Saturday, October 2, 2010

ခေါင်းဆောင်

ခေါင်းဆောင်
(THE LEADER OF THE FUTURE)
အနာဂတ်ခေါင်းဆောင်ဟူသောစာအုပ်၌ ပီတာဒရပ်ကားက အမှာစကားရေးပါသည်။
ဤဆောင်းပါးမှာ ထိုအမှာစကားကို သင့်တော်အောင်ဘာသာပြန်ခြင်းဖြစ်သည်။
ကျပ်အနေနဲ့ အဖွဲ့ပေါင်းစုံမှာ အလုပ်လုပ်ခဲ့တာ နှစ် ၅၀ ကျော်ပြီ။တက္ကသိုလ်ဆရာ၊စီမံအုပ်ချုပ်သူ၊ကော်ပိုရေးရှင်းကြီးတွေရဲ့ အတိုင်ပင်ခံ၊ဘုတ်အဖွဲ့အ၀င်၊ဗော်လန်တီယာ။လူအများကြီးနဲ့လည်း ဆွေးနွေးခဲ့ပြီးပြီ။လူရာပေါင်းများစွာပေါ့။ခေါင်းဆောင်တွေ...
သူတို့နေရာ၊သူတို့ပန်းတိုင်၊သူတို့လုပ်ငန်း။ထုတ်လုပ်တဲ့ကုမ္ပဏီကြီးကြီးရောသေးသေးရော၊
ကမ္ဘာအနှံ့ကျယ်ပြန့်တာရော၊မြို့ငယ်လေးတစ်မြို့က မသန်စွမ်းသူပြုစုတဲံ အဖွဲ့ကလေးနဲ့ရော။
အလွန်ထက်မြက်သူတွေနဲ့လည်း အလုပ်လုပ်ခဲ့တယ်။ တချို့ကတော့အရုပ်တွေ၊တချို့ကတော့ခေါင်းဆောင်ဖြစ်ကြောင်း အလွန်ပြောတယ်။
တချို့ကကျတော့ သူတို့ကိုယ်သူတို့ခေါင်းဆောင်လို့ထင်ပုံမရတော့ ခေါင်းဆောင်မှုအကြောင်းမပြောဘူး။
အဲဒီအတွေ့အကြုံတွေကတဆင့် သိလာတဲ့ အချက်တွေက တော်တော်ရှင်းရှင်းလင်းရှိတယ်။ပထမအချက်က ခေါင်းဆောင်ဇာတာ ပါသူ (ပဋိသန္ဓေတည်ကတည်းက ခေါင်းဆောင်ဖြစ်မယ့်သူတွေ) ရှိမယ်။ဒါပေမယ့် အဲဒီလိုခေါင်းဆောင်တွေအပေါ်အမှီသဟဲပြုလို့
မဖြစ်ဘူး။ရှားပါးလွန်းလို့ပါပဲ။`ခေါင်းဆောင်မှုဆိုတာ သင်ယူရမယ်၊သင်ယူလို့ရတယ်။´
ဒုတိယအချက်အနေနဲ့ခေါင်းဆောင်မှုကိုယ်ရည်ကိုယ်သွေး၊ခေါင်းဆောင်မှုစတိုင်၊ခေါင်းဆောင်မှုဂုဏ်လက္ခဏာ(Leadership personality,style,trait) ဆိုတာမျိုးမရှိဘူး။ရာစုတစ်ဝက်လောက် ကျုပ်တွေ့ခဲ့တဲ့ ကျုပ်နဲ့အလုပ်အတူလုပ်ခဲ့တဲ့ အင်မတန်ထိရောက်တဲ့ ခေါင်းဆောင်တွေထဲမှာ တချို့က ရုံးခန်းထဲက အပြင်မထွက်ဘူး၊တချို့ကကျတော့ အပေါင်းအသင်း အလွန်မင်တယ်၊တချို့က သဘောကောင်း၊တချို့ကခပ်တင်းတင်းစည်းကမ်းသမား၊တချို့ကမြန်တယ် စိတ်လိုက်မာန်မာ၊တချို့က ကြိမ်ဖန်များစွာလေ့လာ၊ဆုံးဖြတ်ချက်တစ်ခုချဖို့ မပြီးနိုင်တော့ဘူးလားထင်ရတယ်။တချို့ကနွေးနွေးထွေးထွေး၊တချို့ကျတော့ နှစ်ပေါင်းများစွာ အတူတူလုပ်တာတောင် လူတွေနဲ့ခတ်ကင်းကင်းနေတာ၊တချို့က သူ့မိသားစုအကြောင်းချက်ချင်း ပြောတယ်၊တချို့ကျတော့ အလုပ်အကြောင်းကလွဲလို့ ဘာမှအပြောဘူး။တချို့ခေါင်းဆောင်တွေက ခတ်ဝင့်ဝင့်နေတယ်။ဒါပေမယ့် သူတို့ရဲ့စွမ်းဆောင်မှုတွေကိုတော့ မထိခိုက်ကြပါဘူး၊(ဥပမာ ဗိုလ်မှူးကြီး မက်အာသာ)တချို့ကျတော့ မထင်မရှားနေတတ်တယ်။
ဒါလည်းခေါင်းဆောင်တစ်ယောက်အနေနဲ့ သူတို့ရဲ့စွမ်းဆောင်မှုကိုတော့ မထိခိုက်ပါဘူး။(ဥပမာ ဗိုလ်ချုပ်ကြီး ဂျော့မာရှယ်နဲ့ ဟယ်ရီထရူးမင်း)တချို့က သဲကန္တာ ထဲက ရသေ့လိုအလွန်ခြိုးခြိုးခြံခြံနေကြတယ်။တချို့က ပကာသနကို သိပ်ကြိုက် ပျော်ပျော် နေပြီး အခွင့်အရေးရရင် အော်ဟစ်မြူးတူးတာပဲ။တချို့က သူများပြောတာကိုကောင်းကောင်းနားထောင်တတ်တယ်။တချို့ကျတော့ လည်း `ကိုယ့်အတွင်းက အသံ´ကိုပဲ နားထောင်လေ့ရှိကြတယ်။အဲ..ကျုပ်တွေ့ရသလောက်ခေါင်းဆောင်တွေမှာ မရှိတဲ့ကိုယ်ရည်ကိုယ်သွေးအင်္ဂါ (personality trait) ကတော့ ညှိ့အား (charisma) ပဲ။စိုးစင်းကလေးရှိချင်ရှိမယ်၊လုံးဝ မရှိကြတာကများတယ်။အဲဒီဝေါဟာရနဲ့ ခေါင်းဆောင်အင်္ဂါနဲ့ကတော့ မကိုက်ဘူး။
အင်မတန်ထိရောက်တဲ့ ခေါင်းဆောင်မှန်သမျှကတော့ အောက်ဖော်ပြပါ ရိုးရိုးရှင်းရှင်းအချက် (၄)ချက်ကိုသိကြတယ်။
(၁) `ခေါင်းဆောင်ဟူသည်မှာ နောက်လိုက်များရှိနေသော တစ်စုံတစ်ဦးသာ ဖြစ်သည်။´
တချို့မှာ အတွေးခေါ်သမားများ၊တစ်ချို့ကတော့ ကိုယ်သက်ဝင်ယုံကြည်ရည်မှန်းရာကို အားနှင့်အင်နှင့် ဟောနေသူများ၊
ထိုနှစ်ခုစလုံးအရေးကြီးကာ နှစ်ခုစလုံး လိုအပ်တယ်၊ဒါပေမယ့် နောက်လိုက်မရှိလျှင်ကား ခေါင်းဆောင်ဟူ၍မရှိ။
(၂) `ထိထိရောက်ရောက် ခေါင်းဆောင်နိုင်သူမှာ အများကချစ်သူ၊နှစ်လိုသူ မဟုတ်ကြ။´ (ထိထိရောက်ရောက်ဟူသော စကားရပ်ကို ဂရုစိုက်ပါ)
သူ၏နောက်လိုက်များက လုပ်သင့်သော အလုပ်များကို လုပ်နေသူသာ ဖြစ်တယ်။လူကြိုက်များအောင် လုပ်ခြင်းသည် ခေါင်းဆောင်ခြင်းမဟုတ်။ရလဒ်များကိုသား ကြည့်ရမယ်။
(၃) ခေါင်းဆောင်မှုဟာ ထင်သာမြင်သာအလွန်ရှိတယ်။ဒါကြောင့် စံနမူနာ ပြရမယ်။
(၄) ခေါင်းဆောင်မှုဟာ ရာထူးမဟုတ်၊တံဆိပ်မဟုတ်၊အထူးအခွင့်အရေးမဟုတ်၊ငွေမဟုတ်၊ တာဝန်ယူခြင်းသာ ဖြစ်တယ်
ကိုယ်ရည်ကိုယ်သွေး၊စတိုင်၊အရည်အချင်း၊စိတ်ဝင်စားမှုတွေ အမျိုးမျိုးကွဲပြားခြားနားပေမယ့် ထိထိရောက်ရောက် ခေါင်းဆောင်တတ်သူတွေဟာ အောက်ပါအတိုင်း ပုံစံတူ ပြုမူကျင့်ကြံလေ့ ရှိတယ်။
(၁) `ကျုပ်ကဖြင့် ဘာကိုလိုချင်တယ်´လို့ ပြောလေ့မရှိဘူး။ဘာတွေများလိုအပ်နေပါသေးလသလဲ´ လို့ မေးလေ့ရှိတယ်။
(၂) `ပိုကောင်းအောင် ဘာတွေများလုပ်နိုင်သလဲ၊ဘာတွေများလုပ်သင့်သလဲ´လို့ မေးလေ့ရှိတယ်
လိုအပ်တာလဲဖြစ်ရမယ် ကိုယ့်အားကိုယ့်အင်နဲ့လည်း တော့သင့်တဲ့ဟာ၊ထိထိရောက်ရောက်သွားနိုင်မယ့်လမ်းဖြစ်တာကို
ရှာတယ်။
(၃) အမြဲတမ်းလိုလိုမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကတော့ မိမိအဖွဲ့ရဲ့ ရည်မှန်းချက်က ဘာလဲ၊ပန်းတိုင်ကဘာလဲ၊ စွမ်းဆောင်နိုင်ဖို့ ရလဒ်တွေထွက်ဖို့ ဘာတွေနဲ့တည်ဆောက်ရမလဲ။
(၄) ခေါင်းဆောင်ဟာ လူအမျိုးမျိုး၊စိတ်အထွေထွေကို သည်းညည်းခံနိုင်တယ်။ကိုယ်နဲ့တူမှဖြစ်မယ် စသည်ဖြင့် ကိုယ့်ပုံတူကို မကြည့်။`ဒီလူကိုဖြင့် ချစ်တယ်၊မုန်းတယ်´စဉ်းစားလေ့မရှိ။
သို့သော် အကြင်သူတစ်ယောက်သည် `စွမ်းဆောင်မှု၊စံ၊တန်ဖိုး၊သဘောထား´နဲ့စပ်လျဉ်းလာလျှင်ကား လုံးဝ သည်းညည်းမခံ။
(၅) ထိုခေါင်းဆောင်ကား နောက်လိုက်များ၏ အင်အားကို ကြောက်ရွံ့ရိုးမရှိ၊ဂုဏ်ပြုချီးမြှောက်ကြစမြဲ။
(အင်ဒရူးကာနယ်ဂျီ၏ အုတ်ဂူပေါ်မှ စာတမ်းမှာ အောက်ပါအတိုင်း `ဤနေရာတွင် လူတစ်ယောက်လဲလျောင်းနေသည်။
ထိုသူကား သူ့ထက်တော်သူများကို သူ့အလုပ်၌ ၀င်ရောက်လုပ်ကိုင်ရန် ဆွဲဆောင်စည်းရုံးနိုင်သူတည်း။´
(၆) ထိုခေါင်းဆောင်တို့ကား မှန်စာမေးပွဲ (Mirror test) နှင့် စစ်ဆေးနေသူများတည်း။
မှန်စာမေးပွဲဟူသည်ကား မနက်တိုင်း ကြည့်မှန်တွင် တွေ့သောသူကား သူကိုယ်တိုင်အမှန်တကယ် ကြည်ညိုသော ယုံကြည်နိုင်
သောသူ ဖြစ်ဖို့ပင်တည်း။ဤနည်းအားဖြင့် ခေါင်းဆောင်သူများအား သွေးဆောင်ဖြားယောင်းတတ်သော... မှန်ရာထက် လူကြိုက် များအောင်လုပ်ခြင်း၊ အသေးအဖွဲအသိမ်အဖျင်းများ၊ပါးလျှပ်လျှပ်များကို လုပ်ချင်ခြင်း စသည်များကို ရှောင်ကြဉ်စေသည်။
အချုပ်ဆိုရသော် ထိရောက်သောခေါင်းဆောင်များက အဟောသမားမဟုတ်၊အလုပ်သမားများပင်တည်း။
ထိထိရောက်ခေါင်းဆောင်တတ်သူဟာ အလုပ်တော်တော်များများကို ကောင်းစွာ လွှဲအပ်ထားတတ်သတဲ့၊လွှဲကိုလွှဲရမယ်၊မလွှဲရင် အသေးအဖွဲမှာနစ်သွားမှာပေါ့။မလွှဲရမှာ တစ်ခုတော့ရှိတယ်။ကိုယ်ကျွမ်းကျွမ်းကျင်ကျင် ဆိုဖွယ်ရာမရှိ လုပ်နိုင်တဲ့ဟာ၊အများနဲ့မတူ သူမတူဖြစ်စေမယ့် အရာ၊အဲဒါကိုတော့ သူလုပ်တယ်။
အဖွဲ့အစည်းကတော့ အမျိုးမျိုးရှိတယ်။အများဆိုင်၊ ပုဂ္ဂလိက၊အမြတ်မယူ(non profit) စသည်ဖြင့်၊ဘယ်အဖွဲ့၌မဆို ခေါင်းဆောင် မှုကို သင်ယူလို့ရတယ်။ယခုခေတ်မှာ လူမှုအမြတ်မယူအဖွဲ့တွေ ပိုများလာတယ်။နောက်များမှာ ပိုများလာမယ့် ထိုအဖွဲ့တွေမှာ
`ခေါင်းဆောင်တတ်မှု´ သင်ကြပေရော့။

ဆရာကိုတာရဲ့ အခြားဖက်မှ ဆင်ခြင်ရန်အကြောင်းများ ထဲက ကျနော် ကြိုက်တဲ့ဆောင်းပါးလေးပါ
သားထက်(မုံရွာနည်းပညာ တက္ကသိုလ်)

No comments:

Post a Comment