Friday, October 1, 2010

သင်ယူမှု
















မေမေ...
ငယ်ငယ်က
`၀´လုံးကလေးတွေကို
ဝိုင်းအောင်ရေးဖို့
ကြိုးစားခဲ့ဖူးတဲ့
မေ့မေ့လက်ဆောင်
လက်ချောင်းလေးတွေနဲ့ပဲ
ကျနော်လေ
ကျနော့်သမိုင်းကို
ဝိုင်းစက်လှပအောင်
ရေးနေဆဲပါ...
အမှတ်တမဲ့
လှည့်ကြည့်လိုက်မိတဲ့
လောကကြီးမှာ
ဂိုဏ်းတွေ...
အသိုင်းအ၀ိုင်းတွေ..
နာမည်ကြီးဖို့အတွက်
ကိုယ့်အတ္တနဲ့ကိုယ်
ထက်မြချင်ယောင်ဆောင်နေသူတွေ...
ပေါများလွန်းရဲ့...
ဘ၀ဆိုတာ
မရေရာဘူးတဲ့
လူတွေကပြောကြတယ်
ကျနော်ကတော့
သေချာအောင်
ကြိုးစားကြည့်ချင်သေးတယ်..
မေမေရယ်..
မေ့မေ့သားမှာ
ရိုးသားမှုကလွဲလို့
ပိုတိုးပြီးမချမ်းသာခဲ့ဘူး..
အဲဒီစကားတောင်
မှန်သေးရဲ့လားလို့
ကိုယ့်ကိုယ်ကို
ယောင်ယောင် မေးမိသေးတယ်..
ဝမ်းစာအတွက်
ရုန်းကန်နေကြတာအတူတူ
လူလူချင်းမုန်းတယ်ဆိုတာ
မကောင်းဘူးပေါ့..
ဒါပေမယ့်ဗျာ
တခါတလေကျတော့လည်း
မျက်လုံးအသေတွေနဲ့
ဟန်ဆောင်နှုတ်ဆက်တတ်ကြတဲ့
လူတချို့ရဲ့
ညှီစော်နံ မျက်နှာဖုံးတွေကိုတော့
ကျနော်အရမ်းမုန်းတယ်...
အရှုံးတွေနဲ့
ဖြတ်သန်းခဲ့ရဖူးတဲ့
ခတ်ကြမ်းကြမ်းလမ်းက
စာရိတ္တအဖိတ်အစင်တွေများလွန်းရဲ့...
ကြာတော့လည်း
ဖာသိဖာသာပဲ
ကျနော်နေတတ်နေပါပြီ
ဘ၀မှာကျေနပ်စရာဆိုလို့
လေပြေလေးတွေ
ညင်ညင်သာသာ
တိုက်ခတ်နေတဲ့ညတွေမှာ
လရောင်အေးအေးလေးကို
ခံစားရတဲ့အရသာ..
နင့်နင့်နဲနဲတမ်းတမိတဲ့အခါ
တစ်စုံတစ်ယောက်ကိုမှန်းဆ
အလွမ်းကဗျာလေးတွေ
ရေးဖွဲ့ရတဲ့ အရသာ..
ဒီထက်နည်းနည်းပိုလာတော့
ဂစ်တာအိုကလေးကိုခေါက်
ချစ်သမျှလွမ်းသမျှ
ဟစ်ကြွေပြီး
ရင်ဖွင့်ရတဲ့ အရသာ...
ဒီထက်တော့မပိုဘူး..
တိုတောင်းလွန်းတဲ့
လူ့သက်တမ်းဆိုတာလေးဟာ
ငိုရင်းရယ်ရင်းပဲ
သေမင်းခံတွင်းမှာ
လည်စင်းရတာပါပဲ
နောက်ဆုံးကျတော့
ထမ်းပိုးထားတဲ့
သမိုင်းတစ်ခုပဲ
ကျနော်အတွက်
ကျန်ခဲ့မယ်လေ..
မေမေရယ်
ကျနော်ကတော့လေ
မေ့မေ့လက်ဆောင်
လက်ချောင်းတွေနဲ့
ကျနော့်သမိုင်းကို
ဝိုင်းစက်လှပအောင်
ကြိုးစားရေးနေဆဲပါ...

သားထက်(မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment