Saturday, April 27, 2013

အဖော်မွန်...

အဖော်မွန်...

သံစဉ်မဲ့နေတဲ့

သီချင်း တပုဒ်လို

အထာမကျနိုင်သေးတဲ့

ဘ၀ကို

ရင်ဘတ်ထဲ ထိုးထိုးထည့်ရင်း

ညညဆို

အိပ်မက်ဆိုးတွေ

ခဏခဏ မက်တယ်...။

ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်..

အဲဒီ

ဘ၀ဆိုတဲ့

တေးသွားတပုဒ်ကို

မင်းနဲ့အတူ

သံပြိုင်ဆိုခွင့် ရတာကိုပဲ

ငါ ကျေနပ်ပါတယ်

အချစ်ရယ်...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Friday, April 26, 2013

ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်ုးပြီးသည့်နောက်



ဟို အရင်တုန်းကလို

ငါတို့ လမ်းမတွေဟာ

မနုပျိုတော့ဘူး

အပြုံးတွေဟာ

အိုမင်းရင့်ရော်လို့

ငါတို့

ကျောင်းဝတ်စုံတွေ

ချွတ်ခဲ့ရတာ

ကြာခဲ့ပေါ့..။

ဟိုအရင်တုန်းကလို

ငါတို့အသက်ရှူသံတွေဟာ

မလတ်ဆတ်တော့ဘူး

ဘူတာရုံလေးဟာ

မောပမ်းနွမ်းနယ်လို့

ငါတို့

ကျောင်းသားဘ၀ကို

ကျောင်းခိုင်းခဲ့ရတာ

ကြာခဲ့ပေါ့..။


ငါ့ဘူတာရုံလေး

ပြန်လည်ဆိုက်ကပ်လာတဲ့အခါ

အဲဒီလမ်းမတွေ

ဟိုအရင်တုန်းကလို

ကြိုနေကြဦးမလား...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

26/04/2013

Monday, April 8, 2013

ကြယ်တစ်စင်းရဲ့ ရင်ခုန်သံ



ကျနော့်ကိုယ် ကျနော်

မြို့ပြတစ်ခုလို

တင်ဆက်ရင်း

ဝင်သက်ထွက်သက်တွေမှာ

ကျနော့် အတ္တတွေ

ရေစုန်မျောနေခဲ့တာ

ကြာပါပြီ....

တခါတခါ

လောကဓံ တရားနဲ့

တခါတခါ

စားဝတ်နေရေးတဲ့

ရှေ့နောက်တောင်မြောက်

မကွဲဘဲ

ဘ၀၀င်္ကပါမှာ

ကျနော်

မျောချင်တိုင်း

မျောနေခဲ့တာလေ...

မေမေ

သားလေ....

ဟိုးကောင်းကင်ကျယ်ကြီးထဲက

လွတ်လပ်တဲ့

ကြယ်ကလေးတစ်စင်း

ဖြစ်ချင်တယ်....။

သူ့မှာ

ကိုယ်ပိုင်အလင်းရှိမယ်

သူ့မှာ

ချစ်ခြင်း မုန်းခြင်း မရှိဘူး...

သူ့မှာ

ကိုယ်ပိုင်လွတ်လပ်မှုရှိမယ်

သူ့မှာ

မနာလို ၀န်တိုခြင်းမရှိဘူး...

သူ့မှာ

ရဲရင့်တဲ့ သတ္တိတွေ ရှိမယ်

သူ့မှာ

အနိုင်ကျင့် ရက်စက်မှုမရှိဘူး...

အဲဒီ ကောင်းကင်ကျယ်ကြီးက

သူ့ကို ချုပ်နှောင်ထားလို့မရဘူး....

သူက

သူ့ကမ္ဘာလေးကို ထွန်းညှိရင်း

သူတပါးကို လမ်းပြပေးတယ်..။

မေမေ

သားလေ....

ဟိုးကောင်းကင်ကျယ်ကြီးထဲက

လွတ်လပ်တဲ့

ကြယ်ကလေးတစ်စင်း

ဖြစ်ချင်တယ်....။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

နှစ်သစ်မှာ....



နှစ်သစ်မှာ

ကချင်ပြည်နယ်က

စစ်ပွဲတွေ

မမြင်ချင်ဘူး..

နှစ်သစ်မှာ

ရခိုင်ပြည်နယ်က

ရက်စက်မှုတွေ

မမြင်ချင်ဘူး

နှစ်သစ်မှာ

ကရင်ပြည်နယ်က

တိုက်ပွဲခေါ်သံ

မကြားချင်ဘူး...

နှစ်သစ်မှာ

လက်ပန်းတောင်းတောင်က

ငိုကြွေးသံ

မကြားချင်ဘူး..

နှစ်သစ်မှာ

ရှမ်းပြည်နယ်က

သေနပ်ပစ်သံ

မကြားချင်ဘူး.....

နှစ်သစ်မှာ

မိထ္ထီလာက

အဖြစ်ဆိုးမျိုးတွေ

မကြားချင်ဘူး...။

နှစ်သစ်မှာ

အစုတ်ကတစ်ရာ

အဖာက ဗရပွ

ရေသည်မ

မျက်နှာလေးလောက်တောင်မှ

မလှနိုင်ရှာတော့တဲ့

ငါတို့တိုင်းပြည်ငယ်ငယ်လေး

ဘေးရန်တွေခနေတာ

မမြင်ချင်ဘူး...

နှစ်သစ်မှာ

အိပ်မက်ဆိုးကနေ

ငါတို့

နိုးထလိုက်ရအောင်....။

နှစ်သစ်ဟာ

ရိုးသားမှုနဲ့

ဖန်တီးထားတဲ့

ချစ်ခြင်းတရား ဖြစ်ပါစေ...။

နှစ်သစ်ဟာ

ကရုဏာတရားနဲ့

ခင်းကျင်းထားတဲ့

ပန်းတခင်းဖြစ်ပါစေ...။

နှစ်သစ်ဟာ

သစ္စာတရားနဲ့

လက်တောက်နေမယ့်

ပိတောက်တစ်ခက် ဖြစ်ပါစေ

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)