Friday, October 1, 2010

သင်ခန်းစာ `က´


ကပ်သီးကပ်သတ်တွေးတတ်တဲ့ကျနော်ဟာ
တခါတခါ ကြောင်တောင်တောင် ကြည့်တတ်ပါသည်...
(မင်းဘာကောင်လဲ ငါဘာကောင်လဲပေါ့
နောက်ဆုံး နှစ်ယောက်စလုံး ဘာမှမဟုတ်
ဒိုင်စားသွားပါသည်)
ကြုံကြိုက်လို့လား....ကြိုက်လို့ကြုံတာလား...
ကွက်ကွက်ကွင်းကွင်း မသိခဲ့ပေမယ့်
ကောင်မလေးတစ်ယောက်ကို တော့
ကြွေကြွေမူးမူး ကြိုက်ခဲ့ဖူး၏။
ကန်းကုန်အောင် ချစ်ခဲ့ဖူးပါသည်..
အကြွေးတောင်းသလိုတော့
ကရားရေလွှတ် တတွတ်တွတ်
သူမနားညီးအောင် မလုပ်ခဲ့ဖူး..
ကွေကွင်းရခြင်းတွေအတွက်
ကြေကြေကွဲကွဲ ဖြစ်မနေချင်..
ကြယ်တွေကြွေတာလည်း ကျိုးတိုးကျဲတဲဆိုတော့
ကွင်းထဲပျိုးထားတဲ့ ကြံပင်တွေ ကြီးလာမှ
ချိုမြိန်ခြင်းကို ကျုားနာခဲ ခဲမည်ဟု
ကက်ကက်လန်အောင် ကြွေးကျော်ဖူး၏။
ကျွတ်ကျွတ်လွတ်လွတ်ဆိုပြီး ဘဝအတွက်
အကြိတ်အနယ်ကန်သွင်းခဲ့တဲ့ ဘောလုံးတွေ
အကျည်းတန်စွာ လွဲခဲ့ဖူးရဲ့..
ကွက်ကြားမိုးတွေ သည်းတတ်လွန်းတဲ့
လောကကျယ်ကျယ်ကြီးထဲ
ကျီးကြည့်ကြောင်ကြည့်နဲ့
ကျီးလန့် စာစားဖြတ်သန်းမသွားလို
ကျူးကျော်ခံရလို့ ကျွန်ဖြစ်တာလား..
ကျွန်စိတ်ရှိလို့ ကျူးကျော်ခံခဲ့ရတာလား..
ကျနော်ကြီးကြီးကျယ်ကျယ် မစဉ်းစားပါ...
ကံသာလျှင်အမိ ကံသာလျှင်အဖ
ကောင်းရာကောင်းကြောင်းကိုပဲတွေးပါမည်
ကျော်ကြားဖို့ ကြွယ်ဝဖို့ ကြံစည်ရင်း
ကြုံရာကျပန်းဘဝကို ကျကျနနထုဆစ်နေချိန်ပေါ့
ကြောက်ကြောက်လန့် လန့် ပဲ
ကြောက်ကန်ကန်ပြီး
အဲဒီလောကဓံတရားကို ကျနော်ရင်ဆိုင်ခဲ့ပါသည်
ကံကူလက်လှည့်တဲ့
ကံကိုအကူအညီတောင်းပြီး လက်နဲ့ လှည့်ကြည့်တာ
ကျနော် ကျင်းထဲကြပ်ထဲမှာ
ကိုးယိုးကားယားကြီးဖြစ်နေတတ်ပါသည်..
ကိုးဆယ့်ခြောက်ပါးရောဂါတွေကြောက်လို့
ကိုးကျင်းကိုးကြောင်းလဲ လျှောက်မသွားခဲ့ပါ....
ကောင်းကောင်းမွန်မွန် ကျစ်ကျစ်လစ်လစ် မနေတတ်ခဲ့လို့
ကိုးလို့ကန့်လန့် အတွေးတွေနဲ့
ကြုံသလို ပျော်ပျော်နေရင်း
ကုံးကုံးကွကွနဲ့ ဘ၀ကို ကြုံးရုံးထနေဆဲပါ
ကွေ့ကွေ့ကောက်ကောက်လမ်းကိုပဲ
ကျနော် ကျားကုတ်ကျားခဲ လျှောက်ပါဦးမည်
ကြီးကျယ်တဲ့ လူတွေနဲ့ကြုံတဲ့အခါ
ကျိုးနွံစွာ ကျင့်ကြံဖို့ ကိုယ့်ကိုယ်ကို ကျုံ့ထားပါတယ်
ကာဆီးကာဆီးဖြစ်နေသည်ထင်လျှင်
ကျေးဇူးပြုပြီး ကျော်သွားကြပါ
ကူညီစရာရှိလျှင် နိုင်သလောက်ကူညီပါမည်
ကျမ်းကိုးကျမ်းကားတွေနဲ့ ကျေးဇူးစကားဆိုစရာမလို
မကြားတကြားပြောကြသည်ကို
ကျယ်ကျယ်လောင်လောင် ကြားရသဖြင့်
မကြေမချမ်း ဖြစ်စရာလဲ မရှိချေ
ကြံကြံဖန်ဖန် အမှားများအတွက်
ကြွက်ကြွက်ညံအောင် တောင်းပန်စရာလဲမလို
ကျေကျေနပ်နပ်ပြုံးပြပြီး
ကြည်ကြည်နူးနူးခွင့်လွှတ်ပေးပါမည်....

ကြားကြားသမျှ ကျန်းမာကြပါစေ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment