Thursday, October 7, 2010

သင်ခန်းစာ `ည´

ည´က
ညာသံမပေးပါဘူး...
သို့သော် ကျနော်ရင်ဘတ်ဆီ
ငြိမ့်ငြောင်းစွာပင် စီးဆင်းခဲ့တယ်...
ညောင်းညာကိုက်ခဲနေတဲ့ နှလုံးသားလေ
ညနဲ့အတူ အတိတ်တွေဆီ လွင့်ဝေသွားရဲ့
ညိုလွင်တောက်ပတဲ့ ညနေခင်းတွေမှာ
ညာတာပါတေးချစ်သူလေးနဲ့
အညောင်းပြေအညာပြေတဲ့..
တေးတွေဆိုရင်း လျှောက်ခဲ့ဖူးရဲ့...
ညံ့သက်နွေးထွေးတဲ့ အကြင်နာတွေဟာ..
တစ်သက်စာလုံးအတွက်ဆိုပြီး..
မျှော်လင့်ချက်တွေနဲ့ အချစ်ညီမျှချင်းအချစ်ဆိုပြီး
ကြီးကြီးကျယ်ကျယ်ရူးသွပ်ခဲ့ဖူးရဲ့...
ညီညာတဲ့ သွားစွယ်ဖွေးဖွေးလေးတွေလေးတွေနဲ့
ငါ့နှလုံးသားကို ခဏခဏကိုက်ဆွဲတတ်တဲ့ ညီမလေးရေ..
ညွှတ်ပြောင်းနူးညံ့လွန်းတဲ့ ရင်ထဲကချစ်ခြင်းတွေဟာ..
ခင်ဗျားလေးတစ်ယောက်ထဲအတွက်ဆိုပြီး
အသည်းကြားကလာတဲ့အသံနဲ့...နှလုံးသားကိုပဲ့တင်ထပ်ခဲ့
ဒါပေမယ့်....အားလုံး ညာစားခံခဲ့ရတယ်..
ငါညံ့ခဲ့တယ်ပေါ့.....ဂွတ်ဘိုင်ဟန်နီ..
ခဏခဏထိုးနှက်ခံရဖန်များလို့ အညိုအမဲတွေစွဲနေတဲ့
နှလုံးသားကို အမှတ်တရ သိမ်းဆည်းထားရင်း
ဘ၀ဆိုတဲ့ အိပ်မက်ထဲကို ကျနော်ခုန်ဆင်းခဲ့တယ်..
ညင်းသိုးသိုးဆံပင်ရှည်တွေနဲ့ ဘ၀ကို ဖားလျားချ ပစ်ခဲ့ဖူးရဲ့..
ကဗျာဆရာတစ်ယောက်ရဲ့ လွတ်လပ်မှုဟာ
ကမ္ဘာကြီးကို ညစ်ညမ်းစေသတဲ့လားဗျာ
အဲဒါဆိုရင်လည်း ကမ္ဘာမှာရှိသမျှကဗျာဆရာတွေရဲ့ကိုယ်စား
လောကကြီးကို ဆောရီးပါ..
တောမှာကြီးပြင်းခဲ့ရတဲ့ ပန်းပွင့်တွေ တော်ဝင်နန်းမထိုက်ခဲ့တာ မဆန်းပါဘူး
ကျနော်နမ်းမိခဲ့သမျှပန်းပွင့်တွေနဲ့ပဲ ကျနော်အဆိပ်သင့်ခဲ့ရတာပါ..
ညစ်တီးညစ်ပတ်လောကကြီးကိုတော့
ကျနော်တခါတခါ ညစ်ကျယ်ကျယ်ပဲ တုန့်ပြန်ပါသည်...
ညောင်ပင်တစ္ဆေဝေလေလေ....
တေလေငှက်တစ်ကောင်လို ကြုံရာကိုင်းမှာ နားခဲ့ဖူးရဲ့..
ဘ၀က ခါးတယ်လို့တော့ မငြီးငြူချင်တော့ဘူး..
အဆင်မပြေတိုင်းသာ ငြီးတွားရမယ်ဆိုရင်
ကမ္ဘာကြီး နားကွဲသွားလောက်ရဲ့..
ညမွှေးပန်းတွေက ညမှာမွှေးကြတယ်တဲ့
ကျနော့်ကဗျာတွေကလည်း လူတွေအိပ်မောကျချိုန်မှ
ရှင်သန်နိုးထခွင့်ရကြတယ်..
မဆင်မခြင် ကျနော် ခဏခဏမှားတတ်တုန်းပါပဲ..
အဲဒီဥာဉ်ဆိုးလေးကလည်း ကြာလာတော့
ကျနော့်ရဲ့အမှတ်အသားတစ်ခု ဖြစ်ခဲ့ပေါ့..
ငယ်ငယ်ကလို ညအခါလသာသာဆိုပြီး
လသာတိုင်း တေးတကြော်ကြော်မအော်တော့ပါဘူး..
ဒါပေမယ့် လရောင်ရေးရေးအောက်မှာ
ကျနော်ခဏခဏဆွေးတတ်ခဲ့ပြီလေ..
ထားလိုက်ပါတော့ကွာ..ညီညွတ်ခြင်းသည် အင်အားတဲ့
သူငယ်ချင်း မင်းနဲ့ငါရန်မဖြစ်ချင်တော့ဘူး..
ခန်းခြောက်နေတဲ့ ညောင်ရေအိုးလေးကို ရေဖြည့်ကြမယ်..
ပြီးတော့ ပန်းတွေကို ညင်သာစွာစိုက်ပျိုးကြမယ်..
ရိုးသားခြင်းကို အဆိတ်ခတ်ခဲ့တဲ့ သက္ကရာဇ်တွေကို ငါတို့ ဖြိုပစ်ကြပါစို့..
ထားခဲ့လိုက်ပါတော့ သူငယ်ချင်းရယ်..
အဲဒီညနက်နက်တွေထဲမှာ ဘာတက်မက်စရာမှ မရှိပါဘူး..
ငြိမ့်ငြောင်းသာယာတဲ့ ဂီတသံတွေရှိရာ တို့သွားကြမယ်
ကျနော်တို့မေ့လျှော့နေခဲ့တဲ့ ပျော်ရွှင်မှုဟာ
ခုပဲကျနော်တို့ဆီကို `လ´ရထားကိုစီးပြီးလာနေခဲ့ပြီ..
အားတင်းထားလိုက်စမ်းပါ ဒုက္ခဟာရောဂါသည်တစ်ယောက်လို
ညောင်နာနာထွက်သွားတာကို တို့မြင်ရတော့မယ်လေ..
ညံဖျင်းမှုဆိုတာ ၀ိရိယမရှိသူတွေနဲ့ မစဉ်းစားမဆင်ခြင်သူတွေရဲ့`
စုတ်ချာနေတဲ့ နံနက်စာဖြစ်သတဲ့..
ကျနော်တို့ကိုညံ့တယ်လို့ ၀ိုင်းထိုးနေတဲ့ လက်ညှိုးတွေအောက်မှာပဲ
မင်းနဲ့ငါ မညံ့ဘူးဆိုတာကို ယုံကြည်လိုက်ကြရအောင်..
ကိုယ်ပိုင်အလင်းနဲ့တောက်ပခွင့်တွေနည်းခဲ့တာ ၀န်ခံပါတယ်..
ဒါပေမယ့်  `လ´တစ်စင်းလို နေမင်းဆီက ညှိယူပြီးလင်းလက်သလိုမျိုး
တို့မှာ မျှဝေလင်းလက်ဖို့ အားတွေရှိတယ်..
ဒါဟာမှီခို ပျော့ညံ့မှုမဟုတ်ဘူးလေ..
ကိုယ်သမိုင်းကိုရေးပြီး ကိုယ့်ဝန်းကျင်ကိုယ်လင်းလက်ကြပါစို့
တတိယကမ္ဘာကြီးရဲ့ အကြီးကျယ်ဆုံးလက်နက်က ပညာဆိုပဲ..
ထင်၇ာစိုင်းနေတဲ့ တို့စိတ်တွေ အိပ်မွေ့ချကြမယ်..
ူ့လှပတဲ့ အနာဂတ်ဟာ ဆည်းလည်းသံတွေနဲ့အတူ
ကျနော်တို့ဆီလာနေခဲ့ပြီ

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment