Saturday, August 30, 2014

အလွမ်း မှတ်တမ်း



 ငါ့ ရင်ဘတ်ထဲက
ကန္တာရ နွေဦးမှာ
သံယောဇဉ်တွေက
စိမ်းစိမ်း မြမြ
ရှင်သန် ဖူးပွင့်နေကြတုန်းပဲ...။

ချစ်သူ..
မင်း အကြင်နာရပ်ဝန်းနဲ့...
ဝေးနေတဲ့ အရပ်မှာ
ငါ့ ရှင်သန်ခြင်းဟာ
အက်ကွဲ ခြောက်ကပ်လို့...။

နွေရာသီ၊ ကန္တာရနဲ့ ငါ
အီကွေတာမျဉ်း တစ်ကြောင်းထဲပေါ်
အတူ ရပ်နေမိကြသလိုမျိုး..
ရင်ထဲမှာ
နေ ဆယ်စင်း ထွန်းထားတာထက်
ပူတယ်...။

ရင်ကွဲ ပက်လက်
ငါ့ရဲ့...
ဒီ အလွမ်းရာသီမှာ
ဥသြတွေတောင်
ငိုနေကြပြီ...။

ချစ်သူ..
မင်းနဲ့ ဝေးနေရတဲ့ ညတွေမှာ
ငါ့ကောင်းကင် သစ်ပင်ထက်
ကြယ်တွေ မဖူးပွင့်တော့သလို
လေပြေ လေညင်းတွေ ပျောက်ဆုံးခဲ့တာလဲ
ကြာပြီ...။

ညဟာ
ကုလားမ ဆံပင်တွေလို
အနက်ရောင်တွေ
မှောင်နေအောင်
ဖားလျားချ
ငှက်ဆိုးတွေက
ငါ့နှလုံးသားပေါ်
အလိုက် ကန်းဆိုးမသိ
တက်တက် အော်ကြရဲ့...။

အလွမ်း ညနက်ကြီးထဲမှာ
အိပ်မက်ဆိုးတွေ
ခဏခဏ မက်တယ်
ငါ ခြောက်ခြားလိုက်တာ
အလွမ်းနဲ့ ဖျားနာနေတဲ့
ငါ့ကို
အကြင်နာတွေနဲ့
ထွေးပွေ့လှည့်ပါ
ချစ်သူ..။

တကယ်ပါ အချစ်ရယ်...
ငါ့ အတွက်တော့
မင်းမရှိတဲ့ ဘ၀ဆိုတာ
လကွယ်ညတွေချည်းပါပဲ...။

လင်းဝေ

Thursday, August 14, 2014

ပန်းနုရောင် တေးသွား



 ချစ်သူ..

ငါ့ နှလုံးသားနဲ့

ယက်လုပ်ထားတဲ့

ချစ်ခြင်း ၀တ်ရုံကို
...
ဝတ်ဆင်

ငါ့ကောင်းကင် တစ်ခုလုံး

လင်းလက်သွားအောင်

အလှဆုံး ပြုံးလိုက်စမ်းပါ...

ချစ်သူ အလှကို

မနာလို မျက်ရည်ကျနေတဲ့

ပန်းပွင့်လေးတွေကို

ငဲ့ညှာသောအားဖြင့်

ငှက်ကလေးတွေရေ

ကျေးဇူးပြုပြီး

တေးမဆိုကြပါနဲ့...

ချစ်သူအလှကို

ငါလည်းပဲ

တိတ်တိတ်လေး

ခံစားပါရစေ...။

လင်းဝေ


ကောင်းကင် ဒိုင်ယာရီ



 ညထဲ
ပစ်ချ ခံထားရတဲ့
မြို့ပြကြီးရဲ့
သွေးကြော တလျောက်
ခေတ်ပေါ်ကားတွေက
တဝီဝီ စီးဆင်းလို့...။

ငါက...
ကြယ်တွေကို ခိုစီးပြီး
ကောင်းကင်ခရီး
ထွက်ချင်တဲ့ လူ..

မဖြစ်နိုင်ဘူး...ဟုတ်လား...

အထင်သေးတဲ့ မျက်လုံးနဲ့
မကြည်ပါနဲ့ကွယ်...။

မင်း မသိလို့ပါ...

ဆင်းရဲသားလဲ
ဂျိန်းစ်ဘွန်း အိပ်မက်
မက်ခွင့် ရှိတယ်ဆိုတာ...။

ရှိပါစေလေ
ဘာမရှိဘူးးဆိုတာကို
ဘာမှ မရှိတဲ့အကြောင်း
ဘာမှ မသိကြသေးတဲ့လူတွေကို
ဘာမှ ရှင်းမပြချင်ဘူး...။

ထားခဲ့လိုက်ပါ
ညနေခင်း အသေတွေနဲ့အတူ
ငါ့ကို ထားခဲ့လိုက်ပါ
မာယာတွေနဲ့
ပုပ်အက်နေမယ့်
မနက်ဖြန်တွေမှာ
ငါ မရှင်သန်ပါရစေနဲ့...။

အက်ကွဲ ကြေမွသွားတဲ့
အိပ်မက် အပိုင်းအစတွေနဲ့
လှချင်တိုင်း လှနေတဲ့
ညတည အကြောင်း...

ကောင်းကင်ရဲ့
ဒိုင်ယာရီမှာ
အမှတ်တရ အဖြစ်
ကဗျာ တစ်ကြောင်းလောက်
ငါ...
ရေးစပ်လိုက်ပါရစေ......။



လင်းဝေ

Wednesday, August 6, 2014

ဒဿန

ဘ၀ဆိုတာ နေပျော်အောင်နေဖို့ပဲကွယ်