Wednesday, October 14, 2015

Remember Me...

...သတိရပေးပါ...

မင်းမသိတဲ့အချိန်
ငါမင်းကို
အိပ်မက်မက်တိုင်း
ချစ်နေမိတာ
မင်းအိပ်မက်မက်တိုင်း
သတိရပေးပါ
ချစ်သူ.,.

မင်းမသိတဲ့အချိန်
ငါမင်းကို
နံနက်ခင်းတိုင်း
သတိရနေမိတာ
မင်းအိပ်ယာနိုးတိုင်း
သတိရပေးပါ
ချစ်သူ...

မင်းမသိတဲ့အချိန်
ငါမင်းကို
လေပြေညှင်းတွေနဲ့အတူ လွမ်းဆွတ်နေမိတာ
မင်းအသက်ရှူတိုင်း
သတိရပေးပါ
ချစ်သူ...

မင်းမသိတဲ့အချိန်
ငါမင်းကို
ဆည်းဆာတိမ်တိုက်တွေနဲ့အတူ
တမ်းတနေမိတာ
မင်းပြန်လာချိန်တိုင်း
သတိရပေးပါ
ချစ်သူ...

မင်းမသိတဲ့အချိန်
ညစဉ်ညတိုင်း
ကြယ်ကလေးတွေနဲ့အတူ
ဆုတောင်းနေမိတာ
မင်းအိပ်ဝင်ချိန်တိုင်း
သတိရပေးပါ
ချစ်သူ...

သတိရပေးပါ
ချစ်သူ....
.
.
.

.
.
.
တိ
.
.
.

.
.
.
ပေး
.
.
.
ပါ
.
.
.


လင်းဝေ

Tuesday, October 13, 2015

လိုအပ်ချက်



အသိဉာဏ်ပညာ
နိမ့်ကျလာတဲ့အခါ
လူတွေဟာ
အကောင်းအဆိုးကိုလည်း
မခွဲခြားတတ်တော့ဘူး၊
အမှားအမှန်ကိုလည်း
မပိုင်းခြားတတ်တော့ဘူး၊
လုပ်သင့်မလုပ်သင့်
ဖြစ်သင့်မဖြစ်သင့်ကိုလည်း
မစဉ်းစားတတ်တော့ဘူး၊

အသိဉာဏ်ပညာ
နိမ့်ကျနေတဲ့
လူမျိုးတစ်ခု
နိုင်ငံတစ်ခုဟာလည်း
ဘယ်တော့မှ
ပြောင်းလဲတိုးတက်ဖို့ မဖြစ်နိုင်ဘူး၊

ဒါကြောင့်
အသိဉာဏ်ပညာတိုးတက်ဖို့
အထာက်အပံ့ကောင်းကောင်းနဲ့
ပညာရေးစနစ်ကောင်းကောင်းလိုတယ်

လူငယ်၊လူလတ်၊လူကြီးအားလုံး
စာဖတ်ကြဖို့လိုတယ်
အမြင်ကျယ်အောင် လေ့လာကြဖို့လိုတယ်

သူများပြောတိုင်းနားမယောင်ဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်ကြဖို့ လိုတယ်

အဲဒီလိုဖြစ်အောင်
ကျနော်တို့နိုင်ငံလူမျိုး အနာဂတ်အတွက်
ကျနော်တို့အားလုံး ကြိုးစားကြဖို့လိုတယ်..

လင်းဝေ

Friday, October 9, 2015

Sunset

အလွမ်းရင့်ရင့် ညနေခင်း...

ကြေမွလွင့်စင်နေတဲ့
သတိရခြင်း
အပိုင်းအစတွေဟာ
အထီးကျန်
အလွမ်းနဲ့အတူ
မင်းရှိရာအရပ်ဆီ
အငွေ့ပျံနေတယ်
ချစ်သူ...

အဲဒီသတိရခြင်းတွေဟာ
မဟူရာတိမ်တိုက်တွေနဲ့အတူ
ငါ့ပတ်ဝန်းကျင်
ညနေခင်း
တစ်ခုလုံးကို
မိုးရေစက်တွေအဖြစ်
ဖုံးလွမ်းပစ်လိုက်တယ်...

မိုးရေစက်တွေနဲ့
ရွဲရွဲစိုနေတဲ့
လမ်းမကြီးက
မေးတယ်...

မင်း သိပ်လွမ်းနေလားတဲ့...

ငါလည်း
ပြန်ပြောလိုက်ပါတယ်...

သွေ့ခြောက်နေတဲ့
မြက်ပင်ဝါဝါတွေရဲ့
မိုးရာသီကို
တမ်းတခြင်းမျိုးနဲ့
ငါ့ချစ်သူလေးကို
ငါ ...
လွမ်းနေမိတယ်
ဆိုတာကိုပေါ့...

ချစ်တဲ့စိတ်
တစ်ခုတည်းနဲ့ပဲ
နားစွင့်ကြည့်လိုက်စမ်းပါ
ချစ်သူ...

မင်းနံဘေးက
ဖြတ်တိုက်သွားတဲ့
လေပြေးညှင်းတွေထဲမှာ
လွမ်းဆွတ်နေတဲ့
ငါ့ရင်ခုန်သံတွေကို
မင်း
ပီပီသသ
ကြားရလိမ့်မယ်...

လင်းဝေ

Wednesday, October 7, 2015

ရွာကလေးတစ်ရွာ...


တစ်ခါတုန်းက ရွာတရွာမှာ ဓားပြတွေသူခိုးတွေက နှစ်ပေါင်းများစွာ  မင်းမူအုပ်ချုပ်နေသတဲ့။

သူတို့က ရွာသားတွေကိုဖိနှိပ်တယ်၊ အနိုင်ကျင့်တယ်၊ ဆပ်ကြေးတွေကောက်တယ်။ တစ်ရွာလုံး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျပြီး အရမ်းဆင်းရဲကြရှာသတဲ့ကွယ်။

တခြား ဟိုဘက်ရွာမှာတော့ လူကောင်းတွေ ပညာတတ်တွေအုပ်ချုပ်နေကြသတဲ့။ တစ်ရွာလုံး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အကုန်တိုးတက်ပြီး တစ်ရွာလုံး ချမ်းသာကြတာပေါ့။

အဲဒီတော့ ဟိုဘက်ရွာကို အားကျပြီး ဒီဘက်ရွာကလည်း ခေါင်းဆောင်ရွေးပွဲကျင်းပကြသတဲ့ကွယ်။

ဓားပြတွေက တဖွဲ့၊အရပ်သားတွေက တဖွဲ့ပေါ့။

 အဲဒီမှာ အရပ်သားတချို့က ဘာကြောင့်မှန်း ဓားပြအဖွဲ့ထဲကနေဝင်ပြိုင်ပြသတဲ့။

 ပြီးတော့ ဓားပြတွေခိုင်းတာလုပ် ရွာသားတွေကျေနပ်အောင် ရွာသားတွေဆီက ဓားပြတိုက်ထားတဲ့ ငွေတသိန်းထဲက တရာဖိုးလောက်တောင်းပြီး ရွာသားတွေယုံအောင် မုန့်ဝယ်ကျွေးလိုက်ကြသတဲ့။

 တခြားအရပ်သားအဖွဲ့ကလူတွေကတော့ ကျနော်တို့ကျေးရွာအတွက် အကောင်းဆုံးကြိုးစားပေးပါ့မယ်လို့ ပြောကြရုံကလွဲပြီး ဘာမှဝယ်ပေးစရာမရှိရှာကြဘူးပေါ့။

 သူတို့ရှိတာလေးတွေနဲ့ ရပ်ရေးရွာရေး လုပ်ကိုင်ပြကြတာပေါ့လေ။

 ရွာသားတချို့ကတော့ အသိဥာဏ်မဲ့ကြတော့ ဓားပြတွေသူတို့ဆီက မတရားလုထားတဲ့ ငွေတွေ နဲ့ သူတို့ကို မုန့်လေးနည်းနည်းဝယ်ကျွေးပြီး စည်းရုံးတဲ့သူတွေကိုပဲ အဟုတ်ထင်နေကြသတဲ့။

ဲ့ အသိဉာဏ်ရှိတဲ့ ရွာသားတချို့ကတော့ ဓားပြအဖွဲ့မကောင်းတာသိတော့ ကျေးရွာတိုးတက်ဖို့အတွက် အရပ်သားအဖွဲ့ကိုပဲ ကောင်းမကောင်းမသိသေးပေမယ့် ပြောင်းလဲရေးအတွက် ထောက်ခံချင်ကြသတဲ့။

အဲဒီလိုနဲ့ ရွာထဲမှာ ဓားပြတွေကို ထောက်ခံတဲ့အဖွဲ့နဲ့ အရပ်သားတွေ ထောက်ခံတဲ့အဖွဲ့ နှစ်ဖွဲ့ဟာ ငြင်းခုံနေကြသတဲ့ကွယ်။

လက်ရှိဓားပြအဖွဲ့ကလည်း အမျိုးမျိုး လိမ်ညာညစ်ပတ်နေကြသတဲ့။

ဓားပြလူယုံတွေကို ထောက်ခံတဲ့သူတွေကနိုင်ရင် ဒီရွာလေးဟာ ဟိုးနှစ်ပေါင်းများစွာလိုပဲ ဓားပြတွေ အုပ်ချုပ်တဲ့ ရွာကလေးအဖြစ် ဆက်လက်ရပ်တည်သွားရမှာပေါ့လေ။

အရပ်သားတွေကို ထောက်ခံသူများဖက်က နိုင်မယ်ဆိုရင်တော့ ဒီရွာကလေးဟာ တစုံတခုတော့ပြောင်းလဲသွားမှာပေါ့။

အနည်းဆုံး ဓားပြတွေ အုပ်ချုပ်မှုဒဏ်က လွတ်သွားမှာပေါ့လေ။

ဒီလိုနဲ့ ရွာကလေးရဲ့ ခေါင်းဆောင်ရွေးပွဲကြီးဟာ တဖြေးဖြေးနီးကပ်လာနေပြီတဲ့ကွယ်။

ကဲ...

မိတ်ဆွေသာ အဲဒီရွာကလေးရဲ့ ရွာသားတွေထဲက တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်အဖွဲ့ကို ထောက်ခံမှာပါလဲခင်ဗျာ?

လင်းဝေ

Tuesday, October 6, 2015

တန်ဖိုး

ဖြစ်ပြီးရင် ပျက်သွားတတ်တဲ့ ဘဝမှာ

မိမိကိုယ်မိမိ သိပ်ဘဝင်မမြင့်မိပါစေနဲ့

မိမိကိုယ်မိမိ သိပ်မသိမ်ငယ်မိပါစေနဲ့

လူတယောက်ရဲ့ အနာဂတ်ဟာ

မှန်းဆဖို့ ခက်ခဲလွန်းတယ်

ဘယ်အခြေအနေမှာပဲ ရောက်ရောက်

ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရားကို

မွေးမြူပါ

လူတစ်ယောက်ရဲ့ တန်ဖိုးဟာ

သူ့ ရဲ့ပိုင်ဆိုင်မှုမဟုတ်ပါဘူး...

ကိုယ်ချင်းစာတရား

မေတ္တာတရားတွေနဲ့ပြည့်ဝတဲ့

သူ့ရဲ့မြင့်မြတ်တဲ့ စိတ်ထားနဲ့

 လုပ်ဆောင်မှုသာဖြစ်တယ်...

လင်းဝေ