Friday, October 1, 2010

အနာဂတ်ဆီသို့

ဘ၀ရဲ့အမောတွေကြား
တခါတခါ မေ့လျော့နေတတ်တဲ့
ရင်ဘတ်ထဲကပြက္ခဒိန်အဟောင်းလေးတွေ
ထုတ်ကြည့်ဖြစ်တဲ့ အခါတွေဆို
ကျောင်းတော်ကြီးနဲ့အတူ
ကျနော့်ရဲ့
လှပသစ်လွင်ခဲ့ဖူးတဲ့ အတိတ်ဟာ
ခုထိနုပျိုတောက်ပ
နှလုံးသားတွေက လှိုက်ဖိုခုန်လှုပ်နေဆဲပဲ.......
သက္ကရာဇ်တွေ
တစ်နှစ်ပြီးတစ်နှစ်ဟောင်းပြီး
ရာသီစက်ဝန်းတွေ
တစ်ပတ်ပြီးတစ်ပတ် ပြောင်းသွားခဲ့ပေမယ့်
ကျောင်းတော်ကြီးကတော့
ရင်သွေးအသစ် ဖူးဖူးရွယ်ရွယ်လေးတွေ
တယုတယပွေ့ပိုက်လို့
အစဉ်အမြဲ နုသစ်လဲ့တောက်ဆဲပါလေ...
ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေ
စလိုက်ရှိုးနဲ့
စလိုးမိုးရှင်းပြန်ကြည့်ရရင်
ကျောင်းတော်ကြီးရဲ့ ကြည်နူးဖွယ်နေ့ရက်တွေဟာ
ကျနော်တို့အတွက်
လွမ်းမောဖွယ် အကောင်းဆုံး
အလှပဆုံးနေ့ရက်တွေ ဖြစ်မယ်ထင်ရဲ့...
ဖေဖေကကျောင်းရဲ့တံခါးတွေကို
လှလှပပ ဖွင့်ပေးခဲ့စဉ်တုန်းက
မေမေက ကျောင်းရဲ့ခေါင်းလောင်းကြိုးတွေကို
ညင်သာနူးညံ့စွာ ဆွဲလှုပ်ခဲ့
အဲဒီခေါင်းလောင်းသံတွေက
နှလုံးသားရဲ့အနက်ရှိုင်းဆုံးထိ
လဲ့ချိုဆွတ်ပျံ့စေခဲ့ရဲ့
မတူညီတဲ့ ဘာသာဗေဒတွေနဲ့
မတူညီတဲ့အသွေးအရောင်တွေကြား
မတူညီတဲ့အရပ်ဒေသက လာခဲ့ကြပေမယ့်
ညီအရင်းအကို မောင်အရင်းနှမ
နွေးထွေးကြင်နာ လက်ကမ်းလို့ကြိုခဲ့ကြ
လူမျိုးတွေမတူကြပေမယ့်
တူညီဝတ်စုံတွေဝတ်ဆင်ရင်း
`အင်ဂျင်နီယာကောင်း ဖြစ်ရမည်´
ရည်မှန်းချက်တွေ တူညီခဲ့ကြ
ဖြူစင်တဲ့နှလုံးသားအသစ်နဲ့
ခံစားချက်တွေလည်းတူညီခဲ့ကြ
တေးသွားတစ်ပုဒ်ထဲကိုပဲ
တိုတွေ သံပြိုင်ဟစ်ကြွေးခဲ့ကြတယ်..
ကျောင်းတော်ကြီးက ထောင်ပေးထားတဲ့
အဲဒီယိုင်တိုင်တိုင် လှေကားလေးနဲ့ပဲ
မှုန်ပြပြလေးပဲမြင်ခွင့်ရတဲ့
အနာဂတ်ပန်းတိုင်တွေဆီ
အကိုအမတွေက
ခက်ခက်ခဲခဲ နင်းဖြတ်သွားခဲ့ကြရဲ့
သူတို့ခင်းပေးထားခဲ့တဲ့လမ်းမှာ
ငါတို့က
ညီညီမတွေရဲ့လက်တွေကို မြဲမြဲတွဲ
မလဲကျစတမ်းဖြတ်သန်းကြမယ်
ကျောက်ခဲကို ညှစ်လို့အရည်မထွက်နိုင်ပေမယ့်
ငါတို့နှလုံးသားတွေကို ညှစ်ကြည့်
မျှော်လင့်ခြင်းအားမာန်တွေနဲ့
ငါတို့သွေးတွေက ရဲပါသေးတယ်
မိုးကြိုးတွေ ထစ်ချုန်းနေလည်း
ငါတို့လျှပ်ရောင်နဲ့ ဆက်လျှောက်ကြမယ်
ခြေတောက်တွေပေါက်ပြဲနေလည်း
တောင်တန်းတွေကို ဖြတ်သန်းကြမယ်
မုန်တိုင်းတွေ လှိုင်းထန်နေလည်း
ကမ်းဆီအရောက် ရွက်လွှင့်ကြမယ်
ညီလေးရေ မပျော့ညံ့နဲ့ဟေ့......
ဘ၀ဆိုတာ
ရုန်းကန်ခြင်းတွေနဲ့ဖွဲ့ဆစ်ထားတဲ့
ခတ်ရှရှကဗျာ တစ်ပုဒ်ဖြစ်တယ်
လဲကျရင် ဆွဲထူ
မောလျရင် တွဲကူကြ
လှိုင်းကြီးတော့ လှေအောက်
တောင်ကြီးတော့ ဖ၀ါးအောက်
ခက်ခဲကြမ်းတမ်းလည်း
တို့တွေ ဇွဲနဲ့လျှောက်လှမ်းကြမယ်
တစ်ယောက်ရဲ့ အလင်းရောင်လေးနဲ့
တစ်ယောက်ကို ညှိလို့
မှောင်မိုက်နေတဲ့ တို့ကမ္ဘာကို ထွန်းပ
သူငယ်ချင်းတို့ရေ...
ငါတို့ ပြိုင်တူလင်းတောက်ကြပါစို့.....

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment