Saturday, October 2, 2010

စီးဆင်းနေသောမြစ်များ


အေးမြလတ်ဆတ်သောလေပြေညင်းလေးသည် ရေပြင်ကိုဖြတ်ပြီး ကျနော့်မျက်နှာကို တိုးဝှေ့ကျီစယ်နေပါသည်။ လှိုင်းကြက်ခွပ်လေးက လည်း ရေပြင်ထက်ဝယ် ဟိုဒီပြေးလွှားနေကြ၏။လရဲ့အရိပ်သည် လှိုင်းတွေထဲတွင် လှုပ်ခတ်နေလေရဲ့။
အော်...လပြည့်ညပါလား။ငယ်ငယ်ကဆိုရင် လပြည့်ညတွေရောက်တိုင်း လရောင်ကို မက်မက်စက်စက် ခံစားတတ်ခဲ့ဖူးသည်။
လျှပ်စစ်မီးမရှိတဲ့ ကျနော်မွေးဖွားကြီးပြင်းခဲ့ရာ အညာရွာလေးဟာ လသာတဲ့ညတွေမှာသာ လင်းလက်ခွင့်ရသည်လေ...။
လပြည့်ညတွေဆိုရင် အေးချမ်းလှပတဲ့ ရွာကလေးဟာ အစွမ်းကုန် လင်းဝေတောက်ပလို့ပေါ့။
ခုတော့ ၀မ်းရေးအတွက် လွမ်းရေးကို မေ့ပစ်ပြီး လရောင်ကိုမခံစားဖြစ်တာတောင် တော်တော်ကြာပါပြီ။
ကန်ရေပြင်ပေါ်တွင် ရွှန်းလက်စွာ ဖြာကျနေတဲ့လရောင်ဟာ လျှပ်စစ်မီးရောင်စုံတွေနဲ့ လက်တောက်နေတဲ့ စင်္ကာပူမြို့ပြညရဲ့
အရှိန်အ၀ါအောက်မှာ ဖျော့တော့မှေးမှိန်နေပါသည်။ဘာပဲဖြစ်ဖြစ် ဒီတညတော့ ကျနော်လရောင်ကို တခုတ်တရ ခံစားနေမိပါပြီ။
ငွေရောင်လက်နေတဲ့ တိမ်စိုင်လေးတွေက လရောင်အောက်မှာ လွတ်လပ်စွာ လွင့်မျောနေကြသည်။ကြယ်ကလေးတွေလည်း
မှိတ်တုတ်မှိတ်တုတ်နဲ့ စွမ်းအားရှိသလောက် လင်းလက်ကြရင်း လမင်းကို ခြံရံခစားကာ အဖော်ပြုနေကြလေရဲ့..။
နောက်ကျောဖက် water front စတိတ်စင် ဆီမှ ငြိမ့်ငြောင်းသာယာသော တေးသံတွေက ညင်သာစွာ ပျံ့လွင့်နေသည်။
စင်္ကာပူမြို့ရဲ့ အိုက်စပ်တဲ့ညတွေအတွက် ဒီနေရာလေးက လူကိုအေးမြလန်းဆန်းတယ်လို့ ထင်ရသည်။ကျနော်က sky park
အဆောက်အဦးကြီးနဲ့မျက်နှာချင်းဆိုင် esplanade အဆောက်အဦးကြီးရှေ့ ရေကန်လေးဘေးမှာထိုင်ရင်း စင်္ကာပူလပြည့်ညရဲ့
အလှအပကို ခံစားနေခြင်းဖြစ်ပါသည်။ချမ်းသာတဲ့နိုင်ငံတွေကျတော့လည်း ပန်းခြံကို ကောင်းကင်ထိတက်ဆောက်ကြတာပါလားနော်။
လတ်ဆတ်တဲ့လေကို တ၀ကြီးရှူသွင်းပြီး လေပူတွေကိုအားရှိပါးရှိမှုတ်ထုတ်ပစ်လိုက်တော့ ရင်ထဲမှာ လန်းဆန်းပြေလျော့သွားသလိုပါပဲ။မျက်စိတစ်ဆုံး ဟိုးအဝေးကြီးဆီထိ မျှော်ငေးကြည့်လိုက်တော့ မိုးကုတ်စက်ဝိုင်းက သစ်ပင်အုပ်အုပ်လေးတွေဆီ ထိုးဆင်း ထိဆက်သွားတာ တွေရသည်။ဘေးနားစုံတွဲလေးတွေဆီက ခိုးခိုးခစ်ခစ်ရယ်သံလေးတွေကြားရသည်။မိသားစုလေးတွေကလည်း
ဟိုတစ်စုဒီတစ်စု ညအလှကိုခံစားရင်း အပန်းဖြေနေကြသည်။ကလေးတွေကတော့ ပျော်ရွှင်စား ဆော့ကစားလို့..။
ကမ္ဘာလှည့်ခရီးသည် ၃၊၄ ယောက်ကတော့ စင်္ကာပူညအလှကို ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်နေကြ၏။
ကျနော်ကတော့တစ်ယောက်ထဲ..။သူငယ်ချင်းတွေမပါတော့ စကားပြောဖော်မရှိ။တစ်ယောက်ထဲပဲ ညအလှကို ခံစားရင်း
အတွေးတွေရင်ထဲကို ၀င်ရောက်လာသည်။
လူသားတွေဟာ မိမိတို့ရဲ့ယုံကြည်ချက်၊မျှော်လင့်ချက်၊၀ါသနာတွေနဲ့ကြိုးစားပြီးတော့မိမိတို့ဘ၀သာယာပျော်ရွှင်ဖို့ဖန်းတီးကြရင်း ရှင်သန်နေကြလေသည်။ ကမ္ဘာကြီးနဲ့အတူ လည်ပတ်ရွေ့လျားနေတဲ့ အချိန်ရထားကြီးကို လိုက်ပါစီးနင်းရင်း ခဏတာလေးပဲရတဲ့ လူ့ဘ၀ဆိုတာလေးကို မက်မောစွာဖက်တွယ်ထားကြပေသည်။အချိန်၏ ရွေ့လျားပြောင်းလဲမှုသည် မြန်ဆန်လွန်းသည်ဟု ထင်မိသည်။ကမ္ဘာကြီးသည်လည်း အချိန်နဲ့အမျှ ပြောင်းလဲနေပြီး တိုးတက်မှုဆုတ်ယုတ်မှုတွေနဲ့ ပြည့်နက်နေသည်။ အဲဒီအချိန်ကာလတွေမှာ ကမ္ဘာကြီးနဲ့အတူ လူသားတွေဟာလည်း ပြောင်းလဲနေကြလေသည်။ လူဟောင်းတွေက ကမ္ဘာကြီးကို နှုတ်ဆက်ထွက်ခွာပြီး တရွေ့ရွေ့ပျောက်ကွယ်သွားနေကြသလို လူသစ်တွေကလည်း တစ်ယောက်ပြီးတစ်ယောက်ကမ္ဘာကြီးဆီ
စက္ကန့်နဲ့အမျှ ခြေချရောက်ရှိလာနေကြသည်။လူဟောင်းတွေကိုက ဘယ်လိုဖြတ်သန်းသွားခဲ့ကြပြီး လူအသစ်တွေက ဘယ်လိုဖြတ်သန်းသွားကြမလဲ..။သမိုင်းအဟောင်းတွေကို ထားရစ်ခဲ့ကြပြီး သမိုင်းသစ်တွေကို ဆက်လက်ရေးနေကြဦးမည်ဖြစ်သည်။ဤကမ္ဘာကြီးထဲတွင် ကောင်းမွန်ပြောင်မြောက်တဲ့ သမိုင်းတွေရှိခဲ့ကြသလို ဆိုးယုတ်ရက်စက်ခဲ့ကြတဲ့ သမိုင်းခါးခါးတွေ လည်းရှိခဲ့ရဲ့.။ကျနော်တို့ဟာ ကောင်းမွန်တဲ့ သမိုင်းတွေကို အတုယူပြီး မကောင်းတဲ့သမိုင်းတွေကို သင်ခန်းစားယူရင်း ဒီထက်ကောင်းတဲ့ သမိုင်းကို ဖန်တီးဖို့ကြိုးစားကြရမည်ဖြစ်သည်။သို့မှသာ ကောင်းမှုတွေတိုးပွား မကောင်းမှုတွေဆိတ်သုန်းပြီး
လှပသာယာတဲ့ လောကအစစ်အမှန်ကို ဖန်တီးနိုင်ကြမည် ဖြစ်သည်ဟု ကျနော်တွေးနေမိသည်။
`ဓာတ်ပုံလေးတစ်ပုံလောက်ရိုက်ပေးလို့ရမလား´ဂျန်ပန်စုံတွဲလေးတစ်တွဲလာပြီး အကူအညီတောင်းလို့ ကျနော်ရိုက်ပေးလိုက် သည်။တချိန်တုန်းက ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို နှိပ်စက်ခဲ့ကြပါလားဆိုတဲ့ မုန်းတီးစိတ်တွေ၊အငြိုးအတေးတွေကျနော့်မှာ မရှိပါ။
အရာအားလုံးပြီး ဆုံးသွားခဲ့ပြီးပြီပဲ။နှစ်ယောက်စလုံးငယ်ငယ်ချောချောလေးတွေပါပဲ။နုပျိုမှုတွေနဲ့ အစွမ်းကုန်လန်းနေတဲ့ သူတို့မျက်နှာလေးတွေမှာ သောကတွေ ကင်းစင်လွန်းသည်။ကျနော်ကရော ဘာတွေပူပန်နေပါသလဲ..။လောကကြီးက ဖြစ်စရာရှိတာဖြစ်ပြီး ပျက်စရာရှိတာပျက်သွားမှာပါပဲ..။ဘာတွေကိုမှ သိမ်းပိုက်ခံစားနေဖို့ မကောင်းပါဘူးလေ..။မင်းက ဘာတွေလိုက်ခံစားနေသလဲလို့ မေးကြမည် ထင်ရဲ့..။ ကျနော်ခံစားနေတာထက် တွေးနေမိတယ်ဆိုရင် ပိုပြီးမှန်ပါမည်။
လောကကြီးထဲမှာဖြစ်ပျက်နေသမျှတွေရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ လူတွေကြောင့်ပါပဲ။လူသားတွေကပဲ ကမ္ဘာကြီးကို
ချယ်လှယ်ခဲ့ကြသည်။အင်းလူတွေကလည်းခက်တယ်။အခိုက်အတန့်လေးရတဲ့ ဘ၀လို့သတ်မှတ်ထားတဲ့ ကာလလေးမှာတောင်
ကောင်းမွန်စွာရှင်သန်ဖို့ မကြိုးစားချင်ကြဘူးလေ။
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး ကိုယ့်အကျိုးအမြတ်အတွက် သူတပါးပေါ် ညစ်ပတ်ရက်စက်ကြဖို့လည်း ၀န်မလေးကြ။ငါသက်သာရင်ပြီးရော ဘယ်သူတွေဘယ်လိုပဲ ပင်ပန်းကြပါစေဆိုပြီး အချောင်ခိုဖို့လည်းဝန်မလေးကြ။
မုသားတွေခေတ်စားနေတဲ့ ၂၁ရာစုမှာ ရိုးသားတဲ့သူ၊အမှန်တရားကိုမြတ်နိုးသူတွေကို လက်ငြိုးထိုးလှောင်ပြောင်ချင်ကြသူတွေ ကလည်း ဒုနဲ့ဒေးပါပဲ။ရှက်သင့်တဲ့နေရာမှာမရှက် မရှက်သင့်တဲ့နေရာမှာရှက်နေကြတဲ့ လောကကြီးဟာ တနေ့တခြား
ထိတ်လန့်ဖွယ်ကောင်းလာပါသည်။မိုးခါးရေသောက်သူတွေ ကြာလေများလေပါပဲ..။အင်းမိုးခါးရေနဲ့ပတ်သက်ပြီး
ကြားဖူးတဲ့ပုံ ပြင်လေးတစ်ပုဒ်ကို သတိရမိသည်။
ရှေးရှေးတုန်းက တိုင်းပြည်ကြီးတစ်ပြည်ရှိသတဲ့..သာယာဝပြောပြီး အင်မတန်စည်ကားတဲ့တိုင်းပြည်ကြီးပေါ့..ဘုရင်နဲ့တကွ တိုင်းသူပြည်သားတွေကလည်း ယဉ်ကျေးသိမ် မွေ့ကာ ငါးပါးသီလကို စောင့်ထိမ်းပြီးရိုးသားစွာနေထိုင်ကြလို့ တတိုင်းပြည်လုံးဟာ အင်မတန်ငြိမ်းချမ်းသတဲ့..။ဒါပေမယ့် မမျှော်လင့်ဘဲ တစ်ခုသောမိုးရာသီကစလို့ အဲင်္ဒီတိုင်းပြည်လေးဆီ
ကံဆိုးခြင်းတွေရောက်လာခဲ့တယ်...။ရာသီဥတုတွေဖောက်ပြန်ပြီး မိုးတွေခေါင်လာသတဲ့..။မြစ်ချောင်းအင်းအိုင်တွေကလည်း
ခြောက်သွေ့လို့ လူတွေဟာတနေ့တခြား သောက်ရေသုံးရေတွေ ပြတ်လတ်ကာ ငတ်ပြတ်သေကြရမယ့် အခြေအနေထိရောက်
ရှိခဲ့လေသည်။
ဘုရင်ကြီးလည်းစိတ်မချမ်းသာနိုင်ပေ။တညတော့ မဖြစ်တော့ဘူးပညာ၇ှိအမတ်နဲ့တိုင်ပင်မှပဲဆိုပြီး အမတ်ကြီးကိုခေါ်ပြီး မေးမြန်းလေသည်။
အမတ်ကြီး ဒီပုံအတိုင်းဆိုရင်တတိုင်းပြည်လုံးသေကြေပျက်စီးကြရမယ်ထင်ရဲ့ကွယ်..။မိုးရွာနိုင်တဲ့နည်းလမ်းလေးရှိရင်ကြံစမ်းပါဦး..။
အသင်မင်းကြီး မစိုးရိမ်ပါနဲ့ မနက်ဖြန်ညသန်းခေါင်ယံအချိန်မှာ မိုးကြီးသည်းထန်စွာရွာပါတော့မယ်.။
အမတ်ကြီးစကားကြားရတာ ၀မ်းမြောက်စရာပဲ..။
ဝမ်းသာမစောပါနဲ့ဦး အရှင်မင်းကြီး..အဲဒီသန်းခေါင်ယံမှာရွာမဲ့မိုးဟာ မိုးခါးရေတွေဖြစ်ပါတယ်။အဲဒီရေတွေကို သောက်မိသူဟာ
လူစိတ်ပျောက်ပြီး ရူးသွပ်သွားပါလိမ့်မယ်အရှင်မင်းကြိး တိရာစ္ဆာန်တွေတိုက်ဖို့နဲ့ သုံးစွဲဖို့ပဲသင့်တော်ပါတယ်မင်းကြီး။
နောက်တနေ့နံနက်မှာ နောက်တကြိမ်ထပ်ရွာပါမယ်။အဲဒီအခါမှ ရေချိုမိုးတွေရွာမှာ ဖြစ်ပါတယ်။အဲဒါကြောင့် တစ်ညသည်းခံ
စောင့်ပြီးမှ သောက်သုံးကြရပါမယ် အရှင်မင်းကြီး။
အင်း ဒီကိစ္စ အင်မတန်အရေးကြီးတယ် တတိုင်းပြည်လုံးသိအောင်ကြေငြာထားမှ သင့်တော်မယ် အမတ်ကြီး။
သင့်မြတ်လှကြောင်းပါ မင်းကြီး။အဲဒီလိုနဲ့နောက်တနေ့နံနက်မှာ မူးမတ်ကြီးတို့ဟာ တိုင်းပြည်အနှံ့လှည့်၍
`တိုင်းသူပြည်သားလူအများတို့ ယနေ့ည သန်းခေါင်ယံအချိန်တွေ မိုးကြီးသည်းထန်စွာရွာမည်ဖြစ်ပါသည်။
ထိုရေများသည် မိုးခါးရေများဖြစ်၍ သောက်မိသူသည် လူစိတ်ပျောက်၍ ရူးသွပ်ပေလိမ့်မည်။နောက်တနေ့မနက် ဒုတိယအကြိမ်
မှသာ ရေချိုမိုးများရွာသွန်းမည်ဖြစ်သဖြင့် ဒီနေ့တည သည်းခံစောင့်ဆိုင်းကြလော့ မင်းတရားကြီးအမိန့်တော်´ ဟုမောင်းကြေးနင်းခတ်လေသည်။
ည မိုးရွာမယ်တဲ့ဟေ့...။မိုးခါးရေတွေတဲ့တော့ သောက်ရင်ရူးမယ်တဲ့။တို့ကတော့ငတ်လှပြီ ခါးခါးချိုချိုသောက်မှာပဲ..........
လူတွေတစ်ယောက်တစ်ပေါက် ဆူညံကုန်ကြသည်။အဲဒီအချိန်မှာပဲ အသက်ကြီးကြီးအဖိုးကြီးတဦးက
ငါ့သားတို့ငါ့မြေးတို့ သတိထားကြမင်းကြီးက ပညာရှိအမတ်တွေနဲ့ သေချာတွက်ချက်ပြီးလို့ ကြေငြာတာဖြစ်မယ်..
ဘာပဲဖြစ်ဖြစ် ဒီလောက်ရက်တွေအကြာကြီးငတ်လာပြီးမှတော့ တစ်ညလောက် သည်းခံကြတာကောင်းမယ်ကွယ်။။
အင်း အဘပြောတာမှန်တယ် ..တစ်ယောက်မှ မသောက်မိကြစေနဲ့နော်..။
မိုးတွေက တကယ်ရွာမှာလား..။မိုးခါးရေဆိုတာတကယ်ပဲလား..။သောက်ရင်ရော တကယ်ရူးမှာလား...
လူတွေကတော့ သောက်သင့်တယ် မသောက်သင့်ဘူး စောင့်သင့်တယ်မစောင့်သင့်ဘူး စသည်ဖြင့် ငြင်းခုံဆူညံနေကြလေရဲ့..
တဖြည်းဖြည်းနေလုံးကြီးဝင်သွားပြီး ညကိုရောက်လာလေပြီ..။မျှော်လင့်တကြီးစောင့်နေရသူအဖို့ အချိန်တွေက ကြာလွန်းပေစွ.။
ကြယ်တွေတ၀င်းဝင်းဖြင့် ကောင်းကင်သည် ကြည်စင်လွန်းလှသည်။
မိုးရွာမယ်ဆိုတာ တကယ်ရောဟုတ်ရဲ့လား..ခုထိလည်းဘာအရိပ်အရောင်မှ မပြသေးပါလား..။
အမတ်ကြီးတွေ ရူးပြီးတော့ လျောက်ပြောကြတာလား။ လူတွေက သို့လောသို့လော တွေးနေကြလေ၏။
ထိုအချိန်မှာပဲ မိုးသံလေသံတွေနဲ့အတူ တိမ်ညိုတိမ်မည်းတို့သည် အနောက်တောင်ဘက်ဆီမှ လျင်မြန်စွာ တခဲနက်တက်လာကြ
သည်။လျပ်ရောင်တွေတ၀င်းဝင်းနဲ့ မိုးချုန်းသံတွေကလည်း ကြောက်မက်ဖွယ်ကောင်းလွန်းရဲ့..။
ဟေ့ မိုးခါးရေတွေ ရွာတော့မယ်ဟေ့ မသောက်မိကြစေနဲ့ သတိထားကြဟေ့..။လူတွေက တစ်ယောက်နဲ့ တစ်ယောက်တားမြစ်ကြ လေ၏။ အဲဒီအချိန်မှာပဲ အေးမြသော မိုးရေတို့သည် ကမ္ဘာမြေကြီးဆီ အငြိုးတကြီး ခုန်ချလာကြပေပြီ..။
ငတ်မွတ်တောင့်တနေတဲ့အချိန် မမျှော်လင့်သော အခွင့်အရေးကြီးနဲ့ ကြုံကြိုက်လိုက်ရသော လူသားတို့သည် သတိတရားမဲ့စွာ
မိုးရွာထဲထွက်ကာ ပျော်မြူးခုန်ပေါက်ကြလေသည်။ထို့နောက် လောဘကြီးစွာ ရေတို့ကို အငမ်းမရ သောက်သုံးမိကြလေ၏။
အသိတရားတို့သည် သူတို့ခန္ဓာကိုမှရုတ်ခြည်းပျောက်ကွယ်သွားကာ ဘုရင်ကြီးနဲ့ အမတ်ကြီးကလွဲ၍ တတိုင်းပြည်လုံးရှိ လူတို့သည် သွက်သွက်ခါအောင် ရူးကုန်ကြလေပြီ....။လူတို့သည် ဘုရင်ကြီးနဲ့ အမတ်ကြီးကိုကြည့်ကာ အချွန်အတက်တွေနဲ့
ခေါင်းပေါင်းကြီးတွေနဲ့ အရူးကြီးတွေဟေ့ဆိုပြီ လက်ငြိုးထိုးကာ ခွက်ထိုးခွက်လှန် ရယ်မောလှောင်ပြောင်ကြလေ၏။
အရှုင်မင်းကြီး အဆောင်ထဲပြန်ဝင်နေပါ။မနက်ဖြန်မနက် မိုးရေချိုတွေရွာမှ သောက်သုံးတော်မူပါဘုရားဟု သတိပေးလျောက်ထားပြီး ပြန်သွားလေ၏။ နောက်နေ့မနက်မှာ မိုးရေချိုတို့သည် ပြည့်လျံစွာရွာသွန်းလေသည်။သို့သော်
လူတွေက ရူးနေနှင့်ကြပြီဖြစ်သည်။သုတို့သည်ရေချိုတွေကိုသောက်ရမှန်းမသိတော့ မိုးခါးတွေကိုသားသောက်နေကြတော့သည်။
အမတ်ကြီးလည်းမိုးရေချိုကို အားပါးတရသောက်ပြီး နန်းတော်ထဲဝင်ခဲ့လေသည်။
နန်းတော်ထဲဝင်လိုက်သောအခါ သူသည်သည်ထူးဆန်းသောမြင်ကွင်းကို မြင်လိုက်ရသည်။ဘုရင်ကြီးသည် ကလေးတွေနဲ့ မြင်းစီးတမ်းကစားကာ ရူးသွပ်နေလေပြီ...။အားလုံးသောလူများသည် အမတ်ကြီးကိုလက်ညိုးထိုးက အရူးကြီးအရူးကြီးဟု ခေါ်ကြလေသည်။။ဤသို့ဖြင့် အမတ်ကြီးသည် ထိုတိုင်းပြည်တွင် ပြိုင်ဖက်ကင်း အရူးတစ်ယောက်ဘွဲကို ရရှိသွားလေသတဲ့....
ပုံပြင်လေးကိုစဉ်းစားကြည့်ရင်း တွေးစရာတွေအများကြီး သံဝေဂတွေအများကြီးရမိသည်။
ဘာပဲဖြစ်ဖြစ် ဘယ်သူတွေပဲသောက်သောက် အရူးလို့ပဲပြောကြပြောကြ ကျနော်တို့လည်း အမတ်ကြီးလို သတ္တိရှိစွာ၊သတိရှိစွာ
မိုးခါးရေမသောက်မိကြဖို့အရေးကြီးသည်။
မြစ်တွေဟာ အတည့်ပဲစီးစီး၊ပြောင်းပြန်ပဲစီးစီး၊တောင်မြောက်ပဲစီးစီး၊အရှေ့အနောက်ပဲစီးစီး၊ကွေ့ဝိုက်ပြီးပဲစီးစီး အဆုံးမှာ ပင်လယ်သမုဒ္ဒရာထဲကို စီးဝင်သွားကြရသည်။ကျနော်တို့လူသားတွေဟာလည်း ရိုးသားမြင့်မြတ်စွာပဲရှင်သန်မလား၊ဆိုးညစ်
ယုတ်ညံ့စွာပဲရှင်သန်မလား။အကာင်းကျိုးတွေပြုပြီး ရှင်သန်သွားကြမလား၊မကောင်းမှုဒုစရိုက်တွေပြုပြီး ရှင်သန်သွားကြမလား
နောက်ဆုံးမှာ သေခြင်းတရားဆီကိုသာ မလွဲမသွေ သွားကြရပေမည်။
လောကကြီးက သစ္စာရှိပါသည်။ကိုယ်က အဖြူပေးရင် သူကလည်းအဖြူရောင်ကိုပြန်ပေးမည်။ကိုယ်က အမည်းရောင်ပေးရင်
သူကလည်းအမည်းရောင်ပြန်ပေးပေလိမ့်မည်။ကိုယ်စိုက်ခဲ့တဲ့ မျိုးစေ့ရဲ့အသီးအပွင့်ကိုပဲ ကျနော်တို့စားသုံးကြရမည်ဖြစ်သည်။
ထို့ကြောင့် ဘယ်သူတွေဘာပဲပြောပြော၊ဘယ်သူတွေဘာပဲလုပ်လုပ် ကျနော်တို့ဟာ ကိုယ့်သမိုင်းကို ကောင်းအောင်ရေးကြရင်း
ကိုယ့်ပတ်ဝန်းကျင်က လူသားတွေကိုလည်းကောင်းမွန်အောင် လက်တွဲခေါ်ယူကြရမည်ဖြစ်သည်။
အတွေးထဲမှာ ဘယ်လောက်လွင့်မျောနေမိသည်မသိ ကျနော်ဘေးမှာ လူတွေတောင်သိပ်မရှိတော့..။လက်က နာရီကိုကြည့်တော့
ည11 နာရီ ခွဲပြီ ။တွေးနေလို့မဖြစ်သေးဘူး MRT ရထားမီအောင်ပြန်ရဦးမည်။

သာယာသောလောကကြီးဖြစ်ပါစေ
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment