Wednesday, September 28, 2011

တစုံတရာ

တစုံတရာဟာ
တို့နှစ်ယောက်ကြား
အတိအကျ ရှိနေခဲ့တယ်...
တစုံတရာဟာ
တို့နှစ်ယောက်ကို
ခိုင်မြဲစွာ ချည်နှောင်ထားရဲ့...
တစုံတရာဟာ
တို့နှစ်ယောက်ကို
ရင်းနှီးနွေးထွေးစေခဲ့တယ်..
တစုံတရာဟာ
ငါတို့နှစ်ယောက်ရဲ့
လှပတဲ့ အနာဂတ်လေးကို
ထူးဆန်းစွာ ဖန်ဆင်းပေးရဲ့...
အချစ်ရယ်..
အဲဒီ
တစုံတရာဟာ
တို့နှစ်ယောက်ကြား
ဘယ်တော့မှ
ပျက်ပြယ် မသွားနိုင်ပါဘူးကွယ်..။

လင်းဝေ (မုံရွာနည်းပညာ)

တို့နှစ်ယောက်ရဲ့ အိမ်လေး

အဲဒီ အိမ်ကလေးမှာ
နွေးထွေးတဲ့
မေတ္တာတရားတွေ ရှိတယ်...
အဲဒီ အိမ်ကလေးမှာ
နူးညံ့တဲ့ ကြင်နာမှုတွေ ရှိတယ်..
အဲဒီ အိမ်ကလေးမှာ
ခိုင်မြဲတဲ့ သစ္စာတရားတွေ ရှိတယ်...
အဲဒီ အိမ်ကလေးမှာ
သိတတ်တဲ့
နားလည်မှုတွေ ရှိတယ်...
အဲဒီ အိမ်ကလေးမှာ
တန်ဖိုးထားတတ်တဲ့
မြတ်နိုးမှုတွေ ရှိတယ်..
အဲဒီ အိမ်ကလေးမှာ
ငြိမ်သက်တဲ့
အေးချမ်းမှုတွေ ရှိတယ်..
အဲဒီ အိမ်ကလေးမှာ
တယောက်က
တယောက် အရိပ်မှာ အေးချမ်းပြီး
တယောက်က
တယောက် ရင်ခွင်မှာ နွေးထွေး နေလိမ့်မယ်
ချစ်လေးရယ်..
အဲဒီ အိမ်ကလေးမှာ
လှပသစ်လွင်တဲ့
တို့နှစ်ယောက်ရဲ့
အနာဂတ်ကလေး ရှိတယ်...

လင်းဝေ (မုံရွာနည်းပညာ)

Friday, August 26, 2011

မြတ်နိုးစွာ စီရင်အပ်သော..


ငါချစ်တဲ့ ကြယ်ကလေးရေ..
အဲဒီကောင်းကင်ဆီမှာပဲ
တောက်ပနေပါကွယ်..
ဘာအဆောင်အယောင်မှ
ဆင်သမထားတဲ့
ငါ့ရင်ခွင်က
မင်းအတွက်
မှောင်လွန်းပါတယ်...
ငါ့ရင်ခွင်ဆီ
ကြွေဆင်းပြီး
မင်း မှေးမှိန်ကွယ်ပျောက်သွားမှာ
ငါအကြောက်ဆုံးပဲ
ငါ ဆုမတောင်းရက်ဘူး
ငါ ဘယ်တော့မှ ဆုမတောင်းပါဘူး..
ငါချစ်တဲ့ ကြယ်ကလေးရေ..
အဲဒီကောင်းကင်ဆီမှာပဲ
တောက်ပနေပါကွယ်..

လင်းဝေ (ရွှေဘို)

Monday, August 15, 2011

လေလွင့်ငှက်ရဲ့ အိပ်တန်းပြန်ချိန်..

လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
တမာရနံ့တွေ
တသင်းသင်း
ဆွတ်ပျံ့နေတဲ့
မြေနီလမ်းလေးဆီမှာ....။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
လေညင်းတွေ
တဖြူးဖြူး
တိုက်ခတ်နေတဲ့
ကုက္ကိုရ် တန်းလေးဆီမှာ..။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
မြကတ္တီပါ
ခင်းထားတဲ့
လယ်ကွင်း စိမ်းစိမ်းတွေဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
မြေသင်းရနံ့တွေ
ထုံမွှန်းနေတဲ့
ယာခင်း ၀ါဝါတွေဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
သဲသောင်ဖြူလွလွနဲ့
ရွာဘေးက
စမ်းချောင်းလေးဆီမှာ..။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
ဆည်းလည်းသံ
တလွင်လွင်နဲ့
ဖြူဖြူဖွေးဖွေး
ရွာဦး စေတီလေးဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
မြူခိုးတွေ
တလွင်လွင်
ဝေနေတဲ့
တောင်တန်းပြာပြာတွေဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
လက်မောင်းသားတွေ
ယိုရွဲ
ခေါင်းပေါင်းစမှာ
ချွေးစတွေရှိပေမယ့်
အမြဲနွေးထွေးနေမယ့်
အဘိုးအိုရဲ့
ပုခုံးထက်ဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
ဘာပကာသနမှ
မတောက်ပပေမယ့်
ထာဝရလှပနေမယ့်
အမေအိုရဲ့
တဲကုတ်လေးဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
.....
.....................
..........................
ဆီမှာ....။

လင်းဝေ (ရွှေဘို)




အဖြူရောင်ညလေး

ညဟာ...
ဘာအရောင်မှ
ဆိုးမထားဘူး...
ညဟာ
လမင်းလေးကို
သူ့ရင်ခွင်ထဲ
ထွေးပွေ့လို့..
ညဟာ
အလွမ်းငွေ့တွေနဲ့
အေးစက် ငြိမ်သက်လို့...
ညဟာ..
ဝင်းဝင်းပပ
ချစ်သူ မျက်နှာကို
ယူဆောင်လာတယ်...။
ညဟာ..
ညင်သာတိုးတိတ်စွာ
မြတ်နိုးဖွယ်
လင်းလက်လို့
ညဟာ..
ကြယ်စင်တွေကို
ရင်ဘတ်နဲ့အပြည့်
ကြဲဖြန့်လို့...
ညဟာ..
ချိုချိုသာသာ
ချစ်သူ စကားသံလေးကို
ယူဆောင်လာတယ်...။
ညဟာ...
လေညင်းလေးတွေနဲ့
ညင်သာစွာ
လှုပ်ခတ်လို့..
ညဟာ..
ငါ့ရင်ခုန်သံတွေကို
အဖော်ပြုလို့...
ညဟာ...
မွှေးမွှေးမြမြ
ချစ်သူ ကိုယ်သင်းရနံ့လေးကို
ယူဆောင်လာတယ်...။
ခင်ဗျားတို့ မသိလိုက်ကြပါဘူး..။
အဲဒီ..
ဖြူဖြူစင်စင်
ညလေးထဲမှာပေါ့
အတောင်ပံမရှိပေမယ့်
တစ်ခုဆီကို
တစ်ခုက ပျံသန်းလို့...
မျက်လုံးတွေ မရှိပေမယ့်
တစ်ခုက တစ်ခုကို
မက်မက်တတ
မြင်ယောင်လို့..
ကြိုးတွေ
မမြင်ရပေမယ့်
တစ်ခုကို တစ်ခု
ခိုင်မြဲစွာ ချည်နှောင်လို့...
အချစ်ရယ်..
အဲဒီညလေးထဲမှာ
လူတွေ သတိမထားလိုက်မိတဲ့
ကိုယ်တို့ရဲ့
နှလုံးသားတွေ
နွေးထွေးနေကြတယ်....။

လင်းဝေ (ရွှေဘို)

Thursday, August 11, 2011

ပြန်လာကြမှာပါ

ဘယ်နယ်ကလဲတဲ့ .....
အလယ်ကလူ စကားမဝဲပါ
ငါဟာ .......
ခတပေါင်ကျိုးကနေတဲ့
ရွှေမင်းသမီး
ဘီးလူးစီးခံထားတဲ့
တိုင်ပြည်လေးကပါ။
ဘေးနားက
အနိုင်ကျင့်ချင်တဲ့
ဆွေမျိုးရင်းချာ
အကိုကြီးတွေရဲ့
မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့
မျက်နှာငယ်
ရွှေမင်းသမီးလေးပါ။
တိုင်းပြည်ကမငယ်ပေမယ့်
မျက်နှာငယ်ရတဲ့
တိုင်းငယ်ပြည်ငယ်လေးကပါ။
ငါတို့က
ဒီလိုမြေ၊ဒီလိုပြည်က
လာတာပါ။
ကတ္တရာ လမ်းဆိုရင်
ကိုယ်ထူကိုယ်ထ၊
အခွင့်အလမ်းဆိုလည်း
ကိုယ်ယူကိုယ်ရနဲ့
ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။
ရေမလာ၊ မီးမလာလည်း
ဘာဂရုစိုက်ရမလဲ
ငွေသာရှိလို့ကတော့
အဝီစိထိ လှိုဏ်ခေါင်းတူးပြီး
အဲကွန်းဖွင့်နေလို့ရတယ်။
ဆေးလိပ်အရက် လူကိုဖျက်ဖျက်
ဝင်ငွေမပျက်
စီးပွါးတက်ဖို့ဆိုတဲ့
အတွေးအခေါ်တွေနဲ့
ဘယ်သူသေသေ
ငတေ မာဖို့သာ
အဓိကပါ။
နိုင်ငံရေး၊ပညာရေး
လူမှုရေး ဘာရေးမှ
မရေးကြနဲ့
ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့
ရေးသုံးရေးရှိတယ်
ခုထိတော့ ခပ်ရေးရေးပဲ။
သားသမီး မကောင်းတော့
မိဘခေါင်းတဲ့
အမိ၊အဖက မကောင်းတော့
သားသမီး ခမျာ
ဟိုပြောင်းဒီပြောင်းနဲ့
လူလောင်းလှည့် နေကြရပေါ့။
မင်းလိပ်ပြာလုံဖို့ မလိုဘူး
မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့
အရေးကြီးတယ်။
မင်းစိတ်ထားဖြူဖို့ မလိုဘူး
မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင်
လူရာဝင်ပြီ။
မင်းကိုယ်ချင်းစာဖို့ မလိုဘူး
ကိုယ်ပဲ သာဖို့လိုတာပါ။
အများအကျိုးဆောင်စရာ မလိုဘူး
အကျိုးဆောင်တွေ ပေါလွန်းလို့
သူတောင်းစားတောင်
ပွဲစားနဲ့တောင်းသတဲ့။
ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး
ထမင်းဝမှ ပညာသင်လို့ရမှာ
အဖေရယ်......
"သားတို့ပညာတတ်ကြီးဖြစ်အောင်
များများ စားပေးပါဦးတဲ့"
နိုင်ငံခြားက သားနဲ့သမီးက
မှာတယ်။
ငါတို့မှာ ....
မြစ်ချောင်းအင်းအိုင်တွေပေါတယ်
ရေတော့ရှားတယ်။
တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်
အဝိုင်းတွေတော့ရှားတယ်။
ဆန်ရေစပါး ပေါများတယ်
ထမင်းတော့ နပ်မမှန်ကြဘူး။
သစ်တောတွေတော့ ပေါတယ်
ဒါပေမဲ့ တောသစ်တောင်
ဝယ်ရခက်တယ်။
တချို့နေရာတွေမှာ
လူချမ်းသာတွေပေါတယ်
စိတ်ချမ်းသာတွေတော့ နည်းတယ်။
ပုတ်သင်ညိုတွေ ပေါတယ်
ဒေါင်းတွေက မျိုးတုန်းနေပြီ။
စွမ်းအားရှင်တွေတော့ပေါတယ်
စွမ်းအင်ကိုတော့ ချွေတာရတယ်။
စစ်သားတွေတော့ ပေါတယ်
အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။
လူကြီးသားသမီးတွေတော့ပေါတယ်
လူကြီးလူကောင်းတွေတော့နည်းတယ်။
လုပ်စရာတွေ တော့ပေါတယ်
အလုပ်တွေတော့ ရှားနေတုန်းပဲ။
နီယွန်မီးတွေနဲ့
မြို့တွေကို အလှချယ်စရာမလိုဘူး
ငါတို့ဟာ ကွမ်းတံတွေးနဲ့
မြို့ကိုအလှရေးတတ်တယ်။
လောင်စာဆီနဲ့
လျှပ်စစ်မီးမလိုဘူး
ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်။
ပညာတတ်တွေ မလိုဘူး
ငါတို့မှာ အခါတော်ပေးနဲ့
အကြားအမြင်ဆရာတွေရှိတယ်။
အနောက်တိုင်း
အတွေးအခေါ်တွေမလိုဘူး
ငါတို့ဟာ
အရာရာ
သူများနောက်မှာပဲရှိတယ်။
ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး
ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့
ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။
အနုပညာသမား စစ်စစ်တွေမလိုဘူး
ငါတို့မှာ ကော်ပီသီချင်းနဲ့
ခိုးကူးခွေတွေရှိတယ်။
ဘောင်းဘီတွေ
ခေတ်မစားတော့လည်း
ကိစ္စမရှိဘူး ငါတို့မှာ
ပုဆိုးနဲ့ တိုက်ပုံရှိတယ်။
ဒါပေမဲ့
ငါတို့ဟာ ....
ဗင်းနစ်မြို့နဲ့
အင်းလေးကို မလဲနိုင်သလို
နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့
ဗိုက်ပူချက်ပလက်ကြီးကို
မလဲနိုင်ခဲ့ဘူး။
စပါဂတ်တီနဲ့
မုန့်ဟင်းခါးကို မလဲနိုင်သလို
ကာနေဗယ်နဲ့
သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။
ဟာဝိုင်ယီနဲ့
ငပလီကိုမလဲနိုင်သလို
ဝင်ဘလေကွင်းနဲ့
ငါတို့ကတ္တရာလမ်း
ဘောလုံးကွင်းလေးကို
မလဲနိုင်ခဲ့ဘူး။
ဥရောပရဲ့ ဖြူဖွေးဖွေး
နှင်းဖုံးလမ်းတွေနဲ့
အညာရဲ့ ဖုန်ထူထူ
အလှကို မလဲနိုင်သလို
နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့
မြစ်ဧရာဝတီပေါ်က
ဘဝတွေကိုမလဲရက်ခဲ့ဘူး။
ကုန်ကုန်ပြောရရင် ......
ငါတို့မြေ၊ငါတို့ပြည်ရဲ့
အရိပ်အငွေ့လေးကိုတောင်
ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။
ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်
အချိန်တန်အိမ်ပြန်ကြတဲ့
ဆော်လမွန်ငါးတွေလို
မရောက်ရောက်အောင်
ပြန်လာကြမှာပါ .....။
အနည်းဆုံးတော့ .....
ဒီမြေမှာ သေဖို့
သက်သက်မွေးဖွားခဲ့သူလို
ပြန်လာကြမှာပါ။

Monday, August 8, 2011

မင်း..မရှိတဲ့အခါ

မင်းမရှိတဲ့ အရပ်
ငါ့ အိပ်မက်တွေ
ခြောက်ကပ် အက်ရှနေပါတယ်
အချစ်ရယ်...။
စံပယ်ဖြူလေး
တစ်ပွင့်လို
အလှသစ်ဆုံး
မင်းပြုံးတဲ့အခါ
အဲဒီနေ့တစ်နေ့လုံးဟာ
ငါ့အတွက်
ဥတုသာယာတဲ့
နေ့တနေ့...
စမ်းချောင်းလေး
တစ်စင်းလို
အချိုလွင်ဆုံး
မင်းရယ်တဲ့အခါ
အဲဒီနေ့တနေ့လုံးဟာ
ငါ့အတွက်
ခမ်းနားထည်ဝါတဲ့
နေ့တနေ့...
ဘယ်တော့မှ
ငါမမေ့နိုင်တဲ့
မင်းရဲ့
ဖြူဖြူစင်စင်
မျက်ဝန်းတွေ
ငါ့ရင်ဘတ်ထဲ
သိမ်းဆည်းထားပါတယ်
ချစ်သူ..။
လာခဲ့ပါ..ချစ်သူ..
ငြိမ်သက်နွေးထွေးနေတဲ့
ငါ့ရင်ခွင်ဆီ...
ဟောဒီမှာ
အခန်းကျဉ်းလေးထဲမှာ
ငါ...
အထီးကျန်ဆန်မှုကို
အဖော်ပြုလို့..
ဝင်ခဲ့ပါ...ချစ်သူ..
အချစ်တွေနဲ့ ပြင်ဆင်ထားတဲ့
ငါ့ရဲ့
ကဗျာဆန်တဲ့ အခန်းကျဉ်းလေးထဲ..
တကယ်ပါ ..ချစ်သူ..
ငါ့ နားတွေဟာ
မင်းရဲ့
ခြေသံတစ်စုံကို
တမ်းတနေရဲ့..
မင်းမရှိတဲ့ အရပ်
ငါ့ အိပ်မက်တွေ
ခြောက်ကပ်
အက်ရှနေပါတယ်
ူအချစ်ရယ်...။

လင်းဝေ (ရွှေဘို)

...စကားလုံးမရှိတဲ့ ဘာသာစကား....

မြက်ပင်တွေ
လေယူရာ
ယိမ်းနေကြရဲ့
သစ်ရွက်တွေ
အစိမ်းလိုက်ကြွေသက်
ဟောဒီနေ့ရက်ထိ
မေ့မရခြင်းများစွာနဲ့
ငါ..
လွမ်းနေခဲ့တယ်
ချစ်သူ...
သဘာဝအတိုင်း
စီးဆင်းနေတဲ့
စမ်းရေအေးဟာ
ငါ့ရင်ထဲက
အပူကို
မကုစားနိုင်ခဲ့ဘူး
နူးညံ့သိမ်မွေ့မှု
ဆိုတာကို
မင်းနဲ့တွေ့မှ
ငါ ခံစားတတ်ခဲ့တာပါ..
ယုယုယယ
မင်းအကြင်နာစကားသံလေးဟာ
ငါ့ကို
အတိုင်းအဆမဲ့
အေးမြစေတယ်...
ဘယ်တော့မှ
မဝေးတော့ဘူး
ဆိုတဲ့ ယုံကြည်ချက်ဟာ
ငါတို့ နှစ်ယောက်ကို
တိုးတိုးပြီး ချည်နှောင်နေပြီ
ချစ်သူ...
တကယ်ပါ
ပြောပြဖို့
စကားလုံးတွေ မရှိတော့ဘူး..
ငါ့ရင်ထဲက
အချစ်တွေလေ
မင်းသိအောင်
ပြောပြဖို့
ဘာသာဗေဒတွေနဲ့တောင်
မလုံလောက်တော့ဘူး
အချစ်ရယ်....။

လင်းဝေ (ရွှေဘို)

Monday, July 18, 2011

ထာဝရ လူသား

သူဟာ...
ဘယ်တော့မှ
မသေဆုံးခြင်းမျိုးနဲ့
မွေးဖွားခဲ့တယ်..။
သူ့မှာ
ဘယ်တော့မှ
မသေဆုံးနိုင်မယ့်
မျိုးချစ်စိတ်တွေ ရှိတယ်..။
သူ့မှာ
ဘယ်တော့မှ
မသေဆုံးနိုင်မယ့်
ရိုးသားမှုတွေ ရှိတယ်...။
သူ့မှာ
ဘယ်တော့မှ
မသေဆုံးနိုင်မယ့်
သံမဏိစိတ်ဓာတ်တွေ ရှိတယ်...။
သူ့မှာ
ဘယ်တော့မှ
မသေဆုံးနိုင်မယ့်
ဇွဲသတ္တိတွေ ရှိတယ်...။
သူ့မှာ
ဘယ်တော့မှ
မသေဆုံးနိုင်မယ့်
ပေးဆပ်မှုတွေ ရှိတယ်...။
သူ့မှာ
ဘယ်တော့မှ
မသေဆုံးနိုင်မယ့်
ရဲဘော်ရဲဘက်စိတ်တွေ ရှိတယ်...။
သူ့မှာ
ဘယ်တော့မှ
မသေဆုံးနိုင်မယ့်
မြင့်မြတ်မှုတွေ ရှိတယ်...။
သူ့မှာ
ဘယ်တော့မှ
မသေဆုံးနိုင်မယ့်
ရဲရင့်မှုတွေ ရှိတယ်...။
သူဟာ..
စာမျက်နှာ နည်းနည်း
ရေးခဲ့ပေမယ့်
ဘယ်အချိန်
ပြန်ဖတ်ပြန်ဖတ်
အဖိုးမဖြတ်နိုင်တဲ့
စာအုပ်တစ်အုပ် ဖြစ်တယ်...။
သူဟာ..
ခဏတာ
ပွင့်ဝေပြီး
ကြွေခဲ့ပေမယ့်
တတိုင်းပြည်လုံး
မွှေးမြစေတဲ့
ပန်းကောင်းတစ်ပွင့် ဖြစ်တယ်...။
....
ဆိုးတယ်...
ကံကြမ္မာတရားဟာ
ရက်စက်စွာ..
ဆိုးရွားလွန်းခဲ့တယ်...။
ဇူလိုင် ၁၉
မိုးမှောင်တွေ ဖုံးနေတဲ့`
ပြဿဒါးနေ့
လူ့အန္ဓ အယုတ္တမာကောင်တွေရဲ့
မတရားမှုဟာ
သူ့ခန္ဓာကို မြေခကြေလွင့်စေခဲ့တယ်...။
ဒါပေမယ့်
သူရဲ့
ဘယ်တော့မှ မသေဆုံးနိုင်တဲ့
မေတ္တာတရားနဲ့အတူ
သူဟာ
ထာဝရ ရှင်သန်ခြင်းမျိုးနဲ့
ငါတို့ နှလုံးသားထဲ
ငါတို့ အသွေးအသားထဲ
နောင်နှစ်ပေါင်းများစွာ`
ခန့်ညားစွာ ရှင်သန်နေလိမ့်....။
သူဟာ..
ငါတို့အားလုံး
မြတ်နိုးထိုက်သော ဖခင်...
သူဟာ...
၁၉၁၅ ဖေဖော်ဝါရီ ၁၃ ရက်ကတည်းက
ဘယ်တော့မှ
မသေဆုံးခြင်းမျိုးနဲ့
ငါတို့နိုင်ငံ
ငါတို့လူမျိုး
ငါတို့ အားလုံးအတွက်
မွေးဖွားခဲ့တယ်....................။

လင်းဝေ (ရွှေဘို)

Sunday, July 17, 2011

ညအလွမ်း

အရမ်းလွမ်းနေတဲ့ ငါ့ကို
မကြည့်ရက်လို့တဲ့
ကြယ်တွေအားလုံး
ထွက်ပြေးသွားကြတယ်
...ကောင်ကင်ကြီးက
တိတ်ဆိတ်လို့
ကန်ရေပြင်ကို
ဖြတ်တိုက်လာတဲ့
လေညင်းမှာ
ချစ်သူရဲ့
ကိုယ်သင်းရနံ့တွေ
ပါလာပါသလား...
အချစ်ရေ
မြင်မြင်ရာရာတိုင်း
မင်း
အရိပ်တွေချည်းပါပဲကွယ်....

လင်းဝေ (ရွှေဘို)

Saturday, July 16, 2011

ချစ်သူသိစေ

လေဟာနယ်တွေထဲ
ဖြတ်သန်း..
ကိုယ်လေ..
ချစ်သူရဲ့
အသံလေးကိုပဲ
တမ်းတရဲ့..။
သေချာနေဆဲ
မှတ်တမ်း..
ကိုယ်လေ...
ဘ၀ရဲ့
ကာရံလေးကိုပဲ
လွမ်းလွန်းလှရဲ့....။
ဟောဒီမှာ...
ကိုယ့်နှလုံးသားထဲမှာ
လှလှပပ
တည်ဆောက်ထားတဲ့
အချစ်အိမ်ကလေး
ရှိတယ်....။
ဟောဒီမှာ..
ကိုယ့်ရင်ဘတ်ထဲမှာ
မှတ်မှတ်ရရ
ချစ်သူရဲ့
အကြည့်ဖြူဖြူလေး
ရှိတယ်...
ကဲ..
ဘာလိုသေးလဲကွယ်....။

လင်းဝေ (ရွှေဘို)

မျှော်လင့်ခြင်း

အိမ်မဲ့ယာမဲ့
ကိုယ့် စိတ်ကူးယဉ် အိပ်မက်တွေဟာ...
မင်းရှိအရာ အရပ်ဆီပဲ
အမြဲ လေလွင့်နေရဲ့...
အိမ်ပြန်ချိန် မရှိသေးတဲ့
ကိုယ့် ရဲ့
ခတ်မှိန်မှိန်
အိပ်မက်ကလေးတွေ
မင်း
မြင်နိုင်ပါစေ
ချစ်သူ....
ညတွေ..ညတွေ..ဆို....
နေမရ ထိုင်မရ
လွမ်းဆွတ်တတ်လွမ်းတဲ့
စိတ်တွေက
ကိုယ့် အခန်းကျဉ်းလေးထဲ
တံခါး လာလာ ခေါက်ကြတယ်...
အချစ်ရေ..
လာခဲ့ပါ...
မင်းအတွက်
လှပသစ်လွင်တဲ့
မနက်ဖြန်
အကောင်းစားလေးတွေ
ကိုယ်
သိမ်းဆည်းထားတယ်.....။

လင်းဝေ (ရွှေဘို)

ကျနော်=သူမ=အချစ်

ဒါဟာ...
ထူးဆန်းတဲ့
ရင်ခုန်မှုတစ်ခု
ဖြစ်တယ်...။
ဒါဟာ...
လေးနက်တဲ့
ခံစားချက်တစ်ခု
ဖြစ်တယ်...။
ဒါဟာ...
ရိုးသားတဲ့
ဖြစ်တည်မှုတစ်ခု
ဖြစ်တယ်...။
ဒါဟာ...
ခိုင်မာတဲ့
ကြိုးတစ်ချောင်း
ဖြစ်တယ်...။
ဒါဟာ...
နူးညံ့တဲ့
ယုယမှုတစ်ခု
ဖြစ်တယ်...။
ဒါဟာ...
အေးမြတဲ့
ကြင်နာမှုတစ်ခု
ဖြစ်တယ်...။
ဒါဟာ...
ရင်းနှီးတဲ့
နားလည်မှုတစ်ခု
ဖြစ်တယ်...။
ဒါဟာ...
မပျက်စီးနိုင်တဲ့
ကတိစကားတစ်ခု
ဖြစ်တယ်...။
ဒါဟာ...
နွေးထွေးတဲ့
အိပ်မက်တစ်ခု
ဖြစ်တယ်...။
ဒါဟာ...
လင်းလက်တဲ့
မျှော်လင့်ချက်တစ်ခု
ဖြစ်တယ်...။
.......
........
...........
ဒါဟာ
ကျနော်ဖြစ်တယ်..
ဒါဟာ
သူမဖြစ်တယ်...
ဒါဟာ
မြတ်နိုးဖွယ်ရာ
ချစ်ခြင်းတရား
ဖြစ်တယ်.....။

လင်းဝေ (ရွှေဘို)

ရင်ခွင်ထက်က မြစ်တစ်စင်း

စက္ကန့်တွေ...
မိနစ်တွေ...
နာရီတွေ...
ဖြတ်သန်းသွားမယ်...။
နွေတွေ...
မိုးတွေ...
ဆောင်းတွေ...
ဖြတ်သန်းသွားမယ်...။
အချစ်တွေ...
အမုန်းတွေ...
အလွမ်းတွေ..
ဖြတ်သန်းသွားမယ်....။
`တယုတယ´
ချည်နှောင်ထားတဲ့
မင်းနဲ့ငါကြားက
ကြိုးကလေးကတော့...
ပိုပိုပြီး ခိုင်မာလာရဲ့..။
ဘ၀နဲ့ သာယာမှုကြား
ငါတို့နှလုံးသားတွေဟာ
ပေါင်းကူးတံတားလေး
ဖြစ်ပါစေ...။
အချစ်ရေ...
မင်းဟာ...
ငါ့နှလုံးသားထက်
နူးညံ့ စွာ
စီးဆင်းနေတဲ့
အဖြူရောင်
မြစ်ကလေး
တစ်စင်းပါပဲ....။

လင်းဝေ (ရွှေဘို)

Thursday, May 5, 2011

ကျနော့်ရဲ့ ပျားရည်စက်ကလေး..

ကောင်မလေးရယ်
ငါလျှောက်ခဲ့ရတဲ့
လမ်းတွေက
ကြမ်းတယ်
ဘ၀ကို
ကန္တာရဆန်ဆန်
ဖြတ်သန်းရင်း
အထီးကျန်
မောပမ်းနေတဲ့
ငါ့အတွက်
မင်းဟာ
ပျားရည်စက်ကလေးပါပဲ
မင်းအပြုံးတွေက
ငါ့အသည်းနှလုံးထဲထိ
ချိုလွင်မွှေးမြလို့
မင်းစကားသံတတွေက
ငါ့ရင်ဘတ်ထဲထိ
အေးမြလန်းဆန်းစေရဲ့
ကောင်မလေးရယ်
ငါ့ဘ၀ရဲ့
ခါးသက်မှုတွေကို
ဖယ်ရှား
မင်းဟာ
ငါ့ဘ၀ရဲ့
အချိုမြဆုံး
ပျားရည်စက်ကလေးပါ..
ချစ်သူ..

လင်းဝေ (ရွှေဘို)

Tuesday, April 26, 2011

...တုံ့ပြန်ပါ...

မင်းအချစ်ရဖို့..ငါ...ကြိုးစားရင်းနဲ့...
အချိန်တွေတောင်..ဒီလိုနဲ့..ကုန်လာပြီ...
ချစ်ခွင့်ရှိရင်..မင်းနဲ့နီးဖို့...
ငါ့ ရင်ခုန်သံတွေလည်း....မြန်နေပြီ...
ဆုံးဖြတ်ပေးပါ...မင်းငြင်းခဲ့ရင်..
ငါ့ရဲ့ကမ္ဘာ့ဟာ...မှောင်ပါပြီ...
အေးစက်လွန်းတဲ့...မင်းနှလုံးသားမှာ..
ငါ့ ပုံရိပ်များ...ရှိချင်ပြီ..
.....မင်းလေးက ငါ့အတွက်တော့..
အသက်လောက် ချစ်ရတဲ့သူပါကွာ...
ရူးသွပ်စွာ ချစ်ခဲ့ရတဲ့..ငါ့ရဲ့အချစ်ကို နင်တုံ့ပြန်ပါ....
ငါ့ရဲ့ဘ၀မှာ မင်းတစ်ယောက်တည်းသာ...
အလိုအပ်ဆုံးသော သူပါကွာ...
အမုန်းများကို ပေးထားခဲ့ကာ..
ငါ့ရဲ့ အချစ်ကို နင်တုံ့ပြန်တာ... ....
နင့်ကို ချစ်သောသူများအားလုံးထက်..
ငါပိုပြီးတော့ချစ်ပါသည်...နင့်ကိုချစ်သောသူများအားလုံးထက်..
ငါ ပိုပြီးတော့ ရူးသွပ်သည်...
နင့်ကို ချစ်သောသူများအားလုံးထက်..
ငါပိုပြီးတော့ချစ်နိုင်သည်...နင့်ကိုချစ်သောသူများအားလုံးထက်..
အမှန်တကယ်တမ်းတော့ ရူးသွပ်သည်...
တစ်နေ့တစ်နေ့လည်း..မင်းအကြောင်းတွေးရင်း..
စိတ်ကူးနဲ့ငါ ပျော်နေပြီ...
မင်းအပြုံးရိုင်းနဲ့ မင်းအလှလှိုင်းတွေ ...
ငါ့မျက်လုံးအိမ်တွေထဲ..ဖုံးကုန်ပြီ....
....မင်းလေးက ငါ့အတွက်တော့..
အသက်လောက် ချစ်ရတဲ့သူပါကွာ...
ရူးသွပ်စွာ ချစ်ခဲ့ရတဲ့..ငါ့ရဲ့အချစ်ကို နင်တုံ့ပြန်ပါ....
ငါ့ရဲ့ဘ၀မှာ မင်းတစ်ယောက်တည်းသာ...
အလိုအပ်ဆုံးသော သူပါကွာ...
အမုန်းများကို ပေးထားခဲ့ကာ..
ငါ့ရဲ့ အချစ်ကို နင်တုံ့ပြန်တာ... ....
နင့်ကို ချစ်သောသူများအားလုံးထက်..
ငါပိုပြီးတော့ချစ်ပါသည်...နင့်ကိုချစ်သောသူများအားလုံးထက်..
ငါ ပိုပြီးတော့ ရူးသွပ်သည်...
နင့်ကို ချစ်သောသူများအားလုံးထက်..
ငါပိုပြီးတော့ချစ်နိုင်သည်...နင့်ကိုချစ်သောသူများအားလုံးထက်..
အမှန်တကယ်တမ်းတော့ ရူးသွပ်သည်...

သူငယ်ချင်းရဲ့ သီချင်းစာသားလေးတွေ ရင်ထဲကို တည့်တည့်ဝင်လာလို့ဗျာ

သားထက် (မုံရွာ)

Monday, April 25, 2011

ဆောင်းရာသီ ရင်ခုန်သံ...

ညီမလေးရေ..
အပြာရောင် ညနေခင်းနဲ့အတူ...
မမျှော်လင့်ဘဲ
ရောက်ရှိလာခဲ့ဖူးတဲ့
မင်း ကိုယ်သင်းရနံ့လေးကို
လွမ်းတယ်..
တောက်ပကြည်စင်နေတဲ့
မင်း မျက်ဝန်းနက်နက်ကလေးတွေထဲမှာ
ပျောက်ဆုံးနေတဲ့
ငါ့ရင်ခုန်သံကို
ငါပြန်ကြားမိရဲ့..
ဇန်န၀ါရီရဲ့
နှင်းစက်တွေနဲ့အတူ
ငါ့ရင်ကို
လန်းဆန်းအေးမြစေတဲ့
ကောင်မလှလှလေးရေ
စံပယ်ဖြူတစ်ပွင့်လို
အလှဆုံးပြုံးလိုက်တဲ့
မင်းအပြုံးတွေကို
ငေးကြည့်ရင်း
ငါ မင်းကို
မြတ်နိုးစွာ
ချစ်မိသွားခဲ့တယ်...

သားထက် (မုံရွာ)

Friday, April 8, 2011

...သက်တန့်ရောင်နံနက်ခင်း....

တစ်စက္ကန့်ချင်း
ရွေ့လျားနေတဲ့
နာရီလက်တံတွေနဲ့ အတူ
ငါ မျှော်လင့်မထားတဲ့
နံနက်ခင်းတစ်ခုဟာ
မင်းနဲ့...ငါ...ကြား
ကြိုတင်ချိန်းထားခဲ့ကြသလိုမျိုး
ပိုင်စိုးပိုင်နင်း
ရောက်ရှိခဲ့တာပါ..
်လက်ထဲက
စက္ကူဖြူဖြူပေါ်မှာ
ရေးခြစ်ထားတဲ့
အနီရောင်စကားလုံးတွေသာ
ငါ့ဆီရောက်မလာခဲ့ဘူးဆိုရင်
ငါ...ဟာ...
အလှပဆုံး
စိတ်ကူးတွေနဲ့
ကြည်နူးနေမိဦးမှာပါ...
ခုတော့...
ဘာအချက်ပေးသံမှ
မကြားမိခင်မှာပဲ
ငါ့နှလုံးသား`
ကျကွဲသွားတဲ့အသံကို
ငါ
နားနဲ့ဆတ်ဆတ်
ကြားလိုက်ရတယ်....

သားထက် (မုံရွာ)

Wednesday, April 6, 2011

...တစ်ခန်းရပ်...

ညီမလေးရေ...
မီးမထွန်းဘဲ
ရောက်ရောက်လာတဲ့
အထီးကျန်ညတွေက
ငါ့ဘ၀မှာ
များလွန်းပါတယ်ကွယ်...
အယောင်ဆောင်တွေ များလှတဲ့
ဟောဒီ
ပွယောင်းယောင်းလောကကြီးထဲ
ငါဟာ
လမ်းဟောင်းကြီးအတိုင်း
ငြီးငွေ့စွာ လျှောက်နေမိရဲ့...
မင်းမသိခဲ့တာလည်း ဖြစ်မယ်..
မင်းသိပေမယ့်
လစ်လျူရှုခဲ့တာလည်း
ဖြစ်ချင်ဖြစ်မယ်....
ငါကတော့
တို့နှစ်ယောက်ရဲ့ အမှတ်တမဲ့လေးကို
သတိရတိုင်း
ထုတ်ထုတ်ကြည့်နေမိဆဲပါ...
ညီမလေးရေ..
ပီပီသသ
ကြားလိုက်ရတဲ့
ဥသြသံ သဲ့သဲ့ဟာ
တို့နှစ်ယောက်ခွဲခွာဖို့အတွက်
အချက်ပေးလိုက်တာများ
ဖြစ်နေမလား...
ညီမျှခြင်းရဲ့`
တစ်ဖက်စီမှာနေရင်း
ကိုယ့်တန်ဖိုးကိုယ်
မြှုင့်နေကြတဲ့
တို့နှစ်ယောက်အတွက်
ဝေးကွာခြင်းဟာ
အကောင်းဆုံး
ဆုလဒ်တစ်ခုပါပဲ....။

သားထက် (မုံရွာ)

...အဆိပ်သင့်ပန်းသီး...

လမ်းခွဲဖို့
ပြောနေတဲ့
မင်းနှုတ်ခမ်းတွေက
ဘာကြောင့်
တုန်ရီနေခဲ့တာလဲ...
ငါ့ကို မချစ်ဘူးလို့
ပြောနေတဲ့
မင်းမျက်ဝန်းတွေက
ဘာကြောင့်
စိုလဲ့နေခဲ့တာလဲ...
ငါ့ဆီက
အတင်းရုန်းထွက်နေတဲ့
မင်းလက်ဖျားတွေက
ဘာကြောင့်
အေးစက်နေခဲ့တာလဲ...
ငါ့ကို အရမ်းမုန်းတယ်ဆိုတဲ့
မင်းပါးပြင်ပေါ်မှာ
ဘာကြောင့်
မျက်ရည်တွေ
ရွှဲရွှဲစိုနေခဲ့တာလဲ...
.....
........ငါ.....
ဘာကိုမှ....
နားမလည်နိုင်ခဲ့ဘူး...
...
မင်းနဲ့..ငါ....ကြား...
ဘယ်လိုအကြောင်းတရားတွေက
ခြားနားထားခဲ့တာလဲ
...
ညီမလေးရယ်..
...ငါ့ကို
ချစ်တယ်ဆိုတာလေး
တစ်ခုပဲ...
.....
ငါ့အတွက်
ထားခဲ့ပါ....

သားထက် (မုံရွာ)

Monday, March 28, 2011

...ပျံသန်းထွက်ခွာသွားသော သံယောဇဉ် အပိုင်းအစများနဲ့ အတူ....

အစကတည်းက
မချည်နှောင်ခဲ့မိရင်
ဘယ်လောက်
ကောင်းမလဲ....
နောက်ပြန်လှည့်ဖို့
ဆုံးဖြတ်လိုက်မှ
အရာရာ
နောက်ကျသွားပြီ
ဆိုတာ...
ငါ့နှလုံးသားက
အလန့်တကြား
သိလိုက်ရတယ်....
ကြိုးကလေးတစ်ချောင်းဟာ
ငါ့နှလုံးသားတစ်ခုလုံးကို
မရုံးနိုင်အောင်
ရစ်ပတ်သွားခဲ့ပေါ့...
ငါဟာ..
ကိုယ့်ရဲ့ အကိုင်းအခက်မှာ
အပျင်းပြေလာနားတဲ့
ငှက်ကလေးကို
သံယောဇဉ်ဖြစ်မိတဲ့
သစ်ပင်တစ်ပင်နဲ့
တူမနေဘူးလား...
နောက်ဆုံးမှာ
အလွမ်းတွေနဲ့
တဖြည်းဖြည်း
သွေ့ခြောက်
သေဆုံးသွားရမယ့်
ကန္တာရအလည်က
အထီးကျန်
သစ်ပင်ကလေးက
ငါ..ပါ....ပဲ.....
မင်းအတွက်
လတ်လတ်ဆတ်ဆတ်
အောက်ဆီဂျင်တွေ
ဆောင်ကျဉ်းပေးဖို့
လေတိုက်တိုင်း
ယိမ်းပေးရတာ
ငါ ရင်ဘတ်တွေ
အောင့်တယ်
ကောင်မလေးရယ်...
မင်းနင်းခြေ
ဖြတ်တောက်လိုက်တဲ့
သံယောဇဉ်
အပိုင်းအစတွေကို
ထွေးပိုက်...
ခေါင်းငိုက်စိုက်ချရင်း
ငါ့လမ်းတွေက
တဖြည်းဖြည်း
မှုန်ဝါးလာတယ်...
ငါ့ အနာဂတ်ဟာ
ဘယ်မှာလဲလေ....
...
လှပတဲ့ နံနက်ခင်းတွေ..
သာယာတဲ့ ညချမ်းတွေ...
အေးမြတဲ့ လေပြေညင်းတွေ...
နွေးထွေးတဲ့ နေရောင်ခြည်တွေ..
ကြည်နူးဖွယ် ဆည်းဆာတွေ...
.....
............
ဒါတွေဟာ...
....မင်းနဲ့ငါကြား..
ဘယ်တော့မှ
မွေးဖွားမလာတော့ဘူးတဲ့လားကွယ်....။

သားထက် (မုံရွာ)

Friday, March 25, 2011

လမ်းခွဲတေးသွား

ဖရိုဖရဲ
လောင်းကျွမ်းနေတဲ့
အမှိုက်ပုံပေါ်က
မီးခိုးတွေလို
တဖြည်းဖြည်း
မှိန်ဖျော့ ပျောက်ကွယ်သွားတော့မယ့်
အိပ်မက်လေးကို
ရင်နာနာနဲ့
ကြည့်နေခဲ့ရတာ
ငါပါ...
ဘယ်လောက်နာကြင်စရာ
ကောင်းလဲ....
အဲဒီမိုးတိမ်တွေဟာ
ငါ့အပေါ်
ရွာကျဖို့အတွက်
သက်သက်
ကောင်းကင်မှာ
ဖွဲ့ခဲ့တယ်
ထင်ရဲ့....
ရင်ထဲက
အသိစိတ်လေးက
မင်းနဲ့
ပတ်သက်ခဲ့သမျှကိုပဲ
တွေးနေခဲ့မိတာလေ...
တိတ်ဆိတ်နေတဲ့
ခရေပင်ကြီးရယ်...
လမိုက်ညရဲ့
အညတရ ကြယ်လေးတွေရယ်...
လေညင်းနဲ့လွင့်ပါလာတဲ့
စံပယ်ရနံ့တွေရယ်...
အရာရာဟာ
ဒဏ်ရာတွေကို
ပြင်းထန်စေဖို့ပဲလား..
ပြောခဲ့စမ်းပါ...ချစ်သူ....
ငါ့ကို..
`အရမ်းမုန်းတယ်´ လို့...။

သားထက် (မုံရွာ)

...ချစ်သူ ဆုတ်ဖြဲသွားသော ရက်စွဲများ...

ိမီးစွဲနေတဲ့
စီးကရက် တစ်လိပ်လိုပဲ..
ငါဟာ...
မင်းရှူရှိုက်သမျှ
လောင်ကျွမ်းပြာကျဖို့
အဆင်သင့်ဖြစ်နေခဲ့တဲ့
..ကောင်ပါ....
ဒူးထောက်လဲကျသွားအောင်
နှလုံးသားတစ်ခုလုံး
ရိုက်ချိုးခဲ့တဲ့
မိန်းမတစ်ယောက်ကို
ခုထိ မြတ်နိုးနေခဲ့မိရဲ့...
..ကဲ...
ဘယ်လောက် မိုက်မဲတဲ့
..ကောင်လေးလဲကွယ်...
ငါ...
ချစ်ခဲ့..ကြင်နာခဲ့..ယုယခဲ့သမျှ..
ဘာတစ်ခုမှ
မင်းအတွက်
အသုံးမကျခဲ့ဘူးတဲ့လား....
တကယ်တော့
ငါတို့နှစ်ယောက်ရဲ့
`ဆုံတွေ့ခွင့်´လေးက...
ရုပ်ရှင်ဇာတ်လမ်း တစ်ပုဒ်ကို
တစ်ညတာလေး
ကြည့်ခဲ့ရသလိုပါ...
`ပြီးပါပြီ´လို့
စာတမ်းထိုးပြီးတဲ့နောက်..
မင်းဆုတ်ဖြဲလိုက်တဲ့
ရက်စွဲတွေနဲ့ အတူ
အထီးကျန်စွာ
ငါတစ်ယောက်တည်း
ခြောက်ခြောက်ခြား
ချန်နေခဲ့ရတာပါ...
`ထွက်မသွားပါနဲ့´လို့
သွေးရူးသွေးတန်း
ပြောနေခဲ့တဲ့ ငါ့မျက်ဝန်းတွေကို
မင်း မစာနာခဲ့တာပဲ
ငါ့မှာ တွေးရင်းတွေးရင်း
ဝမ်းနည်းလို့ မဆုံးဘူး...။
ဒါတွေဟာ....
`မာယာတွေ´တဲ့လား...
`မာယာတွေ´ ဖြစ်ခဲ့မယ်
ဆိုရင်တောင်...
ငါ..`မာယာ´လို့
မစွပ်စွဲရက်ပါဘူး
ကောင်မလေးရယ်...
အိပ်မက်ဆိုတာ...
တချိန်မှာ
လန့်နိုးရမယ်ဆိုတာ
သိနေခဲ့တာတောင်..
ငါ....ဟာ...
အဲဒီ..
အိပ်မက်ကလေးကိုပဲ
မြတ်နိုးနေခဲ့မိတာပါ....။

သားထက် (မုံရွာ)

Wednesday, March 23, 2011

စိတ္တဇ

အိပ်ရေးမ၀သေးတဲ့
မျက်ခွံတွေလိုပဲ...
မနက်ဖြန်အကြောင်း
တွေးကြည့်ရတာ
လေးလံလွန်းရဲ့...
ခတ်နွမ်းနွမ်း
စာအုပ်တစ်အုပ်ကို
အိပ်မှုံစုံမွှားနဲ့
ဖတ်နေရသလိုမျိုး
အောင်မြင်မှုဆိုတာလဲ
မှုံဝါးဝါးပဲလား..
သက္ကရာဇ်တွေ
ရွေ့လျားသွားတာ
မြန်လွန်းတယ်....
ငါကတော့
ငါ့ကိုယ်ငါ
ယုံကြည်စွာ
ပျံသန်းနေဆဲပါ....
လူတွေပါးစပ်ဖျားက
ကြားကြားနေရတဲ့
`ကံကြမ္မာ´ဆိုတဲ့
သတ္တ၀ါကြီးကို
အမုန်းဆုံးပဲ..
နောက်တစ်ခါ
အဲဒီ
`ကံကြမ္မာ´ဆိုတဲ့
အကောင်ကြီးကိုတွေ့ရင်
နားရင်းနှစ်ချက်လောက်အုပ်
fuck you လို့ သုံးခွန်းလောက်ဆဲပြီး
ဖနောင့်နဲ့ပေါက်ပစ်မယ်
ကမ္ဘာကြီးရေ
ငါက
ငါ့ကိုယ်ငါ
ထုဆစ်နေတဲ့
ကဗျာဆရာပါ....

သားထက် (မုံရွာ)

Thursday, March 17, 2011

....ရက်ရာဇာမရှိသေးတဲ့ `မြို့´.....

ဲအဲဒီ `မြို့´က...

night club မှာ ပျော်ပါးပြီး

massage မှာ အပန်းဖြေနေတဲ့ `မြို့´...

ဲအဲဒီ `မြို့´က...

လောဘကောင် ဥစ္စာရူးတွေနဲ့

ဒေါသကောင် အာဏာရူးတွေ ပျော်မြူးနေတဲ့ `မြို့´...

အဲဒီ `မြို့´က...

အုတ်ရောရော ကျောက်ရောတွေနဲ့

ပုတ်ပွနေတဲ့ `မြို့´....

ဲအဲဒီ `မြို့´က...

တုတ်ဓားလက်နက်တွေနဲ့

ညီအကို အချင်းချင်း ပြန်သတ်နေတဲ့ `မြို့´..

ဲအဲဒီ `မြို့´က...

အယုတ်အညစ်တွေနဲ့

ဖြစ်ချင်တိုင်းဖြစ်ပြီး ကြီးပွားနေတဲ့ `မြို့´...

ဲအဲဒီ `မြို့´က...

စင်တင်ဘီယာဆိုင်တွေနဲ့ ဆူညံနေပြီး

ဆင်ခြေဖုံးမှာ ရမ္မက်တွေနဲ့ တိတ်ဆိတ်နေတဲ့ `မြို့´...

ဲအဲဒီ `မြို့´က...

လူကုံတန်တွေအတွက် လုံခြုံပြီး

လူ့ကျောမွဲတွေအတွက် ဥပဒေမဲ့နေတဲ့ `မြို့´....

ဲအဲဒီ `မြို့´က...

ပိုက်ဆံအနွမ်းတွေ သုံးပြီး

ဘတ်စ်ကားအစုတ်တွေ တိုးတိုးစီးနေတဲ့ `မြို့´...

ဲအဲဒီ `မြို့´က...

ညညဆို ဧည့်စာရင်းတိုင်ရပြီး

ဟိုနားဒီနားသွားရင် မှတ်ပုံတင်ပြရတဲ့ `မြို့´...

ဲအဲဒီ `မြို့´က...

လေမလုံမိုးမလုံအိမ်မှာ နေပြီး

အဟာရမဲ့ အစားအစာတွေနဲ့ မျက်တွင်းဟောက်ပက်ကျနေတဲ့ `မြို့´...

ဲအဲဒီ `မြို့´က...

မြို့ပြင်မှာ မီးတွေထိန်ထိန်လင်းနေပြီး

မြို့တွင်းမှာ ဖယောင်းတိုင်တောင် ထွန်းစရာမရှိတဲ့ `မြို့´...

ဲအဲဒီ `မြို့´က...

မသန့်ရှင်းတဲ့ အိမ်သာအဟောင်းတွေကြား

ယင်တလောင်းလောင်း အစားအသောက်တွေ ခင်းကျင်းထားတဲ့ `မြို့´...

ဲအဲဒီ `မြို့´က...

အတိတ်အတွက် ရောဂါအစုံ နှိတ်စက်ခံပြီး

အနာဂတ်အတွက် အောက်စီဂျင်ပေးထားရတဲ့ `မြို့´

ဲအဲဒီ `မြို့´က...

အိမ်ဖော်လုပ်ဖို့ ကိုယ့်ဘ၀ကို အပေါင်ခံပြီး

သူ့ကျွန်လုပ်ဖို့ ကိုယ့်ကိုယ်ကို ရောင်းစားနေရတဲ့ `မြို့´...

ဲအဲဒီ `မြို့´က...

ဆယ်ကျော်သက် မိန်းမပျိုလေးအတွက် ညနေ အိပ်အပြန်ခက်ပြီး

လူငယ်မျိုးဆက်သစ်လေးတွေအတွက် အိပ်မက်တွေသေဆုံးနေတဲ့ `မြို့´....

.......

..............

...................

အဲဒီမြို့ကလေးဟာ

ငါတို့ရဲ့

သတ္တိတွေနဲ့

လင်းလက်လာမယ့်

သူ့ရဲ့ မနက်ဖြန် `ရက်ရာဇာ´ကို

မျှော်နေပါတယ်......။


သားထက် (မုံရွာ)






Wednesday, March 16, 2011

...နွေဦး ဂီတ....

မေမေ....
သားဟာ...
ကမ်းနဲ့ဝေးနေတဲ့
ပင်လယ်တစ်စင်းပါ...
မေမေ....
သားဟာ...
သစ်ပင်တွေ မစိမ်းလန်းတဲ့
တောင်တန်းလေးပါ...
မေမေ....
သားဟာ...
မြက်ခင်း မရှိတဲ့
အထီးကျန် လွင်ပြင်တစ်ခုပါ...
မေမေ....
သားဟာ...
မြေပြင်နဲ့ ကင်းကွာနေတဲ့
ကောင်းကင်တစ်ခုပါ....
မေမေ....
သားဟာ...
လရောင်မတောက်ပတဲ့
`ည´တစ်`ည´ပါ....
မေမေ....
သားဟာ...
မိုးရာသီ မရောက်တဲ့
ကန္တာရပါ...
မေမေ....
သားဟာ...
နေရောင်ခြည် မကျတဲ့
နံနက်ခင်းပါ...
မေမေ....
သားဟာ...
ရက်စွဲမရှိတဲ့
ပြက္ခဒိန်တစ်ရွက်ပါ...
မေမေ....
သားဟာ...
မိသားစုကို
အမြဲထိတ်လန့်စေတဲ့
စိုးရိမ်ရေအမှတ်လေးပါ...
မေမေ..
ဒါပေမယ့်
မေမေရယ်...
သားဟာ...
နှလုံးသားရှိတဲ့
ကဗျာဆရာပါ...
ခု...
အဲဒီ နှလုံးသားနဲ့
သား.....
မေ့မေ့ကို
လွမ်းနေပါတယ်.....။

သားထက် (မုံရွာ)

Monday, March 14, 2011

ချစ်သူမရှိတဲ့ မနက်ဖြန်....

အမှတ်တမဲ့
သတိရမှုမှာ
ဘာအရောင်မှ
စွန်းထင်းမနေခဲ့ဘူး..
သက်ပြင်းတစ်ခါချတိုင်း
အသက်တိုရမယ်ဆိုရင်
ငါ..
ဒီနေရာမှာပဲ
လဲကျ
သေဆုံးသွားမယ်
ထင်ရဲ့...
ရိုးရိုးသားသား
ဝန်ခံရမယ်ဆိုရင်
အသက်ငင်နေတဲ့
မြက်ပင်ပင် ၀ါဝါတွေရဲ့
မိုးရာသီကို
တမ်းတခြင်းမျိုးနဲ့
ငါ..
မင်းရဲ့...
ရွှန်းရွှန်းလက်လက်
မျက်ဝန်းတွေကို
မက်မောလွမ်းဆွတ်ဆဲပါ...
ဖြစ်နိုင် မဖြစ်နိုင်
ဖြစ်သင့် မဖြစ်သင့်
ငါ့ဦးနှောက်က
အဆင်သင့်
မဖြစ်ခဲ့ဘူး..
လွမ်းမယ် ဆွေးမယ်
အသည်းကွဲမယ် နာကြင်မယ်
ငါ့နှလုံးသားက
ကြိုတင် မကြားနိုင်ခဲ့ဘူး...
အချစ်ဆိုတာ
ရွေးချယ်လို့ မရဘူး
ကန့်သတ်လို့ မရဘူး
ပြင်ဆင်လို့ မရဘူး..
..............
..........မရဘူး.....
သူငယ်ချင်းတစ်ယောက်
ပြောသလို
အချစ်စစ်ဆိုတာ
`ကြယ်တံခွန် တစ်စင်းကို
နှစ်ပေါင်းများစွာမှာ
တကြိမ်ပဲ မြင်တွေ့ခွင့်ရသလိုမျိုး
လူတစ်ယောက်ရဲ့
တစ်သက်မှာ
တစ်ခါပဲ ဖြစ်ပေါ်လာတဲ့
အချစ်မျိုး´
အဲဒီလို
အချစ်မျိုးနဲ့
ငါ
မင်းကို
ချစ်ခဲ့တာပါ....
ဒါပေမယ့်
ဒါပေမယ့်
..
မရေရာသေးတဲ့
ငါ့ရဲ့
မနက်ဖြန်တွေမှာ
မင်း.....
ငါနဲ့အတူ
ရှိမနေတော့ဘူးဆိုတာက
သေချာနေခဲ့တယ်....
ငါကိုင်နေကျ
ဘောပင်လေးက
ငါ့ကို လှောင်ပြောင်..
ငါရေးနေကျ
စာရွက်တွေက
ငါ့ကို ပြက်ရယ်ပြု
တီးနေကျ ဂစ်တာက
အက်ကွဲသံ ထွက်တယ်
ကောင်မလေးရယ်
ငါ သောက်နေကျ
အရက်တွေက
ခါတိုင်းထက်
ပိုမူးနေသလိုပဲ
ဒီညကစပြီး
ကြယ်တွေ
ဘယ်လောက်ကြွေကြွေ
ငါ..
ဆုမတောင်းတော့ဘူး...

သားထက် (မုံရွာ)

Friday, March 4, 2011

....အဖြူရောင်ကောင်မလေး....

ငါ့ရဲ့
ဆိုးသွမ်းမှုတွေကို
နားလည်ပေးတတ်တဲ့
ကောင်မလေး...
ငါ့ရဲ့
တစ်ကိုယ်ကောင်းဆန်မှုတွေကို
ခွင့်လွှတ်ပေးတတ်တဲ့
ကောင်မလေး....
ငါ့ရဲ့
အနိုင်ကျင့်မှုတွေကို
သည်းခံပေးတတ်တဲ့
ကောင်မလေး...
ငါ့ရဲ့
ခံစားချက်တွေကို
စာနာပေးတတ်တဲ့
ကောင်မလေး...
ငါ့ရဲ့
အထီးကျန်ဆန်မှုတွေကို
ဖြေဖျောက်ပေးတတ်တဲ့
ကောင်မလေး....
ငါ့ရဲ့
နာကြင်မှုတွေကို
ဖေးမပေးတတ်တဲ့
ကောင်မလေး...
ငါ့ရဲ့
အချစ်တွေကို
ယုံကြည်ပေးတတ်တဲ့
ကောင်မလေး...
ငါ့ရဲ့
အလွမ်းတွေကို
မျှဝေပေးတတ်တဲ့
ကောင်မလေး...
ငါ့ရဲ့
ရှုံးနိမ့်မှုတွေကို
နှစ်သိမ့်ပေးတတ်တဲ့
ကောင်မလေး....
ငါ့ရဲ့
အအောင်မြင်မှုတွေကို
ပျော်ရွှင်ပေးတတ်တဲ့
ကောင်မလေး....
ငါလဲကျချိန်
လက်တွဲခေါ်ပြီး
ငါမောပမ်းချိန်
ရေစင်ကမ်းသူ..
ငါ့ရဲ့
အဖြူရောင် ကောင်မလေးရေ....
...
မင်းနဲ့ငါကြားက
အဖြူရောင်ကြိုးလေးဟာ
မင်းနဲ့ငါကြားက
နားလည်မှုလေးပါကွာ....
......
ဖြူဖြူစင်စင် သံယောဇဉ်
ဖြူဖြူစင်စင် အကြင်နာ
ဖြူဖြူစင် မေတ္တာ
ဖြူဖြူစင်စင် စေတနာတွေနဲ့
သစ်ပင်ပေါ်က
နှင်းဆီဖြူလေးရုတ်တရက်
ဖူးပွင့်လာသလို
ဘာမှ မရေးခြစ်ရသေးတဲ့
စက္ကူဖြူဖြူလေးတစ်ရွက်လို
အပြစ်ကင်းစင်တဲ့
ငါ့ရဲ့
အဖြူရောင် ကြွက်စုတ်မလေးရေ..
ငါ နင့်ကို
ဖြူဖြူစင်စင်
လွမ်းနေတယ်...
မနေ့က
မင်းပြောခဲ့တဲ့ စကားတွေနဲ့
မနေ့က
မင်းစပ်ခဲ့တဲ့ ကဗျာလေး..
မနေ့က
မင်းအသံလေးတွေ
ကြားယောင်ရင်း
မနေ့က
မင်းပုံရိပ်လေးကို
မြင်ယောင်တယ်
မနေ့က
မင်းအကြောင်းတွေ တွေးရင်း
မနေ့က
မင်းအကြောင်းတွေ
ငါ ကဗျာစပ်ဖြစ်တယ်...
မနေ့က
မင်းထွက်သွားတော့
ငါ..တစ်ယောက်ထဲ...
ဒီနေ့
မင်းမရှိတော့လဲ
ငါ...တစ်ယောက်ထဲ...
ပြီးတော့....
....ငါ ....တစ်ယောက်ထဲ..
ငါ....
တစ်ယောက်ထဲ...
...ငါ..
တစ်ယောက်ထဲပါ....
ကောင်မလေးရေ.....

သားထက် (မုံရွာ)

Thursday, March 3, 2011

.....နောက်ဆုံးဆုလဒ်.....

ပြန်ပေးခဲ့ပါ...
ပြန်ပေးခဲ့ပါ...
စံပယ် တစ်ပွင့်ရဲ့
ဖြူစင်မှုမျိုးနဲ့
မွှေးမြလန်းဆန်းခဲ့ဖူးတဲ့
ငါ့ နံနက်ခင်းတွေ...
ပြန်ပေးခဲ့ပါ...
ပြန်ပေးခဲ့ပါ....
ဟို အရင်တုန်းကလို
ဟို တချိန်တုန်းကလို
ဘယ်သူ့ကိုမှ
မတွယ်တာတတ်တဲ့
ဘယ်အရာကိုမှ
အလေးနက်မထားတတ်တဲ့
ပေါ့ပေါ့ပါးပါး
ကောင်လေးတစ်ယောက်ရဲ့ဘ၀ကို...
ပြန်ပေးခဲ့ပါ..
ပြန်ပေးခဲ့ပါ..
အချစ်အကြောင်း
ဘာမှ မသိသေးတဲ့
အလွမ်းအကြောင်း
တစ်ခုမှ မသိသေးတဲ့
မနာကြည်းတတ်
မမုန်းတီးတတ်သေးတဲ့
ပျော်ပျော်နေတတ်တဲ့
လူငယ်လေးတစ်ယောက်ရဲ့ ဘ၀ကို...
ပြန်ပေးခဲ့ပါ..
ပြန်ပေးခဲ့ပါ..
.....

......
နောက်ဆုံး ဆုလဒ်အဖြစ်
မင်းရဲ့
အကြည့်ဖြူဖြူလေးကို....

သားထက် (မုံရွာ)

....ချစ်သူခိုးဝှက်ထားတဲ့ အိပ်မက်....

တခါတခါကျတော့
ကိုယ့်ရင်ဘတ်ကို
ပြန်ပြန်စမ်းမိတယ်...
ရင်ခုန်သံတွေ
ရှိမှ ရှိသေးရဲ့လား...
ဘယ်ဘက်ရင်အုံတစ်ခုရဲ့
နွေးထွေးမှုလေးဟာ
တဖြည်းဖြည်း
အေးစက်သွားပြီဆိုပေမယ့်
မာကြောနေတဲ့
ငါ့ နှလုံးသားထဲ
မင်းကိုလွမ်းတဲ့ ..
အလွမ်းတွေ....
ဆွေးဆွေးမြေ့မြေ့
ရှင်သန်နေတုန်းပဲ...
အသိစိတ်နဲ့ခန္ဓာ
အိုးစားကွဲနေတဲ့
အထီးကျန်ညတွေဟာ
ငါ့အတွက်
ဆက်တိုက်ဆိုသလိုပါပဲ....
ငါ့ အတ္တနဲ့ငါ
နှစ်နှစ်ခြိုက်ခြိုက်
လောင်ကျွမ်းပစ်ခဲ့တာလေ..
နွေဦးရဲ့ သစ်ရွက်ခြောက်တွေလို
ငါတစ်ယောက်ထဲ
ကြွေလွင့်နေပါတယ်
ချစ်သူ...
ငါက
အိပ်မက်က
လန့်နိုးတာတောင်
အိပ်မက်ကို
အိပ်မက်မှန်း
မသိလောက်အောင်
ဆွံ့အနေခဲ့မိတဲ့ကောင်..
ချစ်သူရယ်..
ငါက
ကဗျာဆရာပါ..
သစ်ရွက်ကလေး
လှုပ်ခတ်လိုက်တာကအစ
ထိထိရှရှ ခံစားတတ်တဲ့ကောင်ပါ..
အချစ်စိတ်အရင့်အမာကြီးနဲ့
ချစ်သူကို
ဆုံးရှုံးလိုက်ရတာဟာ
ငါ့အတွက်တော့
ကမ္ဘာတစ်ခုလုံး
ပျက်သုန်းကြေမွသွားသလိုပါပဲ..
ငါတယုတယ
ပျိုးထားတဲ့
အိပ်မက်လေးဟာ
အဲဒီ နေ့ရက်
အဲဒီ နေရာ
အဲဒီ အချိန်မှာပဲ
ပျောက်ဆုံးသွားခဲ့ရတယ်.....

သားထက် (မုံရွာ)

Saturday, February 26, 2011

အဖြူရောင်နေ့များ

ဝင်္ကပါလို
ကောက်ကွေ့တဲ့
လမ်းတွေ...
ငါတို့
ပြင်ဆင်လျှောက်ခဲ့တယ်
`ဘ၀´ဆိုတာ
သင်ကြားမှုတွေ
ပြည့်နက်နေတဲ့
ကျောင်းကြီးတစ်ခုပါ...
ခေါင်းလောင်းသံတွေနဲ့
ငါတို့
ဆုံဆည်းခဲ့ကြသလို
ခေါင်းလောင်းသံတွေနဲ့
ငါတို့
ခွဲခွာကြရဦးမယ်...
ကောင်းမြတ်ခြင်း
နေ့ရက်တွေဟာ
အာရုံဦး
အလင်းတွေနဲ့အတူ
ငါ့တို့ဆီ
ရောက်လာကြဦးမှာပါ..။
အဲဒီအချိန်မှာ
ငါတို့ ရင်ဘတ်တွေ
ဖြူစင်နေဖို့
လိုတယ်....။

သားထက် (မုံရွာ)

ဆောင်းညနေခင်း...

ဆေးရောင်ဆိုးမထားတဲ့
ညနေခင်းတစ်ခုပါ...
တိမ်တွေက
ပြောင်ပြောင်ရှင်းရှင်း
ကင်းစင်နေပြီး
သစ်ပင်တွေက
စိမ်းစိမ်းလက်လက်
တောက်ပလို့...
တောတန်းလေးဟာ
မြူတွေနဲ့
အုံ့ပြလှပနေပါတယ်...။
တကယ်လို့သာ
အတ္တတွေနဲ့
နစ်မွန်းမနေခဲ့ဘူးဆိုရင်
ဟောဒီ
ညနေခင်းလေးဟာ
ကျနော့်အတွက်
ဖြူဖြူစင်စင်
လှပနေခဲ့မှာပါ......။

သားထက် (မုံရွာ)

Friday, February 25, 2011

ပန်းပွင့် ဒဏ္ဍာရီ

မင်းရဲ့....
နုညံ့တဲ့
လက်ချောင်းတွေနဲ့
ငါ့နှလုံးသားကို
တီးခတ်လိုက်ပါ...
ငါ့ရင်ဘတ်ကြီးက
အလွမ်းသီချင်းတွေဆိုဖို့
အဆင်သင့်ဖြစ်နေချိန်....
မင်းရဲ့....
လက်တောက်နေတဲ့
မျက်ဝန်းတွေနဲ့
ငါ့စိတ်ကို
ညှို့ယူလိုက်ပါ..
ငါ့အချစ်တွေက
ဒူးထောက်အညံ့ခံဖို့
အဆင်သင့်ဖြစ်နေချိန်...
မင်းရဲ့...
ချိုမြိန်တဲ့
နှုတ်ခမ်းတွေနဲ့
ငါ့ဘ၀ကို
ဖမ်းစားလိုက်ပါ..
ငါ့ရူးသွပ်ခြင်းတွေက
အရာရာကို ပေးဆပ်လိုက်ဖို့
အဆင်သင့်ဖြစ်နေချိန်...
မင်းသိရဲ့လား
ငါ့အဖြစ်ဟာ
မီးပွိုင့်မှာရပ်စောင့်နေတဲ့
ကားတစ်စီးလိုမျိုးပါ..
မင်းမုန်းသွားမှာ
စိုးလွန်လွန်းလို့
`ချစ်တယ်´ဆိုတဲ့
စကားတစ်ခွန်း
ဘရိတ်အုပ်ရတာ
ရင်တွေပွင့်မတတ်ပါပဲ....အချစ်ရယ်...
ရွာလက်စ
မိုးရေတွေ
မခြောက်သွေ့ခင်...
လင်းလက်စ
နေရောင်တွေ
မအေးစက်ခင်..
ကျလက်စ
နှင်းမှုန်တွေ
မခဲသေးခင်...
ဒါတွေဟာ..
အိပ်မက်တွေလိုပဲ
မှုန်ဝါးပျောက်ကွယ်သွားမယ် ဆိုတာ
မသိသေးခင်
.....
သံယောဉ်ဇဉ်ဟာ
ငါ့နှလုံးသားကို
အထပ်ထပ်
ချည်နှောင်ရစ်ပတ်ခဲ့ပြီးပြီ...
ဒီလိုနဲ့ပဲပေါ့...
အိပ်မက်လှလှတွေနဲ့
ရင်ခုန်စရာကောင်းတဲ့...
စိတ်ကူးနုနုတွေနဲ့
ကြည်နူးစရာကောင်းတဲ့...
မျှော်လင့်ခြင်းတွေနဲ့
လန်းဆန်းနေတဲ့..
`အချစ်´ဆိုတဲ့
`ပန်းတစ်ပွင့်´ဟာ
သူမရဲ့
မျက်ဝန်းတစ်ချက် အလက်မှာ
မွေးဖွားခဲ့ပါတယ်......

သားထက် (မုံရွာ)

Wednesday, February 23, 2011

မသိသလို နေပေးပါ

အရင်လို မင်းအနားမှာ ရှိတယ်

ကွဲကွာသွားတဲ့ မနက်ခင်းလေးတွေ
အပ်ချည်နဲ့ ချုပ်သီရင်း
စကား အဟောင်းအမြင်းများ
ရေလောင်းပေါင်းသင်ရင်း
ငါသတိရသလို သတိမရဖို့
ငါရူးမိုက်သလို မရူးမိုက်ဖို့
တတွတ်တွတ် ရွှေနားတော်သွင်းရင်း
မင်းအနားမှာ ငါရှိတယ်
မသိသလို နေပေးပါ

ဒါဟာ မသွားသင့်တဲ့ လိပ်စာ
ဒါဟာ ဒဏ်ရာသင့်မယ့် အိပ်မက်
ဒါဟာ အဆိပ်ကို ဖုံးကွယ်ထားတဲ့ နှင်းဆီ
ဒါဟာ မင်းအတွက် ခါးသက်စေမယ့် ရာသီရယ်လို့ သတိပေးရင်း
မင်းအနားမှာ ငါရှိနေတယ်
မသိသလို နေပေးပါ

စိတ်အနှောက်အယှက် ဖြစ်ပေမယ့်
စိတ်ရှုပ်ထွေးနေပေမယ့်
အနားမှာ မရှိစေချင်ပေမယ့်
မသိသလို ၊ မရှိသလို နေပေးပါ . .

အရင်လိုပဲ မင်းအနားမှာ ငါရှိနေမယ်
အဲဒါ. . .
မသိသလို နေပေးပါ

ဈင်မင်းဧ( 18-2-2011 ညတွင် သွေးပျက်စွာ ရေးပါသည်)

နွေ (သို့မဟုတ်) ရွက်ကြွေသင်္ချိုင်း

ဒီ တစ်နှစ်လည်း ကြွေရပြန်ပြီ . .

သို့ /
နွေ . .

ငါ စာရေးလိုက်တယ်
ငါ မကြွေခင် . .
ငါ မသေခင် . .

အချိန်ဟာရောက်လာတော့မယ်

မနှစ်ကလို ကြွေကျဖို့
ဒီနှစ်မှာ အင်အားမရှိဘူး
(မနှစ်ကလည်း အင်အားမရှိခဲ့ပါဘူးလေ)

ကြောက်လန့်တကြားနဲ့
(ပြုတ်ကျတဲ့ အရသာကို မက်မောမိလားမသိ)
ငါ မသိတဲ့ ငါ့ ၀ိဥာဉ်မှာ
လေကလေး ဖြူးလာစဉ်
ငါ့ အညှာကို
ငါ
ခြွေချလိုက်မိတယ်

ဈင်မင်းဧ

ဆောက်လက်စ အိမ်ကလေး

ဟုတ်တယ် ၊ လှတယ်
တကယ် လှတယ်
အဝေးက ကြည့်လည်း လှတယ်
အနီးကပ်ကြည့်လည်း လှတယ်
မျက်စိမှိတ်ကြည့်လည်း လှတယ်
ဆောက်လက်စအိမ်လေး

ပန်းတွေ
မပွင့်သေးတဲ့ ပန်းတွေ
ပျိုးထားတယ်

ကျေးငှက်တွေ
ရောက်မလာသေးတဲ့ ကျေးငှက်တွေ
ဖိတ်ခေါ်ထားတယ်

ဟောဒီမှာ ခုံတန်းပြာ
ဆောက်လက်စ . .
ဟောဒီမှာ မီးလင်းဖို
ဆောက်လက်စ . .
ဟောဒီမှာ.. .
ဟောဒီမှာ လေ

သြော်
မင်းက
ဘယ်ထွက်သွားရတာလဲ

ဈင်းမင်းဧ( 18-2-2011 ညတွင် သွေးပျက်စွာ ရေးပါသည်)

နှလုံးသားဖြင့် သီကုံးသော...

တကယ်တော့.....
ငါ...ဟာ....
လှိုင်းတွေနဲ့
ချိုချိုလွင်လွင်
စီးဆင်းခဲ့ရတဲ့ `မြစ်´...
မုန်တိုင်းတွေနဲ့
အခက်အလက်တွေ
ဝေဆာခဲ့ရတဲ့ `သစ်ပင်´...
မဆင်မခြင်ဘဲ
တေလေတကောင်လို
ခတ်ပေပေ
ရှင်သန်ခဲ့တဲ့
ကောင်ဆိုးလေးပါ...
ငါ့ ကောင်းကင်မှာ
ကြယ်တွေမတောက်ပသလို
ငါ့ ညတွေက
လရောင်မလင်းဘူး...
လေပြေ လေညင်းမဲ့
ခြောက်သွေ့အက်ကွဲနေတဲ့
ငါ့ နံနက်ခင်းတွေထဲမှာ
ပန်းရနံ့တွေ
မရှိပါဘူး...ချစ်သူ...
မင်းအတွက်
လှလှပပ
ဖန်တီးပေးစရာဆိုလို့
ငါ့နှလုံးသားမှာ
တယူတယ မွေးဖွားလာတဲ့
အဖြူရောင်
ချစ်ခြင်း တစ်ခုပဲ ရှိတယ်...
ကောင်မလေးရယ်
ငါဟာ..
မင်းအတွက်တော့
ထာဝရ
မိုးခေါင်နေတဲ့
နွေဥတု တစ်ခုပဲ
ဖြစ်မှာပါ...
ဒီလိုပါပဲကွယ်...
ငါဆိုတဲ့
ကောင်ဆိုးလေးအတွက်
ဆုလဒ်တွေဟာ
အမြဲလွဲချော်နေတတ်သလားပဲ..
မေ့ပစ်လိုက်ဖို့
မုန်းပစ်လိုက်ဖို့ပါပဲ..
ဒါပေမယ့်
တဆစ်ဆစ်
ကိုက်ခဲနေတဲ့
မှောင်မိုက်ညများစွာ
ကုန်ဆုံးပြီးသွားတဲ့နောက်
ငါ..မင်းကို
မေ့လို့မရဘူး
မုန်းလို့မရခဲ့ဘူး...ချစ်သူ...
ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်
မင်းကို
ချစ်နေရတာလေး တစ်ခုနဲ့ကို
ငါ ကျေနပ်နေပါတယ်...
မင်းကို
မှတ်မှတ်ရရ
လွမ်းဆွတ် မိတဲ့အခါ
မြတ်မြတ်နိုးနိုးနဲ့
မင်းရဲ့ကိုယ်စား
နမ်းဖို့..
ပန်းပင်ကလေးတပင်
ငါ့ နှလုံးသားမှာ
ပျိုးထားပါတယ်....

သားထက် (မုံရွာ)

Thursday, February 17, 2011

...

အိမ်အပြန် တိတ်ဆိတ်နေကျ လမ်းမှာ နှင်းများဖွဲလို့
ညအော်သံဟာ တစ်ကိုယ်တည်း စီးဆင်းနေကျ
ဝမ်းနည်းတတ်သူဟာ ပိုက်ကွန်ထဲမှာ
လောက်မြိုက်နေတဲ့ လမ်းမီးတိုင်တွေက
သွေးပျက်စရာ

လူသူရှူပ်ထွေးတဲ့ လမ်းမကြီးပေါ်ကနေ
လူသူတွေ နည်းပါးတဲ့ လမ်းကလေးကနေ
လူသူ ဆိတ်သုဉ်းတဲ့ အိမ်ငယ်လေးဆီ
ည ခရီးဟာ နှင်လာခဲ့ပြီ

အိမ်တံခါးဝက နှူတ်ဆက်နမ်းနေကျ အနမ်းဟာ
အလွမ်းတွေ ကြွေကျလာ
သစ်ရွက်ခြောက် အ၀ါများ
လေးလံတဲ့ ဘ၀ပါ

အခုဆို ဘာကြောင့် မဆုံသင့်တာလဲ မေးခွန်းက
ခေါင်းပေါ်မှာ
မျက်နှာကျက်မှာ
အံဆွဲထဲမှာ
မျက်နှာသစ် ပ၀ါမှာ
လက်ဖက်ရည်ခွက်ထဲမှာ
ဆေးလိပ်တိုတွေမှာ
အရည်ပျော်ကျလို့
မြင်မကောင်းတဲ့ မြင်ကွင်းပါ အချစ်ရယ်

ဈင်မင်းဧ

အိမ်ပြန်ချိန်

ဒီရေနဲ့အတူ အချိန်တန်ရင် တက်လာမယ်တဲ့

ဟိုဝေး ကောင်းကင်နီဆွေးဆွေး အောက်မှာ
အိမ်ပြန်ချိန် ပျောက်ရှတဲ့
ငှက်အသေ တောက်ပံတွေ ငါ လိုက်ကောက်ခဲ့တယ်

ညနေစာတစ်ခုရဲ့ ကံဆိုးမှူကိုလည်း လက်ခံရမှာပဲ
ဒီလိုပဲ
အပျင်းပြေ ခြေဆေးမှူအတွက် မျက်ရည်များ
ကောင်းကင်တစ်ခုလုံးမှာ ငွေ့ရည်ဖွဲ့ခဲ့ပေါ့
မကြာခင်ရောက်လာမယ့် ရထားမှာ
အိမ်မက်သေတစ်ခု ခိုကပ်လိုက်ပါသွားတယ်

ငါသာလျှင် ကျန်နေခဲ့ပေါ့
အရိုးစု တစ်စုရဲ့ သစ္စာရေသောက်မြစ်ဟာ
စက္ကန့်တံတွေအောက် ပျော်စင်းလို့
ကျကျန်နေခဲ့
တစ် စ စီ
တစ် စက် စီ
ပြန့်ကျဲလို့
ဘ၀ကို

အဲဒီ ဘ၀ကို
အိမ်ပြန်ချိန်မှာပဲ
ညနေနဲ့အတူ ကြေးနန်းရိုက်ခဲ့တယ်

ဈင်မင်းဧ

ဟုတ်ပြီ ..

အခု မိစ္ဆာတို့ရဲ့ သွေးဆိုးကို ငါသောက်လိုက်ပြီ

အလင်းတွေ ရုတ်ချည်းပျောက်ကွယ်
အမှောင်နယ်ထဲ
ငါ့ အလောင်းကိုတောင် ဘယ်သူမှမမြင်အောင်
သေပစ်လိုက်လို့ရတယ်

အပွေ့အဖက်ကြမ်းလှတဲ့ ကြိုးဝိုင်းထဲမှာ
ကိုယ့် လိပ်ပြာ ကိုယ်နှူတ်မယ်
ဘယ်ခွေးမှ မ ဟောင်နဲ့
ဘယ် သရဏဂုံမှ မ တင်နဲ့
ငါ့ ကိုယ်ငါ မိစ္ဆာဇာတ်သွင်း
ငါ့ ငရဲကို ငါကိုယ်တိုင် ရှေ့က လမ်းရှင်းသွားမယ်

လိုက်ခဲ့ကြ
ဒုက္ခတို့ အသင့်ပြင်ထားကြ
ဘ၀ ဆက်တိုင်း
သံသရာတစ်လျောက်
ငါ့ အသက်တွေ
ငါ ရသမျှ ခန္ဓာတွေအတွက်
ဝဋ်ဒုက္ခတို့ အသင့်ပြင်ထားကြ

အခု တံခါးကို ငါပိတ်လိုက်ပြီ
ငါ့ မျက်လုံးကို မှိတ်
ငါ့ စိတ်နဲ့ ရဲရဲကြည့်လိုက်ပြီ
ဝင်လာခဲ့ပါ
သံပူပြားပေါ်က ရေတစ်စက်လို
လောင်ကျွမ်းပျောက်ကွယ်သွားဖို့ ၀န်မလေးဘူး

ခန္ဓာကိုယ်အနှံ့
အေးစက်ခြင်းရဲ့ အဆိပ်တွေတိုးဝင်
ဟောဒီ လေထန်ထန် ကွင်းပြင်မှာ
ငါ့ လောင်ကျွမ်းမှူကို ကြည့်ကြစမ်း

အရှူံးပေးလိုက်ပြီ
သံသရာ တစ်လျှောက်လုံးအတွက် ငါ အရှူံးပေးလိုက်ပြီ
သေခြင်းတရားကို ရေတစ်ခွက်လို
သောက်သုံးရဲတဲ့ စိတ်နဲ့
ငါ အရှူံးပေးလိုက်ပြီ

သံသရာတစ်လျှောက်
ဘယ်လိုဘုံ ဘယ်လိုဘ၀ရောက်ရောက်
ငါ့လောင်ကျွမ်းမှူနဲ့ ငါ့နတ်ဆိုးတို့ကို
ငါ ကိုယ်တိုင် စောင့်ရှောက်
ခေါ်ဆောင်သွားမည်

လိုက်ခဲ့ကြ
ငါ့ နောက်လိုက်ခဲ့ကြ
ဒုက္ခအပေါင်းတို့
ငါ့နောက်ကို လိုက်ခဲ့ကြ

ဘာကိုမှ ခေါင်းထဲလက်ခံ မထားနိုင်တော့ဘူး
ဆိုးဝါးမှူတွေ
ယုတ်ညံ့မှူတွေ လစ်လျှူရှူလိုက်ပြီ
ကိုယ့်ကို အသေသတ်မယ့် မြွှေဆိုးကို
လှလှပပ ငုံ့ နမ်းလိုက်သလိုမျိုး
ဒုက္ခတွေကို နမ်းရှိုက်ရဲပြီ

ငါ့သွေးပျက်မှူတွေ
ငါ့ရူးသွပ်မှူတွေ အတွက်
ငါ့ ၀ိဥာဉ်တောင် ငါ့ကို လာ မဖျောင်းဖျနဲ့

ကဲ . . အခု
ငါ အဆင်သင့်ဖြစ်နေပြီ
ဘာကိုစောင့်နေတာလဲ
လာခဲ့တော့လေ .. .. .. . .
ဈင်မင်းဧ

အတ္တများ ရဲ့ အိမ်

ငါ့ဝိဥာဉ် မှီတွယ်ရာ
ငါနေထိုင်ရာ ကမ္ဘာ
ငါ့ ကမ္ဘာ

ဆိုက်ကားဖြတ်တိုက်ခံလိုက်ရတဲ့ ငါ့ဝိဥာဉ်ဟာ ငါ့ကမ္ဘာ
ဘစ်ကားတွေကြားထဲ ရောက်သွားတဲ့ နားတစ်စုံဟာ ငါ့ကမ္ဘာ
ပွဲဈေးတန်းလို ဆိုင်ခန်းတွေနဲ့ မြို့ပြအ၀င်မှာ
ရေငတ်ခဲ့ရတဲ့ စိတ်ဟာလည်း ငါ့ကမ္ဘာ

အံ့သြဖွယ်လွဲမှားတဲ့ အသေးအဖွဲများက အစ
ကြီးမားတဲ့ ကျရှုံးမှုများ အဆုံး
အပွေ့အဖက်ကြမ်းလွန်းလှတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ
ရေစီးကြောင်းလေးတစ်ကြောင်းဟာ ငါ့ကမ္ဘာ

အိမ်ပြန်ချင်ခဲ့တဲ့ လမ်းတစ်လျောက်လုံး
မြူတွေဖုံး နှင်းတွေဝေ
အလွမ်းစိတ်ကလေးနဲ့ တောင်
မှန်မှန်မရောက်နိုင်တဲ့ အမေ့အိမ်မှာ
ငယ်စဉ်ငယ်ဘ၀က ပုံရိပ်များဟာ ငါ့ကမ္ဘာ

လူသားတစ်ယောက်စာထက် မပိုတဲ့အတ္တနဲ့
လူသားတစ်ယောက်စာထက် ပိုတဲ့ ဒုက္ခနဲ့
လူသားဆန်ဆန် ထိုးကျွေးခဲ့တဲ့ ဘ၀ကို
အန်ဖတ်ဆို့နေတဲ့ အမူးသမားမျက်လုံးထဲမှာ
ငါ့ ကိုယ်ငါ ပြန်တွေ့ခဲ့တာ ငါ့ကမ္ဘာ

ငါ့ကမ္ဘာရဲ့ ငြီးငွေ့မှု
ငါ့ကမ္ဘာရဲ့ သွေးပျက်မှု
ငါ့ကမ္ဘာရဲ့ စိမ်းလန်းမှုတွေကို
နတ်စိမ်းဝင်ပူးသလို ရင်ခုန်ခဲ့ရတဲ့ အတိတ်ချိုကလေးဟာ
ငါ့ ကမ္ဘာ

လူတွေရဲ့ အတ္တနဲ့လည်း ထိရှခဲ့
လူတွေရဲ့ ပွေ့ဖက်မှုနဲ့လည်း ထိတွေခဲ့
ဆုံးမသံ အစ ဆဲရေးသံ အဆုံး
လှိုင်းလုံးတွေစီးပြီး ရောက်ခဲ့ရတဲ့ ကမ်းခြေဟာ
ငါ့ ကမ္ဘာ

ဂစ်တာ တစ်လက်
ကဗျာစာရွက် တစ်ရွက်
ဆေးပေါ့ လိပ်တို တစ်ဖက်နဲ့
ခေါင်းခါတတ်တဲ့ သက်ပြင်းများ
ခေါင်းမော့ထားတဲ့ ရန်လိုမှုများ
ပြေးလက်စ လမ်းဆီ ဆက်ပြေးရမလား
သွေးထွက်နေတဲ့ ဒဏ်ရာကို ငေးကြည့်ရမလား မသိ
မသဲကွဲတဲ့ အသိဥာဏ်တွေနဲ့
လှလှပပ ဖျော်စပ်ထားတဲ့ ပျော်ရည်တစ်ခွက်ကို
မော့မော့သောက်တတ်တဲ့ ငါ့ခန္ဓာဟာ
ငါ့ ကမ္ဘာ . . . .

ဈင်မင်းဧ

ဒဏ်ရာထဲက မြို့ငယ်

မြို့ငယ်လေးမှာ ခြေရာတွေရှိတယ်

တစ်ယောက်သောသူက တစ်ခုသောမြို့မှာ
တစ်ခြားတစ်ယောက်က တစ်နေရာမှာ
သေးကွေးသောလွဲချော်မှူက မြို့ငယ်လေးဆီမှာ

ပန်းပွင့်တွေလည်း ပွင့်လို့ကြွေသွားခဲ့ပြီ
စမ်းချောင်းလေးလည်း စီးဆင်းပြီး ခန်းခြောက်သွားခဲ့ပြီ
ကြီးရင့်လာသော သစ်ပင်ပျိုများ စိမ်းစိုပြီး
သေဆုံးသွားသော အပင်အိုများ ပျောက်ရှခဲ့ပြီ
ဒဏ္ဍာရီဟာလည်း ဟောင်းနွမ်းဆွေးမြေ့လာခဲ့ပါပြီ

ငါလှမ်းပို့တဲ့ အလွမ်းတွေဟာ
မြို့ငယ်လေးကို အသက်ဆက်စေနိုင်ပါ့မလား
သူမရဲ့ သတိရမှူကကော
မြို့ငယ်လေးကို ပျော်ရွှင်စေနိုင်မှာလား

ငါတို့ဟာ အဝေးမှာ
မြို့ငယ်လေးဟာ အဝေးမှာ
ရူးမိုက်တတ်သော ဖြူစင်မှူဟာ မြို့ငယ်လေးဆီမှာ
ကျောရိုးနှစ်ချောင်း ပြုတ်ထွက်ခဲ့ရသော မြို့ငယ်လေး
အမုန်းတရားကို သိခဲ့ရသော မြို့ငယ်လေး
ခွဲခွာခြင်း မြင်ကွင်းကို
မြို့အ၀င်မှာ ချိတ်ထားဆဲပဲလား

မြို့ငယ်လေးဟာ
သူ့သစ်ပင်ကြီးအောက်မှာ
ကောင်လေးတစ်ယောက်ကို ပျော်စေဖူးရဲ့
ကောင်လေးတစ်ယောက်ကို မျှော်စေဖူးရဲ့
ကောင်လေးတစ်ယောက်ကို ငိုစေဖူးရဲ့
မြို့ငယ်လေးမှာလည်း မျက်ရည်တွေနဲ့

မြို့ငယ်လေးဟာ သူ့လက်ကြမ်းကြီးတွေနဲ့ ကဗျာတွေရေး
ငါ့ကို ပေးဖတ်ခဲ့ဖူးတာလည်း ငါမမေ့နိုင်
သူ့ မြေနီလမ်း တစ်လျှောက်မှာ
ရယ်သံလေးနဲ့ လျှောက်စေခဲ့တာလည်း ငါမမေ့နိုင်
သူ့ရင်ခွင်ကြီးထဲမှာ
ငါ့ကို ရင်ခုန်စေဖူးတာလည်း ငါမမေ့နိုင်

မြို့ငယ်လေးရေ ...
မင်းဟာ ငယ်ဘ၀တွေ သိမ်းဆည်းထားရာ
မြို့ပြက တောင်းခံသမျှ ၀မ်းစာတွေလည်း
မင်းက ပေးခဲ့တယ်
ဟိုးအဝေးက ခြေလှမ်းတွေကိုလည်း
မင်းက လွမ်းသေးတယ်
မေ့လျော့လွယ်တဲ့ ဦးနှောက်တွေထဲမှာ
မင်းဟာ တိမ်မြုပ်ပျောက်ဆုံးခဲ့

အားလုံးဟာ မင်းကို
ရက်စက်သော ကျိန်စာဆိုးနဲ့
ကမ္ဗည်းထိုးခဲ့ကြတယ်
မင်းဟာ
ဒဏ်ရာများလှတဲ့ မြို့ငယ်လေးပါ ။ ။

ဈင်မင်းဧ

တစ်ဘ၀စာ

သည်းကြီးမည်းကြီး ကူးခတ်ခဲ့တုန်းက
ငါဟာ ‘ လူ ’ ပါ
ကုန်းပေါ်ရောက်တော့မှ
‘ ငါး ’ ဖြစ်ခဲ့ရ . .

ဈင်မင်းဧ

ဇာတ်လမ်း

မိုးခေါင်တာ ရာသီတစ်ခုလား . .

စိတ်တွေညို့တော့ တစ်ကိုယ်လုံးရွှဲတယ်
ဆန္ဒဟာ ငရဲကိုသွားတဲ့လမ်း
ငြိမ်သက်ခြင်းနဲ့ စောင့်စားခဲ့တာလည်း
မီးစာတစ်ခု ငြိမ်းသွားသလို . . .

မြို့တည်မယ် ဆိုတဲ့ ရာဇ၀င်ဟာလည်း
ဖတ်ကောင်းရုံသက်သက်ပဲ
မြစ်တစ်စင်းကောသွားတော့
ဘယ်လှေမှ လာမငိုဘူး
သံသရာကလည်း ၀င်လွယ်ထွက်လွယ်

ဖတ်ကောင်းရုံရေးထားတဲ့ စာမျက်နှာပေါ်
ဘယ်သူမှ ကြာကြာမနေဘူး
ငါလည်း အရိုးထွင်မထားတဲ့ငါးပါ
နည်းနည်းလောက် သတိထားကြည့်ရင်
ဘယ်ကိုသွားနေလဲ
သိရမှာပေါ့ . . . ။ ။

အိမ်ပြန်ခရီး

ခရမ်းပြာရောင် တိမ်တိုက်တွေနဲ့ အိမ်ပြန်ခဲ့တယ်

အမေ့အတွက် နှစ်ချို့မျက်ရည်
အဖေအတွက် ပခုံးသား တစ်ဖက်
လွမ်းလို့ရေးထားတဲ့ စာတစ်ရွက်က
အလစ်မှာ လူအခိုးခံရတယ်
ဒါတွေနဲ့ ငါပြန်ခဲ့တယ် ငါ့မြို့ဆီ

ခြေလက်တွေ မသယ်နိုင်တော့ဘူး
ဒဏ်ရာရနေကျနေရာက
ဒဏ်ရာကို ဆာလောင်တတ်မြဲမို့
ကိုယ့်ကိုယ်ကို ဖြေတွေးတွေးပြီး
အိမ်ရာဝင် ပုံပြင်တွေနဲ့ အိပ်ခဲ့တယ်

အတောင်မှာ ကိုက်ခဲထားတဲ့နှင်းပွင့်နဲ့
ကြွက်တက်နေတဲ့ အာရုံများစွာ
မြင်ကွင်းဟာ တဖြည်းဖြည်းေ၀၀ါးလာ
ေ၀၀ါးလာ
ဘာပဲဖြစ်ဖြစ်
ရောက်တော့မယ်
ငါ ပြန်ရောက်တော့မယ်
ငါ့ရဲ့ ဇာတိမြေဆီ . .
ငါမွေးဖွားရာဆီ . . .
ငါ့ရဲ့ မိခင်ဆီ . . . . .

ဈင်မင်းဧ

.....

ပျံ့လွင့်နေသောကြိုးနဲ့ ငါ့အသံကို ချည်နှောင်ထားတယ်
လူရည်မလည်သေးတဲ့စိတ်ကို အတိတ်မှာ ထားခဲ့တယ်

လာခဲ့တဲ့လမ်းဆီ ဘ၀ကိုပြန်လွှတ်
သစ်ပင်တွေ စိမ်းစိုနေတဲ့ ကျွန်းလေး
မြို့ပြမာယာ
မောဟ
ငါ့ဘ၀ကို အဲဒီလို ဖျော်စပ်ထားခဲ့တယ်

မိုးရေတွေ ရွှဲရွှဲစိုနေတဲ့ နေရာမျိုးမှာ မနေရဲဘူး
သစ်ရွက်တွေ ကြွေကြွေကျတဲ့ နေရာမှာလည်း မနေရဲဘူး

အိမ်ပြန်ချိန်မှာတော့
အမေ ကြိုနေမှာပဲ ဆိုတဲ့အသိနဲ့
အရဲစွန့် ထွက်လာခဲ့တယ်

ကျွန်တော်လည်း ရွာချခဲ့တာပဲ
ဒီ ကန္တာရ ကိုက
မစိုစွတ် တတ်တာပါ . . .

ဈင်မင်းဧ

နှင်းဆီသို့

နှင်းဆီ
ဘာကြောင့်ခေါ်ပါသလဲ

ချွန်မြပြာလဲ့နေတဲ့ဆူးနဲ့ ကောင်းကင်နံရံကို ထိုးစိုက်ထားတာလား
မင်းပွင့်ဖက်များနဲ့ အိပ်မွှေ့ချထားတဲ့ ညနေကောင်းကင်ဟာ
နီဆွေးလို့ပါ

တစ်လောကလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ ပုံစံနဲ့
ပွင့်လို့

အခု
ကိုယ့်ဝိဥာဉ်ဟာ
မင်းရဲ့ပင်စည်ကိုတွယ်တက်လာခဲ့ပြီ

ကြောက်စရာကောင်းတဲ့ ၀တ်မှူံဟာ
ဘုရားသခင်ရဲ့ဝိဥာဉ်တော်လား

မင်းပွင့်ဖတ်မှာ ခိုတွယ်နေတဲ့ နှင်းပွင့်လေးတွေဟာ
ကမ္ဘာမြေရဲ့ မျက်ရည်တွေလား

တစ်လောကလုံး ဆွေးဆွေးမြေ့မြေ့ ပြောနေကြပါသေးတယ်
နှင်းဆီ
ဘယ်မှာလဲ
အခု မင်းဘယ်မှာလဲ . . .
ဈင်မင်းဧ

ပဉ္စလက်

အရိပ်တွေ ၊ အမှူန်အမွှားတွေ
ညည
ငါမက်တဲ့ အိမ်မက်မှာ မင်းရောက်လာနေတယ်

အခုဆို
ငါ လျောက်တဲ့ လမ်းတိုင်း
သစ်ရွက်တွေကြွေကျကျန်ခဲ့တယ်

ငါရပ်နေတဲ့ အရပ်မှာ
ခွေးတွေ ဆွဲဆွဲငင်ငင်အူတယ်
ဘာကြောင့်ပါလဲ

မျက်နှာမူရာကြည့်တိုင်း
မျက်ရည်တွေရွှဲရွှဲစို
တိမ်ညိုတွေလည်း အုံ့အုံ့လာတယ်

သွေးပျက်ဖွယ်အခင်းအကျင်းနဲ့
ငါ ကျစ်နေသော ကြိုးများ
တစ တစ ရှည်လျားလာတယ်

ညတာရှည်တဲ့ တစ်လျောက်လုံးမှာ
ယင်းစွဲနေတဲ့ ဆေးသမား
သူ့အတွေးထဲ ငါ့ကိုခေါ်တယ်

(ပြေရာပြေကြောင်းပြောတာပဲကောင်းပါတယ်
နောက်လှည့်မကြည့်တတ်ရင်တော့
နောက်မှာ ဘာကျန်ခဲ့လည်း ဘယ်သိမှာလဲ

ဒါပါဘဲ
ဘ၀ ဆိုတာလည်း ဒါပါဘဲ
လက်တစ်ဖျစ်စာ အချိန်အခါအတွက်
တခမ်းတနား လောင်မြိုက်ရတာ
လက်တစ်ဆုပ်စာ နှလုံးသားအတွက်
ဖြူရော်ကြွေကျခဲ့တာ
နောက်ဆုံးတော့လည်း
ဒီလောက်ပါဘဲ) <----------- ပယ်ချင်တယ်

ဘယ်လောက်ပဲ ရွာကျကျ
ရေစက် မပါမှတော့
မိုးရွာတယ်လို့ ဘယ်သူနားလည်ပေးမှာလဲ

ဒီလို အံချော်မှူအတွက်လည်း
ကမ္ဘာတွေထဲ ဘယ်လောက်ပြာကျခဲ့ပြီလဲ
ဘယ်လို ပျောက်ကွယ်ခဲ့ပြီးပြီလဲ
အံ့သြဖွယ်ရာ ပဉ္စလက်ထဲမှာပဲ
ငါ ..
အခါခါ သေတယ် . . .

ဈင်မင်းဧ

ဝေးဝေးက မီးအိမ်

အသံတွေနဲ့ စိတ်ပူ နေသေးလား
ကျွန်တော့် အသံမှာ လွမ်းနေလား
ကျွန်တော့် လမ်းကို စိတ်ပူနေလား

လူကိုယ်တိုင် မရောက်နိုင်ခဲ့
အမေရဲ့ မေတ္တာတွေနဲ့
ကျွန်တော့် ညတွေ နွေးထွေးခဲ့ပါတယ်

အမေ့ မျက်ရည်တွေတစ်နေ့ ခမ်းခြောက်ရမှာပါ
အမေ့ အပြုံးတွေ တစ်နေ့ပွင့်မှာပါ
အမေ ထွေးပိုက်ခဲ့ပေမယ့်
ကျွန်တော် မခိုဝင်နိုင်သေးတာ
ဝမ်းနည်းနေမလား အမေ

အမေ့ စိုးရိမ်ခြင်းတွေကြောင့် လမ်းမပျောက်ခဲ့တာ
အမေ့ အသံနဲ့ လမ်းလျောက်တတ်ခဲ့တာ
မိုက်မဲမှူ့ရဲ့ သားသမီးကို အမေဘယ်လောက်ထိချစ်ပါသလဲ
ကျွန်တော်လည်း တစ်နေ့နေ့တော့
တစ်နေ့နေ့တော့ ပေါ့ အမေရယ်
ပန်းတွေ အရမ်းပွင့်တဲ့ အသိုက်အမြုံမှာ
အမေ့ကို
ပြန်လည် တွေ့ဆုံနိုင်မှာပါ . . .

ဈင်မင်းဧ

Bar ဘား

စင်ပေါ်မှာ အော်နေတဲ့အသံကိုကြားလား
သူတို့ စိုက်ပျိုးတဲ့ လယ်ယာမြေဟာ
စိတ္တဇ လူကုံထံတွေရဲ့ အန်ဖတ်ပဲ

ငါ့မှာ ဒီပွဲကို အလည်ရောက်ရှိခဲ့ပြီ

ဒီမှာ .. လာမိုက်မဲကြ
ဒီမှာ .. လာညံ့ဖျင်းကြ
တကြော်ကြော်ခေါ်နေတဲ့ အသံမှာ
ဝိဥာဉ်များ ဆတ်ဆတ်ခါလို့

ဒီ တုန်ခါနေတဲ့ ယဉ်ကျေးမှူမှာ
ဘ၀တွေ စီးမျောကြ
လူတစ်ယောက်. .
နောက် ထပ် လူတစ်ယောက် . .

ဒီလို ယဉ်ကျေးမှူရဲ့ နိဂုံးဟာ
ကမ္ဘာအပျက်မှာ တည်နေသလား

ငါ့ရဲ့ မူးဝေနေတဲ့စိတ်နဲ့
ယက်ဖောက်လိုက်တဲ့ ယက်ကန်းသံမှာ
သူတို့ တတွေ
ကွေးအောင် က နေကြတော့တယ် . . .
ဈင်မင်းဧ

နှင်းဆီတစ်ပွင့်၏ ဈာပန

ရနံ့တွေ ၊ အရောင်အဆင်းတွေ
ပုံသဏ္ဍန်တွေ
အားလုံးကို မြုပ်နှံခဲ့ရပြီ
မင်းရဲ့ဝိဥာဉ်ကိုပါ မြုပ်နှံလိုက်ပါ
မင်းရဲ့နောက်ဘ၀တွေကိုပါ မြုပ်နှံလိုက်ပါ
နှင်းဆီတစ်ပွင့်ရဲ့ သစ္စာတိုင်တည်တေးကို ရေရွတ်မိတဲ့
ငါ့ကိုပါ မြုပ်နှံခဲ့လိုက်ပါ
ငါ့ရဲ့ နောက်ဘ၀တွေကိုပါ မြုပ်နှံခဲ့လိုက်ပါ

ဟောဒီ လွင်တီးခေါင်ပြင် ကန္တာရမှာ
ဟောဒီ ဆူးများတဲ့သဲသောင်မှာ
ငါတို့ ..
ဝိဥာဉ်အဖြစ်တောင် မြင်တွေ့ခွင့် မရဘူးဆိုရင်
ငါတို့ ..
စိတ်ကလေးနဲ့တောင် ထုံကူးခွင့် မရတော့ဘူးဆိုရင်
ငါတို့ရဲ့ အရည်ပျော်ကျနေတဲ့ ဘ၀တွေ ၊ နောက်ဘ၀တွေ
အားလုံးရဲ့ ဈာပန
ငှက်ဆိုးထိုးသံတွေနဲ့ ခမ်းခမ်းနားနား သင်္ဂြိုဟ်လိုက်ပါ
သင်္ဂြိဟ်လိုက်ပါ

နောက်တစ်ကြိမ်
နှင်းဆီမပွင့်မှီ ဘ၀တွေအထိ ...
ဈင်မင်းဧ

အပေါင်ဆိုင်

ကျွန်တော်ရယ်
အမေရယ် ...
အဖေရယ် ...
မိသားစုထမင်းဝိုင်းလေးရယ် ..
အိမ်ရှေ့ မယ်ဇလီပင်ရယ် ..
ပြောနေကြအကြောင်းတွေရယ် ..
လရောင်ဆမ်းထားတဲ့ ခုတင်ကြီးရယ် ..
ကိုရီးယား ဇာတ်လမ်းတွဲရယ် ..
လက်ဖက်သုပ်ရယ် ..
ရှောက်သီးဖျော်ရည်ရယ် ..
မျက်နှာကျက်ပေါ်က ချစ်သူ့ဓာတ်ပုံဟောင်းရယ် ..
အားလုံးကိုပေါင်နှံ

ရန်ကုန်မြို့ကြီးရေ ..
တစ်နေ့တော့
အတိုးရော အရင်းရော
မင်းဆီက ပြန်ရွေးရမယ် ...
ဈင်မင်းဧ

အမဲလိုက်ခံရတဲ့ ညစာ

ငါဟာ
အမဲလိုက်ခံရတဲ့ ညစာတစ်ခွက် ဆိုတာကို
ပြောကြပါစို့

သမိုင်းတစ်လျောက်မှာလည်း
စာဖွဲ့စရာမလိုတဲ့သူတွေ အများကြီးပဲ မဟုတ်လား
ညစာတွေ ပျောက်ပျက်လွယ်တဲ့ မြို့သစ်ထဲမှာ
ဝမ်းခေါင်းအလွတ်တစ်လုံးရဲ့ အိမ်မက်မက်တယ်

ကိုယ်အတ္တနဲ့ကိုယ် မှားပုံများကတော့
ကိုယ့်ကိုယ်ကို လက်ဆွဲနူတ်ဆက်တဲ့အခါမှာ
လက်ဖ၀ါးထဲ ဓားက ညှပ်ညှပ်ထားတယ်
မြို့ပြကလည်း အဲဒီသံယောဇဉ်မျိုးနဲ့ပဲ
ကျွန်တော်ကို ချည်နှောင်တယ်

လမ်းညွှန်စာအုပ်ကလည်း အမှားတွေချည်းပဲ
အဲဒီလို အသိရဖို့ ဘွဲ့တစ်ခုယူခဲ့ရတယ်
ခင်ဗျားတို့ရဲ့ ငြီးငွေ့မူမျိုးလောက်ဆို
ကျွန်တော်ပျော်ပါတယ်

ယုန်တစ်ကောင်လုံး ပိုက်ထဲတိုးတာတောင်
ပိုက်မဖြုတ်ရဲအောင် သတ္တိကြောင်စ ပြုလာတယ်
ဘယ်လိုအဓိပ္ပယ်မျိုးနဲ့မှ စာမေးပွဲမချဖို့
ညတိုင်း ဆုတောင်းခဲ့ရတယ်
အဲဒီလို လေဖြတ်နေတဲ့ လမ်းတစ်လျှောက်လုံးမှာ
ပြေးနေရတဲ့ ခြေသံတွေညံလာတယ်
ခြင်တစ်ကောင်ရဲ့ တိုက်ခိုက်မူကိုတောင်
လုံလောက်စွာ မကာကွယ်နိုင်ဘူး

အောက်စီဂျင် ပိုက်တန်းလန်းနဲ့
အပြေးပြိုင်နေရတဲ့ လူနာကိုမြင်ဖုးချင်ရဲ့လား
အစာပြေလောက်တော့ ကျွန်တော်မစားချင်တော့ဘူး
လေချိုသွေးခံရလွန်းလို့
ကွဲအက်သွားတဲ့ မီးတောင်တစ်လုံးအကြောင်းကိုလည်း
ကြုံရင် ပြောပြချင်ပါတယ်

သေချာတာက
ဒီကဗျာ ဟာ
မီးလောင်ပြင်ထဲကနေ
ကုပ်ကုပ်ကပ်ကပ် ဆွဲယူထားရတဲ့ ကျွန်တော့်ညစာပါ

မသေချာတာကတော့
အဒီခံစားမူကို
ဘယ်လိုကဗျာအမျိုးအစားနဲ့
ဖော်ပြသင့်သလဲ ဆိုတာ... ... ...
ဈင်မင်းဧ

မိသားစု

မိသားစု

ကျွန်းစိုစို
နေညိုညို
တိမ်အိုတွေ တစ်အုပ်တစ်မ လွင့်လာပေါ့

ကိုယ့်ညစာကိုယ် ပိုက်ဆွဲရင်း
ဒီရေနဲ့အတူ ပြန်လာခဲ့တယ်
လူသူမရှိတဲ့ ညတွေဆီ ...

ခပ်ဝေးဝေး မီးအိမ်လေးမှိန်
ခပ်သဲသဲ ရယ်သံလေးတိမ်
လေး ငါး ယောက်စာထမင်းဝိုင်းကို ကျောခိုင်းပြီး
လက်ကျန်တစ်ပိုင်းနဲ့
အသိစိတ်ကို အဝေးနှင်လွှတ်လိုက်တယ်
ဈင်မင်းဧ

အသိ

အမေရယ်
အိမ်ရှေ့မယ်ဇလီပင်ကြီးက
ကျွန်တော့ အကြောင်း ဘာမှမပြောဘူးလား

ကျွန်တော် ထွက်ခဲ့တဲ့တောက မနက်ပါဘူး
ဒါပေမယ့်
ဟောဒီ ပန်းပွင့်လေးက အရမ်းမွှေးတယ် အမေ
ဟောဟို တောင်ကုန်းလေးက အရမ်းလှတယ် အမေ
ဒါက ကျွန်တော့်ကို ချော့သိပ်တဲ့ ဥသြပါ
ကျွန်တော် အဲဒီလိုပြောရင်
အမေ စိုးရိမ်လိမ့်မယ်

အိပ်ချင်မူးတူးစိတ်နဲ့
ကလေးကလား ‘ ဝ ’လုံးတွေပဲ ထို်င်ရေးနေမိတယ်
အမေသိမလား

ကျွန်တော်ကတော့ မသိချင်တော့ဘူး

သေးသေးလေးတွေးပြီး
လက်ကလေးနဲ့ လျှိုယူတာတောင်မှ
ဒုက္ခတွေ အများကြီးပါလာတယ် . . .
ဈင်မင်းဧ

........

ဆေးလိပ်တိုကို ဖိနင်းရင်းတွေးတယ်
လမ်းမပေါ် လျှောက်ရင်းတွေးတယ်
တရေးနိုးချိန်မှာ တွေးတယ်

ကိုယ့်မျက်စိနဲ့ မြင်နေတဲ့ မြင်ကွင်းက ဘယ်လောက်ဝေးလဲ
ကိုယ့်ဘ၀သေးသေးလေးက ဘယ်လောက်လေးသလဲ
တကယ်ပါ
ညညဆို ငါ့အိပ်ယာမှာ ဒီရေတက်တယ်
မနက်ဆို တစ်ကိုယ်လုံး ပေပွနေတဲ့စိတ်နဲ့နိုး
အခုထိ ပဲ
မြင်နေရတဲ့ မှန်ချပ်ကို
တခြားဖက် လှည့်ထားလို့ မရဘူး

သံသရာ တစ်ခုစာဂီတ
သီချင်း တစ်ပုဒ်ပဲ ဆိုတတ်တယ်
မင်းမသိလို့ပါ .. .. ..
ဝေးကွာသွားတဲ့ အကြောင်းအရာကို သိချင်ရင်
မင်းခြေဖ၀ါးကို ငုံ့ကြည့်ပါ

အခုဆိုရင်
ဥသြ နှစ်ခါသေပြီးခဲ့ပြီ . . .
ဈင်မင်းဧ

Wednesday, February 16, 2011

နေတတ်ပါ.

ကြံကြံဖန်ဖန်
ကြိုးစားသမျှ
ကြံကြံဖန်ဖန်
လွဲတတ်လွန်းတဲ့
လောကကြီးထဲ
မှန်မှန်ကန်ကန်
နေတတ်ပါစေ.....

သားထက် (မုံရွာ)

တာဝန်.....

ဘ၀ဆိုတဲ့
ကျောပြင်မှာ
အရှိုးရာတွေ အပြည့်
လောကဓံတရားက
ကျောသား ရင်သား
အခွဲခြားဘူး ဆိုပဲ...။
ရိုးရိုးသားသား
လုပ်စားသူတွေနဲ့
မရိုးမသား
လုပ်စားသူတွေ...
ရန်သူလား
မိတ်ဆွေလား
ကမ်းလာတဲ့လက်မှာ
အဆိပ်တွေနဲ့
နှုတ်ခမ်းပါးပါးမှာ
ဓားသွားတွေနဲ့
ပြုံးထားတဲ့ မျက်လုံးမှာ
အမုန်းခိုးတွေ ဝေနေတယ်....။
ရန်သူလည်း
မဟုတ်ဘူး..
မိတ်ဆွေလည်း
မဟုတ်ဘူး..
ငါတို့ဟာ
တစ်လမ်းထဲလျှောက်ကြရမယ့်
ခရီးသွားများပ....
တချို့က
တဘ၀စာလုံးရင်းပြီး
သူတပါးအတွက်
လမ်းတွေခင်းလို့..
တချို့က
သူတို့ တစ်ဘ၀စာအတွက်
သူတပါးတွေကို
လမ်းလိုနင်းလို့....
ကိုယ့်သမိုင်းကို တွေးရင်း...
ကိုယ့်သမိုင်းကို ရေးရင်းပေါ့...
တာဝန်သိဖို့တော့ လိုတယ်
မတောင်းဘဲ
ပေးအပ်ပြီးသား တာဝန်...
မပေးဘဲ
ယူတတ်ရမယ့် တာဝန်...
မပြောဘဲ
သိတတ်ရမယ့် တာဝန်...
တိုးတက်ဖို့..
အောင်မြင်ဖို့...
မြင့်မြတ်ဖို့...
အေးချမ်းဖို့...
နိုင်ငံအတွက်...
လူမျိုးအတွက်..
ဘာသာအတွက်..
လောကအတွက်...
ငါတို့ အားလုံးမှာ
တာဝန်တွေ ရှိတယ်...။
တခြားသူတွေရဲ့ ဒုက္ခကို
လက်ပိုက်ကြည့်နေတဲ့
မင်းဆီ..
အဲဒီဒုက္ခတွေ
အနှေးနဲ့ အမြန်ရောက်လာမယ်ဆိုတာ
မင်း မမေ့ပါနဲ့...
မင်းသိရဲ့လား
ငါတို့မှာ
တာဝန်တွေ ရှိတယ်.......

သားထက် (မုံရွာ)

ဒီမေးခွန်းလေး ဖြေပေးကြပါ.....

ဘယ်သူ့ကြောင့်လဲ
ငါတို့တွေ
ဒုက္ခ ပင်လယ်ဝေခဲ့တယ်...
ဘယ်အရာကြောင့်လဲ
ငါ့တို့တွေ
ဆင်းရဲပြီးရင်း ဆင်းရဲခဲ့ကြတယ်...
ဘာအတွက်ကြောင့်လဲ
ငါတို့တွေ
မိသားစုတွေနဲ့ ဝေးကွာခဲ့ကြတယ်...။
ဘယ်သူ့ကြောင့်လဲ
ငါတို့ ပညာရေး
နိမ့်ကျသည်ထက် နိမ့်ကျခဲ့တယ်...
ဘယ်အရာကြောင့်လဲ
ငါ့တို့ ဘ၀တွေ
အနင်းခံပြီးရင်း အနင်းခံခဲ့ရယ်...
ဘာအတွက်ကြောင့်လဲ
ငါတို့ အိပ်မက်တွေ
နက်သည်ထက် နက်ခဲ့ကြတယ်...။
ဘယ်သူ့ကြောင့်လဲ
ငါတို့တွေ
ကိုယ့်အမျိုးကိုယ်
လိမ်ညာခဲ့ကြတယ်..
ဘယ်အရာကြောင့်လဲ
ငါ့တို့တွေ
ကိုယ့်အမျိုးကိုယ်
ညှဉ်းဆဲခဲ့ကြတယ်...
ဘာအတွက်ကြောင့်လဲ
ငါတို့တွေ
ကိုယ့်အမျိုးကိုယ်
ရောင်းစားခဲ့ကြတယ်...။
ဘယ်သူ့ကြောင့်လဲ
ငါတို့ စိတ်ဓာတ်တွေ
ပျက်ခဲ့ရတယ်...
ဘယ်အရာကြောင့်လဲ
ငါ့တို့ စည်းကမ်းတွေ
ပျက်ခဲ့ရတယ်...
ဘာအတွက်ကြောင့်လဲ
ငါတို့ ပညာတွေ
အဆက်ပြတ်ခဲ့ရတယ်......။
ဘယ်သူ့ကြောင့်လဲ......
ဘယ်အရာကြောင့်လဲ.....
ဘာအတွက်ကြောင့်လဲ......


သားထက် (မုံရွာ)

Tuesday, February 15, 2011

ကဗျာဆရာ

ငါ မက်ခဲ့သမျှ
အိပ်မက်လှလှ
ငါ နိုးထချိန်
ငါ့ နံဘေးနား
မရှိတော့တဲ့ အခါ...
ငါ မြတ်နိုးသမျှ
ငါ ချစ်ရသူ
ငါ ပြန်လာချိန်
ငါ့ နံဘေးနား
မရှိတော့တဲ့ အခါ...
ငါ ချစ်မိသမျှ
ငါ ရူးသွပ်မိသူ
ငါ လွမ်းနေချိန်
ငါ့ နံဘေးနား
မရှိတော့တဲ့ အခါ...
အိပ်မက်တွေ
မြိုသိပ်
မြတ်နိုးခြင်းတို့ဖြင့်
ရေးဖွဲ့ရင်း
ရူးသွပ်နေတဲ့
ခတ်ညံ့ညံ့
ကဗျာဆရာတစ်ယောက်အဖြစ်
ငါဟာ
ကမ္ဘာကြီးရဲ့
တစ်နေရာမှာ
ပြဿဒါးဇာတာနဲ့အတူ
မွေးဖွားခဲ့တယ်....။

သားထက် (မုံရွာ)

ငါ့ `ည´လေး...

နှင်းစက်တွေ
ပျော်ဝင်နေတဲ့ `ည´...
မြူတွေ`
ေ၀၀ိုင်းနေတဲ့ `ည´...
လေပြေတွေ
စွတ်စိုနေတဲ့ `ည´...
ချစ်သူ့ မျက်နှာ
ဝင်းဝင်းပပ
ကြည့်နေခွင့်ရတဲ့ `ည´...
အဲဒီ `ည´...လေး
ငါ့ကို
ပြန်ပေးပါ......

သားထက် (မုံရွာ)

Monday, February 14, 2011

အရေခွံတွေနဲ့လူ....

ကျောသပ် ရင်သပ်
ထပ်ကာ ထပ်ကာ
မျက်နှာချိုသွေးသွေးပြီး
ဘ၀ကို
လှလှပပ
ချောက်ချတတ်တဲ့
လောကဓံတရားရယ်.....
အောင်မြင်မှု ကျရှုံးမှု
ပျော်ရွှင်မှု ၀မ်းနည်းမှုတွေကြား
အငိုနဲ့ အပြုံး
မျက်နှာဖုံးနှစ်ခုကို
ခဏခဏ
ပြောင်းလဲ တတ်ဆင်ထားတတ်တဲ့
မျက်နှာတစ်ခုရယ်...
သွားချင်ရာ သွားဖို့
ခြေထောက်တစ်စုံ...
လုပ်ချင်တာ လုပ်ဖို့
လက်တစ်စုံ...
ကြည့်ချင်ရာ ကြည့်ဖို့
မျက်လုံးတစ်စုံ..
ကြားချင်တာ ကြားဖို့
နားတစ်စုံ...
အောက်စီဂျင်တွေ
ရှူရှိုက်ဖို့
နှာခေါင်းတစ်စုံ...
ပြောချင်တာပြောပြီး
စားချင်တာ စားဖို့
ပါးစပ်တစ်ပေါက်...
တစ်စုံတစ်ရာကို
ထမ်းပိုးဖို့
ပုခုံးနှစ်ဖက်....
ကျနော်
ကျနော်ဟာ
ကျနော့် ဘ၀ကို ကျနော်..
ဒုက္ခတွေကြား
ဖရိုဖရဲနဲ့
ခက်ခက်ခဲခဲ
ဝတ်ဆင်ထားရဲ့..
သိတာကတော့
သိနေပါတယ်...
ဒါပေမယ့်
အန္ဓ လူ ဖြစ်နေတော့
ပူပြင်းလောင်မြိုက်မှုတွေကိုပဲ
အခါခါ တမ်းတ
ဝတ်ရုံကလေးကို
မချွတ်ပါရစေနဲ့တဲ့
ဘယ်လောက်မိုက်လိုက်သလဲ...
ကျနော့်ရဲ့
မလိမ်မိုး မလိမ္မာ
နှလုံးသားဟာလေ
ခတ်တိမ်တိမ်
ရင့်ကြတ်မှုတွေနဲ့
အဲဒီ ဒုက္ခတွေ များလွန်းတဲ့
ဘ၀ဆိုတာလေးကိုပဲ
သက်တံ ရောင်စုံတွေထင်မှတ်
မက်မက်စက်စက်
ခုံမင်တတ်ဆဲပဲလေ...

သားထက် (မုံရွာ)

Saturday, February 12, 2011

မင်းရဲ့ အဝေးမှာ

Valentine Day ဆိုလား
ဘယ်တော့မှ
မင်းနဲ့အတူ
သောက်ခွင့် မရှိနိုင်တော့မယ့်
ချော့ကလက်
ပူပူတစ်ခွက်
ကိုယ့်ရင်ဘတ်ထဲ
တိုးတိုးလေး
ဆူပွက်နေတယ်..။
ချစ်သူ...
မင်းနှလုံးသားမှာ
ကိုယ့်အတွက်
အချစ် ဆိုတဲ့အရာဟာ
မြူတစ်မှုံစာတောင်
မပွင့်ဝေခဲ့ဘူးတဲ့လား..
မင်းမရှိတဲ့
အရပ်ဒေသမှာ
အလွမ်းတွေနဲ့အတူ
နေတတ်သလိုနေဖို့
ကြိုးစားရင်း
အလွမ်းသီချင်းတွေ
ကိုယ် ဆိုနေတယ်...

သားထက် (မုံရွာ)

အပြန်လမ်း

အရောင်ပြန်ဟပ်မှ
တောက်ပမယ့် အလင်း...
ပဲ့တင်ထပ်မှ
အားရှိမယ့် အသံ....
သီးချင်းက
တိုးသဲ့သဲ့
ငါ့ဘ၀ဟာလည်း
မင်းရှိမှ ပြည့်စုံမယ့် ဘ၀ပေါ့....။

ဆောင်းတစ်ည၊
နှင်းတစ်စက်၊
လမင်းတစ်စင်း၊
ချစ်သူမျက်နှာ၊
သမုဒယ ဒဏ်ရာတစ်ခု
ကျနော်
ယုယုယယ
သိမ်းဆည်းခဲ့ပါတယ်...။

သားထက် (မုံရွာ)

Wednesday, January 12, 2011

ချစ်လို့ သေသွားတဲ့ သစ်ပင်

ကြယ်စင်မဲ့
ကောင်းကင်မှာ
နှင်းတွေ တဖွဲဖွဲ
ဝေဆင်းနေတဲ့
ခတ်ထွေထွေ
ညတညပါ...
ဘ၀က ခါးသီးလွန်းတယ် ဆိုတဲ့
အတွေးတွေ အတွက်
ငါ့ရဲ့
လူဖြစ်ရခြင်းကိုပဲ
အားနာမိပါရဲ့...
မျှော်လင့်ခဲ့ ဖူးတဲ့
ဆည်းလည်းသံ
လွင်လွင်ကလေးကလည်း
ဆောင်းပြေတွေနဲ့အတူ
ညင်သာစွာ
ပျောက်ဆုံးသွားခဲ့...
ရှင်သန်ခြင်းနဲ့
သေဆုံးခြင်းကြားက`
ခတ်ပါးပါးလေး ခြားထားတဲ့
ငါ့ရဲ့
အသက်ရှူခြင်းတွေအားလုံးဟာ
မင်းတစ်ယောက်တည်း အတွက်ပါပဲ
ချစ်သူ..
ရင်ဘတ်တခင်းနဲ့
ရင်းခဲ့သမျှ
နွေမရောက်ခင်
တစ်ပင်လုံးကြွေလွင့်အောင်
ရက်ရက်စက်စက်
သင်းသတ်ခံလိုက်ရတဲ့
သစ်ပင်လေ..
ရှင်သန်ခြင်းတွေ ရုပ်သိမ်းရင်း
ဟောဒီ ညထဲမှာ..
အေးခဲ တိတ်ဆိတ်လို့..
တစ်စုံတစ်ဦးအတွက်
အေးမြအရိပ်တွေ
ဖန်ဆင်းပေးဖို့တဲ့
သုံးရာသီလုံး
လူမသိ သူမသိ
တစ်ပင်လုံး
ဝေဆာနေခဲ့တဲ့
ငါ့ရဲ့
သစ်ပင်လေးဟာ
ဒီညမှာပဲ
အရှင်လတ်လတ်
သေဆုံးသွားခဲ့ပါပြီ...

သားထက် (မုံရွာ)
09.01.11 PM 11:00

Friday, January 7, 2011

အချစ်ဖြင့်စီရင်ပြီးသည့်နောက်...

ညည
အိပ်မက်တွေ
မက်မက်နေရတာကိုက
ရှုတ်တယ်...
တကယ်တော့
ဘ၀ဆိုတာ
ခဏလေးပါ...
ဘာကြောင့်
ငါဟာ..
မသာယာနိုင်ခဲ့တာလဲ?
လမ်းတွေက
သူတို့လိုရာခရီးကို
မလျှောက်နိုင်ခဲ့ကြဘူး....
မီးတိုင်တွေက
သူတို့ဘ၀ကို သူတို့
မထွန်းညှိနိုင်ခဲ့ကြဘူး..
ကမ္ဘာကြီးကလည်း
သူ့ကိုယ်သူ
မရပ်တန့်နိုင်ခဲ့ဘူး...
ချစ်သူရယ်
နင့် အချစ်တွေဆီ ဆိုက်ရောက်ခွင့်မရှိတဲ့...
နင့် အချစ်တွေနဲ့ လင်းလက်ခွင့် မရှိတဲ့...
နင့်ကို ချစ်တဲ့ အချစ်တွေ ရပ်တန့်ခွင့် မရှိတဲ့..
ငါ့ရဲ့ နှလုံးသားဟာ
နင့်ရဲ့ ဆည်းလည်းသံလေးကိုပဲ
နားစွင့်နေပါတယ်...
ငါ ...နင် မကြားနိုင်တဲ့
ရင်ခုန်သံလေးနဲ့တိုးတိုးလေး ချစ်နေပါတယ်...
ဘာအတွက် ပူလောင်နေကြသလဲ...
ငါ အေးအေးချမ်းချမ်းလေးပဲ နေပါရစေ...
ဘာအတွက် ဆူညံနေကြသလဲ..
ငါ တိတ်တိတ်ဆိတ်ဆိတ်လေးပဲ နေပါရစေ...
ဘာအတွက် ရှုတ်ယှက်ခတ်နေကြသလဲ
ငါ ရှင်းရှင်းလင်းလင်းပဲ နေပါရစေ...
ချစ်သူရယ်
ခုဆိုရင်
ငါဆိုတဲ့ ကောင်ဆိုးလေးဟာ..
လေပြေလေးလှုပ်ခတ်လိုက်တာကိုတောင်
လန့်လန့်နိုးတတ်နေပြီ..
တကယ်ပါ
နင့်အကြောင်းတွေးဖို့ဆိုရင်
ညည
အိပ်မက်တွေ
မက်မက်နေရတာကိုက
ငါ့အတွက်
ရှုတ်တယ်...

သားထက် (မုံရွာ)

Wednesday, January 5, 2011

နောင်တမဲ့...

မနက်ဖြန်တွေ
ကြိုသိနိုင်ခဲ့ရင်
သိပ်ကောင်းမယ်....
ခုတော့...
ကျနော့်ရဲ့
အသည်းကွဲ
လေလံပွဲဟာ
တစပြင်လို
ခြောက်ဆိတ်လို့....
ဈေးကြီးကြီးပေးဝယ်ထားရတဲ့
ဟောဒီ အိပ်မက်တွေရဲ့
ရှယ်ရာ အတက်အကျဟာ
သူမ နှုတ်ခမ်းဖျားလေးဆီမှ
ယိမ်းထိုးနေရဲ့...
ပြန်လည် သိမ်းဆည်းခွင့်
မရှိတဲ့
အချစ်တွေ..
ကျနော့်ရင်ဘတ်ထဲ
ပွက်ပွက်ဆူနေပါတယ်...
ကန္တာရရယ်..
ကျနော်ရယ်..
နွေရာသီရယ်..
အီကွေတာမျဉ်းတစ်ကြောင်းထဲအပေါ်
ပြိုင်တူ ရပ်နေမိကြသလိုမျိုး
ကျနော့် နှလုံးသားဟာ
အတ္တတွေနဲ့
ပူလောင်ပြင်းပြလှရဲ့...
အကယ်၍များ...
မနက်ဖြန်တွေကို
ကြိုသိနိုင်ခဲ့မယ်ဆိုရင်တောင်
ကျနော်
သူမကို
မြတ်မြတ်နိုးနိုး
ချစ်နေမိမှာပါ.....

သားထက် (မုံရွာ)