Friday, December 19, 2014

မြန်မာပြည် တိုးတက်ဖို့

မြန်မာပြည် တိုးတက်ဖို့

မြန်မာနိုင်ငံသား တစ်ယောက်ချင်းစီမှာ တာဝန်ရှိတယ်...

ကျနော်တို့ဟာ သူများတိုင်းပြည်တွေထက်

စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ ဥပဒေ၊ ကြိုးစားမှုတွေ..

ပိုကောင်းမှ ရမယ်..

ဒီ့ထက် ပိုအရေးကြီးဆုံးက

စစ်မှန်တဲ့ခေါင်းဆောင်ကောင်းကို ရွေးချယ်တတ်ဖို့

ပြီးတော့

တိုင်းပြည်တိုးတက်အောင် လုပ်နိုင်တဲ့ အရည်အချင်း မရှိသော၊

သူတို့တစ်မိသားစု ကောင်းစားဖို့အတွက်နဲ့

အာဏာကို အလွဲသုံးစားလုပ်ပြီး လာဘ်စားနေသော၊

တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာ မထားသော၊

ဘယ်လိုအစိုးရမျိုးကိုမဆို

ကျနော်တို့ နိုင်ငံသားတိုင်းက

တညီတညွတ်ထဲ ဆန့်ကျင်ဖြုတ်ချဖို့ ကြိုးစားရမှာဟာ

ကျနော်တို့ နိုင်ငံသားတိုင်းရဲ့ တာဝန်ပဲ...

လင်းဝေ

တတိယမြောက် နှစ်ပတ်လည်...


ဘ၀ဟာ အခက်အခဲတစ်ခုဆို
တို့နှစ်ယောက်အတူ ကျော်လွှားကြမယ်...
...
ဘ၀ဟာ ခရီးကြမ်းတစ်ခုဆို
တို့နှစ်ယောက်အတူ ဖြတ်သန်းကြမယ်...
ဘ၀ဟာ တောင်တန်းကြီးတစ်ခုဆို
တို့နှစ်ယောက်အတူ ကျော်ဖြတ်ကြမယ်...
ဘ၀ဟာ ပင်လယ်ကြီးတစ်ခုဆို
တို့နှစ်ယောက်အတူ ဖြတ်ကူးးကြမယ်...
ဘ၀ဟာ မုန်တိုင်းတစ်ခုဆို
တို့နှစ်ယောက်အတူ ရင်ဆိုင်ကြမယ်...
ဘ၀ဟာ တိုက်ပွဲတစ်ခုဆို
တို့်နှစ်ယောက်အတူ လက်တွဲထားမယ်...
ပျော်စရာဆို အတူတူရယ်မောလို့
ဝမ်းနည်းစရာဆို တစ်ယောက်ကိုတစ်ယာက် နှစ်သိမ့်...
ဒီလိုနဲ့ ...
တစ်ယောက်ကိုတစ်ယောက် ပါရမီဖြည့်ရင်း....
မုန်တိုင်းကိုသည်းခံ လေဆန်ကိုဖြိုခွင်း
ချစ်ခြင်းရဲ့ အတောင်ပံတစ်စုံနဲ့
တို့်နှစ်ယောက်အတူ ပျံသန်းခဲ့ကြတာ...
သုံးနှစ်မြောက်ခဲ့ပြီ...
သံယောဇဉ်ကြိုးတွေနဲ့ ညင်သာစွာရစ်ဖွဲ့
နွေးထွေးတဲ့ တို့အိမ်လေးထဲ..
ချစ်ခြင်းတရားဟာ...
တို့နှစ်ယောက်ကြား
ထာဝရ လင်းလက် ပွင့်ဝေနေပါစေ...
ချစ်သူ...
လင်းဝေ

Thursday, November 27, 2014

မမောပန်းပါဘူးကွ

 မမောပန်းပါဘူးကွ

လမ်းအစဆိုတော့


သူများတွေထက်

အားပိုစိုက်ရ မှာပ

အောင်မြင်မှုဆိုတာ

လွယ်လွယ်နဲ့

ဘယ်တုန်းက

ရဖူးလဲ

သူငယ်ချင်း

လင်းဝေ

အရမ်းချစ်ကြတဲ့ ချစ်သူ/လင်မယားတွေ

အရမ်းချစ်ကြတဲ့ ချစ်သူ/လင်မယားတွေဟာ
မိန်းကလေးကလည်း ယောက်ျားလေးအပေါ်
အလွန်သ၀န်တို
...
ယောက်ျားလေကလည်း မိန်းကလေးရဲ့ဂရုစိုက်မှုကို
ပိုလိုချင်..
အချစ်လွန်ခြင်းကြောင့်
ခဏခဏ ရန်ဖြစ်တတ်ကြတယ်..
ရန်ဖြစ်လိုက် စိတ်ကောက်လိုက်
ပြန်ချော့လိုက် ပြန်ချစ်လိုက်နဲ့
သူတို့နှစ်ယောက်ကြားမှာ
အချစ်ဟာ
အမြဲသစ်လွင်နုပျိုနေတတ်တယ်..
ရန်မဖြစ်ဘူးဆိုတဲ့ အတွဲတွေကတော့.
တကယ်မချစ်ကြလို့ပဲဗျ
ရန်ြဖစ်မှ အမှန်ချစ် ဆိုတာ
ခင်ဗျားတို့ရော လက်ခံကြလား... ဟက် ဟက်....
လင်းဝေ

စွမ်းအား


တချို့လူတွေအတွက်
လွယ်ကူပေမယ့်
...
ငါ့အတွက်တော့
ခက်ခက်ခဲခဲ
ရုန်းခဲ့ရတာ ချည်းပဲ...
လူတချို့က
ငွေမရှိဘူးဆိုရင်
ပြုံးပြနှုတ်ဆက်တာတောင်
တုတ်နဲ့ ရိုက်တာထက်
နာတတ်ကြရဲ့...
ဒီလောကကြီးဆီက
ယူခဲ့တာတွေ များခဲ့သလား
ငါ့မှာ
ပေးဆပ်ပြီးရင်း ပေးဆပ်နေရ..
သံသရာကြွေးတွေ ကျေတော့
ဘ၀အဆက်ဆက် ထမ်းခဲ့ရသမျှ
ပေါ့သွားတယ်လို့ပဲ
တွေးလိုက်တယ်...
ရှုံးနိမ့်မှုတွေ...
အခက်အခဲတွေ ...
ပြီးသွားရင်...
အောင်မြင်မှုဆိုတာ
အလိုလို ရောက်လာမှာပေါ့...
ငါ့ခြေထောက်တွေကို
ပန်းတိုင်အရောက်လျှောက်ဖို့
အားပေးထားတယ်...
ချစ်သူရယ် မင်းအပြုံးတချက်နဲ့
မင်းသာ ငါ့အနားရှိရင်..
စကြာဝဠာကြီး တစ်ခုလုံးဆိုရင်တောင်
ငါ ထမ်းထားရဲပါတယ်...။
လင်းဝေ

မြန်မာ့ လက်ရွေးစင် အသင်းသို့.... မြန်မာ ဆိုတာ..

မျက်ရည် ဝိုင်းသူဝိုင်း..
ကြက်သီး ထသူထ..
ရုန်းကြွနေတဲ့
ငါတို့ မြန်မာတိုင်းရဲ့
စိတ်အဟုန်မှာ
ဘယ် အရှုံးကိုမှ
မတုန်လှုပ်ခဲ့ကြဘူး...
ဘယ်လောက် လဲကျလဲကျ
ငါတို့ အတူပြန်တွဲထကြမယ်...
ဘယ်နှစ်ပွဲ နွှဲမလဲ
နွှဲပစ်လိုက်စမ်း
မြန်မာ့သွေး စစ်စစ်
ငါတို့ သွေးတွေ
ဘယ်လောက် ရဲသလဲဆိုတာ...
စိတ်ဓာတ် မကျနဲ့
မြန်မာဟာ
ဘယ်လို လူမျိုးလဲဆိုတာ
သူတို့ သိစေရမယ်...
မင်းတို့ ကြည့်လိုက်စမ်း..
ကောင်းကင် တစ်ခုလုံး
လင်းခနဲ ပြိုကျသွားအောင်...
"မြန်မာ" လို့
ငါတို့ အားလုံးက
အတူတူ
သံပြိုင်အော်ပြီး
မင်းတို့
အရှေ့မှာ...
အနောက်မှာ...
.
.
နေရာတိုင်းကနေ
မင်းတို့ကို
အား
.
.
ပေး
.
.
နေ
.
.
ကြ
.
.
တယ်
.
.
.
မြန်မာ..မြန်မာ...မြန်မာ...
မြန်မာ..မြန်မာ..
မြန်မာ...
.
.
.
မြန်
.
.
.
မာ
.
.
.
ဟေ့
.
.
.
လင်းဝေ

Tuesday, October 21, 2014

ရှင်သန်ခွင့်


                          ရှင်သန်ခွင့်

 

၁) ရင်မှာ...ပျော်...ရွှင်ဖို့...ကိုယ်စီ...ငါတို့... ပြုံး...

    မပိုင်ဆိုင်...နိုင်...တောင်မှ...ငါတို့...ငြိမ်း...ချမ်းစွာ..

  ဇာတ်သိမ်း..ခန်း..တွေ.. လှစေ....

၂) ဒါဟာ..ညီ...မျှခြင်း..အတူတူ..ရှင်...သန်ရင်း..

    မတူ...ညီ...နိုင်တဲ့..အခြေနေ..အကြောင်း..များစွာ...

  အားတင်း..ထား..ကာ...လျှောက်မယ်...

 

CHO: အမြဲ..မရှိတဲ့..ဒီ..လောက... အစွဲ..မရှိဖို့သာ..အဓိက..

        ငါတို့...နှလုံး..သားတွေ..ဖြူစင်..ဖို့လေ....

      အသည်းထဲ..စွဲနေ..ဖို့က..ရဲရင့်..စို့...ငါတို့..ဘ၀...

    ငါတို့..အိပ်မက်..တွေ...ရှင်သန်..ခွင့်လေ...

 

၃) ငါ..မှီခိုရာ..အလင်း...ငါ..ကိုယ်တိုင်..ညှိ..ရင်း...

   လူတွေ..နေ..ထိုင်တဲ့..ဒီ..ကမ္ဘာ..ကြီး...ထဲမှာ..

  ရိုးသား...ခြင်း..ကို...လိုက်ရှာ...

 

၎) ဒါဟာ..မတည်..ငြိမ်ခြင်း..တိမ်လို...ငါ...ရွေ့ရင်း...

   မတည်..ငြိမ်..နိုင်တဲ့...အရင်လို..ငါ့...စိတ်တွေ...

 လောကဓံ...တရား..မှာ...မျော..နေ...။

                                                                        လင်းဝေ (မုံရွာနည်းပညာ)

Saturday, October 18, 2014

အာဒမ်ရဲ့ နံ ရိုး


 

ချစ်သူ..

မင်းဟာ...

ငါ့အတွက်

အာဒမ် ပျိုးပေးခဲ့တဲ့

နံ ရိုးလေး တစ်ချောင်းလား

ကမ္ဘာ တခြမ်းက အလင်းကို

ကမ္ဘာ တခြမ်းကနေ

တမ်းတမိသလိုမျိုး

ငါ မင်းကို တမ်းတတယ်...

အလွမ်းနဲ့

အမှောင်တိကျနေတဲ့

ငါ့နှလုံးသား

အခန်းကျဉ်းလေးထဲ

မင်းမရှိလို့ မဖြစ်ဘူး

ချစ်သူ...

မင်းသိရဲ့လား..

အလွမ်း နွေကမ္ဘာမှာ

ဒီ အရူးဟာ

မင်း မခူးခင်က

 

ကြွေချင်နေခဲ့ရသူပါ

အချစ်ရယ်...။

လင်းဝေ

...ပိုးဖလံ....


ရေစုန် ရေဆန်
ဘ၀တွေနဲ့
...
သံသရာ အဆက်ဆက်
ရှုံးခဲ့တာတောင်...
ကျနော်...ဆိုတဲ့
ပိုးဖလံကောင်က
ဒီ...မီးလျှံတွေကြားမှာ
ပြုံးပျော်လို့
ကောင်းနေတုန်း....တဲ့...။
ဘယ်လောက်ထိ
မိုက်မဲလိုက်သလဲကွယ်...။
လောကဓံ တိုက်ပွဲတွေက
တစ်ပွဲပြီး...တစ်ပွဲ...
လုပ်ချင်တာတွေ...
ဖြစ်ချင်တာတွေ...
အိပ်မက်တွေ တစ်လှေကြီးနဲ့
ဒီ...သံသရာ ဝဲဂယက်မှာ
ကျနော်...ဟာ
ပျော်ပျော်ကြီး
နစ်နေမိဆဲပါ....။
လင်းဝေ (မုံရွာနည်းပညာ)

Saturday, August 30, 2014

အလွမ်း မှတ်တမ်း



 ငါ့ ရင်ဘတ်ထဲက
ကန္တာရ နွေဦးမှာ
သံယောဇဉ်တွေက
စိမ်းစိမ်း မြမြ
ရှင်သန် ဖူးပွင့်နေကြတုန်းပဲ...။

ချစ်သူ..
မင်း အကြင်နာရပ်ဝန်းနဲ့...
ဝေးနေတဲ့ အရပ်မှာ
ငါ့ ရှင်သန်ခြင်းဟာ
အက်ကွဲ ခြောက်ကပ်လို့...။

နွေရာသီ၊ ကန္တာရနဲ့ ငါ
အီကွေတာမျဉ်း တစ်ကြောင်းထဲပေါ်
အတူ ရပ်နေမိကြသလိုမျိုး..
ရင်ထဲမှာ
နေ ဆယ်စင်း ထွန်းထားတာထက်
ပူတယ်...။

ရင်ကွဲ ပက်လက်
ငါ့ရဲ့...
ဒီ အလွမ်းရာသီမှာ
ဥသြတွေတောင်
ငိုနေကြပြီ...။

ချစ်သူ..
မင်းနဲ့ ဝေးနေရတဲ့ ညတွေမှာ
ငါ့ကောင်းကင် သစ်ပင်ထက်
ကြယ်တွေ မဖူးပွင့်တော့သလို
လေပြေ လေညင်းတွေ ပျောက်ဆုံးခဲ့တာလဲ
ကြာပြီ...။

ညဟာ
ကုလားမ ဆံပင်တွေလို
အနက်ရောင်တွေ
မှောင်နေအောင်
ဖားလျားချ
ငှက်ဆိုးတွေက
ငါ့နှလုံးသားပေါ်
အလိုက် ကန်းဆိုးမသိ
တက်တက် အော်ကြရဲ့...။

အလွမ်း ညနက်ကြီးထဲမှာ
အိပ်မက်ဆိုးတွေ
ခဏခဏ မက်တယ်
ငါ ခြောက်ခြားလိုက်တာ
အလွမ်းနဲ့ ဖျားနာနေတဲ့
ငါ့ကို
အကြင်နာတွေနဲ့
ထွေးပွေ့လှည့်ပါ
ချစ်သူ..။

တကယ်ပါ အချစ်ရယ်...
ငါ့ အတွက်တော့
မင်းမရှိတဲ့ ဘ၀ဆိုတာ
လကွယ်ညတွေချည်းပါပဲ...။

လင်းဝေ

Thursday, August 14, 2014

ပန်းနုရောင် တေးသွား



 ချစ်သူ..

ငါ့ နှလုံးသားနဲ့

ယက်လုပ်ထားတဲ့

ချစ်ခြင်း ၀တ်ရုံကို
...
ဝတ်ဆင်

ငါ့ကောင်းကင် တစ်ခုလုံး

လင်းလက်သွားအောင်

အလှဆုံး ပြုံးလိုက်စမ်းပါ...

ချစ်သူ အလှကို

မနာလို မျက်ရည်ကျနေတဲ့

ပန်းပွင့်လေးတွေကို

ငဲ့ညှာသောအားဖြင့်

ငှက်ကလေးတွေရေ

ကျေးဇူးပြုပြီး

တေးမဆိုကြပါနဲ့...

ချစ်သူအလှကို

ငါလည်းပဲ

တိတ်တိတ်လေး

ခံစားပါရစေ...။

လင်းဝေ


ကောင်းကင် ဒိုင်ယာရီ



 ညထဲ
ပစ်ချ ခံထားရတဲ့
မြို့ပြကြီးရဲ့
သွေးကြော တလျောက်
ခေတ်ပေါ်ကားတွေက
တဝီဝီ စီးဆင်းလို့...။

ငါက...
ကြယ်တွေကို ခိုစီးပြီး
ကောင်းကင်ခရီး
ထွက်ချင်တဲ့ လူ..

မဖြစ်နိုင်ဘူး...ဟုတ်လား...

အထင်သေးတဲ့ မျက်လုံးနဲ့
မကြည်ပါနဲ့ကွယ်...။

မင်း မသိလို့ပါ...

ဆင်းရဲသားလဲ
ဂျိန်းစ်ဘွန်း အိပ်မက်
မက်ခွင့် ရှိတယ်ဆိုတာ...။

ရှိပါစေလေ
ဘာမရှိဘူးးဆိုတာကို
ဘာမှ မရှိတဲ့အကြောင်း
ဘာမှ မသိကြသေးတဲ့လူတွေကို
ဘာမှ ရှင်းမပြချင်ဘူး...။

ထားခဲ့လိုက်ပါ
ညနေခင်း အသေတွေနဲ့အတူ
ငါ့ကို ထားခဲ့လိုက်ပါ
မာယာတွေနဲ့
ပုပ်အက်နေမယ့်
မနက်ဖြန်တွေမှာ
ငါ မရှင်သန်ပါရစေနဲ့...။

အက်ကွဲ ကြေမွသွားတဲ့
အိပ်မက် အပိုင်းအစတွေနဲ့
လှချင်တိုင်း လှနေတဲ့
ညတည အကြောင်း...

ကောင်းကင်ရဲ့
ဒိုင်ယာရီမှာ
အမှတ်တရ အဖြစ်
ကဗျာ တစ်ကြောင်းလောက်
ငါ...
ရေးစပ်လိုက်ပါရစေ......။



လင်းဝေ

Wednesday, August 6, 2014

ဒဿန

ဘ၀ဆိုတာ နေပျော်အောင်နေဖို့ပဲကွယ်
 

Monday, June 23, 2014

ဖတ်စာ-၇၅

သက်တမ်း ၇၅ နှစ်မှာ

ဖြစ်ချင်တာတွေ...

မဖြစ်သေးတာတွေ...

ဖြစ်သင့်တာတွေ...

ဖြစ်နေတာတွေ....

.......

ဖြစ်....ပျက်..ဖြစ်..ပျက်..

...

ကျနော်နဲ့ လူတွေ

သူတို့က အမှိုက်ဖြစ်လိုက်

ကျနော်က အမှိုက်ဖြစ်လိုက်

မိုက်ဖော်မိုက်ဖက် အချင်းချင်း

အိပ်မက်တွေ မီးခိုလို အူကြ...

အနှစ် ၃၀ စာ လူ့အဖြစ်မှာ

ခေတ်ကြီးကို ခါးထစ်ခွင်ရင်း

ရုပ်ဝတ္ထု အဖောင်းအပွတွေ

ကြိုက်ရောင်းကြိုက်ဝယ် လောကဓံတွေနဲ့

ရင်ခုန်သံ အတုတွေကြား

ကိုယ့်ဘ၀ကိုယ်

စက်ရုပ်ဆန်ဆန်

မောင်းနှင်ခဲ့ရတယ်....။

လူသားတစ်ယောက်ရဲ့ ဘ၀မှာ

တကယ့် အလှဆိုတာ

နှလုံးသားက လာတဲ့

မေတ္တာတရား စစ်စစ်

ကိုယ်ချင်းတရား စစ်စစ် ဆိုတာ

လူတွေက

မေ့နေကြတာလား

မေ့ပစ်လိုက်ကြတာလား

မေ့သွားကြတာလား...

ဖြစ်နိုင်မယ် ဆိုရင်

လူတိုင်းရဲ့ နှလုံးသားထဲမှာ

ရင်ခုန်သံ စစ်စစ်တွေ

ပြန်ပြီး တပ်ဆင်ပေးချင်တယ်....။

၇၅ နှစ်သက်တမ်းမှာ

ငါတို့ဟာ ဘယ်လောက်ထိ

ဆက်ရှင်သန်ဖို့

မျှော်မှန်းနိင်မှာလဲ...

တကယ်တော့

လူ့ဘ၀ရဲ့ အနှစ်သာရဆိုတာ

လူသားရဲ့

အမြင့်မြတ်ဆုံး နှလုံးသားပါပဲ...

အများကြီးမလိုပါဘူးကွာ

ဘ၀ဆိုတာ

အမြင့်မြတ်ဆုံး နှလုံးသားနဲ့

အကောင်းဆုံးကြိုးစားရင်း

ပေါ့ပါးရိုးသားစွာ

ဖြတ်သန်းပစ်လိုက်ဖို့ပါပဲ..။


လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Thursday, June 19, 2014

၂၁ ရာစု ကိုလံဘတ်စ်

လမ်းလျှောက်ကြည့်တာ

မဟုတ်ဘူး

ကမ္ဘာကြီးမှာ

ငါ့အတွက် နေရာတွေ

ဘယ်လောက်များများ ရှိသလဲလို့

တီးခေါက်ကြည့်တာပါ...

ဒါပါပဲ

ဒီထက် ဘာမှ မပိုပါဘူးကွယ်.....

လင်းဝေ (မုံရွာနည်းပညာ တက္ကသိုလ်)

ပန်းချီကား

ပြဿ     ဒါးတွေ

ရက်ရာဇာတွေနဲ့

ရှုပ်ယှက်ခတ်နေတဲ့

ပြက္ခဒိန် တစ်ခုဟာ

ရက်ပေါင်း ၃၆၅ ရက်လောက် ကြာပြီးနောက်

သူလည်း ကျန်ခဲ့ရတာပါပဲ...

ထွက်ခွာသွားသူတွေ

ကျန်ရစ်ခဲ့ကြသူတွေ

ပြီးတော့

အသစ်ရောက်လာကြသူတွေ

သူတို့ရော...

ပြက္ခဒိန် ဘယ်နှစ်ခုစာလောက်

လောကကြီးထဲ

ပေါလောမျောနေကြဦးမှာလဲ.....

ဖိနပ်တွေ ဘယ်လောက်များများ

ပါးခဲ့ကြပြီးပြီလဲ

ဘ၀မှာ

ထိန်ထိန်ုညီးညီး

ပူပြင်းတဲ့ နေ့ရက်တွေရှိမယ်

တိမ်တိုက် မည်းမည်းတွေ

မှိုင်းအုံ့နေတဲ့

ဒိုင်ယာရီ အဟောင်းတွေရှိမယ်

မြစ်တစင်း ရဲ့ရှင်သန်ခြင်းမှာ

ကမ်းပါးတွေ ပြိုပေးရတာ

လောကရဲ့ နိယာမပါပဲ

ဒီလိုနဲ့

ကိုယ့်ဘ၀ကိုယ် မြစ်တစ်ခုလို

စီးဆင်းပစ်ရင်း

မဆုံးနိုင်တဲ့ ဒီခရီး

ဘယ်တော့ပြီးမလဲကွယ်....


လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

ယုံကြည်ချက်.....

လိုတမျိုး မလိုတမျိုး ပတ်ဝန်းကျင်နဲ့

အဖိုးအခ မရဘဲ

ရောင်းအားကောင်းနေတဲ့

အတင်းအဖျင်း စကားလုံးတွေကြား

ပကာသန တရားဟာ

နောက်ဆုံးပေါ် တံဆိပ်တွေရဲ့

ဈေးနှုန်း အတက်အကျနဲ့

တိုက်ရိုက် အချိုးကျနေလေရဲ့.......

ဒီလိုပါပဲ

ခေတ်ကိုက

သီလမရှိ သိက္ခာမရှိသူတွေ

လူရာဝင်နေကြတဲ့ ခေတ်

ဘယ်လို ဆန္ဒပြပြ

ဘာမှ ထူးခြားမလာတော့

ကဗျာတွေပဲ ချချရေးဖြစ်တယ်....

ဘ၀မြင့်နိုင်လောက်တဲ့ လူ မဟုတ်ပေမယ့်

ရင်ထဲက မပါလို့ကတော့

ဘယ် လူကြီး လူဆိုးတွေကိုမှ

အားနာပါးနာ ပြုံးပြချင်စိတ် မရှိဘူး...

ရူးတယ်လို့ပဲ ပြောပြော

အဲဒီ မိုးခါးရေတွေ

ဘယ်သူတွေ ဘယ်လိုသောက်သောက်

ကျနော်ကတော့

ရိုးသားတဲ့ ကဗျာဆရာတစ်ယောက် အဖြစ်

ကိုယ့်ဘ၀ကို ကျေနပ် ပစ်လိုက်တယ်.....။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Thursday, April 17, 2014

ချစ်ဇနီးသို့

ဘ၀ ဆိုတာ

လှပတဲ့

ညကလေး တည

ဖြစ်ခဲ့မယ်ဆိုရင်...

တရွက်ကိုတရွက်

ပွေ့ဖက်ထားတဲ့

စွယ်တော်ရွက်ကလေးလိုမျိုး...

 တို့နှစ်ယောက်

ဒီ အိပ်မက်လှလှလေးကို

အတူမက်ခဲ့ကြတာ

သုံးနှစ်တောင်ပြည့်ပေါ့.....

လင်းဝေ (မုံရွာနည်းပညာ)

သူငယ်ချင်း သို့

ဘ၀ဆိုတာ
အိပ်မက် တခုလိုပါပဲ ...

မင်း ဘယ်လောက်
စွဲလမ်း တက်မက်ပါစေ
တစ်ရက်ရက်မှာ
ကြေပျက်ပျောက်ကွယ်သွားမှာပါပဲ...

 ခု အသက်ရှူနေတဲ့ အချိန်တွေနဲ့
အသက်ရှူရပ်သွားမယ့် အချိန်ကာလကြား
မင်း
ဘယ်လောက်ကြာကြာ ပျော်ပါးနိုင်မှာလဲ ...

ရှင်သန်ခွင့်ရနေတဲ့
တစ်ဘ၀စာ အခိုက်အတန့်အတွက်
မင်းကိုယ်မင်း
ကောင်းသောစိတ်ထားတွေနဲ့
 ဖြူစင်နေပါစေ
သူငယ်ချင်း ....

လင်းဝေ (မုံရွာနည်းပညာ)

စိတ်ရှင်းဖို့

မိမိ အသက်တမျှ ချစ်မြတ်နိုးရသူက
တခြားတယောက်နဲ့ ဖောက်ပြန်သွားတဲ့အခါ

ဒါမှမဟုတ်

မိမိအယုံကြည်ရဆုံးသူက
သစ္စာဖောက်သွားတဲ့အခါ

ဆက်ချစ်နေရင်လဲ ပူလောင်တယ်
မုန်းနေရင်လဲ ပူလောင်တယ်
ခွင့်မလွှတ်နိုင်ရင်လဲ ပူလောင်တယ်

နှစ်ယောက်စလုံးအတွက် အကောင်းဆုံးက
ဥပက္ခာပြုလိုက်ခြင်းပါပဲ

လင်းဝေ

မိတ်ဆွေ

လူ့ဘ၀ဟာ
တိုတောင်းလွန်းသလို
တွေ့ဆုံခင်မင်ခွင့် ရတဲ့
မိတ်ဆွေ အရေအတွက်လဲ
နည်းပါးလွန်းတယ်

မိတ်ဆွေအစစ်က
ပိုတောင်နည်းပါသေးတယ်

တွေ့ဆုံကြုံကွဲ
ဘ၀တိုတိုလေးထဲမှာ

မိတ်ဆွေအတုတွေကို ဝေးဝေးရှောင်ပြီး
မိတ်ဆွေစစ်တွေနဲ့
တစ်ယောက်ကိုတစ်ယောက်
အကောင်းဆုံး ပေးဆပ်နိုင်အောင်
 ကြိုးစားသင့်တယ်

လင်းဝေ

တန်ဖိုး

လောကတွင် ပြီးပြည့်စုံသော လူဟူ၍ မရှိ။
သူတပါးပြောစကားဖြင့် လည်းကောင်း
သတင်းကြားရုံမျှဖြင့် လည်းကောင်း

လူတော်လူကောင်းတစ်ယောက်ကို
မဝေဖန် မပုတ်ခတ်မိပါစေနှင့်..

အရာရာတိုင်းတွင်
သေချာလေ့လာ စဉ်းစားချင့်ချိန်ပြီးမှသာ ဆုံးဖြတ်ပါ။ 

ရိုးသားမှု၊တာဝန်သိမှု နှင့် ကိုယ်ချင်းစာတရားတို့သည်သာ
လူ့တန်ဖိုးပင်ဖြစ်သည်။

လင်းဝေ

ဆန်ရေ ဖြစ်ပါစေ

ဆန်ရေ ဖြစ်ပါစေ....

သူငယ်ချင်း..

မင်းသောက်မယ့် အရက်တစ်ခွက်ဟာ
မင်း မိဘအတွက်
ထမင်းတနပ်ကို
ဖန်တီးပေးနိုင်သလို...

မင်းသောက်မယ့် စီးကရက်တစ်လိပ်ဟာလဲ
မင်းမိဘအတွက်
အားဆေးတစ်ခွက်ကို
ဖန်တီးပေးနိုင်တယ်ဆိုတာ...

မင်း...သတိရတယ်ဆိုရင်..

မင်းကိုယ်မင်း
ဆင်ခြင်ဖို့ ခက်မယ်မထင်ဘူး...

ကိုယ့်တသက်လုံးအတွက်
သူတို့တစ်ဘ၀လုံးကို ရင်းပြီး
 ပေးဆပ်လာခဲ့တဲ့
မင်းမိဘတွေအတွက်...

မင်းဘ၀ရဲ့
အစိတ်အပိုင်းလေးနည်းနည်းလောက်
မိဘတွေရဲ့ အိုမင်းချိန်ကို
သတိရ သိတတ်ပေးရင်ပဲ

မိဘတွေခင်မျာ
ဘယ်လောက်
ကြည်နူးရှာမလဲဆိုတာ
မင်းခံစားတတ်ခဲ့ရင်ပေါ့လေ...

လင်းဝေ

တန်ဖိုး

လူတွေက အမြဲကူညီပေးတတ်သူရဲ့ တခါတရံ ပျက်ကွက်မှုအတွက် 

အရင်ကျေးဇူးတွေကို မေ့ဖျောက်ပစ်ပစ်တတ်ကြပေမယ့်

တခါမှ မကူညီခဲ့ဖူးသူရဲ့ တခါတရံ ကူညီမှုကိုတော့ အားရပါးရ ကျေးးဇူးတင်နေတတ်ကြတယ် 


ဥပမာ မိဘကျေးဇူးကိုကျတော့ အမြဲရနေတော့ တန်ဖိုးမထားသလိုပေါ့.

လင်းဝေ

Saturday, April 5, 2014

ဘ၀ခရီးလမ်းလျှောက်လှမ်းဖို့

ဘ၀ဆိုတဲ့ ခရီးလမ်း
ပေါ့ပေါ့ပါးပါး ဖြတ်သန်းဖို့ ဆိုရင်
ကိုယ့်ဘ၀ကို လေးလံစေမယ့်
ဝန်ထုပ်ဝန်ပိုးနဲ့ တူတဲ့
အတွေးတွေ သံယောဇဉ်တွေ အားလုံးကို
ကိုယ့်ဘ၀ထဲမှာ သယ်ဆောင်မလာပါနဲ့...

ဘ၀ဆိုတဲ့ ခရီးလမ်း
ဖြောင့်ဖြောင့်တန်းတန်း ဖြတ်သန်းဖို့ဆိုရင်
ကိုယ့်ဘ၀ကို ခလုတ်ကန်သင်းဖြစ်စေမယ့်
အမှိုက်သရိုက်နဲ့တူတဲ့
အရာဝတ္ထုတွေ လူတွေ အားလုံးကို
ကိုယ့်ဘ၀ထဲက ဖယ်ရှားပစ်လိုက်ပါ...

လင်းဝေ (မုံရွာနည်းပညာ)

တာဝန်ကျေဖို့လိုတယ်

အများကြီးသိဖို့ မလိုပါဘူး

ကိုယ့်တာဝန်ကိုယ် သိဖို့ပဲ လိုတယ်...

အများကြီးပြောဖို့ မလိုပါဘူး

ကိုယ့်တာဝန်ကိုယ် ကျေဖို့ပဲလိုတယ်..

လင်းဝေ (မုံရွာနည်းပညာ)

အများကြီးမလိုဘူး

တာဝန်ကို သိပြီး တာဝန်ယူရဲတဲ့ သတ္တိရှိဖို့လိုတယ်

တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြရင် အကောင်းဆုံးပေါ့...

ဘေးထိုင်ဘုပြော အချောင်ခိုသူတွေထဲမှာ ကိုယ်မပါဖို့ အရေးကြီးတယ်...

လင်းဝေ (မုံရွာနည်းပညာ)

Wednesday, April 2, 2014

ရှင်သန်မှု

ဖြူစင်သန့်ရှင်းစွာ

သင့်ဘ၀ကို တည်ဆောက်ပါ...

သင့်အရိပ်၌

အများသူငှာ

 ငြိမ်းအေးမှု ရပါစေ..


လင်းဝေ (မုံရွာနည်းပညာ)

ရင်ဆိုင်လိုက်ပါ

ဘ၀မှာ

သေခြင်းတရားဆိုတဲ့

အရှုံးကိုတောင်

ရင်ဆိုင်ကြရဦးမှာပဲ ...

ဒီထက်

ဘယ်အရှုံးက

ပိုကြီးကျယ်သလဲ..

ဘာတွေကိုများ

ဘာအတွက်

 တွေးခေါင်ကြောက်နေကြဦးမလဲ...

ဘယ်အရာပဲဖြစ်ဖြစ်

သတ္တိရှိရှိ ရင်ဆိုင်လိုက်ပါ..

 လောကမှာ

သတ္တိကြောင်သူတွေဟာ

 သောက

အမှောင်ရဲ့

နှိတ်စက်ခြင်းဒဏ်ကို

အဖန်ဖန် ခံရ၏ 


လင်းဝေ (မုံရွာနည်းပညာ)

ဒဏ်ရာ

မာယာတွေ ရစ်သိုင်းထားတဲ့

လောကဓံတရား အောက်မှာ

ဘယ်လူသားကမှ

ဒဏ်ရာနဲ့ မကင်းခဲ့ပါဘူး...

တာရာမင်းဝေ


မိမိသာလျှင်

ကျွန်ုပ်တို့သည်

မိမိ၏ စိတ်ပျော်ရွှင်ချမ်းမြေ့မှုကို

မိမိတို့သာ ဖန်တီးနိင်ကြသည်..

မည်သည့်အရာကမှ

မိမိအား

စိတ်ဆင်းရဲအောင်လည်းကောင်း

စိတ်ချမ်းသာအောင်

လည်းကောင်း

မဖန်တီးနိုင်ပေ..


 အေဗရာဟင် လင်ကွန်း

ငွေ

ငွေ 

လူ့လောကကြီးမှာ

 ငွေဟာ

အင်မတန် အရေးပါပါတယ်...

ဒါပေမယ့် ငွေနောက်လိုက်ရင်း

သင့်ရဲ့

သတ္တိတွေ ...

ရိုးသားမှုတွေ ....

ကိုယ်ချင်းစာတရားတွေ ...

လွတ်လပ်မှုတွေ ...

တန်ဖိုးတွေ ...

မဆုံးရှုံးပါစေနဲ့ ...


လင်းဝေ (မုံရွာနည်းပညာ)

ကိုယ်ချင်းစာမှု

ကိုယ့်မှာ မဖြစ်စေချင်တဲ့  ကိစ္စများကို

သူတပါး အပေါ်မှာလဲ

ဘယ်တော့မှ

မပြုလုပ်ပါနဲ့...

ကွန်ဖြူးရှပ်

မိဘ

ကိုယ့်တကိုယ်စာ အတွက်

ဘ၀ကို

နဖူးတွေ့ ဒူးတွေ့ ရုန်းကန်ရမှ

ကျနော်တို့ မောင်နှမတွေအတွက်

အဖေဟာ

လယ်ထဲယာထဲ

ကျွဲပုခုံးထအောင်

ဘယ်လောက် ပင်ပန်းခဲ့ရှာမလဲ...

အမေကရော

ဘယ်လောက်တောင်

နှဖူးကချွေူး ခြေမကျတဲ့အထိ

ပူပန်မိရှာမလဲ...

ပြန်တွေးကြည့်မိတိုင်း

မျက်ရည်ဝဲမိတယ်...

သူငယ်ချင်းတွေ အားလုံး

မိဘကို လုပ်ကျွေးပြုစုတဲ့

 ကျေးဇူးသိတတ်တဲ့

သား၊သမီးကောင်း ရတနာတွေ

 ဖြစ်ကြပါစေ...


လင်းဝေ (မုံရွာနည်းပညာ)

လွမ်းတယ်....

ငယ်ငယ်တုန်းက

ကျေးငှက်သံလေးတွေနဲ့

နိုးထခဲ့ဖူးတဲ့

အညာက

ဆောင်းရာသီ နံနက်ခင်းတွေကို

လွမ်းတယ်....

စပါးခင်းစိမ်းစိမ်းတွေကို

 ဖြတ်တိုက်လာတဲ့

အညာလယ်ကွင်းတွေဆီက

လတ်ဆတ်တဲ့

ရနံ့ကိုလည်း လွမ်းတယ်...

သက်ကယ်မိုး ထရံကာ

ဘယ်တော့မှ မရိုးနိုင်တဲ့

အမေ့အိမ်လေး

လွမ်းတယ်....

လင်းဝေ

Saturday, March 29, 2014

လူ့ဘ၀....


 လူ့ဘ၀ဆိုတာ

ချားရဟတ်ကြီးလို

နိမ့်ချီ တခါ

မြင့်ချီ တလှည့်

ကိုယ်က သူ့ဘ၀ ကို အားကျလိုက်

သူက ကိုယ့်ဘ၀ကို အားကျလိုက်

မိုက်ဖော် မိုက်ဖက် အချင်းချင်း

ရုပ်ရှင်ရိုက်နေကြတဲ့

ပိတ်ကား ပေါ်က

ခတ်ဖျင်းဖျင်း အရိပ်တွေလိုပါပဲ...

လင်းဝေ (မုံရွာနည်းပညာ)

စက်ရုပ် ....




ကိုယ့် သံပတ်ကို

 ပြန်ပြန် တင်းရင်း

နံနက်ခင်းတိုင်း

စက်ရုပ် တစ်ရုပ်လို

 နိုးထ ရှင်သန်

ငါ့နှလုံးသားတွေ

ယန္တရား ဆန်ဆန်

ခုန်လှုပ်နေခဲ့ရတာ

 ကြာပြီ...



လင်းဝေ (မုံရွာနည်းပညာ)

ရထား..




တပတ်ပြီး တပတ်

 ဖြတ်ခဲ့ပေမယ့်

 လောကဓံမိုးတွေက

 ရွာသွန်းလို့ ကောင်းနေဆဲပဲ....

ရွှဲရွှဲစိုစိုနဲ့

 မြို့ပြရိပ်ကို

နားခိုခဲ့တဲ့

သက္ကရာဇ်တွေမှာ

ဘ၀ရဲ့

အနှစ်သာရ ဆိုတာလဲ

အပြစ်နဲ့ မာယာကြားက

 ဖူးပွင့်နိုင်ခဲတဲ့

 ကျောက်ဆစ် နှင်းဆီ


တစ်ပွင့်လိုပါပဲ..

လင်းဝေ (မုံရွာနည်းပညာ)

ဖြူစင်ဘ၀တွေ....




ညတွေ... ညတွေ... ဆို

လကက္ဖက်ရည်ဆိုင် ထိုင်ရင်း

 ငြင်းကြ ခုန်ကြ

လွတ်လပ် ပျော်ရွှင်တဲ့

ငယ်ရွယ် ပျိုမြ

 ကျောင်းသား တစ်ယောက်ရဲ့

 ဖြူစင်ဘ၀တွေ

လွမ်းတယ် ..

အဲဒီတုန်းက

 ဖြူစင်ခဲ့တဲ့

ငါတို့အပြုံးတွေ

 ပြန်မရနိုင်တော့တာကိုလဲ

လွမ်းတယ်..


လင်းဝေ (မုံရွာနည်းပညာ)

တန်ဖိုး



အာရုံရဲ့

ဆာလောင်မှုမှာ

ငါတို့ဟာ

ဘယ်တုန်းကမှ

မရောင့်ရဲနိုင်ခဲ့ကြဘူး... 

မပြီးဆုံးနိုင်တဲ့

အိပ်မက်တွေနဲ့

ဟိုး

ခရီးအဆုံးထိ

မာယာတောမှာ

 မောတခါ ပျော်တလှည့်

 နေ့ ဖြစ်လိုက် ည ဖြစ်လိုက်

လူတွေရဲ့ လူ့ အဖြစ်ဟာ

အရင်နှစ်တွေကထက်

တန်ဖိုးမဲ့လာတယ် 


လင်းဝေ (မုံရွာနည်းပညာ)

ရယ်မော ဖြတ်သန်း ပစ်လိုက်ဖို့ဆိုတာ

ခတ်ညံ့ညံ့

အပေါစား ပြက်လုံးတွေနဲ့

ဘ၀ကို

ရယ်မော ဖြတ်သန်း ပစ်လိုက်ဖို့ဆိုတာ

တကယ်တော့ မလွယ်လှပါဘူး  

ဒါဟာ 

မိမိကိုယ် မိမိ

လိမ်ညာတာဖြစ်သလို

ဘ၀ကို

လွဲမှားစွာ ချဉ်းကပ်တာလဲြ

ဖစ်တယ်


 နေနော်

မတရားမှု

မတရားတာကို

မတရားမှန်း

သိသိကြီးနဲ့

သည်းခံနေမယ်ဆိုရင်

 ဒီ မတရားတဲ့

လူတွေ လက်ထဲကနေ

မင်း

ဘယ်တော့မှ

ရုန်းထွက်နိုင်မှာ မဟုတ်ဘူး


လင်းဝေ
ဖြစ်နိုင်မယ်ဆိုရင်

 ငွေသံကြေးသံ

 မပါတဲ့ ဂီတသံ စစ်စစ်ကိုပဲ

 ကြားချင်တယ်

မတရားမှုကို

လစ်လျူရှုထားတာလောက်

ဆိုးတဲ့

လူ့အသိုင်းအ၀ိုင်း

 မရှိဘူး

လင်းဝေ

ချစ်သူရဲ့ မသိခြင်းများ



ဘယ်ခေတ်မှာ
မွေးဖွားပြီး
ဘယ်လို ရာသီဥတုမှာ
စိုက်ပျိုးခဲ့ပါသလဲ ...

အေးစက်စက် နှလုံးသားနဲ့
ပူလောင်တဲ့ သောကကို
မြိုသိပ်
.....
ငါက...
......
ရေခဲတစ်ပိုင်း
ချော်ရည်တစ်ပိုင်း
ဖြစ်နေတဲ့

ခတ်ရိုင်းရိုင်း
လူငယ်တစ်ယောက်ပါ
ချစ်သူ....

ချစ်တတ်တဲ့
အသည်းတစ်ခြမ်းနဲ့
မုန်းတတ်တဲ့
အသည်းတစ်ခြမ်း

ခတ်ကြမ်းကြမ်း
ဖမ်းဆုတ်ထားတဲ့
ဟောဒီ
လူရိုင်းကောင်မှာ

သစ္စာတရားထွန်းကားတယ်ဆိုတာ
...
မင်း
......
မမြင်ခဲ့တာလား

ချစ်သူ...

လင်းဝေ (မုံရွာနည်းပညာ)

အတ္တ




တစ်ခုခုကို ရချင်တဲ့အခါ

တစ်ခုခုကို လိုချင်တဲ့အခါ

တစ်ခုခုကို ဖြစ်ချင်တဲ့အခါ

ငါ ဆိုတဲ့ တွယ်တာမှုဟာ

ငါ့ကို အကြိမ်ကြိမ် နာကြင်စေခဲ့....

ငါ ပျော်ရွှင်ခဲ့တယ် ...

ငါ ၀မ်းနည်းခဲ့တယ် ....

ငါ ပိုင်ဆိုင်ခဲ့တယ် ....

ငါ စွန့်လွှတ်ခဲ့တယ် ...

ငါ အနိုင်ရခဲ့တယ် ....

ငါ ကျရှုံးခဲ့တယ် ....

....

ငါ ဆိုတဲ့ အသိစိတ်မှာ

ငါဟာ

အခါခါ မွန်းကြပ် ပိတ်လှောင်ခဲ့ 

တကယ်တော့

ဘ၀ဆိုတဲ့

တဒင်္ဂ ဖြစ်တည်ခွင့်လေးဟာ

ပိန်းကြာရွက်ပေါ်က

နှင်းစက်ပွင့်လေးလိုပါပဲ ...

ငါတို့ဟာ

မကြွေလွင့်ခင်

 မြင့်မြတ် ဖြူစင်နေဖို့ပဲ

မဟုတ်လားကွယ် 


လင်းဝေ (မုံရွာနည်းပညာ)

Friday, March 28, 2014

ကျနော်သိတဲ့ ကျနော်

ကျနော်ဟာ
လူရိုင်းတစ်ယောက်ပါ

ယဉ်ကျေးမှုတွေနဲ့
ဘယ်တုန်းကမှ
အထာမကျဖူးတဲ့
လူပေါ့....

အမှိုက်ပုံတစ်ခုလို
အရည်မရ အဖတ်မရတွေနဲ့
ရှုတ်ပွနေတဲ့
လူလေ....

ထွက်ကျလာသမျှ
စကားလုံးတွေက
ဖရုဿဝါစာမို့
အယုတ်တမာကောင်ဆိုတဲ့
အမည်နာမကို
လက္ဖက်ရည် တစ်ဇွန်းမှ
မတိုက်ရဘဲ
ပိုင်ဆိုင်ခွင့်
ရနေတဲ့ လူပေါ့....

စုတ်ချာနေတဲ့
အိပ်မက်တွေ
ထုတ်မကြည့်ရဲလို့
ကိုယ့်ဘ၀ကို
မျိုချနေရတဲ့
လူလေ...

နေ့နဲ့ ညကြား
ကိုယ့်ကိုယ်ကို
နံပြားလို ရိုက်စားရင်း
ပရုတ်လုံးလို
လုံးပါးပါးနေတဲ့
လူပေါ့...

အူမ မတောင့်ဘူးဆိုပြီး
သီလစောင့်ဖို့
ဖာသိဖာသာ
မေ့ချင်ယောင် ဆောင်နေတတ်တဲ့
လူလေ....

အဆင်မပြေမှုတွေနဲ့
ချွတ်ခြုံကျ
သူတော်ကောင်းတရားနာပြီး
အလှူအိမ်မှာ
အသားဟင်းများများနဲ့
ထမင်းစားဖို့
စိုင်းပြင်းနေတတ်တဲ့
လူပေါ့....

မူးတတ်မှန်း သိသိကြီးနဲ့
အရသာဆိုးတဲ့သေရည်ကိုမှ
ခဏခဏ မျိုချ
ကိုယ့်ဘ၀ကို
မလျှော်ဖွတ် ချင်လို့
လောကထဲ
လုံးထွေးထည့်ထားတဲ့
စိတ်ဓာတ်တွေ
တွန့်ကြေဖုန်တက်နေတဲ့
လူလေ...

အားနာပါးနာ
အပြုံးတွေနဲ့
အားရပါးရ
ကျေနပ်နှစ်သိမ့်နေတတ်တဲ့
လူပေါ့...

ချော်လဲရောထိုင်
စာရိတ္တတွေကြား
အောင်စီဂျင်ကို
အငမ်းမရ
ရှူနေတဲ့
လူလေ..

အရေပြား
တစ်ထောက်စာကို
ဘ၀လုံးမှောက်အောင်
ယောက်ယက်ခတ်
ငတ်ကြီးကျချင်တဲ့
လူပေါ့...
.......
................
................။

ကျနော်သည်
လူသာဖြစ်၍
လူလိုမွေးဖွားကာ
လူလိုရှင်သန်
လူလိုသေတတ်ဖို့
ကြိုးစားရပါဦးမည်....။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

လူ ၄ မျိုး

ကျနော် စဉ်းစားမိသလောက် လောကမှာ လူ ၄ မျိုးရှိတယ်

၁။ မိမိကောင်းစားရေးအတွက်ပဲ သိတဲ့လူ

၂။ မိမိနဲ့သူတပါးကောင်းစားရေးအတွက် သိတဲ့လူ

၃။ မိမိ၊သူတပါးနဲ့ ပတ်ဝန်းကျင် ကောင်းစားရေးအတွက် သိတဲ့လူ

၎။ မိမိ၊သူတပါး၊ပတ်ဝန်းကျင်နဲ့ သံသရာကောင်းစားရေးအတွက် သိတဲ့လူ

သင်ရော ဘယ်လို လူထဲမှာ ပါပါသလဲ။

နံပါတ် ၃ နှင့် ၄ မဖြစ်နိုင်ရင်တောင် နံပါတ် ၂ လို လူမျိုးတော့ ဖြစ်အောင် ကြိုးစားပါ။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Sunday, March 23, 2014

သင်းကွဲငှက်ငယ်..


မေမေ...

ဘ၀ရဲ့
အမှောင်ဖုံးနေတဲ့
နေ့ရက်
ဆိုးဆိုးတွေထဲမှာ
သား
ငတ်မွတ်စွာ
တောင့်တမိတာ
မေမေ့ရဲ့
မေတ္တာ အလင်းရောင်တွေပါ...

ဒေါင်ကျကျ
ပြားကျကျ ဆိုပြီး
ယောက်ျား တစ်ယောက်ရဲ့
ရိုးသားတဲ့ မာနတွေနဲ့
သွေ့ခြောက် အက်ရှနေတဲ့
ညဥ့်နက်နက်တွေ
ဖြတ်ကျော်ရတာ
ရှည်ကြာလွန်း နေသလိုပဲ...

သင်းကွဲတဲ့ ငှက်
အဖော်ကွဲတဲ့ နွား
မုဆိုးတွေ
ကျားတွေအလယ်
မျက်နှာ ငယ်ရတဲ့ အဖြစ်မျိုး
သား
ကိုယ်ချင်းစာတတ်ခဲ့ပြီ
မေမေ...


မေမေ ခဏခဏ
ပြောပြောနေသလိုပဲ
လူတွေက သိပ်ခက်တာပဲ ငါ့သားလေးရယ်
ဆိုတဲ့ စကား
သားနားလည်လာပြီ မေမေ...

ဘ၀တခုရဲ့
ခြေလှမ်းတွေဟာ
ဇာတ်လမ်းတွေထဲကလို
မလွယ်ပါဘူး မေမေ...

တခါတခါကျတော့
ဒီလိုကြမ်းတဲ့ လမ်းကို
လူကြမ်းဆန်ဆန်
ဖြတ်သန်း ပစ်လိုက်ချင်ပေမယ့်
မေမေပေးခဲ့တဲ့
သားနှလုံးသားတွေ
သားအသိတရားတွေက
ခွင့် မပြုပါဘူး မေမေ...

လောကဓံတရားတဲ့
မေမေ ပေးခဲ့တဲ့
ရင်ဘတ်ကြီးနဲ့ပဲ
သား
အားလုံးကို တောင့်ခံထားတယ် မေမေ..

မေမေ ခဏခဏ
ဆုံးမခဲ့သလို
ဘ၀မှာ ပေးဆပ်နိုင်သူပဲဖြစ်အောင်
သားကြိုးစားပါ့မယ် မေမေ...

တမာတန်းတွေရဲ့ အဝေး...
ကုက္ကိုရ် တန်းတွေရဲ့ အဝေး....
အိမ်ပြန်ချိန်တွေရဲ့ အဝေး...
နွေးထွေးမှုတွေရဲ့ အဝေး...
မေမေ့ အပြုံးတွေရဲ့ အဝေးမှာပေါ့...

သားလေ
အမှန်တရားကို မြတ်နိုးတတ်ဖို့
လောကဓံတရားကို သည်းခံတတ်ဖို့
လူတွေကို နားလည်တတ်ဖို့
ရိုးသားမှုကို တန်ဖိုးထားတတ်ဖို့
စစ်မှန်တဲ့ အောင်မြင်မှုကို ရဖို့

သားကြိုးစားနေပါတယ်
မေမေ...

လင်းဝေ (မုံရွာနည်းပညာ)

မွေးရပ်မြေသို့ ...



ခါနွေဆို တမာတောမှာ
ဥသြငှက် တွန်သံမြည်
လက်ပံပွင့် နီနီ..

ရွှေဘို အနောက်နားဆီက
မူးမြစ်ရယ် ရေကြည်
ဖြတ်စီးတဲ့ ရွာလေး...

နွေဦးမှာ လေရူးခြွေ
ကုကိုရ်တွေ မြေမှာခ
လွမ်းစရာ့ဌာနီ...

မရောက်တာကြာပြီ
လွမ်းမိသည်
ဒီရွာလေး..

ထနောင်းငယ် နုနု
ထန်းရွက်တွေက
တဝေေ၀...

ဒီအချိန်ဆို
တမာကြွေလမ်းမှာ
ဆွတ်ပျံ့ကာ
ပိတောက်ပန်းတွေနဲ့
မွှေးရော့မယ်လေး.....

လင်းဝေ (မုံရွာနည်းပညာ)

ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။



၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း
အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။

၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း
သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။

၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း
သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။
သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင် ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။

၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း
ဘ၀မှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။
သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။

၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်းသင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။
သင် ရွေးချယ်လို့ရတာကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။
နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။

၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့် သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။

၇။ ဖြေရှင်းလို့ရသော ပြဿနာများကို ရှောင်ပြေးခြင်း ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။ ပြဿနာတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။ သင့်ဘ၀အတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။

၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။

၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း သင်ရှာတာကိုပဲ သင်တွေ့တာပါ။ သင့်ရဲ့ဘ၀မှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူးဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။

၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း ဘ၀ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းတွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါတယ်။

Ref: 10 Things You Must Give Up To Move Forward by Stephen Covey

" ဘဝမှာ အောင်မြင်ချင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ချင်သူများ ... "

" ဘဝမှာ အောင်မြင်ချင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ချင်သူများ ... "

၁။ မိမိရဲ့ အတွေးအခေါ်ကို ... Be Positive ဖြစ်အောင်နေပါ။

၂။ မိမိရဲ့ အဝတ်အစား အပြင်အဆင် အပြောအဆိုဟာ .. လူအထင်ကြီး လေးစားဖွယ်ဖြစ်အောင် နေပါ။

၃။ မိမိကိုယ်မိမိ ... မိမိရဲ့ လုပ်ငန်းအပေါ် Confidence ရှိပါ။

၎။ မိမိနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ Organization , Team , Coworkers တွေအပေါ်မှာ ယုံကြည်မှု ရှိပါ။

၅။ မိမိဘာကို လုပ်ဆောင်မယ် .. ဘာကို ရည်ရွယ်တယ် ဆိုတာ "Goals to be Clear" ဖြစ်နေရမယ်။

၆။ မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းအပေါ်မှာ Professional ကျကျ ကျွမ်းကျင်အောင် ကြိုးစားနေရမယ်။

၇။ အလုပ်ကို ကြိုးစားချင်စိတ် အမြဲရှိနေရမယ်။ (Wiling to work hard)

၈။ ကိုယ်စတင်လုပ်ကိုင်တဲ့ အလုပ်အပေါ်မှာ ဇွဲရှိရမယ်။ သစ္စာရှိရမယ်။

၉။ လူတွေကို ဆက်ဆံတဲ့အခါမှာ ... အထက်အောက် အကြီးအငယ် မခွဲခြားဘဲ မည်သူ့ဆီမှ အသိပညာ အတတ်ပညာကို မဆိုသင်ယူချင်စိတ်ထားပါ။

၁၀။ ငါသိ ငါတတ်ဆိုတဲ့ ဝါးလုံးခေါင်းထဲမှာ လသာနေတဲ့ အတွေးတွေကို ဖယ်ထုတ်လိုက်ပါ။ ( Think outside the box ) !!!
(Knowledge sharing from my job conference experience in Ontario, California, convention center)

Credit>>> Min Aung Hein(Myanmar Market .com.mm)

လက်ဆောင်



ချစ်သူရယ်

ည က သိပ်လှတာပဲ

ဖြစ်နိုင်မယ်ဆို

ငါ့ရင်ထဲက

ချစ်ခြင်းတွေနဲ့

ကောင်ကင်တစ်ခင်းလုံး

ကြယ်တွေ

အစင်းထောင်သောင်းပျိုး

ငါ့မြတ်နိုးတဲ့နင့်ကို

ငါ့အချစ်တွေနဲ့

ထာဝရ

လင်းပစေချင်ရဲ့...

လင်းဝေ

တာဝန်

တာဝန် သိမှ တာဝန် ရှိမယ်..
တာဝန်ရှိမှ တာဝန် ပိမယ်...
တာဝန် ယူရဲတာက ရဲရင့်မှု..
တာဝန်ကို ကျေပွန်အောင် စွမ်းဆောင်နိုင်တာက စွမ်းရည်...

မင်းနဲ့ငါ လက်ဆွဲ နှုတ်ဆက်ဖို့ဆိုရင်..


မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
မေတ္တာတရားတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
ရိုးသားမှုတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
ကိုယ်ချင်းစာတရားတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
တာဝန်ယူမှုတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
သစ္စာတရားတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
ဟန်ဆောင်ခြင်းမဲ့ အပြုံးတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
ရဲဘော်ရဲဘက်စိတ်တစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
နားလည်မှုတစ်ခု လိုတယ်....
မင်းနဲ့ငါ
လက်ဆွဲနှုတ်ဆက်ဖို့
.....
အနည်းဆုံး
.....
နွေးထွေးတဲ့
လက်တစ်စုံ
လိုတယ်....
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Sunday, March 2, 2014

အလွမ်း



တကယ်လို့များ
ငါ့နှလုံးသားက
သစ်ပင် တစ်ပင်
ဖြစ်ခဲ့ရင်...

 လေတိုက်တိုင်း
ရမ်းခါနာကြင်နေတဲ့
ငါ့အလွမ်း
သစ်ရွက်တွေကို

မင်း...

မြင်ရက်မယ်
မထင်ဘူး
ချစ်သူ ...

လင်းဝေ

ဗိုလ်ချုပ်အောင်ဆန်းပဲ

လူတိုင်းမြတ်နိုးလောက်တဲ့
ရိုးသားမှုမျိုးနဲ့
လူတိုင်းငေးယူရလောက်တဲ့
 ပေးဆပ်မှုမျိုးနဲ့
 မြင့်မြတ်တဲ့
လူသားတစ်ယောက်ကို
 ပြစမ်းပါလို့
 မေးလိုက်တိုင်း
ကျနော့် နှလုံးသားထဲ
သူ့အလိုလို မြည်ဟိန်းနေတဲ့
နာမည်တစ်ခု ရှိတယ်
အဲဒါ
ဗိုလ်ချုပ်အောင်ဆန်းပဲ..
လင်းဝေ

အချိန်

အချိန်ဆိုတဲ့
ယန္တရားအိုကြီးက
ငါ့ကိုဝါးမြို
နုပျိုမှုဟာ
 မြစ်တစ်ခုလို
 စီးဆင်းသွားတာ
 မြန်တယ်...

လင်းဝေ

လှေငယ်လေးသို့ ..



ကိုယ့်ရွက်ကိုဖွင့်
ကိုယ့်တက်ကို ခတ်
”ဘ၀” ဆိုတဲ့
 မြစ်တစ်စင်း
 ပျော်ရွှင်စွာ
 ဖြတ်သန်းပစ်လိုက်စမ်းပါ...

 “အောင်မြင်ခြင်း” ဆိုတဲ့
 ပင်လယ်တစ်စင်းဟာ
မင်းနဲ့
မဝေးတော့ဘူးဆိုတဲ့
ယုံကြည်မှုတစ်ခုနဲ့ပေါ့...

လင်းဝေ (မုံရွာနည်းပညာ)

အားနာတတ်သဖြင့်

အားနာတတ်သဖြင့်
 မညိတ်ချင်ဘဲ
 ခေါင်းညိတ်နေရခြင်းသည်
 သဘာဝမကျလှပါ
အင်မတန်ပင်ပန်းလှပါသည်

တာရာမင်းဝေ

အောင်မြင်မှု

အောင်မြင်မှုဆိုတဲ့ လမ်းဟာ
အခက်အခဲတွေနဲ့ ထုဆစ်ထားတာပါ...
မင်းကသာ
အခက်အခဲတွေကို ကြံ့ကြံ့မခံနိုင်ဘူးဆိုရင်..
အခက်အခဲတွေကို မကျော်လွှားနိုင်ဘူးဆိုရင် ...
အောင်မြင်ခြင်းဟာ
မင်းဆီ
ဝမ်းပမ်းတသာ
ခုန်ဆင်းလာမှာ မဟုတ်ဘူးလေ..

လင်းဝေ

သခင်

အလုပ်လုပ်တဲ့ နေရာမှာ
ကိုယ်ဝါသနာပါတဲ့
ကိုယ်လုပ်ချင်တဲ့
ရိုးသားတဲ့ အလုပ်ကို
လုပ်နေရတဲ့သူက
သခင်ပဲ
ငွေရဖို့တစ်ခုထဲအတွက်
ကိုယ်မလုပ်ချင်ဘဲ
လုပ်နေရတယ်ဆိုရင်တော့
ငွေရဲ့ကျေးကျွန်ပဲ..

လင်းဝေ

အောင်မြင်ချင်တဲ့လူ

တချို့လူတွေက အတွေးအခေါ်ရှိတယ် ဒါပေမယ့် သတ္တိမရှိကြဘူး..
တချို့လူတွေက သတ္တိရှိတယ် ဒါပေမယ့် အတွေးအခေါ် မရှိကြဘူး..
တချို့လူတွေက အတွေးအခေါ်ရှိတယ် သတ္တိရှိတယ် ဒါပေမယ့် အခက်အခဲတွေကို သည်းခံနိုင်တဲ့ ဇွဲ မရှိကြဘူး..
အောင်မြင်ချင်တဲ့လူက အတွေးအခေါ်ကောင်းရှိရမယ်..သတ္တိရှိရမယ့် ဇွဲရှိရမယ်

လင်းဝေ

ဆုလဒ်

ဖြစ်ပြီးရင် ပျက်သွားတတ်တဲ့
လောကကြီးထဲမှာ
ဘယ်အရာကမှ
မင်းအတွက်
မကြီးကျယ်မခမ်းနားလှပါဘူး...
အောင်မြင်မှုပဲဖြစ်ဖြစ်
ကျရှုံးမှုပဲဖြစ်ဖြစ်
အရာတိုင်းဟာ
အခိုက်တန့်လေးတွေပါပဲ
ဘာပဲဖြစ်ဖြစ်
မင်းရဲ့ ကြိုးစားမှု
မင်းရဲ့ စေတနာနဲ့
ထိုက်တန်တဲ့
ဆုလဒ်တစ်ခုတော့
လောကကြီးက
မင်းကို
ပေးဖို့
သေချာပြီးသားပါ..

