Sunday, October 31, 2010

လရောင်နဲ့ရေးတဲ့...တေးသွား...

ညတညရဲ့နိဂုံးဟာ
အာရုဏ်ဦးနေရောင်တွေနဲ့
ရွှန်းသစ်လက်တောက်လာတတ်သလိုမျိုး
အမြဲ..မှောင်မိုက်တိတ်ဆိတ်နေတတ်တဲ့
ငါ့ဘ၀မှာ...မျှော်လင့်ခြင်းတွေဟာ...
အပြာရောင်အိပ်မက်တွေနဲ့အတူ
နေရောင်လရောင်တွေလို
ယှက်ဖြာလှိုက်စိုနေပါတယ်...
ဆာလောင်လွန်းလို့
ရှိုက်ကြီးတငင် မှောက်ငိုနေတဲ့
ကလေးငယ်လေးရဲ့
ငတ်မွတ်တောင့်ခြင်းမျိုးနဲ့
ငါဟာ..တစုံတယောက်ဆီက
မေတ္တာအကြင်နာတွေကို
လိုချင်မြတ်နိုးခဲ့ပါရဲ့..
ရယ်စရာပဲ...
`အချစ်´ဆိုတာ
ပေးတိုင်းပြန်ပြီးရရပါစေမယ်လို့
ဘယ်သူက အာမခံမထားခဲ့သလို
`ဘ၀´ဆိုတာလည်း
တောင့်တတိုင်း ပြည့်စုံစေမယ်လို့
ဘယ်သူ့ကမှ အာမခံမထားဘူး
ငါကိုယ်ကရူးတာပါ
ဒီထက်နည်းနည်း သက်သာအောင်
ဖြည့်တွေးလိုက်တယ်
လူတွေအားလုံးနီးပါးဟာ
အရူးအမိုက်တွေချည်းပါပဲ.။
ပြိုမလိုညိုနေတဲ့ တိမ်တိုက်တွေက
မိုးစက်တွေ တဖွဲဖွဲခြွေချ
ငိုမလိုပြိုနေတဲ့ နှလုံးသားတစ်ခုကို ထွေးပိုက်
ငါကတော့ စရိုက်ဆန်ဆန်ပဲ
အဲဒီ မိုးရေစက်တွေထဲ
အသည်းကွဲခြင်းအထိမ်းအမှတ်နဲ့
လှလှပပလမ်းလျှောက်လိုက်တယ်
ဓာတ်ရှင်ထဲမှာဆိုရင်တော့
ဒါဟာ အကောင်းဆုံးအခန်းကို
ရောက်တာပဲပေါ့..
ဒီလိုနဲ့ မင်းနဲ့...ငါ....
အလွမ်းတွေ တစ်ခုပြီး..တစ်ခုခြားရင်း..ဝေးခဲ့တယ်..
ဒါပေမယ့်ကွယ်...
ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်
မင်းငါ့ကို ၁ စက္ကန့်လောက်လေး
သတိရပေးရင်
ငါ..ကျေနပ်ပါတယ်...ချစ်ရယ်..
အချစ်အတွက်...ရေးတယ်...
အလွမ်းအတွက်....ရေးတယ်....
ဘ၀အတွက်...ရေးတယ်....
ဒဿနအတွက်...ရေးတယ်....
အိုမယ်...နာမယ်...သေမယ်....
သစ္စာတရားတစ်ခုဟာ
ငါ့နှလုံးသားမှာ ရှင်သန်နေပါတယ်..။
လရောင်ရေးရေးနဲ့
ဆွေးဆွေးလျလျညတွေဆို
အလှပဆုံးကဗျာတွေ ငါခံစားချက်အတွက်
ငါရေးတယ်...
ပစ္စုပ္ပန်ဟာ
`အတိတ်´တစ်ခုလို
ဟန်ဆောင်ပြီး
ငါ့ရှေ့ကနေ
ရုတ်တရက် ထွက်ခွာသွားချိန်
အနာဂတ်ဟာ
ကမူးရှူးထိုးနဲ့
ငါရဲ့
နံနက်ခင်းတွေဆီ
`ဘ၀´အယောင်ဆောင်ပြီး
ရောက်လာခဲ့တယ်...
ငါကတော့
တညတခါဆီက
သာခဲ့ဖူးတဲ့
လရောင်အေးအေးလေးကို
လွမ်းနေမိတယ်....

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment