိတ်နေမှာလဲ 
မဟုတ်ဘူး..

 ရှင်သန်နေတဲ့ လူတစ်ယောက်အတွက်
“ည” ပြီးရင် ”နေ့” ဆိုတာ ရှိသလို
ကြိုးစားနေတဲ့ လူတစ်ယောက်အတွက်
“အရှုံး” ပြီးရင် “အနိုင်”ဆိုတာ ရှိတယ်...

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)
 
 
 

မင်းခိုက်စိုးစန် ၅

“တကယ်တော့ မင်း “ရင်နင့်လှပါချည်ရဲ့”လို့ ခံစားနေရတာတွေ အားလုံးဟာ ဘာမှ မဟုတ်တဲ့ 

သဲပွင့်လေးတွေပါ။ မေ့ချင်လွန်းလို့ဆိုပြီး အတင်းကြီး မေ့ဖို့ ကြိုးစားစရာမလိုဘူး။

ရူးချင်ယောင်ဆောင်နေဖို့လည်း မလိုဘူး။ သူ့ဘာသာသူ မေ့ချိန်တန်ရင် 

အလိုလို ပြီးဆုံး မေ့ပျောက်သွားမှာပါပဲ။”

“ဘာကိုမှ ကပ်ငြိမှုမထားနဲ့။ဖြစ်နိုင်ရင် ပေါ့ပေါ့ ပါးပါးလေးပဲ နေထိုင်လိုက်ပါ။”

“လူ့ဘ၀ဟာ ဘာများ ကပ်ညိစရာကောင်းလို့လဲ။အားလုံးဟာ သဲပွင့် သဲမှုန်တွေချည်းပါပဲကွာ”

“အဲဒါကြောင့် မင်းဘာပဲလုပ်လုပ် ငါတို့စိတ်ထဲမှာ နာကြည်းစရာ ၊ဒေါသဖြစ်စရာ၊ ၀မ်းနည်းစရာ ဘာမှ 

မရှိဘူး။ ငါတို့စိတ်က ဘာခံစားချက်ကိုမှ မကပ်ငြိဘူး။ လုပ်စရာရှိရင် လုပ်တယ်၊ တာဝန်ယူစရာရှိရင် 

တာဝန်ယူတယ်။ ပြီးတော့လည်း ငါတို့ရင်ထဲမှာ အားလုံးပြီးသွားတာပါပဲကွာ”

မင်းခိုက်စိုးစန်

မင်းခိုက်စိုးစန် ၎

ကြက်ဖကြီးက သဲပွင့်များကို လက်ခုပ်ဖြင့်ခတ်ယူကာ ကမ်းစပ်သို့ ပစ်ချလိုက်သည်။

သူ့လက်ထဲက သဲပွင့်တို့သည် ကမ်းစပ်တွင် ရှိနေသည့် မရေမတွက်နိင်သော သဲပွင့်များနှင့်

ရေနှောကာ သူလိုကိုယ်လိုပင် ပျောက်ကွယ်သွား၏။

ခံစားချက်ဆိုသော အရာများသည် သဲပွင့်များနှင့် တူလှပါသည်။

ကိုယ်လက်ထဲတွင် ဆုပ်ကိုင်ထားစဉ်တုန်းကတော့ “ဟုတ်လှပြီ”ဟု ထင်စရာကောင်းသော်လည်း

တကယ်တမ်း လွှတ်ချလိုက်သောအခါ တခြားသဲမှုန်တွေလို အရောရောအနှောနှောဖြစ်ကာ 

ဘာမှမဟုတ်တော့ဘဲ ပျောက်ကွယ်သွားသည်သာ ဖြစ်၏။

မင်းခိုက်စိုးစန်

မင်းခိုက်စိုးစန် ၃

“လူတွေက ဘ၀မှာ ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ ထင်နေကြတာချည်းပဲ။

လောက ပတ်ဝန်းကျင်ကြီး တစ်ခုလုံးက ကိုယ့်ကို ဗဟိုပြုပြီး ဖြစ်ပျက်နေကြသလိုမျိုး တွေးတတ်ကြတယ်။

အဖြစ်အပျက် အရာရာတိုင်းမှာ ကိုယ်က သိပ်ပြီးအရေးပါနေသလို ကိုယ့်ကိုယ်ကို ထင်နေကြတယ်။”

“မင်းက မင်းကိုယ်မင်း ဇာတ်လိုက်လို့ ထင်နေပုံရတယ်။မဟုတ်ပါဘူး။ဟောဒီ..လောကကြီးက

မင်းမမွေးခင်ကတည်းက ရှိနေတာ။မင်းသေသွားလည်း ရှိနေဦးမှာပဲ။ မင်းဆိုတဲ့ လူတစ်ယောက် မရှိယုံနဲ့

လောကကြီးက ဘာမှဖြစ်မသွားဘူး။သူ့ဘာသာသူ ခုတ်မောင်းနေမှာပဲ။

ဒါကို သဘောမပေါက်ဘဲ မင်းက အလုပ်တွေရှုတ်နေတယ်။

ကြေကွဲတာတွေ၊ အတိတ်ကို မေ့ပျောက်ပစ်ချင်တာတွေ၊ ရူးချင်ယောင်ဆောင်ရတာတွေနဲ့

မင်းဘာသာမင်း တစ်ယောက်ထဲ ပြဇာတ်ကနေတယ်။မင်းခံစားချက်တွေက 

ကြီးကျယ်ခမ်းနားလှပါချည်ရဲ့လို့ မင်းတစ်ယောက်ထဲ ထင်နေတယ်..။”

မင်းခိုက်စိုးစန်


 


မင်းခိုက်စိုးစန် ၂

“ငါကတော့ အသုဘ အခေါင်းတလားနဲ့ တူတဲ့ လူစားမျိုးပဲ ဖြစ်ချင်တယ်ကွာ”

“အသုဘ အခေါင်းက ဘာမှ လုပ်စရာမလိုတဲ့ အချိန်မှာ ပေါ့ပါးလွတ်လတ်နေတယ်။

တကယ်လိုအပ်လို့ အလုပ်လုပ်ရပြီဆိုရင်လည်း 

သေခြင်းတရားကိုတောင် နှစ်နှစ်ခြိုက်ခြိုက် ထွေးပွေ့ထားနိုင်တယ်လေ”

မင်းခိုက်စိုးစန်

ဆရာ မင်းခိုက်စိုးစန် ၁

“လူတွေက အကျီင်္တိုက်တဲ့ မီးပူနဲ့ တူတယ်ကွ”

“လူတွေက သူတို့ကိုယ်တိုင်လည်း ပူလောင်မှုကို သိမ်းပိုက်ထားကြတယ်။

ပြီးတော့ တခြားသူတွေကိုလည်း သူတို့အောက်မှာ

ပြားပြားဝတ်အောင် ဖိထားချင်ကြတယ်။”


မင်းခိုက်စိုးစန်

အိပ်မက်

အိပ်မက်ချင်း အတူတူ
ဘယ်သူ့ အိပ်မက်က
ပိုလှသလဲ
မပြိုင်ချင်တော့ပါဘူးကွယ်...

“ပိုင်ဆိုင်မှု” ဆိုတာကလဲ
နံနက်ခင်းရဲ့
နှင်းစက်ပွင့်တွေလို
လွင့်လွယ် ပျက်လွယ်
တဒင်္ဂ ထည်ဝါမှုတစ်ခုပါပဲ...

တကယ်လို့များ
“ဘ၀” ဆိုတာ
အိပ်မက် တစ်ခု
ဖြစ်ခဲ့ရင်
အဲဒီ အိပ်မက်လေးထဲ
တိုးတိတ် ဖြူစင်စွာပဲ
ငါ
ရှင်သန်ချင်တယ်..။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)
 


ဲငြိမ်သက်ခြင်း

အသက်ရှင်ဖို့
အရေးကြီးဆုံး 
အောက်စီဂျင်ကိုတောင်
ငါတို့
ပေါ့ပေါ့ ပါးပါး
ရှူကြ ထုတ်ကြသေးတာပဲ...

ရင်ထဲမှာ ငြိမ်းချမ်း
 ကြည်စင်နေဖို့
ဘာပဲ လုပ်လုပ်
သောက မဲ့စွာ
ပေါ့ပေါ့ ပါးပါး
လုပ်နေဖို့ပဲလိုတယ်...

ဖြစ်ပြီးရင် 
ပျက်သွားတတ်သွားတဲ့
လောကကြီးထဲမှာ
မင်းထင်သလို
ဘယ်အရာကမှ
မကြီးကျယ် မခမ်းနားပါဘူး..

ဘာပဲဖြစ်ဖြစ်
မင်းရဲ့ ကြိုးစားမှု
မင်းရဲ့ စေတနာနဲ့
ထိုက်တန်တဲ့
ဆုလဒ်တစ်ခုတော့
လောကကြီးက
မင်းကို
ပေးမှာပါ...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Wednesday, June 12, 2013

သုည

လက် ဗလာ
ကိုယ် ဗလာ
ဘာမှ ပါမလာခဲ့ဘူး...

ကောင်းကင်က 
ရွာချလိုက်လို့
ကမ္ဘာကြီးပေါ် 
ခြေချခွင့်ရတဲ့
မိုးရေစက်ကလေး တစ်ပွင့်ဟာ
ကျနော်ပါပဲ...

မျိုးစေ့ကောင်း တစ်ခုအဖြစ်
မေမေက
ကျနော့်ကို
ချစ်မြတ်နိုးစွာ
မွေးဖွားခဲ့မှာပါ..

မေမေ တယုတယ
စိုက်ပျိုးပြုစုခဲ့သမျှ
နုနုလှလှ မရှင်သန်ချင်တဲ့
ကျနော်ဟာ
ဟောဒီ 
လောကဆိုတဲ့
 တောကြီးမြက်မည်းထဲမှာ
ဆူးလေပင်လေး တစ်ပင်လို
ဘ၀ကို 
နွေရာသီ ဆန်ပစ်ခဲ့ဖူးတယ်...

အဲဒီ 
ဆူးလေပင်လေးဟာ
နွေကို မမှု
မိုးကို မဖြုံ
ဆောင်းကို မကြောက်...

အငို အရှိုက်
အပျော် အပြုံး
အလျော် အစား..
လောကဓံ တရားအောက်
ကိုယ့်ဘ၀ကို ထိုးဖောက်
ရိုးသားစွာ
ရှုသန်နေရဲ့...

အချိန်ဆိုတဲ့
ယန္တရားအိုကြီးထဲ
နုပျိုမှုတွေကို
မြစ်လိုစီးဆင်းကြရင်း
တကယ်တော့
မင်းရော ငါရော
အရာရာ အားလုံးဟာ
ရေထဲက အရိပ်တွေလိုပါပဲကွာ..


လက် ဗလာ
ကိုယ် ဗလာ
ဘာမှ ယူသွားလို့မရဘူး...
 ကမ္ဘာကြီးပေါ်ကနေ
ရေခိုးရေငွေ့ကလေး အဖြစ်
ကျနော်
ထွက်ခွာသွားတဲ့ အခါ
ကျနော့်အတွက် ပူလောင်ခဲ့သမျှ
ကျနော့်အတွက် ချမ်းမြေ့ခဲ့သမျှ
အားလုံးကို
ကျနော်
အမျှဝေခဲ့မှာပါ
မေမေ...။

လင်းဝေ(မုံရွာနည်းပညာတက္ကသိုလ်)


...တနေ့နေ့..



ငါတို့ဘ၀တွေ

အသစ်က ပြန်စတဲ့နေ့ကျရင်

အေးမြလတ်ဆတ်တဲ့

လေကောင်းလေသန့်တွေ

တခုတ်တရ ရှိုက်ဖွာ

ငါ လွမ်းဆွတ်မိတဲ့

တောင်တန်းပြာပြာတွေရဲ့ အကြောင်း

ငါ မင်းကို

အားပါးတရ

ပြောပြချင်သေးတယ်...

အဲဒီအခါကျရင်

သူများတွေ အထင်ကြီးကြတဲ့

“နိုင်ငံခြား” “နိုင်ငံခြား” ဆိုတဲ့

ဝေါဟာရဟာ

သူများ လက်ခုတ်တွေထဲက

ရေစက်ရေပေါက်တွေရဲ့ ဘ၀ဆိုတာ

ရယ်စရာ မောစရာအဖြစ်

ပြန်ပြောကြတာပေါ့...

ဒါ ငါ့တိုင်းပြည်ဆိုတဲ့ လုံခြုံမှုမျိုး...

ဒါ ငါ့ဘာသာဆိုတဲ့ ယုံကြည်မှုမျိုး...

ဒါ ငါ့လူမျိုးဆိုတဲ့ နွေးထွေးမှုမျိုး...

ဒါ ငါ့ဇာတိဆိုတဲ့ အေးချမ်းမှုမျိုး...

ညည တရေးနိုးတိုင်း တမ်းတ

အမိမြေကို လွမ်းကြရတဲ့

တစ်ထောင့် တစ်ညတွေ အကြောင်း

ဒဏ်ရာတွေနဲ့ ပြုံးပြခဲ့ရတဲ့

နိစ္စဓူဝတွေနဲ့

ဝေဒနာနဲ့ ရယ်ပြခဲ့ရတဲ့

နေ့ရက်တွေ အကြောင်း..

လွမ်းစရာကောင်းလောက်အောင်

ရင်နာနာနဲ့ ပြောပြချင်သေးတယ်...

တနေ့နေ့ဆိုတဲ့

မျှော်လင့်ချက် တစ်ခုမှာ

ပြက္ခဒိန်တွေ

တစ်ရွက်ပြီးတစ်ရွက်

ထိုးထိုးကျွေူးရင်း

အိမ်ပြန်ရက်စွဲတွေ

ဝေးနေရဆဲပါ အမေ....။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Friday, May 31, 2013

ဒုတိယမြောက် နှစ်ပတ်လည်နေ့....

တကယ်ချစ်တဲ့

ချစ်သူတွေဆိုတာ

ဘယ်အခြေအနေ ဖြစ်ဖြစ်

ဘယ်လိုဘ၀မျိုး ရောက်ရောက်

တယောက်ကို တယောက်

ပေးဆပ်စောင့်ရှောက်

“ဘ၀”ဆိုတဲ့

အိပ်မက်ကလေးကို

အတူ တည်ဆောက်ဖို့

ရောက်ရှိလာတဲ့

ကမ္ဘာကြီးထဲက

အရင်းနှီးဆုံး

ဧည့်သည် နှစ်ယောက်ပါ...။

ဒီနေ့လေးဟာ

ချစ်သူရဲ့ မွေးနေဖြစ်သလို

ကျနော်တို့နှစ်ယောက်ရဲ့

အချစ် နှစ်ပတ်လည်နေ့လဲ ဖြစ်ရဲ့..။

လွန်ခဲ့တဲ့ ၂၄ နှစ်

ဒီလိုနေ့မှာ

ကျနော့်အတွက်ဆိုပြီး

သူမ မေမေက

သူမကို

ဒီကမ္ဘာမြေပေါ်

မွေးဖွားပေးခဲ့တယ်..။

လွန်ခဲ့တဲ့ ၂ နှစ်

ဒီလိုနေ့မှာ

သူမဆီက

စကားတခွန်းအတွက်

မိုးမမြင် လေမမြင်

ရင်ခုန်စွာ

ကျနော် ပျော်ရွှင်ခဲ့ ဖူးတယ်..။

ဒီနေ့ ဒီအချိန်မှာတော့

သူမဟာ

ကျနော့် ချစ်ဇနီးအဖြစ်

ကျနော့် နံဘေး

နွေးထွေးစွာ အတူရှိနေရဲ့...။

ဆင်းရဲအတူ ချမ်းသာအမျှ

ဆိုးတူ ကောင်းဖက်

အနိုင်မခံ အရှုံးမပေး

လောကဓံ ရက်စွဲတွေကြား

ခိုင်ခိုင်မာမာ ယုယုယယ

လက်ချင်း တွဲထားခဲ့ကြတာ

ပြက္ခဒိန် နှစ်ခုတောင် ပြည့်ခဲ့ပြီလေ...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

ဘူတာရုံကလေးရဲ့ အဝေးမှာ...




ဒီဘူတာရုံကလေးမှာ

ငါတို့

အတူဆုံခဲ့ကြဖူးတယ်....

လေးညှို့က လွှတ်တဲ့

 မြားတွေလို

ငါတို့

ကိုယ့်ပစ်မှတ်ကိုယ်

အတူပြေးခဲ့ကြစဉ်ကပေါ့...

လဲသူလဲ ကွဲသူကွဲ

ပစ်မှတ်နဲ့လွဲတဲ့သူက လွဲ...

မြားချင်းအတူတူ

ပစ်မှတ်တွေကျတော့

မတူခဲ့ကြဘူး...

ပျော်ခဲ့ ရယ်ခဲ့...

လွမ်းခဲ့  ငိုခဲ့...

ပျိုမြစ်တဲ့ ဖြူစင်မှုမှာ

လွတ်လပ်မှုဟာ

အပူပင်ကင်းစွာ ချိုမြိန်ခဲ့

ဘူတာရုံအိုကလေးက

အားလုံးကို

ကြိုဆိုခဲ့တယ်....။

ခရီးချင်းတော့ အတူတူပါပဲ

လမ်းကြောင်းချင်း မတူတော့

ဘူတာရုံကလေးကို

နှုတ်ဆက်

ကိုယ့်ရထားကိုစီးပြီး

ကိုယ့်ခရီးကိုယ်

ထွက်ခဲ့.....

လွယ်အိပ်ကို အချမှာ

ငါတို့

အဲဒီဘ၀တွေကို

 ပြန်မရတော့ဘူး...

ငါတို့

အဲဒီ

ဘူတာရုံကလေးဆီ

ပြန်မရောက်တော့ဘူး........။။

လင်းဝေ (မုံရွာနည်းပညာ တက္ကသိုလ်)



Saturday, May 11, 2013

ယုံကြည်မှု

တိမ်မှန်း မြူမှန်း

မကွဲဘဲ

နွေရာသီနဲ့

မိုးရာသီ

လွဲခဲ့ဖူးတယ်....

ဘ၀ဆိုတာ

တခါတခါ

တိမ်တိုက်တွေလို

အပြောင်းအလဲမြန်ပြီး

တခါတခါ

မြူတွေလို

ေ၀၀ါးနေတတ်တဲ့

အဖြစ်မျိုး....။

ချစ်သူလေးရေ

ငါတို့ရဲ့

နံနက်ခင်း အသစ်ကို

မျှော်လင့်ချက်တွေ အပြည့်နဲ့

နိုးထလိုက်ရအောင်...

ပြောင်းလဲနေတဲ့

တိမ်တိုက်တွေထဲမှာ

မိုးရေစက်တွေ

ပါလာတတ်သလို

ေ၀၀ါးနေတဲ့မြူတွေနောက်မှာ

လှပတဲ့ရှုခင်းတွေ

ရှိနေတတ်ပါတယ်....။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Wednesday, May 8, 2013

...အသိ...



မနေ့က

ငါ့သူငယ်ချင်းတစ်ယောက်

ငါတို့ကို

အပြီးတိုင်နှုတ်ဆက်

ဒီဘ၀ကနေ

ထွက်ခွာသွားတယ်....

ဒီအနှစ်သုံးဆယ်အတွင်း

မင်း

ဘာကောာင်းမှုတွေပြုခဲ့လို့

ဘာ မကောင်းမှုတွေပြုသွားခဲ့လဲ..

ဘာပဲဖြစ်ဖြစ်

ငါ့သူငယ်ချင်း

ငမောင် တစ်ယောက်
(ချစ်သဲမောင်-M.T/2000
Monywa GTC)

ကောင်းရာသုဂတိ

ရောက်ပါစေလို့

ငါဆုတောင်းပေးပါတယ်ကွာ...

ဒီလိုနဲ့

ငါ့ကိုယ်ငါ

မှန်ထဲ ပြန်ကြည့်တော့

ဟိုတုန်းကတည်းက

မလှခဲ့တဲ့ရုပ်က

ပိုပိုဆိုးလာသလိုပဲ..

ဘယ်အချိန်က

ပေါက်နေမှန်းမသိတဲ့

ဆံပင်ဖြူတွေက

ငါ့ခေါင်းပေါ်

ဟိုတစ်စ....ဒီတစ

ငါ့အဖိုး ပြောသလို

ပြောရရင်

သေမင်းကတော့

အလံ လာစိုက်နေပြီထင်ရဲ့...

တကယ်တော့

နုပျိုမှုဆိုတာကလဲ

တီဗွီဖန်သားပြင်ပေါ်က

ကြော်ငြာတစ်ပုဒ်လောက်တောင်

ကြာရှည်မခံလိုက်သလိုပဲ..

ပါးရေ တွန့်နေတဲ့ အပြုံးတွေက

ငါတို့ရဲ့ဇရာကို ဖုံးကွယ်မထားနိုင်တော့ဘူးလေ...


လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Monday, May 6, 2013

...ပန်းတပွင့်ရဲ့ ဈာပန...

အကိုတစ်ယောက်အတွက် ခံစားရေးဖွဲ့ထားတာပါ

...ပန်းတပွင့်ရဲ့ ဈာပန...

ပြက္ခဒိန်စာရွက်တွေသာ

စကားပြောတတ်ကြမယ်ဆိုရင်

ကျနော်တို့နှစ်ယောက်ရဲ့

လမ်းခွဲခြင်း

အထိမ်းအမှတ်အတွက်

ကဗျာဖွဲ့ပြီး

ရွတ်ဆိုပေးကြမယ်ထင်ရဲ့..

ကျနော့်ကို

အပြစ်တင်သံတွေဟာ

သူမရဲ့

ကျနော့်အပေါ် စိတ်ကုန်မှုကို

ပြသနေသလိုပါပဲ...

အချစ်ဆိုတာ

သူမအတွက်တော့

နှစ်ကြာရင်

ပျက်စီးသွားတတ်တဲ့

အနှစ်မဲ့ စိတ္တဇနာမ်တစ်ခုပဲ

ဖြစ်ခဲ့မယ်ထင်တယ်...။

ခြွေလို့ ကြွေသွားခဲ့သလား

ကြွေချင်လို့ ကြွေသွာခဲ့သလား

ကျနော် အနှစ်နှစ်အလလ

စိုက်ပျိုး ယုယခဲ့တဲ့

အမြတ်နိုးဆုံး ပန်းတစ်ပွင့်ဟာ

ကျနော့်ရင်ခွင်ကို

ဖွင့်ဖျက်

တပါးသူ ရင်ခွင်ထက်

ဆင်းသက် ကြွေလွင့်သွားခဲ့ပြီလေ...။

သစ္စာမဲ့ သူမို့

မလွမ်းတော့ဘူးဆိုပေမယ့်

ဘ၀မှာ

တစ်ခါ ချစ်ခဲ့ဖူးတယ်

ဆိုတာကိုတော့

ကျနော် အမှတ်ရနေမိဦးမယ်

ထင်ရဲ့....။

လင်းဝေ ( မုံရွာနည်းပညာမိသားစု)

...ချစ်သူပန်ဖို့....



နှလုံးသားကို

ဟင်းလင်းဖွင့်

ရဲရင့်တဲ့ ချစ်ခြင်းနဲ့

ဘယ်ကမ္ဘာမှာမှ

မပွင့်ခဲ့ဖူးသေးတဲ့

အလှဆုံးပန်းတပွင့်

ချစ်သူအတွက်

ခူးဆွတ်ပေးချင်တယ်...။

လင်းဝေ (မုံရွာနည်းပညာ တက္ကသိုလ်)

...အတ္တမဲ့ နေ့သစ်...



ငါ့အတ္တကို ငါရိုက်ချိုး

မိုက်ခဲ့သမျှအတွက်

ဟောဒီ

လင်းလက်လာတဲ့

အသိတရားရှေ့မှာ

ဒူးထောက်အညံ့ခံ

ငါ့သံသရာကို

ခတ်မြန်မြန်လေး

ချုံ့လိုက်ပါရစေ...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

...လမ်းလျှောက်သူများ...



ဘယ် “နေ့” လဲ...

ဘယ် “ည” လဲ...

ဘယ် “အချိန်” လဲ....

ငါတို့ မသိနိုင်တဲ့

နေ့စွဲတစ်ခုမှာ

ငါတို့

အသက်ရှူခြင်းတွေအားလုံးဟာ

ရပ်တန့်သွားကြမှာပါ...။

ဘယ်လို ရောဂါမျိုးတွေက

ငါတို့ကို နှိတ်စက်

ဘယ်သုဿန်မှာ

မြှုပ်နှံမှာကြမှာလဲ...

ဒါကလဲ

ငါတို့ ဖွင့်ဖတ်ခွင့်မရှိတဲ့

မရဏမင်းလက်ထဲက

ပဟေဠိဆန်မှု တစ်ခုပါပဲ...။

ငါတို့ဟာ

ဘယ်ကို သွားရမယ်မှန်းမသိတဲ့

သံသရာရဲ့

မျက်ကန်းခရီးသည်များ...

အချစ် ၊ အလွမ်း ၊ အမုန်း....

လောဘ၊ ဒေါသ ၊ မောဟ...

အနိုင်အရှုံး အနိမ့်အမြင့်...

ဖောက်လွဲဖောက်ပြန်

လောကဓံ ၀ဲဂယက်ထဲ

အိပ်မက် အတုယောင်တွေနဲ့

လမ်းပျောက်ရင်းပ..

ဒီလိုနဲ့

ဒီခရီးကို

ထက်ဝက်ကျိုးလုလု

အမှုမှတ်မဲ့စွာ

စီးဆင်းခဲ့ပြီးပြီ..။

လင်းဝေ (မုံရွာနည်းပညာ တက္ကသိုလ်)

...လွမ်းတယ်..အမေ...



မိုးရေတွေ

ရွှဲရွှဲစိုစို

ရွာတဲ့နေ့တွေဆိုရင်

သား

အမေ့ရွာကလေးကို

လွမ်းတယ်....အမေ...။

ငယ်ငယ်တုန်းက

မိုးထဲရေတဲ

သားကိုယ်တိုင်

ကြုံးကြုံးကန်ခဲ့ဖူးတဲ့

ဘောလုံးကလေးလို

သား

အမေ့ရင်ခွင်ကနေ

လွင့်စင်သွားခဲ့တာ

မိုးရာသီ

ဘယ်နှစ်ခုတောင်

ရှိခဲ့ပြီလဲ...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Saturday, April 27, 2013

အဖော်မွန်...

အဖော်မွန်...

သံစဉ်မဲ့နေတဲ့

သီချင်း တပုဒ်လို

အထာမကျနိုင်သေးတဲ့

ဘ၀ကို

ရင်ဘတ်ထဲ ထိုးထိုးထည့်ရင်း

ညညဆို

အိပ်မက်ဆိုးတွေ

ခဏခဏ မက်တယ်...။

ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်..

အဲဒီ

ဘ၀ဆိုတဲ့

တေးသွားတပုဒ်ကို

မင်းနဲ့အတူ

သံပြိုင်ဆိုခွင့် ရတာကိုပဲ

ငါ ကျေနပ်ပါတယ်

အချစ်ရယ်...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Friday, April 26, 2013

ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်ုးပြီးသည့်နောက်



ဟို အရင်တုန်းကလို

ငါတို့ လမ်းမတွေဟာ

မနုပျိုတော့ဘူး

အပြုံးတွေဟာ

အိုမင်းရင့်ရော်လို့

ငါတို့

ကျောင်းဝတ်စုံတွေ

ချွတ်ခဲ့ရတာ

ကြာခဲ့ပေါ့..။

ဟိုအရင်တုန်းကလို

ငါတို့အသက်ရှူသံတွေဟာ

မလတ်ဆတ်တော့ဘူး

ဘူတာရုံလေးဟာ

မောပမ်းနွမ်းနယ်လို့

ငါတို့

ကျောင်းသားဘ၀ကို

ကျောင်းခိုင်းခဲ့ရတာ

ကြာခဲ့ပေါ့..။


ငါ့ဘူတာရုံလေး

ပြန်လည်ဆိုက်ကပ်လာတဲ့အခါ

အဲဒီလမ်းမတွေ

ဟိုအရင်တုန်းကလို

ကြိုနေကြဦးမလား...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

26/04/2013

Monday, April 8, 2013

ကြယ်တစ်စင်းရဲ့ ရင်ခုန်သံ



ကျနော့်ကိုယ် ကျနော်

မြို့ပြတစ်ခုလို

တင်ဆက်ရင်း

ဝင်သက်ထွက်သက်တွေမှာ

ကျနော့် အတ္တတွေ

ရေစုန်မျောနေခဲ့တာ

ကြာပါပြီ....

တခါတခါ

လောကဓံ တရားနဲ့

တခါတခါ

စားဝတ်နေရေးတဲ့

ရှေ့နောက်တောင်မြောက်

မကွဲဘဲ

ဘ၀၀င်္ကပါမှာ

ကျနော်

မျောချင်တိုင်း

မျောနေခဲ့တာလေ...

မေမေ

သားလေ....

ဟိုးကောင်းကင်ကျယ်ကြီးထဲက

လွတ်လပ်တဲ့

ကြယ်ကလေးတစ်စင်း

ဖြစ်ချင်တယ်....။

သူ့မှာ

ကိုယ်ပိုင်အလင်းရှိမယ်

သူ့မှာ

ချစ်ခြင်း မုန်းခြင်း မရှိဘူး...

သူ့မှာ

ကိုယ်ပိုင်လွတ်လပ်မှုရှိမယ်

သူ့မှာ

မနာလို ၀န်တိုခြင်းမရှိဘူး...

သူ့မှာ

ရဲရင့်တဲ့ သတ္တိတွေ ရှိမယ်

သူ့မှာ

အနိုင်ကျင့် ရက်စက်မှုမရှိဘူး...

အဲဒီ ကောင်းကင်ကျယ်ကြီးက

သူ့ကို ချုပ်နှောင်ထားလို့မရဘူး....

သူက

သူ့ကမ္ဘာလေးကို ထွန်းညှိရင်း

သူတပါးကို လမ်းပြပေးတယ်..။

မေမေ

သားလေ....

ဟိုးကောင်းကင်ကျယ်ကြီးထဲက

လွတ်လပ်တဲ့

ကြယ်ကလေးတစ်စင်း

ဖြစ်ချင်တယ်....။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

နှစ်သစ်မှာ....



နှစ်သစ်မှာ

ကချင်ပြည်နယ်က

စစ်ပွဲတွေ

မမြင်ချင်ဘူး..

နှစ်သစ်မှာ

ရခိုင်ပြည်နယ်က

ရက်စက်မှုတွေ

မမြင်ချင်ဘူး

နှစ်သစ်မှာ

ကရင်ပြည်နယ်က

တိုက်ပွဲခေါ်သံ

မကြားချင်ဘူး...

နှစ်သစ်မှာ

လက်ပန်းတောင်းတောင်က

ငိုကြွေးသံ

မကြားချင်ဘူး..

နှစ်သစ်မှာ

ရှမ်းပြည်နယ်က

သေနပ်ပစ်သံ

မကြားချင်ဘူး.....

နှစ်သစ်မှာ

မိထ္ထီလာက

အဖြစ်ဆိုးမျိုးတွေ

မကြားချင်ဘူး...။

နှစ်သစ်မှာ

အစုတ်ကတစ်ရာ

အဖာက ဗရပွ

ရေသည်မ

မျက်နှာလေးလောက်တောင်မှ

မလှနိုင်ရှာတော့တဲ့

ငါတို့တိုင်းပြည်ငယ်ငယ်လေး

ဘေးရန်တွေခနေတာ

မမြင်ချင်ဘူး...

နှစ်သစ်မှာ

အိပ်မက်ဆိုးကနေ

ငါတို့

နိုးထလိုက်ရအောင်....။

နှစ်သစ်ဟာ

ရိုးသားမှုနဲ့

ဖန်တီးထားတဲ့

ချစ်ခြင်းတရား ဖြစ်ပါစေ...။

နှစ်သစ်ဟာ

ကရုဏာတရားနဲ့

ခင်းကျင်းထားတဲ့

ပန်းတခင်းဖြစ်ပါစေ...။

နှစ်သစ်ဟာ

သစ္စာတရားနဲ့

လက်တောက်နေမယ့်

ပိတောက်တစ်ခက် ဖြစ်ပါစေ

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Saturday, March 23, 2013

ကျနော်တို့ လိုအပ်နေတာက...



၁။ နိုင်ငံနှင့်လူမျိုး တိုးတက်ရေး၊ အေးချမ်းရေးကို ရှေးရှုပြီး မှန်ကန်စွာ အလုပ်လုပ်သော အစိုးရပါ....

၂။ ခိုင်မာပြီး တရားမျှတသော တန်းတူညီတူ အခွင့်အရေးရှိရမည့် တရားဥပဒေတစ်ခုပါ...

၃။ စည်းကမ်းရှိပြီး စိတ်ဓာတ်ပညာရည် မြင့်မားသော နိုင်ငံသားတွေပါ...

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

ပိုင်ဆိုင်မှု

လိုတိုင်းမရ

ကြုံခဲ့ကြသော်

စိတ်မကုန်နဲ့

ကိုယ်ပြုတဲ့ကံ

ကိုယ့်ထံပြန်မို့

အတိတ်က ကံ

ပစ္စုပ္ပ္ပ္ပန်

နှစ်တန်ဖြူမှ

ယူချင်သမျှ

ကြံတိုင်းရ၏။

မိမိစိုက်ပျိုး

သစ်သီးမျိုးသာ

ရရိုးထုံးစံ

ရှိမြဲမှန်ဟု

ဘုရားမြတ်စွာ

ဟောခဲ့ပါ၏။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

တန်ဖိုး

သူငယ်ချင်းရာ...

ငါ့ဘ၀မှာ

ဘယ်အရာကမှ

အလကား မရခဲ့ဖူးဘူး..

မင်း...သိလား

ငါချရေးလိုက်တဲ့

ကဗျာ တကြောင်းဖြစ်ဖို့တောင်

ငါ့နှလုံးသား

တစ်ခုလုံးနဲ့

ရင်းပစ်လိုက်ရတာ...။

လင်းဝေ (မုံရွာနည်းပညာ)

သီအိုရီ

နေမထွက်ခင်

ရှင်သန်ခွင့်ရတဲ့

အိပ်မက်လိုမျိုး

ဘ၀ဆိုတာ

တိုတိုလေးပါပဲ...

မနက်ဖြန်တိုင်း

သာယာဖို့အတွက်ဆိုရင်တော့

ရင်ဘတ်ထဲမှာ

မေတ္တာတရားများများလိုတယ်...

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)



 

..သံဝေဂ...


ဥသြငှက်တစ်ကောင်ရဲ့

ဘာသာဗေဒမှာ

နွေ...

ရာ၊ထောင်၊သောင်း၊သိန်း၊သန်း..မက

သေခဲ့ဖူးတယ်...။

နုပျိုမှုဆိုတာလည်း

ကိုယ့်ကိုယ်ကို

စီးကရက်တစ်လိပ်အဖြစ်

ရှိုက်ဖွာပစ်လိုက်ရသလိုမျိုးပါပဲ...

သစ်ရွက်တွေ

တစ်နှစ်ပြီးတစ်နှစ်

ကြွေသွားကြတာ

မြန်လွန်းတယ်...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

...နောက်ထပ် အနှစ် ငါးဆယ်....



ဒီမှာ သူငယ်ချင်း

ဘာပဲတွေးတွေး

မင်းတွေးတဲ့အတွေး

ဘယ်သူတွေးတွေး ကောင်းကျိုးရှိစေ...

ဘာပဲရေးရေး

မင်းရေးတဲ့စာ

ဘယ်သူဖတ်ဖတ် ကောင်းကျိုးရှိစေ...

ဘာပဲပြောပြော

မင်းပြောတဲ့စကား

ဘယ်သူကြားကြား ကောင်းကျိုးရှိစေ..

ဘာပဲလုပ်လုပ်

မင်းလုပ်တဲ့အလုပ်

ဘယ်သူလုပ်လုပ် ကောင်းကျိုးရှိစေ..

နောက်ထပ် အနှစ် ငါးဆယ် ...

မင်းရယ်ငါရယ် ...

ဒီကမ္ဘာမြေပေါ်

မရှိကြတော့တဲ့အခါ..

တသသနဲ့

အမှတ်ရနေခဲ့ကြမလား...

အမှတ်မဲ့နဲ့

မေ့ပျောက်သွားခဲ့ကြမလား...

ငါတို့ရဲ့ ကောင်းခြင်းဆိုးခြင်းအား

နောင်လာနောက်သား

မြေးမြစ်များတို့

ပြောနေရစ်ကြလိမ့်မည်.. ။




လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

သူများကိုလက်ညှိုးမထိုးနဲ့...



သင့်ကိုယ်သင် ပြန်ဆန်းစစ်ကြည့်စမ်းပါ....

သင်ကိုယ်တိုင်ကရော

တကယ် ကိုယ်ကျင့်တရားကောင်းရဲ့လား...

တကယ် စိတ်ဓာတ်ကောင်းရဲ့လား..

တကယ် စည်းကမ်းကောင်းနေပြီလား....

တကယ် ကြိုးစားနေပြီလား...

တိုင်းပြည်နဲ့လူမျိုးအတွက်

သင် ဘာတွေ ပေးဆပ်ပြီးပြီလဲလို့......

ပန်းမြတ်တစ်ခက် လင်းလက်ဖို့ဆိုရင်....

ပန်းမြတ်တစ်ခက် လင်းလက်ဖို့ဆိုရင်....

ကောက်ရိုးမီး တစ်စလို

တခဏတာ

ဟုန်းခနဲ လောင်မြိုက်

အခိုက်အတန့် သွေးကြွမှုမျိုးနဲ့

တိုင်းပြည်ကို ချစ်ပြမနေစမ်းပါနဲ့...

လှပတဲ့ ပန်းတစ်ခင်းဖြစ်ဖို့

ဥယျာဉ်မှူးတစ်ယောက်ဟာ

နေ့စဉ်ရက်ဆက်

စိတ် လက် မပျက်

သူ့ရဲ့ သွေးစက် ချွေးပေါက်တွေနဲ့

ရင်းခဲ့ရတာ

မင်းသိမှ သိရဲ့လား သူငယ်ချင်း...

ဒီမှာ...

မင်းသိထားဖို့က

ဒီမိုကရေစီ ဆိုတာ

လက်ဝါးဖြန့်လိုက်ရုံနဲ့

လင်းခနဲ ဖူးပွင့်လာမယ့်

မှော်ဆရာလက်ထဲက

ပန်းတစ်ခက် မဟုတ်ဘူး..။

အဲဒီ ပန်းမြတ်တစ်ခက်

လင်းလက်ဖို့ဆိုတာ

ငါတို့အားလုံးရဲ့

နှလုံးသားတွေ....

သွေးတွေ....

ချွေးတွေ...

ရင်းသင့်ရင် ရင်းရလိမ့်မယ်...။

ဒါဟာ....

ငါတို့ရဲ့

နောင်လာမယ့်

မျိုးဆက်အသစ်အတွက်...

နိုင်ငံအတွက်...

ဘာသာအတွက်...

လူမျိုးအတွက်....

ဖြစ်တယ်.....။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Friday, March 15, 2013

..ဆန်ရေ မြစ်တစ်စင်း...



မေမေရယ်...

သူများတွေ ပြောပြောနေတဲ့

“ငွေတွင်းနက်တယ်” ဆိုတဲ့စကား

မယုံလွန်းလို့

သားကိုယ်တိုင် ခုန်ဆင်းကြည့်တာ

...အခုတော့.. သားလေ....

မေမေရှိတဲ့အရပ် ပြန်မတက်နိုင်ခဲ့တာ

နွေ...မိုး...ဆောင်း...

ငါးခုတောင် ပြောင်းသွားပြီ...မေမေ...။

အနှစ်သုံးဆယ်လုံးလုံး

မိသားစုကို လုပ်ကျွေးခဲ့တဲ့

ဖေဖေတစ်ယောက်

ပုခုံးမှာ ဘယ်လောက်အသားမာတွေတက်လို့...

ခြေဖ၀ါးတွေ ဘယ်လောက်များ ကွဲနေရှာမလဲ..?

ကိုယ်တိုင် ချွေးနဲ့ရင်းရမှ..

ကိုယ်တိုင် သွေးနဲ့ခင်းရမှ..

မိဘရဲ့ မေတ္တာ...

မိဘရဲ့ ပေးဆပ်မှုဆိုတာ...တွေကို

သားနှလုံးသားက

ဆတ်ဆတ်ခါအောင်

ခံစားမိရပါတယ်...မေမေ...။

မေမေ့သားလေ

ပုခုံးသားတွေ အသားမာတက်မတတ်

ဘ၀ကို ကြုံးရုန်း လှော်ခတ်ရင်း

မိုးထဲရေထဲမှာ

ခြေဖ၀ါးတွေတောင် အက်ကွဲနေပြီ မေမေ...။

သား ချွေးနဲ့ရင်းသမျှ မိဘကိုကျွေးမွေးဖို့...

သား သွေးနဲ့ခင်းသမျှ မိဘကိုပေးဆပ်ဖို့...ဆိုပြီး...

သား...အားလုံးကို ကျေနပ်လိုက်တယ် မေမေ....။

ဘယ်မြစ်တွေ ဘယ်လိုစုန်စုန်

အရှိန်အဟုန်နဲ့စီးဆင်း

သားကတော့

ဆန်ရေ မြစ်တစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်..။

ငွေတွင်းဘယ်လောက်နက်စမ်းပါစေ

မိဘကို ချစ်တဲ့စိတ်နဲ့

ရေခြားမြေခြားမှာ

သားစိတ်တွေ တင်းထားပါတယ်...

မေမေ....။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Tuesday, March 12, 2013

အစာရှာ ငှက်ငယ်...


ညညဆို

ငါမက်ခဲ့တဲ့

အိပ်မက်တွေအကြောင်း

ပြန်ပြန်ပြီး

အိပ်မက် မက်တယ်..

ရွာကလေးရေ

ငါ့ရဲ့

ကလေးဘ၀လေးနဲ့အတူ

မင်းကို

ပြန်ပြန်သတိရမိပါရဲ့...

ခုချိန်ဆို

ဟိုအရင်တုန်းကလို

တမာရွက်တွေကြွေ

လက်ပံတွေဝေလို့

ကုက္ကိုရ်တွေ


အစာရှာ ထွက်တဲ့

ငှက်ငယ်လေးလို

ငါဟာ

အသိုက်အမြုံနဲ့

ပင်လယ်တွေခြားပြီး ဝေးနေခဲ့တာ

ကြာပေါ့...

ညညဆို

ငါမက်ခဲ့တဲ့

အိပ်မက်တွေအကြောင်း

ပြန်ပြန်ပြီး

အိပ်မက် မက်တယ်...

လင်းဝေ (မုံရွာ နည်းပညာတက္ကသိုလ်)

Thursday, February 7, 2013

ပြန်ခဲ့ပြီ အမေ...



မေမေ
အသက်နဲ့ ရင်းပြီး မွေးခဲ့တာလေ...

မေမေ
တယုတယ ဂရုစိုက်ခဲ့ရတာလေ...

မေမေ
ခဏခဏ စိတ်ပူနေခဲ့ရတာလေ..

မေမေ
ပခုံးသေးသေးလေးနဲ့ မြှင့်တင်ပေးခဲ့တာလေ..

မေမေ
အမြဲ လွမ်း ..လွမ်း..နေခဲ့တာလေ..

ငါ့သားပြန်လာတော့မယ်ဆိုတဲ့

အသိမှာ..

မေမေ
နှလုံးသားလှိုက်ခုန် ပျော်နေမှာလား...

မေမေ
အတွေးနဲ့ ရွှင်ပြ ကြည်နူးနေမှာလား..

သားအတွက်
ဘယ်တော့မှ ဖျက်ဆီးမပစ်မဲ့
“နေရာ”

“အနွေးထွေးဆုံး
အမေ့ ရင်ခွင်” ဆီ

မေမေရဲ့

ဟောဒီ မေမေရဲ့

အချစ်ဆုံး...သားကြီး...

မနက်ဖြန်ဆို

မေမေ့ဆီ

ပြန်လာခဲ့ပြီ...မေမေ..၊

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)
၈.၂.၂၀၁၃

Tuesday, January 22, 2013

ကြွင်းကျန်ရစ်ခဲ့တဲ့ သက္ကရာဇ်တွေ...

မနေ့က
အဖြစ်တွေလိုပါပဲ...

ဆင်သရေကို
ဆိတ်သရေနဲ့ဖုံးထားတဲ့
ညနေခင်းမှာ
ကောက်ကျစ်မှုတွေရဲ့
ရနံ့က
ခတ်အက်အက် ပျလွင့်နေရဲ့...။

မရှူ မဖြစ်လို့
ရှူနေရတဲ့
အောက်စီဂျင်ဟာ
ငါ့ရင်ဘတ်ထဲက
ခံတွင်းချဉ်မှုကို
မပြေပျောက်စေခဲ့ဘူး...။

ဒီလိုနဲ့...
ကိုယ့်ကိုယ်ကို
ဘီယာတဗူးလို
ဖောက်ဖောက်သောက်ရင်း
မူးယစ်ရီဝေ ပစ်ခဲ့ရတဲ့
ညတွေ...
 ..များပြီ...။

ကိုယ့်အညှာကို ကိုက်ချီ
ငါ့ဆီပျံသန်းလာတဲ့
သစ်ရွက်အကြွေတွေထဲမှာရော
ရိုးသားမှုဟာ
ရိုးရိုးသားသားမှ
ရှိနေသေးရဲ့လား....?

ခုဆိုရင်
ငါဖြတ်ခဲ့တာ
သက္ကရာဇ် ၂၈ ခုတောင်
ကျော်ခဲ့ပြီလေ...။


လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)