လင်းဝေ

Saturday, March 1, 2014

ဘောလုံးသမားတစ်ယောက်ရဲ့ နိုင်ငံရေးအမြင်

“နိုင်ငံရေးအမြင်ရှိမှ ၊ စစ်ရေးအမြင်ရှိမှ ၊ အမျိုးချစ်စိတ်ရှိမှ သမ္မတ ဖြစ်မယ်ဆိုရင် တို့နိုင်ငံမှာ တယောက်ပဲရှိတယ် အဲဒီလူကတော့ သီဟတင်စိုး ” လို့ ဦးဇာဂနာတို့က ပြက်လိုက်တော့ အောက်က ပရိတ်သတ်က လဲ တသောသော ရယ်မောကြတာပေါလေ။

ကျနော်တို့နိုင်ငံမှာလဲ လူရွှင်တော်တွေက အစိုးရပိုင်းက အမှားတွေကို ပြက်လိုက် အောက်က ပရိတ်သတ်က ရယ်လိုက်ကြ ၊ စာရေးဆရာတွေ အစိုးရပိုင်းက လူတွေရဲ့ အဆီငေါ် မတည့်တာတွေ ဖဲ့လိုက် အောက်က ပရိတ်သတ်က လက်ခုတ်တီးလိုက်ကြနဲ့ပဲ ပြီးနေတော့တာပါပဲ။

အစိုးရပိုင်းက လုပ်ပုံမဟုတ်တာတွေကို ပြည်သူလူထုကို သိအောင်ပြောရမှာ၊ အစိုးရပိုင်းကလူတွေ သိအောင် ထောက်ပြရမှာလဲ မှန်ပါတယ်။

 ဒါပေမယ့် ပြက်လုံးထုတ်နေရုံ ၊ အပြစ်ပြောနေရုံနဲ့လဲ မပြီးသေးပါဘူး။ အပြုသဘောနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ ကိုယ်ယူရမယ့် တာဝန်တွေကို မမေ့ကြဖို့လိုပါတယ်။

လောကမှာ အရာရာ ပြီးပြည့်စုံတဲ့ လူဆိုတာ မရှိနိုင်ပါဘူး။

မိသားစုတစ်ခု ၊ ကုမ္ပဏီတစ်ခု ၊ အဖွဲ့အစည်းတစ်ခု ၊ ရပ်ကွက်တစ်ခု ၊ မြို့နယ်တစ်ခု ၊ နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုရင် သက်ဆိုင်တဲ့ သူတွေ အားလုံးမှာ တာဝန်ရှိပါတယ်။

မိသားစု တစ်ခု တိုးတက်ဖို့ မိဘကအစ အဲဒီ မိသားစုဝင်တွေ အားလုံးမှာ တာဝနှ်ရှိတယ်။
ကုမ္ပဏီတစ်ခု တိုးတက်ဖို့ သူဌေးကအစ ၀န်ထမ်းအားလုံးမှာ တာဝန်ရှိတယ်။
အဲဒီလို အဲဒီလိုပဲ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် အဲဒီနိုင်ငံ အစိုးရက အစ ပြည်သူတွေ အားလုံး တစ်ဦးချင်းဆီမှာ တာဝန်ရှိတယ်။

ကျနော်တို့ ဘောလုံးကန်သလိုပေါ့။ ကျနော်တို့ ဘောလုံးအသင်းတသင်း ကစားတဲ့ ကစားသမား ၁၁ ယောက်လိုတယ်။ တယောက်ယောက် ထိခိုက်လျှင် ပင်ပမ်းလျှင် လူစားလဲဖို့ အရံကစားသမားတွေလည်း ထားရပါတယ်။

ဘောလုံးကန်တော့မယ်ဆိုရင် ကိုယ့်နေရာနဲ့ကိုယ် တာဝန်ယူပြီး အကောင်းဆုံးကစားကြရပါတယ်။
ဂိုးသမား ၊ နောက်တန်း ၊အလယ်တန်း ၊ ရှေ့တန်း  စသည် ဖြင့်ပေါ့လေ။

ဘောလုံးအသင်းတစ်သင်း အောင်မြင်ဖို့ ကစားသမားတယောက်ချင်းစီမှာ တာဝန်ရှိတယ်။
ဂိုး သမားကလဲ ဂိုးသမား တာဝန် ကျေရပါမယ်။ ဂိုးသမားမကောင်းရင်လဲ အသင်းသားတွေ သွင်းသမျှဂိုးတွေက အိတ်ပေါက်နဲ့ ဖားကောက်ရသလို အလကားဖြစ်ပါတယ်။

နောက်တန်းမကောင်းပြန်တော့ ဘောလုံးက အလယ်မရောက်သလို ဂိုးသမားခင်မျှာလဲ မသက်သာရှာပါဘူး။ ရှေ့တန်းက တိုက်စစ်မှူးတွေ ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်တာပါပဲ။

အလယ်တန်း မကောင်းကောင်းတော့ နောက်တန်းသမား မသက်သာသလို ဘောလုံးရှေ့ မရောက်တော့ ရှေ့တန်းသမားတွေ ဂိုးသွင်းခွင့် မရနိုင်ပါဘူး။ ခါးပြတ်နေတဲ့ အတွက် ကစားကွက် ကောင်းကောင်းမဖန်တီးနိုင်သလို တသင်းလုံး ဇကောထဲ ဇီးဖြူသီးလှိမ့်သလို့ ဖရိုဖရဲ ဖြစ်ရတာပေါ့ဗျာ။

ရှေ့တန်းသမားတွေ မကောင်းတော့ နောက်တန်းနဲ့ အလယ်တန်းက ကစားသမားတွေ ကြိုးစားမျှ အဟောသိကံ ဖြစ်ကုန်ကြပါရော။ ဘယ်လောက်ကစားကွက်လှလှ တိုက်စစ်စွမ်းရည်မရှိတော့ ဂိုးမရနိုင်တာကြောင့် သင်္ကြန်အမြောက်နဲ့ ပစ်ရသလို အသံသာရှိ အဆံမရှိဆိုသလို ဖြစ်နေတတ်ပါတယ်။

အဲဒီတော့ အားလုံးဟာ သူ့နေရာနဲ့သူ တာဝန်ကျေဖို့လိုပါတယ်။ ကစားသမားတိုင်းဟာ နေရာတိုင်းမှာ မတော်နိုင်ပါဘူး ။ သူနေရာနဲ့သူ တော်တဲ့ လူတွေရှိပါတယ်။ အဲဒါကို လူမှန်နေရာမှန်လဲ ရွေးတတ်ဖို့လဲ လိုပါတယ် ။ ရှေ့တန်းကန်တတ်တဲ့ကစားသမားကို နောက်တန်းမှာ ကန်ခိုင်းသလိုမျိုး ဂိုးသမားကို ရှေ့တန်းတက် ကန်ခိုင်းသလိုမျိုး ပေါက်ကရ လုပ်လို့မရပါဘူး ။

 ပြီးတော့ မှန်ကန်တဲ့ ကစားနည်း စနစ်လည်း လိုပါတယ်။
ကစားသမားတိုင်းကလဲ ရေစာမခိုဘဲ ရေကုန်ရေခမ်း ကြိုးစားကြဖို့ လိုပါသေးတယ်။
တစ်ဦးကိုတစ်ဦး ယုံကြည်မှုအပြည့်၊ နားလည်မှုအပြည့်နဲ့ အပေးအယူမျှနေဖို့လိုပါတယ်။
အားလုံးဟာ ကိုယ်ကျရာနေရာမှာ တာဝန်ကျေအောင် စွမ်းဆောင်နိုင်ဖို့ လိုပါတယ်။
ဒါမှသာ အောင်မြင်တဲ့ ဘောလုံးအသင်းတသင်း ဖြစ်မှာပါ။

နိုင်ငံတစ်နိုင်ငံမှာလဲ အဲဒီလိုပါပဲ။ အစိုးရ ၊ အစိုးရ၀န်ထမ်း ၊ ပြည်သူ အားလုံးဟာ သူ့နေရာနဲ့သူ အရေးကြီးပါတယ် ။ လူတိုင်းဟာ နေရာတိုင်းမှာ တော့ မတော်နိုင်ပါဘူး ။
စစ်သားက စစ်ရေးမှာ ကျွမ်းကျင်ပါတယ် ၊ နိုင်ငံရေးသမားက နိုင်ငံရေးမှာ ကျွမ်းကျင်ပါတယ် ၊ ပညာတတ်တွေက ပညာရေးမှာ တော်ပါတယ် ၊ ၀န်ထမ်းတွေကို တိုင်းပြည်စီမံခန့်ခွဲရေးမှာ တော်ပါတယ် ၊ စီးပွားရေးပညာ ရှင်တွေ စီးပွားရေး ပညာရပ်တွေမှာ တော်ပါတယ် ၊ ဘုန်းတော်ကြီးတွေက သာသနာရေးဘက်မှာ တော်ပါတယ် ၊ ဆရာဝန်တွေက ဆေးပညာမှာ တော်ပါတယ်၊ အင်ဂျင်နီယာတွေက နိုင်ငံတည်ဆောက်ရေးမှာ တော်ပါတယ်၊ ဥပဒေပညာရှင်တွေက ဥပဒေပြုရေးမှာ တော်ပါတယ် အစရှိသဖြင့်ပေါ့လေ လူတိုင်းဟာ သူ့နေရာနဲ့သူ တော်ကြပါတယ်။

ဒီလူတွေဟာ တိုင်းပြည်တပြည်တိုးတက် ရေးအတွက် ကိုယ်တော်တဲ့ အနေရာက နေ အစွမ်းကုန်ကြိုးစားကြရပါမယ်။
ပြည်သူလူထုကလဲ ကြိုးစားရပါမယ် ၊ စိတ်ဓာတ်ကောင်းရပါမယ် ၊ စည်းကမ်းရှိရပါမယ်၊ ပညာမြင့်ရပါမယ်။
ဘောလုံး အသင်းတသင်းရဲ့ ဂိုးသမား၊ ရှေ့တန်း နောက်တန်း၊ အလယ်တန်း နေရာမှန်မှန်မှန်နဲ့ ကြိုးစားရမလို နိုင်ငံတနိုင်ငံရဲ့ အစိုးရ၊အစိုးရ၀န်းထမ်း ၊ ပညာရှင်တွေနဲ့ ပြည်သူတွေကလဲ ကိုယ်အတော်ဆုံးနေရာ ကိုကျရာနေရာကနေ လူမှန်နေရာမှန်နဲ့ ကြိုးစားကြိဖို့လိုပါတယ်။

ကာကွယ်ရေးကို ကျွမ်းကျင်သူတွေက ကာကွယ်ရေးကို တိုးတက် ကောင်းမွန်အောင်လုပ်ရမယ်၊ စစ်လက်နက်တွေ ထုပ်လုပ်နိုင်အောင် ကြိုးစားရမယ်၊ စစ်ဗျူဟာတွေ တိုက်ခိုက်ရေးစွမ်းရည်တွေ မြင့်မားအာင် လုပ်ရပါမယ်။
ပညာရေးကို ကျွမ်းကျင်သူတွေက ပညာရေးကို တိုးတက် ကောင်းမွန်အောင်လုပ်ရမယ်၊ ပညာရေးကိုကမ္ဘာ့အဆင့်မှီအောင် လုပ်ရပါမယ်။

စီးပွားရေး ပညာကို ကျွမ်းကျင်သူတွေက နိုင်ငံစီးပွားရေးကို တိုးတက်ကောင်းမွန်အောင်လုပ်ရမယ်။
ကျန်းမာရေးကို ကျွမ်းကျင်သူတွေက နိုင်ငံကျန်းမာရေးကို တိုးတက် ကောင်းမွန်အောင်လုပ်ရမယ်။
ဥပဒေပညာ  ကျွမ်းကျင်သူတွေက တရားဥပဒေ စိုးမိုးအောင် ဥပဒေကို တိုးတက်ကောင်းမွန်အောင် လုပ်ရမယ်။

အစရှိသဖြင့် လူမှန်နေရာမှန် တာဝန်ယူပြီး စနစ်ကောင်းကောင်း၊ စည်းကမ်းကောင်းကောင်း၊ လုံ့လအပြည့်နဲ့ ကြိုးစားကြမှသာ နိင်ငံတစ်နိုင်ငံဟာ အမြန်တိုးတက်မှာပါ။

ဒီလိုမှ မဟုတ်ဘဲ ဂိုးသမားက ရှေ့တန်းတက်ကန်၊ နောက်တန်းက အလယ်မှာကစား၊ ရှေ့တန်းက နောက်မှာနေ ပရိတ်သတ်က ဆိုလိုက်ဆဲလိုက် ဟားလိုက် လုပ်နေလို့ကတော့ အောင်မြင်မှုတွေနဲ့ ဝေးနေကြဦးမှာပါပဲ။

အရေးကြီးတာက ကိုယ်မကျွမ်းကျင်တဲ့ နေရာကို ၀င်ပြီး ဆရာကြီးမလုပ်ဘဲ ကိုယ်ကျွမ်းကျင်တဲ့ နေရာကနေ အကောင်းဆုံး ကစားကြဖို့ပါပဲ။

အဲဒီလိုပဲ ကျနော်တို့နိုင်ငံလဲ လူမှန်နေရာမှန်တွေကို တာဝန်ပေးပြီး နားလည်မှုအပြည့် နဲ့ အပေးအယူမျှစွာ
ကိုယ်အကျွမ်းကျင်ဆုံးနေရာကနေ အရိုးသားဆုံး အကောင်းဆုံးတာဝန်ကျေကြမယ်ဆိုရင်၊ ပညာရေးကောင်းကောင်း ၊ စိတ်ဓာတ်ကောင်းကောင်း၊ ဥပဒေကောင်းကောင်းနဲ့ တယောက်ချင်းစီက ကြိုးစားကြမယ်၊တာဝန်ကျေကြမယ်ဆိုရင် ကျနော်တို့တိုင်းပြည်လဲ အောင်မြင်တဲ့ တိုင်းပြည်တစ်ခု မနှေးဧကန်အမြန်ဖြစ်မည်မှာ မလွယ်ပါလို့ ဘောလုံးသမားတယောက် အမြင်နဲ့ သုံးသပ်လိုက်ရပါတယ်ခင်ဗျား။

 ပြည်သူကောင်းကျိုး တိုင်းပြည်ကောင်းကျိုးအတွက် နိုင်ငံသား တစ်ယောက်ချင်းစီမှာ တာဝန်ရှိတယ်ဆိုတာ အထူးသတိပေးလိုက်ပါတယ်။ သူများကိုချည်း လက်ညှိုးထိုးမနေကြဖို့ ကိုယ်ကိုယ်တိုင်လဲ တာဝန်ကျေဖို့လိုပါတယ်။ နိုင်ငံသားတိုင်း ကောင်းမှ တိုင်းပြည်ကောင်းမှာပါ။

အမှားများပါပါက ကျနော့်ရဲ့ မပြည့်ဝမှုများ ကျနော်ရဲ့ ခံစားချက်များသာ ဖြစ်ပါသည်ခင်ဗျား။

လင်းဝေ








ပိုကြောက်ဖို့ကောင်းတယ်.

လောကကြီးမှာ ကိုယ့်ကိုယ်ကို ရိုးသားတယ်လို့ပြောနေတဲ့သူတွေကို မယုံနဲ့ အေး...အဲလိုပြောနေတဲ့သူတွေထဲမှာ ကျုပ်လဲပါတယ်..အဲ ဒါပေမယ့်....ဘာမှမပြောတဲ့သူတွေက ပိုကြောက်ဖို့ကောင်းတယ်.....

မိန်းမနိုင်နည်း



မိန်းမဆိုတာ
ဒီလို ဗြစ်ဗြစ်မြည်အောင်
ကိုင်ထားနိုင်မှ တော်ယုံကြမယ်

ဟဲ့ကောင်မ အခုချက်ချင်းထ
ငါမပြောချင်လို့ ကြည့်နေတာ
ဘယ်အချိန်ရှိပြီလည်း
ကုလားသေကုလားမောအိပ်နေလိုက်တာ
စောစောစီးစီး ဈေးသွားပြီး
ဟင်းချက်စရာ ၀ယ်ခါနီး ဒေါသမဖြစ်ချင်ဘူး
နင်တိုက်မဲ့ သွားတိုက်တံမှာ သွားတိုက်ဆေး
ညှစ်ထည့်ထားပြီးသား ပြီးမှ မျက်နှာသစ်
မသာမ တခါတည်းမှာထားမယ်
ထမင်းကြော်ပြီးသား စားပွဲပေါ်မှာ
ပန်းကန်ထဲ ခပ်ထားပြီးသားယူစား
ပြီးမှ ဖျော်ထားပြီးသား ကော်ဖီသောက်
ပြန်လာလို့တခုမှ ပြီးမထားရင် ငါ့အဆိုးမဆိုနဲ့

ဈေးအပြန်
ဒီသေနာမ ငါရိုက်ရင် ပတ်ဝန်းကျင်က
ငါ့အပြစ်ပြောဦးမယ်
ငါသွေးပြီးသား သနပ်ခါး လိမ်းမထားဘူး
နင်တော့ ငါ့ လက်နဲ့ မိတော့မယ်
ဈေးပြန်လာ မောရတဲ့အထဲ
မီးဖိုချောင်ထဲ ငါ ထမင်းဟင်းချက်နေတာ
ဝင်ရှုပ်လို့ကတော့ အသေဘဲ
ကိုယ်ဟာကိုယ် ဧည့်ခန်းထဲ
ကိုရီးယား ဇာတ်လမ်းတွဲ အေးအေးကြည့်
စောက်ပြသနာ မရှာနဲ့

ခက်တာဘဲဗျာ ကျုပ်က မိန်းမကို
အဲဒီလို နိုင်တာကို လူတွေက
ဝိုင်းကဲ့ရဲ့ကြတယ် ကိုယ်ချစ်လို့
ယူထားတဲ့ မိန်းမ ဒီလိုမနိုင်စားသင့်ဘူးတဲ့
မခက်ဘူးလားဗျာ.....

လူပျိုကြီး အပျိုကြီးဘဝ

လူပျိုကြီး အပျိုကြီးဘ၀တွင် စွဲလန်းကာ မကျွတ်မလွတ်ကြသေးသော သူငယ်ချင်း လူပျိုကြီး အပျိုကြီးများအတွက် လက်ဆောင်....

“ဥုံ

မြာမြာရှန် မြာမြာရှန်

မရွဲ့နေး မရွဲ့နေး

တူတာရွေ့ တူတာရွေ့

နစ်နှောက် သတွတ်ကျင်း

အမြီးကျွတ်စေသတန်..”

အထက်ပါ မန္တာန်ကို မနက်ကိုးခေါက် ညမအိပ်မီ ကိုးခေါက် မကျွတ်မချင်း ရွတ်ပါလေ...
နောက်နှစ်သီတင်းကျွတ် တကယ်ကျွတ်ပေလိမ့်.....

စေတနာ ဗရပွဖြင့်

မောင်အူဝဲ

“ မှန်ကန်တဲ့ ရွေးချယ်မှု ”



လူတစ်ယောက်မှာ ပညာတတ်ဖို့အရေးကြီးသလို အကြောင်းအမျိုးမျိုးကြောင့် ပညာဆိုတဲ့အရာကို မပိုင်ဆိုင်ကြပေမယ့်လည်း ၀ီရိယဆိုတဲ့ အချက်ကလေးကိုတော့ အတတ်နိုင်ဆုံး လက်ကိုင်ထားပြီး အကောင်းဆုံးကြိုးစားရင်တော့ တစ်နေ့မှာ အောင်မြင်လာမှာပါ။

ကိုယ့်ရဲ့ဘ၀ကို နေပူ၊ မိုးရွာ ရုန်းကန်လှုပ်ရှားနေရရင်လည်း စိတ်ဓာတ်မကျစေချင်ပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းပြီဆိုရင် ဘယ်လိုအခက်အခဲ၊ ဘယ်လိုအကြောင်းအမျိုးမျိုးပဲ ကြုံ ကြုံ နောက်မဆုတ်ပါနဲ့။ ဒီနေရာကနေ ငါရှေ့ကို ဘယ်လိုတက်လှမ်းမယ်၊ ဘယ်လို ရှေ့ဆက်သွားမယ်ဆိုတာကို တွေးထားပါ။

ကိုယ်မှန်ကန်မယ်ထင်လို့ ရွေးချယ်တဲ့ အလုပ်တစ်ခုကို ဘယ်တော့မှ နောက်မဆုတ်ပါနဲ့။ ဘယ်အရာမဆို လွယ်လွယ်နဲ့အရှုံးပေးတာ မကောင်းပါဘူး။ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားကြည့်ပါ။ တစ်ခုတော့ ရှိတယ်။ ကိုယ့်ဘ၀အတွက် မှန်ကန်တဲ့ ရွေးချယ်မှုတော့ ဖြစ်ပါစေ။

(ဘ၀ပြဌာန်းချက်များမှ)

စကားလုံးမလိုဘူး



အမေများနေ့ဆိုမှ
အလန့်တကြားထပြီး
သတိရတတ်တဲ့
အချစ်မျိုးနဲ့
အမေ့ကို
ဖေ့စ်ဘုတ်ပေါ်ကနေပဲ
ပေါ့ပေါ့လေးချစ်တဲ့အထဲ
သားမပါချင်ဘူး
အမေ

အမေ့ဆီ
လစဉ်ဖုန်းမှန်မှန်ဆက်ပြီး
အမေစိတ်ချမ်းသာအောင်နေ
အမေ
ကုသိုလ်တွေ
စိတ်အေးလက်အေး
လုပ်နိုင်ဖို့
အမေ့ကို
လုပ်ကျွေးနေတာကိုက
စကားလုံးမလိုတဲ့
အမေကိုချစ်သော
သားရဲ့
အချစ်ပါပဲ
အမေ

လင်းဝေ

He said that...



My new generation must be more clever than me as dutiful persons...

My new generation must be more clever than me in education...

My new generation must be more clever than me in displine ...

My new generation must be more clever than me in morality...

My new generation must be more clever than me in spirit ....

My new generation must be more clever than me in honesty ...

My new generation must be more clever than me in everything....

Who is he?

He is our grandfather Bo Joke Aung San....

Linn wai

သူငယ်ချင်းအတုများ...



တချို့ သူငယ်ချင်းတွေက
သူတို့ အဆင်မပြေချိန်မှာ
အကူညီတောင်းဖို့
ကိုယ့်အနား
အပြေးရောက်လာတတ်ကြပြီး...
သူတို့ အဆင်ပြေချိန်မှာ
က်ုယ့်ကိုရော
ကိုယ့်ရဲ့ကျေးဇူးတရားကိုပါ
မေ့သွားတတ်ကြတယ်...။

တချို့ သူငယ်ချင်းတွေက
ကိုယ် အဆင်ပြေချိန်မှာ
ကိုယ့်ကို
တရင်းတနှီး ဆက်ဆံတတ်ကြပြီး
ကိုယ် အဆင်မပြေချိန်မှာ
ကိုယ့်ကို
မသိသလို ဆက်ဆံတတ်ကြတယ်...။

သူငယ်ချင်းကောင်းဆိုတာ
သူက ကိုယ့်ကို ဘာလုပ်ပေးမလဲ မတွေးဘူး
ကိုယ်က သူတို့ကို ဘာလုပ်ပေးနိုင်မလဲပဲ တွေးတယ်...။

ဘာပဲဖြစ်ဖြစ် ကိုယ်က သူငယ်ချင်းကောင်းတယာက် ဖြစ်အောင် နေရမယ်...

ကိုယ့်ရဲ့ သူငယ်ချင်းကောင်း စိတ်ဓာတ်ကို
မပျက်စီးပါစေနဲ့
မိမိသာလျှင် မိမိတန်ဖိုး ဖြစ်တယ်...

Linn Wai

သူတို့လို မဖြစ်စေနဲ့


သူရဲပေါကြောင်တဲ့
ပညာမဲ့တဲ့
တာဝန်မဲ့တဲ့
စည်းကမ်းမဲ့တဲ့
သတ္တိနည်းတဲ့
ဇွဲမရှိတဲ့
ငါတို့ရှေ့က
လူကြီးတွေကြောင့်
ငါတို့လူငယ်တွေ
အောက်ကျ
နောက်ကျ
ဖြစ်ခဲ့ရပြီးပြီ...

ငါတို့ခေတ်မှာ
ငါတို့လူငယ်တွေ
ငါတို့ရှေ့က
လူကြီးတွေလို

သူရဲပေါ မကြောင်ဖို့
ပညာ မမဲ့ဖို့
တာဝန် မမဲ့ဖို့
စည်းကမ်း မမဲ့ဖို့
သတ္တိ မမဲ့ဖို့
ဇွဲရှိကြဖို့
လိုတယ်....

ငါတို့ခေတ်က
ငါတို့ကိုယ်တိုင်
ဖန်တီးရမယ့်ခေတ်...

ငါတို့ရဲ့
မျိုးဆက်သစ်တွေ
ငါတို့လို
အောက်ကျ
နောက်ကျ
မဖြစ်ဖို့

ငါတို့ခေတ်ကို
ငါတို့
အကောင်းဆုံး
ထားရစ်ခဲ့ရမယ်...

လင်းဝေ (မုံရွာနည်းပညာ)

ဖြတ်သန်းမှု

သေနေတဲ့ ဖဲကို
ပွတ်ပွတ် ဆွဲနေရသလိုမျိုး
တခါတခါကျတော့
ကံတရားဆိုတဲ့ အရာကလဲ
ကျဲတိကျဲသောက်ပါပဲ

ဒီလိုနဲ့
လောကဓံ နွေခေါင်ခေါင်မှာ
ငါ့ အိပ်မက်တွေတောင်
ခြောက်လုခြောက်ခင်

ဘာပဲဖြစ်ဖြစ်
အရာရာ
ရင်ဆိုင်မယ်ဆိုတဲ့
စိတ်တစ်ခုနဲ့ပဲ

ငါ့အိပ်မက်တွေကို
ငါ
တိတ်တိတ်လေး
သိမ်းထားဖြစ်တယ်

အချစ်ရယ်

ဘ၀ဆိုတာ

နေပျော်အောင်နေပြီး
ပေါ့ပေါ့ပါးပါး
ဖြတ်သန်းပစ်လိုက်ဖို့
မဟုတ်လားကွယ်...

လင်းဝေ

Saturday, January 4, 2014

မြန်မာနိုင်ငံ က လူတွေ အတွက်

မြန်မာနိုင်ငံ က လူတွေ အတွက် လည်း တိုက်ဆိုင်လွန်းလို့ သူငယ်ချင်းတို့ အချိန်ယူပြီး ဖတ်စေချင်တယ်.. အချိန်နည်းနည်းပေးပြီးဖတ်ပေးပါ။ ဒီစာကို ဖတ် ပြီးသွားရင် သူငယ်ချင်းတို့ရဲ့ စိတ်ထဲမှာ ကိုယ့်တိုင်းပြည်အတွက် ငါတို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေ ဆိုတာ သဘောပေါက်လာလိမ့်မယ်။ တာဝန်သိစိတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။

အိန္ဒိယသမ္မတပြောတဲ့ မိန့်ခွန်းထဲက လက်ရှိမြန်မာလူမျိုး အတော်များများရဲ့ စိတ်ဓါတ်ကို ထင်ဟပ်စေတဲ့ အကြောင်းလေးပါ။ သဘောတူတယ် သဘောကျတယ် နှစ်သက်တယ်ဆိုရင် ကျန်တဲ့လူတွေ သိအောင်ရှဲးပေးစေချင်ပါတယ်။ ======================================== " မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀မိနစ်ရမလား..?

ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ…

အချိန်မရှိရင်တော့ မင်းသဘောပဲ…

အိန္ဒိယသမ္မတ: "တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေမထိရောက်ဘူး
မင်းပြောတယ်…တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး
မင်းပြောတယ်…စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး
မင်းပြောတယ်….ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာခပ်များများလို့
မင်းပြောတယ်… မီးရထားဆိုတာ ဟာသတစ်ခုပဲ..အဲလိုင်းတွေဆို ကမ္ဘာမှာ
အဆိုးဆုံး…စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး…တို့တိုင်းပြည်မှာ
အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့
မင်းပြောတယ်… မင်းပြော… မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး…မင်းကရော
ဘာတစ်ခုလုပ်လဲ…? ကောင်းပြီ..မင်းစင်ကာပူကိုရောက်တဲ့အခါကျတော့...
စင်ကာပူကလမ်းတွေပေါ် မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး..စတိုးဆိုင်မှာ မုန့်မစားရဲဘူး..
ညနေ ၅ နာရီနဲ့ ၆ နာရီကြား အောခတ်လမ်းပေါ်ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ
မင်းပေးတယ်… အဲ့လိုစင်ကာပူမှာ မင်းတစ်ခုခုများပြောလား..ပြောခဲ့လား…?
ဒူဘိုင်းမှာ ဥပုသ်လမျိုး လူမြင်ကွင်းမှာ မင်းအစားစားရဲလား…
မကာရ်မှာ ခေါင်းမဆောင်းပဲ မင်းအပြင်ထွက်ရဲလား.. ၀ါရှင်တန်မှာ တစ်နာရီ
၅၅မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား… မောင်းမိလို့ ရဲလာဖမ်းရင်
ငါ့ကိုဘာမှတ်နေလဲ ငါဘာကောင်လဲ သိလား ငါဘယ်သူ့သားလဲ သိလားလို့ ရဲကို
မင်းပြောရဲလား…. အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ စားပြီးသား
အုန်းခွံတွေကို တွေ့ကရာမင်းလျှောက်ပစ်ရဲလား…. တိုကျိုကလမ်းတွေပေါ်မှာ
မင်းကွမ်းတံတွေးလျှောက်ထွေးရဲလား…. ဒါတွေက မင်းကိုမေးနေတာ….
သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျလေးစားလိုက်နာနိုင်ပြီး
ကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကိုမလေးစား စည်းကမ်းပျက်တတ်တဲ့
မင်းကိုပဲ မေးနေတာ….. အိန္ဒိယမြေကို စနင်းပြီဆိုတာနဲ့
စိတ်ထင်သလို ဆေးလိပ်တွေ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့
မင်းလိုလူတွေကို မေးနေတာ…. တခြားတိုင်းတပါးမှာ
စည်းကမ်းလိုက်နာလေးစားတတ်ခဲ့တဲ့မင်းက ကိုယ့်မွေးရပ်နိုင်ငံမှကျတော့ ဘာလို့
ပုံစံအတူတူမလုပ်နိုင်ရတာလဲ…. အင်တာဗျူးတစ်ခုမှာ
အငြိမ်းစားဘုံဘေမြို့စည်ပင်အရေးပိုင်ကြီး Mr.Tinaikar ဘာပြောသွားလဲသိလား…
လူ့မလိုင်တွေက သူတို့ခွေးတွေနဲ့လမ်းလျှောက်ထွက်ပြီး
လမ်းတွေပေါ်မှာ ခွေးအညစ်အကြေးတွေထားခဲ့ကြတယ်… ပြီးတာ့ အဲ့လူတွေကပဲ
တစ်ခါပြန်ပြီး ညစ်ပေနေတဲ့လူသွားလမ်းတွေအတွက် တာဝန်ရှိသူအဖွဲ့အစည်းတွေ
ညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်… တာဝန်ရှိသူတွေကို
သူတို့ကဘယ်လိုလုပ်ပေးစေချင်တာလဲ… သူတို့ခွေးတွေနောက်ကနေ
တံမြက်စည်းတစ်ချောင်းကိုင်ပြီး ခွေးစွန့်ခဲ့သမျှ အညစ်အပတ်တွေကို
တကောက်ကောက်လိုက်ရှင်းပေးစေချင်တာလား…..
အမေရိကားမှာကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီက ထွက်တဲ့ အညစ်အကြေးတွေ
သန့်စင်ပေးဖို့ ပိုင်ရှင်ကတာဝန်ယူရတယ်..ဂျပန်မှာလဲဒီလိုပဲ… ဒီ အိန္ဒိယကလူတွေ
အဲ့လိုလုပ်လား..? တို့လူတွေကကျတော့ မဲပေးပွဲသွား…မဲလေးပေးပြီး..ဖြစ်သမျှ
အကုန်ကို တာဝန်လွှဲချခေါင်းခံပေးဖို့ လူတစ်ယောက်ရွေးလိုက်သလိုပဲ…..
ကိုယ်ကိုယ်တိုင်ကဘာတာဝန်မှမရှိသလိုနေပြီး အရာအားလုံးကို အစိုးရကပဲ ကကြီး
ခခွေးကအစ လိုက်ဖြေရှင်းပေးဖို့
ထိုင်မျှော်လင့်နေကြတယ်….ကိုယ်တိုင်ပါဝင်အားဖြည့်မှု သုည…. အမှိုက်လေးတွေ
ကြုံသလိုလျှောက်ပစ်ရင်း မြို့တော်သာယာလှပဖို့ အာဏာပိုင်တွေကို
ထိုင်စောင့်နေကြတယ်…အဲဒီ့အစား အမြင်မတော်တဲ့ စက္ကူတစ်စကို
အမှိုက်ပုံးလေးထဲရောက်အောင်ထည့်လိုက်ဖို့တော့
မသိချင်ယောင်ဆောင်ထားတယ်….. ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ
ထားပေးစေချင်ကြတယ်..ဒါပေမဲ့ အဲဒီ့သန့်စင်ခန်းတွေကို
ကျကျနနဘယ်လိုသုံးရမလဲတော့ အလေးမထားဘူး… အိန္ဒိယအဲလိုင်းတွေမှာ
အကောင်းဆုံးအစားအသောက်တွေ ရေအိမ်တွေရှိစေချင်ကြတယ်.. ဒါပေမဲ့
လစ်ရင်လစ်သလို ရသလောက်လေး ပိုယူလာဖို့ ခိုးလာဖို့လဲ ၀န်မလေးဘူး….
ကဲ..ဒီတော့ ပျက်စီးပုပ်သိုးနေပါတယ်ဆိုတဲ့ ဒီစနစ်ကြီး အဖွဲ့အစည်းအတွက်
ဘယ်သူ့မှာ တာဝန်ရှိတာလဲ…. ဘယ်သူတွေက ပြောင်းလဲဖို့လိုနေတာလဲ…
အဲဒီ့စနစ်ကြီးမှာ ဘယ်သူတွေ ပါဝင်လှုပ်ရှားလည်ပတ်နေတာလဲ…. ကိုယ့်အိမ်
ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မြို့ ကိုယ့်အဖွဲ့အစည်း တခြားအဖွဲ့အစည်းတွေနဲ့ အစိုးရ
အကုန်လုံးပါဝင်နေတာမဟုတ်ဘူးလား…. ဒါပေမဲ့ သေချာပါတယ်..တကယ်တမ်း
လက်တွေ့ကျကျ ပါဝင်ပြောင်းလဲလုပ်ဆောင်ရမယ့်အချိန်ကျတော့ အားလုံးက
ကိုယ့်မိသားစုလေးနဲ့အတူတူ
စိတ်ချလုံခြုံတဲ့အိမ်လေးထဲအတူတူထိုင်နေကြပြီး ပြတင်းပေါက်ကနေ
ခပ်လှမ်းလှမ်းပဲ စောင့်ကြည့်နေကြမှာပါ…
သူတို့စိတ်ထဲမှာတော့ မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး
အာလုံးကိုနေရာတကျပြန်ဖြစ်သွားအောင်
လှဲကျင်းရှင်းလင်းပြောင်းလဲပေးသွားလိမ့်မယ်လို့ မျှော်လင့်ရင်လဲ မျှော်လင့်နေကြမှာပေါ့……
ဒါမှမဟုတ်လဲ တတ်နိုင်သူတွေက
တခြားတိုင်းတပါးကို ပြောင်းရွှေ့သွားရင်လဲသွားလိမ့်မယ်…. ဘာနဲ့တူလဲဆိုတော့
အမဲလိုက်ခွေးကြီးလက်ကနေ ကိုယ်လွတ်ရုန်းပြေးတဲ့
သူရဲဘောလေးတွေလိုပဲ…သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတယ်လို့ထင်ရတဲ့
အမေရိကားရဲ့ ဂုဏ်သရေတော်အောက်မှာနေပူစာလှုံခွင့်တောင်းခံကြပြီး
အမေရိကားရဲ့ လူနေမှုစနစ်တွေကို တဖွဖွချီးမွန်းခန်းဖွင့်နေကြလိမ့်မယ်…..
အဲ့လိုနေရင်းနဲ့မှာ နယူးယောက်က မလုံခြုံဘူးလို့ ခံစားလာရရင်
အင်္ဂလန်ကိုဆက်ပြေးကြ… အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင်
ပင်လယ်ကွေ့ကို လေယာဉ်နဲ့ပြေး... ပင်လယ်ကွေ့မှာ စစ်ဖြစ်လာတဲ့အခါကျတော့
လူမှုကယ်တင်ရေးအစီအစဉ်နဲ့ အိန္ဒိယကိုပြန်ပို့ပေးဖို့ တောင်းဆိုကြ…. ကိုယ့်နိုင်ငံရဲ့
စနစ် ခေတ်ကို အားပြည့်တိုးတက်လာဖို့တော့ ဘယ်သူမှ အပင်ပန်းခံပြီး
မစဉ်းစားချင်ကြဘူး… အကောင်းအဆိုး
ပိုင်းခြားနိုင်တဲ့အသိဥာဏ်ကို ငွေကြေးပကာသနတွေနဲ့
အပေါင်ခံထားကြလိုက်သလိုဖြစ်နေတယ်…… ၃၅ ယောက်မြောက်
အမေရိကန်သမ္မတ J F Kennedy က
သူ့နောက်လိုက်အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးနဲ့ပဲ
နိဂုံးချုပ်လိုက်မယ်….

“DO NOT ASK WHAT YOUR COUNTRY DO FOR YOU.. ASK WHAT YOU CAN DO FOR YOUR COUNTRY..”

"တိုင်းပြည်က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား.. တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ" ….တဲ့……။ "

credit: Aye Sad

နှုတ်ဆက်ခြင်း(သို့)ကြိုဆိုခြင်း



ဘာတွေ စာစီရမလဲ

အလွမ်း ဒီဂရီ

၁၀၅ ဖာရင်ဟိုက်မှာ

တမ်းတစိတ်တွေ မိုက်ခနဲ မိုက်ခနဲ

သတိတွေ လစ်တချက် မလစ်တချက်

ဘာတွေကို စွန့်ပစ်လို့

ဘာတွေကို သိမ်းဆည်းထားရမလဲ

အလူးအလဲ ကစားနေရတဲ့

ဒီ ဘ၀ဆိုတဲ့ ဘောလုံးပွဲကတော့

တစ်ရာသီ ကုန်ဆုံးသွားပြန်ပြီ

ကိုယ့်ကိုယ်ကို မိုးအဖြစ် ရွာချရင်း

ကိုယ့်ကိုယ်ကို ရေခိုးအဖြစ် အငွေ့ပြန်ရင်း

ကိုယ့်ကိုယ်ကို မိုးတိမ်အဖြစ် ရွေ့လျားရင်း

အိမ်ပြန် မလှည့်နိုင်သေးတဲ့ ခြေလှမ်းတွေနဲ့ပဲ

၂၀၁၃ ကို ပြုံးပြုံးလေး နှုတ်ဆက်ပါရစေ

၂၀၁၄ မှာ

အရာရာ အေးချမ်းကြပါစေ....လို့

Linn Wai

အချိန်မီ...



အမှောင်ထုကြား

ဘယ်လမ်း သွားပ

မှန်းဆ ခက်စွာ

စမ်းတဝါးဝါး

လမ်းများခဲ့ပြီ...

ရှေ့မှာ အလင်းရောင်

နေမင်း ဆောင်တုန်း

ကြုံးရုန်း ထကာ

ခရီး အဆုံးသို့

တို့လျှောက်ပါစို့....။

Linn Wai

ကဗျာဆိုတာ...

ကဗျာဆိုတာ

နှလုံးသားကနေ

ဦးနှောက်ဆီ

ဖြတ်သန်းလာတဲ့

ရင်ခုန်သံ

ကြိမ်နှုန်းမြင့်

ရေဒါတစ်ခု...။

ကဗျာဆိုတာ

တယောက်ရင်ဘတ်ဆီကနေ

တယောက်ရင်ဘတ်ဆီ

အဆီးအတားမဲ့

စီးဆင်းနိုင်တဲ့

ဒြပ်မဲ့ မြစ်တစ်စင်း....။

တခါတခါ လေပြေလိုနူးညံ့

တခါတခါ မုန်တိုင်းလိုပြင်းထန်

တခါတခါ ဖော့ဖယောင်းလို ပျော့ပျောင်း

တခါတခါ ဓားတောင်လို ခိုင်မာ...

တကယ်တော့

ကဗျာဆိုတာ

့ရင်ထဲက ခံစားရခိုက်

နှလုံးသားကနေ

ဖူးပွင့်လိုက်လို့

လင်းလက်တောက်ပနေတဲ့

အလှဆုံး အနူးညံ့ဆုံး

ပန်းတစ်ပွင့်ပါပဲ...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)