ခွဲခွာခြင်းကံတရားဟာ
ဘ၀တစ်ခုလုံးကို
နလံမထူအောင်နှိပ်စက်ခဲ့ပါတယ်..
ဒီလိုနဲ့ပဲ....
ဆန္ဒနဲ့မျှော်လင့်ချက်တွေ အားလုံးဟာ
ပူလောင်မှုဆာလောင်မှုတွေနဲ့
နစ်မွန်းရဦးမှာပါပဲ...
လိုက်လျောအားနာတတ်တဲ့ ငါ့ရဲ့ဗီဇတွေ
ပျံ့လွင့်တွေဝေနေတဲ့ ငါ့ရဲ့အချိန်တွေ
ဒါတွေအားလုံးဟာငါ့ဘ၀ကို
ရှုံနိမ့်စေခဲ့တာပါ..
အတိတ်နဲ့အနာဂတ်ဆိုတာလဲ
စိတ်ကူးတစ်ခုရဲ့ပြက်လုံးတွေပဲ
ဖြစ်မယ်ထင်ရဲ့..
တစ်ကယ်နေနေရတဲ့ ပစ္စုပ္ပန်ကတော့
ခါးသီးလွန်းပါတယ်...
ဟိုမှာ...ထောင်ထားတဲ့လှေကားထစ်တွေရှိတယ်
ငါတစ်ယောက်ထဲတက်ပြရမှာလား..
အရသာမရှိပါဘူး..
စိတ်တစ်ခုရဲ့ အေးချမ်းမှုကို အတူယူဖို့
ငါ့လက်တွေကို နင်တွဲမထားရဲဘူးလား
ဘ၀မှာ ငါအမြတ်နိုးတန်ဖိုးထားဆုံးအဖော်တစ်ယောက်
နင်ကလွဲရင် ကျန်တာတွေအားလုံးကို
ငါစွန့်လွှတ်နိုင်ပါတယ်
ဒါဟာ ငါ့ရင်ထဲက
ရိုးသားတဲ့ စကားလုံးတွေဖြစ်မှာပါ...
အကောင်းဆုံးအတွက် ငါကြိုးစားနေပါတယ်
ဒါပေမယ့်...
ဒဏ်ရာတွေနဲ့ငါဟာ
အကောင်းဆုံးဖြစ်ဖို့ အခွင့်အရေးမရှိခဲ့ဘူး...
အနိုင်အရှုံးအတွက်ခံစားရတဲ့
အရသာတွေကလည်း ရိုးအီနေပါပြီ..
အချစ်ဆိုတာ အချိန်ဘယ်လောက်ကြာကြာ
နေရာတွေဘယ်လောက်ဝေးဝေး
စစ်မှန်တဲ့ချစ်ခြင်း မေတ္တာတွေရှိနေရင်
ခွဲခွာခြင်းဆိုတာမဖြစ်နိုင်တဲ့အရာတစ်ခုပါ
ငါတို့တွေ အချိန်အကြာကြီးပေးဆပ်ခဲ့ကြပြီးပြီပဲ
နောက်တစ်ကြိမ် ဝေးကွာဖို့ဆိုတာ
အိပ်မက်ထဲတောင် ထည့်မမက်သင့်တော့ပါဘူး
ငါတို့တွေ တူညီတဲ့ဘ၀တစ်ခုတည်ဆောက်ဖို့
ငါ့တို့ရဲ့ပန်းတိုင်တစ်ဆီ လျှောက်လှမ်းကြရအောင်
အဲဒီအတွက်
နင့်ရင်ထဲမှာ အချစ်တွေပြည့်နေပါစေ.....
2003 ဒီဇင်ဘာ 12
ဖိုးကိတ် (ရုက္ခဗေဒ မုံရွာတက္ကသိုလ်)
သူငယ်တန်းကတည်းက အတူကျောင်းသွားဖက်
ညီကိုဝမ်းကွဲလည်းတော်စပ်တဲ့
သူငယ်ချင်းရဲ့ကဗျာလေးပါ
သူငယ်ချင်းကိုသတိရလို့ ကြိုက်လွန်းလို့
မျှဝေလိုက်ပါတယ်
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment