Saturday, November 27, 2010

အမှတ်တရတို့ အိပ်တန်းပြန်ချိန်

ပန်းတပွင့်ရဲ့
နုသစ်လှပခြင်းမျိုးနဲ့
မင်းဟာ
ငါ့ နှလုံးသားကို
ခိုးဝှက်သွားခဲ့ဖူးတယ်...
ပျိုရွယ်မှုရဲ့
လန်းသစ်ခွင့်တွေနဲ့
အစွမ်းကုန်
ဖူးရစ်သွယ်လျနေတဲ့
ကောင်မလေးရေ..
အိပ်မက်တွေဆီက
ပျောက်ဆုံးသွားခဲ့ခြင်းမျိုးနဲ့
ငါဟာ..
အဲဒီ နေ့ရက်...
အဲဒီ အချိန်...
အဲဒီ နေရာမှာပဲ...
ပျောက်ဆုံးအငွေ့ပြန်သွားခဲ့ပါပြီ...
ခရေပန်းတွေ
ယုယုယယ
ကောက်ပေးခဲ့ဖူးတဲ့
အဲဒီ
စိတ်ကူးယဉ်ဆန်ဆန်
နေ့ရက်တွေဟာလည်း
ငယ်ဘ၀ရဲ့
ရူးသွပ်မှု
အမှတ်တရများ အဖြစ်
ငါ့ ညတွေမှာ
ဆွတ်ဆွတ် လှိုက်လှိုက်
ပွင့်ဝေလို့ ကောင်းတုန်းပဲ...
ကောင်မလေးရေ....
အဲဒီတုန်းကပေါ့
ငါ့ရဲ့
အရိုင်းဆန်ဆန်
နှလုံးသားလေးဟာ
အတိအကျကို
ချစ်တတ်ခဲ့ဖူးပါတယ်.....

သားထက် (မုံရွာ)

ကျောင်းတော်က ရင်ခုန်သံ အပိုင်း (၈)

 အပိုင်း (၇) မှ အဆက်

`ငါ ကျောင်းဆက်မတက်ချင်တော့ဘူး ဂူဂဲရာ´

`ဘာဆိုင်လဲကွာ မင်းကလည်း အဲလောက်ကြီး မပျော့ညံ့စမ်းပါနဲ့´

`သူငါ့ကို မြင်ရင် စိတ်ဆင်းရဲနေမှာပါ၊ငါ သူ့ကို ငါ့အတွက်နဲ့ စိတ်မညစ်စေချင်ဘူး၊ပြီးတော့ စာတွေကလည်း ပြတ်သလောက်ဖြစ်နေပြီ၊ငါ အဆောင်မှာပဲ စာကြည့်တော့မယ်´

`ညောင်ဦးကမ်းပါး ပြိုတာနဲ့ ကိုသာအေးနွားမကြီး ပေါင်ကျိုးတယ်ဆိုတာလိုပဲ မင်းဟာက ဘာမှမဆိုင်ပါဘူး၊အချစ်နဲ့ ကျောင်းစာကိုခွဲခြားသိစမ်းပါကွာ´

`ငါသိပါတယ် သူငယ်ချင်းရာ ငါ့ရည်မှန်းချက်တွေကို အချစ်အတွက်နဲ့ မပျက်စေရဘူးလို့ မင်းကို ကတိပေးတယ်´

`ဒါဆိုလည်း ပြီးတာပဲ ဒါပေမယ့် ဒီနေ့ကျူတိုရီယယ်ကို တော့ ဖြေရမယ်နော်´

`အေးပါ´

`ဒါဆိုလည်း အတန်းထဲ သွားကြစို့´

တမာပင် အရိပ်မှာ သဲမွန်တို့ ကြီးပေါတို့အဖွဲ့တွေ စကားပြောနေကြသည်။

`ကြီးပေါတို့ ဘာတွေ အူပွနေကြတယ်မသိဘူး လာသွားရအောင်´

`မသွားပါနဲ့ကွာ ဟိုမှာ ဆန်နီရှိတယ်´

`ရှိတော့ ဘာဖြစ်လဲ မနက်ဖြန်က စပြီးသူမင်းကို မမြင်စေရဘူးဆိုတာ သိအောင်ပြောရမှာပေါ့´
`အဲဒီလိုကြီးတော့..`

`လာကွာ လေကိုတော်တော်ရှည်တဲ့ကောင်ပဲ´

ဂူဂဲက စိတ်တိုပြီး ထွက်သွားသည်။

`ဟေး မျောက်နှစ်ကောင် နောက်ကျလှချည်လား´

`ဆရာမ မလာသေးဘူးလား ၀ူးဝါး´

`လာတော့မယ်´

“ကျူတိုရီရယ်က ဘယ်တော့စမှာလဲ”

“နာရီဝက်လိုသေးတယ်”

`မင်းနောက်ကကောင်က လင်းတ ဘာမီတွန် တိုက်ထားတာလား သေတော့မယ့် မျက်နှာနဲ့´

`ဟုတ်ပ ဟဲ့ဒေါင်းကြီး နေမကောင်းဘူးလား´ အိသွယ်က လှမ်းမေးသည်။

“ဟုတ်ပ ဂူဂဲရယ် နင် အဆောင်က ကျောက်ရုပ်များ မလာတာလား”

ဘာလဲ နင့်ကိုစကားပြောရင် လျာဖြတ်ပစ်မယ်လို့ ပြောထားတဲ့သူ ရှိလို့လား”
 သဲမွန်ကလဲ ၀င်ပြောသည်။

သူ ဆန်နီဆီ တချက်ကြည့်လိုက်သည်။

“ မဟုတ်ပါဘူးဟာ အထွေထူး ပြောစရာ မရှိလို့ပါ။ နင်တို့ပြောတာ နားထောင်မှာပေါ့”

`အေးဟာ ခေါင်းလည်း နည်းနည်းကိုက်နေလို့၊နင်တို့က စာမကြည့်ဘဲ ဘာလုပ်နေကြတာလဲ´

`စာကအေးဆေးပါ တို့အာလူးဖုတ်နေကြတာ ဟဲဟဲ`

ဆန်နီကတော့ ခေါင်းငုံ့ပြီး စာပဲလုပ်နေသည်။

“ဆန်နီ ညည်းကလဲ စာပဲ ကြည့်နေတာပဲ ကျူတိုရီရယ်ကို ဘာများမှတ်နေလဲ”

“မဟုတ်ပါဘူး မမ အိသွယ်ရယ် သမီးက စာမေးပွဲကြီးကရင် မမေ့သွားအောင် ခုကတည်းက သေချာအောင် ကြည့်နေတာပါ”

“အင်း နောက်နှစ် ဘီအီး ရိုးလ် ၀မ်းက ဆန်နီပဲ ဖြစ်မယ်ထင်တယ်ဟေ့”

ကြီးပေါက ထနောက်လိုက်သည်။

“ဟုတ်တယ် ကြီးပေါပြောတာမှန်တယ်”

“ဟာ ကိုကြာကြီးတို့ ကလဲ မဟုတ်တာ သမီးက အဲလောက် မတော်ပါဘူး”
မျက်နှာလေးရဲကာ ငြင်းဆန်နေသူလေးကို သူ ခိုးကြည့်နေမိသည်။

မနက်ဖြန်က စပြီး ဒီမျက်နှာလေးနဲ့ မဆုံဖြစ်အောင် ကြိုးစားရတော့မှာပါလားဆိုတဲ့ အသိက သူ့ရင်ကို နာကြင်စေသည်။

“ဟုတ်ပါပြီ ရိုးလ်ဝမ်းရရင်တော့ ငါတို့အဖွဲ့ကို ၀မ်းတေဘယ်လ်နော်“

“ဟုတ်ကဲ့ပါ ကိုနီကိုရဲရယ်..”

`ဒေါင်းကြီး မင်းဥစ္စာက ခေါင်းကိုက်တာလား နှလုံးရောဂါလား´

`ဟုတ်တယ် ကြီးပေါရေ ဒီကောင် အသည်းကွဲနေတာ မနက်ဖြန်က စပြီးကျောင်းမတက် တော့ဘူးတဲ့´
“အဆောင်မှာပဲ အခန်းပိတ်စာကြည့်တော့မယ်တဲ့”

အားလုံးရဲ့ အကြည့်တွေက ဆန်နီနဲ့ ဒေါင်းကြီးဆီ ရောက်သွားကြသည်။

“တကယ်လားဒေါင်းကြီး မင်း ဘာထပြီးတော့ ကြောင်နေတာလဲ ခုမှ အစောကြီးပဲ ရှိသေးတယ်”

“နှစ်တိုင်း ကိုယ်ပိုင်စာကြည့်ချိန် မပိတ်မချင်း အတူတက်နေကြပဲကို မင်းက”

“ဟုတ်သားပဲ လေးဖြူပြောတာ မှန်တာပဲ နင်က ဘာထကြောင်တာလဲ ”

သူငယ်ချင်းတွေ ဆူညံပွက်လောရိုက်ကုန်ကြသည်။
သူမကလဲ သူ့ဆီကို တချက် မော့ကြည့်လိုက်သည်။

“ငါ့ အကြောင်းနဲ့ ငါပါကွာ...စာတွေလဲ ပြတ်နေပြီပဲ...ငါ စာမေးပွဲ အောင်အောင် လုပ်မှာပါဟ ...စိတ်မပူကြပါနဲ့”

“ဒေါင်းကြီးရေ မင်းကတော့ မလွယ်ဘူး...နောက်ပိုင်း သင်တာတွေက အရေးကြီးတာတွေ ပြန်သင်နေတာ .. မင်းတက်သင့်တယ်”
ဝူးဝါးကလဲ သူငယ်ချင်းဆိုတော့ ၀င်ပြောသည်။

“မင်းတို့ ပြန်ရှင်းပြကြပေါ့ကွာ ... ငါကတော့ ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ..”

“မင်းတို့လည်း နားလည်မှာပါ .. ငါကျောင်းဆက်တက်မှ ငါတကယ် စာမေးပွဲကျသွား နိုင်တယ်”

“ဒေါင်းကြီးရယ် နင်ကလဲ အဲဒီလောက် မပျော့ညံ့ စမ်းပါနဲ့ ဟယ်”
ဇာခြည်လဲ စိတ်မကောင်းစွာ ၀င်ပြောရှာသည်။

“နင်ပြောလဲ ခံရမှာပဲ ဇာခြည်ရာ...ထားလိုက်ပါတော့.. မင်းတို့အားလုံး ငါ့အတွက် စိတ်မကောင်းဖြစ်နေကြပြီ.. ငါတောင်းပန်ပါတယ် ...လာကျူတိုရီရယ် သွားဖြေကြရအောင်..”

သူငယ်ချင်းတွေ အားလုံး မျက်နှာ မကောင်းကြ။

ကျူတိုရီရယ် ဖြေတော့ အစောဆုံး သူငယ်ချင်းတွေ မပြီးခင် အစောဆုံးထထွက်ပြီး အဆောင်ကို တန်းပြန်ခဲ့သည်။ လောလောဆယ် ဘယ်သူနဲ့မှာလဲ စကားမပြောချင်ပါ။

စာမေးပွဲ နီးပြီဆိုတော့ ကျောင်းကလဲ ခြောက်တောက်တောက်ကြီး ဖြစ်နေလေသည်။ ရေတမာပင် လမ်းကလေးအတိုင်းပဲ လျှောက်ပြန်လာခဲ့သည်။ ရင်ထဲမှာ ဟာပြီး ဆို့နင့်ကြေကွဲနေသည်။

တကယ်ကို ဆုံးရှုံးသွားပြီ ဆိုတဲ့ အသိက နှလုံးသားတစ်ခုလုံးကို တိုက်စားနာကြင်စေသည်။ လျှောက်လာရင်း ဦးကျော် လက်ဖက်ရည်ဆိုင် ရှေ့နားရောက်လာသည်။ သူမနဲ့ စပြီး ဆုံခဲ့တဲ့ နေရာလေးပေါ့။ မတွေးတာပဲ ကောင်းတယ် ချစ်သူရယ်..။

ပျော့ညံ့တယ်ပဲ ပြောပြော ငါ့နှလုံးသားကိုက အချစ်နဲ့ပတ်သက်လာရင် ထိခိုက်ခံစားလွယ်လွန်းပါတယ် ချစ်သူရယ်..။

အဆောင်ပြန်ရောက်တော့ အခန်းထဲဝင်ပြီး အိပ်ယာပေါ် ခဏလှဲနေမိသည်။ နဖူးပေါ်လက်တင် စဉ်းစားကြည့်တော့ သူမနဲ့ ပတ်သက်တဲ့  အဖြစ်အပျက်တွေက ရုပ်ရှင်ဇာတ်လမ်းတပုဒ်လို တကွက်ချင်းပေါ်လာသည်။ တွေးလေလေ သူမကို ပိုပြီး မြတ်နိုးမိလေ ပိုချစ်လာလေလေပါပဲ..။

ချစ်သူရယ် ငါဘယ်လို မေ့ရမလဲ..။ အချစ်ဆိုတာ ကိုယ်ရုတ်သိမ်းချင်တိုင်း ရုတ်သိမ်းလို့ ရရဲ့လား..။
စိတ်တွေက ဂနာမငြိမ်ဖြစ်နေတော့ ဆေးပေါ့လိပ် တစ်လိပ်ကို မီးညှိလိုက်မိသည်။

နောက်ဆုံးတော့ ကိုယ်နဲ့ မတည့်တဲ့ ဆေးပေါ့လိပ်တွေကိုပဲ ရှိုက်ဖွာမိရင်း ကဗျာတပုဒ်ကို နာနာကြင်ကြင် ချရေးလိုက်မိသည်။

အခန်းကျဉ်းကျဉ်းထဲ
သက်ပြင်းတွေ အခါခါချ
ရင်ဘတ်ထဲမှာ
အချစ်တွေပဲ
စီးဆင်းနေရဲ့
မင်းငါ့အတွက်
နှင်းဆက်လိုက်တာက
အမုန်းဆုတဲ့လား...
ငါက
မမှီတဲ့ ပန်းကိုမှ တုံးခုလှမ်းခဲ့
ချစ်သူပေးတဲ့ အရှုံးနဲ့ပဲ
ငါကျေနပ်လိုက်ပါတယ်
ချစ်သူ..

၁၂

“ကို...ရယ်... ကို အရမ်းခံစားနေရလားဟင်..။ကျမလဲ ကိုနဲ့ ထပ်တူပါပဲ..။ကျူတိုရီရယ်ကို ဘယ်လို ဖြေလိုက်မိမှန်း မသိဘူး။ သူ့ကို အဖြေ ပေးလိုက်ရင် ကောင်းမလား။

ဟင်း...မဖြစ်သေးပါဘူး။စိတ်အလိုလိုက်လို့ မဖြစ်သေးပါဘူး။ ကျမ ဘာဆက်လုပ်ရမလဲ။
နွမ်းလျ ဆွေးမြေ့နေတဲ့ ကို့ရဲ့ တောင်းပန်တဲ့ မျက်ဝန်းတွေကို ကျမ တကယ် ရင်မဆိုင်နိုင်ပါဘူး။”
ကျူတိုရီရယ်ကို လက်စသတ်ရင်း သူမတယောက်တည်း တွေးနေမိသည်။

ဟင်.. အတန်းထဲမှာ သူမရှိတော့ပါလား။ဆရာမဆီ အဖြေလွှာစာအုပ်ထပ်ပြီး သူမ အပြင်ကို အမြန်ထွက်လိုက်မိသည်။ ဒါပေမယ့် အပြင်မှာလဲ သူမရှိတော့..။

“သြော် အကိုရယ် ကျမ ကို့ကို မြင်ခွင့်တောင် မရှိတော့ဘူးပေါ့နော်..”
ရင်ထဲမှာ အလိုလို ငိုချင်လာမိရင်း မျက်ဝန်းမှာ မျက်ရည်တွေ ၀ိုင်းလာသည်။

“ဟိတ် ကောင်မလေး ဘာတွေ ရှာနေတာလဲ ..။ ဒေါင်းကြီးကို ရှာနေတာလား..။”
အတန်းထဲက ထွက်လာတဲ့ အိသွယ်က မေးလိုက်သည်။

“ဟုတ်တယ်အမ သူဘယ်ရောက်သွားတာလဲ ဟင်..”

“ဒီကောင် အပြင်ထွက်သွားတာ ကြာပေါ့”

သူမ တကယ်ဝမ်းနည်းမိသည်။

“ဟိုလေ သမီးကြောင့် ကိုကျော်သူ ကျောင်းမတက်တာဆိုရင် သမီး တကယ် စိတ်မကောင်းပါဘူး မမအိသွယ်ရယ်”

“ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့ ဆန်နီရယ်.. အချစ်ဆိုတာ ဖန်တီးလို့မှ မရတဲ့ အရာပဲလေ”
မမအိသွယ် နားလည်တဲ့အပြုံးနဲ့ နှစ်သိမ့်သည်။

“ဟုတ်တယ် အိသွယ် ပြောတာ မှန်တယ်။ ဒီကောင်က စာတော်ပြီးသားပါ။ ဘာမှ စိတ်မပူနဲ့။ သူခံစားနေရတာတွေကို အချိန်က ကုစားပေးသွားမှာပါ”
ကိုဂူဂဲကလည်း သူမစိတ်သက်သာအောင် ၀င်ပြောပေးရှာပါသည်။

“ဟုတ်တော့ ဟုတ်ပါတယ် ကိုဂူဂဲရယ် ဒါပေမယ့် သမီးစိတ်မကောင်းဘူး။”
သူမ မျက်ရည်အ၀ဲသားနဲ့ ပြန်ပြောမိသည်။

“အောင်မယ် ကောင်မလေးတယောက် မူထားတာ ထင်တယ်..။မှန်မှန်ပြောစမ်း ညည်း ဒေါင်းကြီးကို ကြိုက်နေတယ် မဟုတ်လား”
မသဲမွန်ကလည်း ရယ်ရယ်မောမောနဲ့ စလိုက်သည်။

“ဟာ မမ သဲမွန်တို့ကလဲ သမီးက အဲလို မဟုတ်ပါဘူး..”
ဒီလိုဆိုတော့လဲ သူမတကယ်ရှက်မိသည်။

“မိန်းကလေးချင်းပဲအေ ငါတို့လဲ ရိပ်မိပါတယ်..။ မမတို့ကို အမှန်တိုင်း ပြောပြနော်..”

မမဇာခြည်တို့ တကယ်ပဲ ရိပ်မိနေကြပြီလား.။သူမ မျကိနှာလေး ရဲတွတ်နေမိသည်။

“ငါတို့က ညည်းတို့နှစ်ယောက်ကို ကြည့်ရင်း ရင်မောနေကြတာအေ့”

သူမလဲ မြိုသိပ်ထားရတာ မွန်းကြပ်နေပြီ ..။ တယောက်ယောက်ကို ရင်ဖွင့်ချင်ပါသည်။ နောက်ဆုံး မမအိသွယ်တို့ အဖွဲ့ကိုပဲ ရင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်သည်။

“မမသဲမွန်တို့ သူ့ကိုတော့ ပြန်မပြောရဘူးနော်”

“အောင်မလေး ဈေးကိုင်လိုက်တာ ဆန်နီရယ် ပြောမယ့်ဟာကို”

“ပြောပါ့မယ် မမတို့ရယ် ..။ တကယ်တော့လေ သမီးသူ့ကို ချစ်ပါတယ်..။သူ့ကို ပေးမယ့် အဖြေကလဲ ရှိပြီးသားပါ။ ဒါပေမယ့် သမီးမှာလဲ အကြောင်းတွေ ရှိသေးတယ်”

အားလုံးက သူမပြေသမျှကို စိတ်ဝင်တစား နားထောင်နေကြပါသည်။

“သမီး မုံရွာကျောင်းကို ပြောင်းလာဖြစ်တဲ့ အကြောင်းက ဒီလိုပါ.....
..........”
သူမအကြောင်းတွေကို သူငယ်ချင်းတဖွဲ့လုံး ကို ရင်ဖွင့်လိုက်မိသည်။

“အင်း... ငါတို့လည်း ထင်တော့ ထင်ပါတယ်။ နင့်ကို ကြည့်ရတာ တမျိုးပဲလို့ပေါ့။
ငါတို့လဲ ဘယ်လို အကြံဥာဏ်တွေ ပေးရမယ်မှန်း မသိတော့ဘူးဟယ်”

အိသွယ်က လဲ စိတ်မကောင်းစွာ ပြောသည်။

“အိသွယ် ပြောတာမှန်တယ် .. ဘ၀ရဲ့ ချမ်းသာမှု မိဘရဲ့ စိတ်ချမ်းသာမှုကို ရွေးမလား၊ ဒါမှမဟုတ် ကိုရဲ့နှလုံးသားအလိုကို လိုက်မလား ဆိုတာ နင်ကိုယ်တိုင် ဆုံးဖြတ်တာ အကောင်းဆုံးပဲ ဆန်နီ”
ဂူဂဲက တွေးဆဆ ပြောသည်။

“ကျော်သူတို့ မိဘတွေကတော့ လူလတ်တန်းစားတွေ။သိပ်အချမ်းသာကြီးတော့ မဟုတ်ကြဘူး။ဘာပဲဖြစ်ဖြစ် ဒေါင်းကြီးလဲ ခေတ်ပညာတတ် တစ်ယောက်ပဲ..။ပြီးတော့ ရိုးသားတယ် ၊ နင့်ကိုလဲ တကယ် ချစ်ရှာပါတယ်”
ကိုလေးဖြူကလဲ သူ့ငယ်ချင်းအတွက် ၀င်ပြောပေးသည်။

“စဉ်းစားပေါ့ဟာ ငါတို့ကတော့ သူငယ်ချင်းဆိုပြီး မျက်နှာမလိုက်ပါဘူး..။ ဆန်နီရဲ့ ဘ၀တစ်ခုလုံးနဲ့ ဆိုင်နေတော့ တို့လဲ ဆုံးဖြတ်မပေးရဲဘူးဟ”

“သမီးလဲ ဘယ်လို ဆုံးဖြတ်ရမှန်းမသိတော့ပါဘူး ကိုကြီးပေါရယ်..ပြီးတော့ ကို.. အဲ ကိုကျော်သူ့ကိုလဲ သနားတယ်”

“ကဲကဲ စဉ်းစားစဉ်းစား စဉ်းစားရုံနဲ့လဲ မပြီးသေးဘူး။စာလဲ ကြည့်ဦး စာမေးပွဲကလဲ နီးနေပြီ..
ငါတို့ ဒေါင်းကြီးကို  ပြန်မပြောပါဘူးဟာ.. နင့်ဘာသာနင် ဆုံးဖြတ်ပါ..”

သူငယ်ချင်းတွေ ဆိုတော့လဲ တခုခုဆို တဦးကိုတဦး ၀ိုင်းဝန်းဖြေရှင်းပေးကြပါသည်။

“ကဲ အားလုံး သွားကြစို့ အတန်းလဲ ပြီးပြီ”
ဝူးဝါး ပြောမှပဲ အားလုံး ကျောင်းကနေ ထပြန်လာခဲ့ကြသည်။

သူမ အဆောင်ပြန်ရောက်တော့ အန်တီလေးတို့ရောက်နေတာ တွေ့လိုက်ရသည်။

“အန်တီလေးတို့ သမီးဆီ အလည်လာကြတာလားဟင်”

“ဟုတ်တယ် သမီးရေ ဒီနေ့ အလုပ်လေး နဲနဲပါးတာနဲ့၊ ပြီးတော့ သမီးမှာ ဟင်းတွေဘာတွေ ကုန်နေလောက်ပြီထင်လို့ ထွက်လာလိုက်တာ”

“အန်တီလေးတို့ ဟိုအရင်ပတ်က ပေးသွားတဲ့ ဟင်းတွေတောင် မကုန်သေးဘူး အန်တီးလေးရဲ့”

“ဟယ် ကြာလှပြီကို သမီးက စားမှပေါ့..။ကြည့်စမ်း စာမေးပွဲနီးလို့ စာတွေ အရမ်းကြိုးစားနေတယ် ထင်တယ်..။ ငါတူမလေးတောင် ပိန်သွားသလိုပဲ..”
အန်တီလေးက စိုးရိမ်စွာ ပြောရှာသည်။

“ကျန်းမာရေး ဂရုစိုက်နော်..။ သမီးရယ် အန်တီလေးနဲ့ အတူနေရင် ပြီးနေတာကို ခုတော့ အန်တီလေး စိတ်ပူနေရတာပေါ့”

“ငါ့တူမလေးက ချစ်စရာလေးဆိုတော့ ကြိုက်တဲ့ လူတွေပေါမှာပဲ အန်တီလေးစိတ်ကို မချဘူး”
အန်တီလေးပုံစံက တကယ် စိတ်ပူနေပုံပါပဲ။

“သမီးရည်းစားမထားပါဘူး အန်တီလေး”
ပြောသာ ပြောလိုက်ရတာ စိတ်ထဲမှာ သိပ်မလုံချင်။

“မနက်ကတောင် သမီးအမေ ဖုန်းဆက်သေးတယ်”

“ဟုတ်လား အန်တီလေး မေမေက ဘာပြောလဲဟင်”

“ထုံးစုံအတိုင်းပေါ့ ညည်းကို သေချာစောင့်ရှောက်ပါတဲ့..အဓိကက ရည်းစားတွေဘာတွေ မထားစေနဲ့တဲ့..သတင်းကြားလို့ကတော့ မလွယ်ဘူးမှတ်တဲ့..”

“သမီးမေမေနဲ့ အန်တီလေးတို့ စကားများရအောင်တော့ မလုပ်ပါနဲ့နော် သမီးလေး”
အန်တီလေးက စိုးရိမ်စွာ ပြောရှာသည်။

“ဟုတ်ကဲ့ပါ အန်တီလေး”
လူကြီး စိတ်ချမ်းသာအောင် ပြောသာပြောလိုက်ရသည် လိမ်မိတဲ့အတွက် စိတ်ထဲမှာ မကောင်း။

“ဟောဒီမှာ ဘာလချောင်ကြော်၊ ဒါက ၀က်အူချောင်းကြော်၊ ဒါကတော့ ဆတ်သားခြောက်ဖုတ်၊ငါးရံ့ခြောက်ဖုတ်နှင့် နှစ်ပြန်ကြော်တွေ။ သရက်သီးသနပ်နဲ့ စာကျက်ရင်းစားဖို့ လက္ဖက်နှပ်၊အချဉ်ထုပ်၊
မုန့်ပုံးနဲ့ အားဆေးတွေ”

“လိုတာရှိရင် ဖုန်းဆက်မှာနော် သမီးလေး”
အန်တီလေးက တကယ့်သမီးလေးအရင်းလို ဂရုစိုက်ရှာသည်။

“အများကြီးပဲ အန်တီလေးရယ် သမီး မကုန်ပါဘူး”

“အောင်မလေး ဒါတောင် ညည်းအဖွားက နဲတယ်ထင်သေးတာတော့”

“သူ့မြေးလေး အစားအသောက်ဆင်းရဲမှာ စိုးလို့တဲ့တော်၊ သမီးသူငယ်ချင်းတွေလည်း ကျွေးရတာပေါ့အေ ဟုတ်ဘူးလား”
အန်တီလေးက စေတနာကောင်းသည်။ ဘယ်သူ့အပေါ်မှ နှမြောတွန့်တို တတ်သူမဟုတ်ပေ။

“ကဲ ရောက်နေတာလဲကြာပြီ ဆိုင်ကလဲပစ်ထားခဲ့ရတာဆိုတော့ ပြန်တော့မယ်နော် သမီး”

“ဟုတ်ကဲ့ပါ အန်တီလေး”

“အေးအေး စာကြိုးစား လိမ်လိမ်မာမာနေ၊ လိုအပ်တာရှိရင် ဖုန်းဆက်ဖို့ မမေ့နဲ့နော် သမီး”

“စိတ်ချပါ အန်တီလေး၊ ဘွားဘွားကိုလည်း ပြောလိုက်ပါဦး သမီးက လွမ်းတယ်လို့ စာမေးပွဲပြီးမှ လာတော့မယ်လို့ ပြောလိုက်ပါဦးနော် တာ့တာနော်တီလေး ”

“အေး အေး သွားပြီနော်သမီး”
အန်တီလေးက နှုတ်ဆက်ကာ ပြန်သွားပါသည်။

အန်တီလေးတို့ ပြန်သွားမှ မမသဲမွန်တို့ အဖွဲ့တွေ အနားရောက်လာကြသည်။

“ဆန်နီရယ် ဆန်နီအရမ်းကံကောင်းတာပဲ ဆန်နီအဒေါ်တွေကလည်း အရမ်းချစ်ကြတယ်နော်”

“သူတို့က အပျိုကြီး အမတို့ရ ဒါကြောင့် သူတို့မှာ သမီးပဲ ချစ်စရာရှိတာလေ”
သူမ ကြည်ကြည်နူးနူးလေး ပြောမိသည်။

“ကဲ စားစရာတွေတော့ ရောက်လာပြီ မမတို့ရော ၀ိုင်းစားရမယ်နော် သမီးတယောက်ထဲ ဒါတွေမကုန်ဘူး”

“စိတ်ချ စားရမှာပေါ့ ဒါမျိုးတော့ စိတ်ချ ဟဟ.. ကဲကဲ စာအရင်ကြည့်ကြစို့ စာမေးပွဲ နီးလာပြီ”

တွက်စာတွေများတဲ့ မေဂျာမို့ စာကြည့်ရတာ ဦးနှောက်ခြောက်လှပါသည်။တချက်တချက် အတွေးထဲရောက်ရောက်လာတတ်တဲ့ နွေးထွေးနူးညံ့တဲ့ ကို့ရဲ့ မျက်ဝန်းတွေကလဲ ကျမနှလုံးသားတွေကို
ဆူဝေစေပါသည်။
“ကျမ ဘယ်လိုဆုံးဖြတ်ရမလဲ”

“ဟိတ် ကောင်မလေး ..စာမတွက်ဘဲ ဘာတွေတွေးနေတာလဲ..ဒေါင်းကြီး အကြောင်းမှ ဟုတ်ရဲ့လား”
သဲမွန်ရဲ့ နောက်ပြောင်မှုကြောင့် သူမ မျက်နှာ လှလှလေးဟာ မလုံမလဲ ရှက်သွေးဖြာသွားရသည်။

“ဟာ မမသဲမွန်ကလဲ..မဟုတ်ပါဘူး..သမီး ဘယ်လိုတွက်လို့ တွက်ရမှန်းမသိလို့ စဉ်းစားနေတာ”
ရှက်ရှက်နှင့် ပြောမိပြောရာ ပြောလိုက်မိသည်။

“ဟဟ ဟုတ်ရဲ့လား..တို့ကတော့ မယုံရေးချ မယုံတော် ကိုကိုကျော်သူကို ဘယ်လို အဖြေပေးရင်ကောင်းမလဲလို့ တွေးနေတယ်ဟုတ်”
“ဟာ မမအိသွယ်က တမျိုး မမတို့ဒါပဲလာစနေတယ် တော်ပီ သမီးမခေါ်တော့ဘူး“

“ဟဟ ကောင်မလေးတယောက် မှန်တာပြောလို့ ရှက်သွားပြီဟေ့”

ဇာတ်သိမ်းပိုင်းမျှော်
လင်းဝေ

Sunday, November 21, 2010

ကျောင်းတော်က ရင်ခုန်သံ အပိုင်း (၇)

အပိုင်း (၆) မှ အဆက်

ကျမမိဘများသည် ချမ်းသာကြွယ်ဝသော ဆီစက်၊ဆန်စက်ပိုင်ရှင်များ ဖြစ်ကြသည်။
အလွန်စည်းကမ်းတင်းကြပ်သော၊အစဉ်အလာကြီးသော အသိုင်းအ၀ိုင်းလည်း ဖြစ်သည်။
အိမ်ထောင်ပြုရာတွင်လည်း မိဘများစီစဉ်ပေးသည့်သူကို လက်ထပ်ရသည့် ရှေးရိုးစွဲအစဉ်အလာ
တစ်ခုလည်း ရှိသည်။ယခုလည်း ဆရာဝန်တစ်ယောက်နဲ့ လက်ထပ်ဖို့ စီစဉ်ထားပြီးဖြစ်ပါသည်။

ကျမကတော့ အချစ်မပါသော နှလုံးသားမဲ့ အိမ်ထောင်တစ်ခုမှာ ဘ၀ကိုမနှစ်မြုပ်ချင်ပါ။
သို့သော် အချစ်ဆိုသော အရာကိုလည်း အဲဒီတုန်းက နားမလည်ခဲ့သေးပေ။မေမေ့စကားကို
မလွန်ဆန်နိုင်၍သာ ခေါင်းငြိမ့်ခဲ့ရခြင်း ဖြစ်ပါသည်။အဲဒီအတွက် မေမေကလည်း ကျမရဲ့ တောင်းဆိုချက်တစ်ခုကိုလိုက်လျောပေးခဲ့ပါသည်။အဲဒါကတော့ အိမ်ထောင်မပြုခင် ကျောင်းကို လွတ်လပ်စွာ တက်ခွင့်ပဲ ဖြစ်ပါသည်။

မန္တလေးတက္ကသိုလ်မှာဆို ထိုဆရာဝန်ဆိုသော ပုဂ္ဂုလ်ကိုမမတွေ့ချင်ဘဲ တွေ့နေရသည်။ကျမထိုလူကို ဘယ်လိုမှ ကြည့်လို့မရ၊မေတ္တာလည်း ထားလို့မရပါ။ထို့ကြောင့် သူနဲ့မတွေ့အောင် အမြဲရှောင်နေရသည်။ သို့သော် ထိုလူကလည်း မျက်နှာပြောင်တိုက်ကာ လာမြဲလာနေသည်။ထို့ကြောင့် အဒေါ်များရှိရာ မုံရွာကျောင်းကို ပြောင်းခဲ့ရခြင်းဖြစ်သည်။

ကံဆိုးတာလား ကံကောင်းတာလား ခုတော့ တသက်လုံး မခံစားခဲ့ဖူးသည့် အချစ်ဆိုသော ခံစားချက်သည် ကျမရင်ကို နွေးထွေးလာစေခဲ့ပါသည်။နွေးထွေးမှုနဲ့အတူ ၀မ်းနည်းကြေကွဲရမှုတို့သည် နှလုံးသားကို တပြိုင်နက်ထဲ လောင်ကျွမ်းစေပါသည်။

အချစ်သည် မမျှော်လင့်နိုင်တဲ့ အချိန်တစ်ခုမှာပဲ ကျမမသိအောင် ကျမနှလုံးသားထဲကို ၀င်ရောက်နေခဲ့ပါသည်။ အဲဒီအတွက် ကျမမှားတယ်လို့မယူဆချင်ပါ။မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတစ်ခုဟာ အတွေးတွေကို နှိတ်စက်နေလေသည်။အင်း ငါဘယ်လို ဆုံးဖြတ်ရမလဲ။အဝေးဆီမှ နာရီသံချောင်းခေါက်သံ ၃ ချက်တိတိ ကြားလိုက်ရသည်။တော်တော်တောင် ညနက်နေပြီပဲ။ညသည် ၀မ်းနည်းကြေကွဲစရာ ကောင်းလွန်းနေသည်။

“မဖြစ်သေးဘူး”
မနက်ကျရင် စာသင်ခန်းထဲမှာ အိပ်ငိုက်နေမှာ စိုးရသည်။ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားပြီး အိပ်ပျော်အောင် ကြိုးစားရမည်။ ပြတင်းပေါက်မှ ခန်းစည်းစလေးကို ဆွဲချပြီး အိပ်ယာပေါ်တက်ကာ လှဲအိပ်လိုက်သည်။အတွေးတို့က ဟိုတစ်စ သည်တစ်စ.။ကိုရယ် မဖြစ်နိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်အတွက် ကျမတို့နှစ်ယောက် ခတ်စိမ်းစိမ်းပဲ နေလိုက်ကြတာ ကောင်းမယ်ထင်တယ်။ဒီထက်ပိုပြီး သံယောဇဉ်တွေ ဖြစ်မိရင် ပိုပြီးခံစားရလိမ့်မယ်လေ။

ခွင့်လွှတ်ပါ ကိုရယ် ကျမလေ ကိုမသိအောင်ပဲ တိတ်တိတ်လေး ချစ်သွားပါ့မယ်။
အလူးလူးအလိမ့်လိမ့် သူမ မဆုံးနိုင်တဲ့ အိပ်မက်တွေဆီ ရောက်ရှိသွားလေသည်။

၁၁

ကြယ်တွေ
ရုတ်တရက်
သေဆုံးသွားရတဲ့
ည တညပါ...
ကောင်းကင် ပျောက်ရှသွားမှာ
ကြောက်လို့
တိတ်တဆိတ်
ငိုကြွေးနေတဲ့
လမင်းရဲ့
ရှိုက်သံသဲ့သဲ့ကို
ငါကြားတယ်...
အပြာရောင်
မှိန်ပျပျ လင်းနေတဲ့
ငါ့ရဲ့
အခန်းကျဉ်းလေးက
ငါ့ကို
ထွေးပွေ့ထားတယ်..
ဟောဒီ..အခန်းထဲမှာ...
မင်း စွန့်ပစ်လိုက်လို့
နာကြင်နေတဲ့
ကဗျာတပုဒ်...
မင်းကို..လွမ်းလို့..
တုန်ခါနေတဲ့
သံစဉ်တခု...
ဖတ်လက်စ
စာအုပ်တအုပ်...
စားလက်စ
ထမင်းပန်းကန်တချပ်
ရေးလက်စ
သီချင်း တပိုင်းတစ
ဖရိုဖရဲ
အိပ်မောကျနေတဲ့
ဂစ်တာအိုလေး...
ကျိုးကြေသွားတဲ့
မျှော်လင့်ချက်
အပိုင်းအစတွေနဲ့
လေပြေက
အံထုတ်လိုက်တဲ့
ပန်းတပွင့်ရဲ့
ခတ်အက်အက် ရနံ့....
ပြီးတော့...
အမှတ်တမဲ့များ...
အမှတ်တရများ...
ဒဏ်ရာများ...
မင်းနဲ့ငါကြား
ကမ္ဘာကြီး
ထက်ခြမ်း ကွဲသွားသလိုမျိုး
အရာရာဟာ
ဝေးကွာဖို့
အဆင်သင့်ဖြစ်နေကြရဲ့...
နေမြင့်လေလေ
အရူးရင့်လေလေ
အချစ်ရေ
ငါ့မျက်လုံးတွေ
တဖြည်းဖြည်း
ေ၀၀ါးလာတယ်...
ဒါပေမယ့်
မျက်ဝန်းတွေရဲ့
`အဖွင်´့`အပိတ်´မှာ
မင်း...ပုံရိပ်တွေ....
မင်း...သဏ္ဌာန်တွေ...
မင်း...အပြုံးတွေ....
...ငါ.....
မုန်းရမှာတဲ့ လား....
မေ့ရမှာတဲ့ လား...
မတွေ့ခဲ့ကြရင်
အကောင်းဆုံးတဲ့ လား...
အိပ်ပျော်ဖို့
ကြိုးစားရင်း
မိုးလင်းသွားရဦးမယ့်
နောက် လာမယ့်
ငါ့ရဲ့...အထီးကျန်ညများ...
...ဒါတွေဟာ...
...ဒါတွေဟာ...
ချစ်တတ်သူ
တယောက်အတွက်
ချစ်သူပေးခဲ့သော
ဆုလဒ်များ အဖြစ်
ငါ့နှလုံးသားတွေထဲ
အမြဲထစ်ချုန်းနေမှာပါ..
အချစ်ရယ်....

`ဂူဂဲ ထတော့လေကွာ ကျောင်းသွားရအောင်´
ဂူဂဲက တခေါခေါနဲ့ ကောင်းစွာအိပ်မောကြနေဆဲပါပဲ။

`ဟေ့ကောင် ထတော့ကွ ရှစ်နာရီထိုးတော့မယ်´
သူ့ကိုပေါ်မှာ ခြုံထားတဲ့စောင်ကို အတင်းဆွဲချရသည်။ဒီလိုမှ မလုပ်ရင် ဘယ်လိုမှထမယ့် ကောင်မဟုတ်ပါ။

`ဟာ ဒေါင်းကြီးဘယ်လို လုပ်တာလည်းကွာ ဒီမှာ အတင်း အိပ်လို့ကောင်းနေတာကွ´

`သူများသားသမီးကို တော်တော် စည်းစိမ်ဖျက်ချင်တဲ့ ကောင်ပဲ´

`နေ့တိုင်းအိပ်နေရတာပဲကွာ လူ့ဘ၀ဆိုတာ တိုတိုလေး။ မင်းရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အိပ်စက်ခြင်းနဲ့ပဲ ဖြုန်းတီးပစ်မလို့လား ငတုန်းရ´

`စကားကြီးစကားကျယ်တွေကွာ တော်ပါတော့ ပြော မင်းက ဘာတွေအရေးကြီးနေတာလဲ´

`ဒီနေ့ငါ အတန်းမတက်တော့ဘူးကွာ မင်းဘာသာ တစ်ယောက်တည်းပဲ သွားတော့။မနေ့ညက မန်ယူပွဲကလည်း ရှုံးသေး အိပ်ရေးကလည်းပျက်သေး။ငါ့ဒေါသတွေ မင်းအပေါ် စုပုံသွားမယ်နော်´
ဂူဂဲ အိပ်ရေးမ၀ဘဲ ထလိုက်ရလို့ ဘုတောနေသည်။

`လိုက်ခဲ့ပါကွာ ငါတစ်ကောင်တည်း ကျောင်းသွားရမှာ ယောင်ချာချာကြီးမို့ပါ´

`မလိုက်ဘူးဆို မလိုက်ဘူးကွာ´

`ဒီမှာ ဂူဂဲ မင်းကျောင်းသားမဟုတ်ဘူးလား။မိဘက ငွေကုန်ကြေးကျခံပြီး ကျောင်းထားပေးရတာ။
မင်းကျောင်းမှန်မှန်တော့ တက်သင့်ပါတယ်။”

“လောကမှာ ငွေဆိုတာ သုံးဖြုန်းပစ်လိုက်ဖို့သာ လွယ်တာ။
ရှာဖို့က တော်တော်ခက်တယ်ကွ မင်းသိလား´

`ကဲ ထပြီဟေ့ ဘယ့်နှယ်ကွာ နားကိုညီးနေတာပဲ၊ဒီမှာ မင်းထက်သိလွန်းတတ်လွန်းလို့လေ အံကို တိုနေပြီသိလား။´

`ဒီလိုလုပ်စမ်းပါ ဂူဂဲရ´

`မေမေရေ သားမှာလေ ဟောဒီသူငယ်ချင်း အကောင်းစားကြီးနဲ့နေရတာ အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်းမစားပါလားဗျ၊ ဒါနဲ့ ရေခ်ျိုးကန်ထဲမှာ ရေရှိသေးလား´

`အေးရှိသေးတယ် မြန်မြန်ချိုးကွာ အတန်းမမီဘဲ နေဦးမယ်´

`ဟုတ်ကဲ့ အဘ´

“ကို အောင်ဇော်ထွေး ရေကျန်သေးလားဗျ”

“ကျန်ပါ့ဗျာ မင်း နှစ်ခါ တောင် ပြန်ချိုးလို့ရတယ်။ မင်းက ဒီတခါ အစောကြီး နိုးလို့ပါလားကွ”

“ဟိုကောင် ဒေါင်းကြီး နှိပ်စက်လို့ပါဗျာ”

“ဟဟ မင်းတို့နှစ်ယောက်က မတဲ့အတူနေ မမြင်ချောင်းကြည့်”

“ဟာ ကိုဂူဂဲ ရေချိုးတော့မှာလား ကျနော်လဲ အတူချိုးမယ်ဗျို့”

“လာပါ မောင်တောက်ရာ ရေတွင်း ငါပိုင်တာမဟုတ်ဘူး”

“ဟဟ ကိုဂူဂဲကတော့ လုပ်ပြီ”

“ညကျ ဂစ်တာတီး သွားရင် ကျနော့် ခေါ်ဦးနော်”

“စိတ်ချပါကွာ စာတော့ ကြည့်နော် မင်းတို့ စာမေးပွဲကျရင် ငါဖျက်ဆီးတယ်ဖြစ်နေဦးမယ်”

“ဟုတ်ကဲ့ပါဗျ ကိုဂူဂဲတို့လို ဘီတက်ပါအောင် လုပ်မှာပါ”

`ဟေး ချမ်းချမ်းလှပြီ အေး အေးလှပြီ စကားလေးတစ်ခွန်းတော့ မေးလိုက်ချင်သည် ခင့်နာမည်....ဗွမ်း..ဗွမ်း..´

ဂူဂဲက ဒီလိုပဲ ရေချိုးရင်း အသံအာပြဲနဲ့ သီချင်းအော်ဆိုတတ်တဲ့ အကျင့်ရှိပါသည်။

`ဒေါင်းကြီးရေ ငါ့ကို ရေလည်းပုဆိုးလေး မ,စပါဦး ငါမေ့သွားလို့´

`မင်းဘယ်တုန်းကများ သတိရလို့တုန်း၊ရေချိုးတိုင်း ဆပ်ပြာ၊တဘက်၊ရေလဲ ဘာမှမပါဘူး ပြီးရင် သူများဆပ်ပြာ ယူသုံးမယ် ငါ့ကိုလှမ်းအော်မယ် ဒါပဲ၊မင်းကိုငါ အဲဒါတွေ မကြိုက်တာ။စည်းကမ်းရှိရှိနေစမ်းပါကွာ။ အလကားနေရင်း သူများအပြောမခံစမ်းပါနဲ့´

`အေးပါကွာ၊ ဒါနဲ့ မင်း ငါ့ကို မနက်ကတည်းက ထိုင်ဆော်နေပါလားကွဟေ ဘာသဘောလဲ၊ငါလည်း
မင်းရည်းစား ကြာမခိုရပါလားကွ´

`ဘာမှမဟုတ်ဘူး မင်းရဲ့ ကို့ယို့ကားယားအပေါက်တွေကို ကြည့်မရတာ ကြာနေပြီ ၊ခုဟာက ပြောလက်စနဲ့မို့တစ်ခါထဲ လုံးပြောလိုက်တာ”

“ ဒါတွေထားလိုက်ပါကွာ ခုယူနီဖောင်းမြန်မြန်လဲလိုက် ရွှေယမင်းမှာ စမူဆာသုတ် တစ်ပွဲလောက် ၀င်ဆွဲရအောင်´

“ဟေး ဒေါင်းကြီး အသည်းကွဲနေတာဆို ၊ အကိုကြီးတို့လည်း လုံးကွဲကြမယ်ကွာ ဟဟား”

“ကိုကျော်ထင်ကြီးကတော့ နောက်ပြီ”
သူတို့အဆာင်လေးက ပျော်စရာကောင်းသည်။ မေဂျာစုံ နှစ်အစုံ လူစုံသည်။ တယောက်နဲ့တယောက် ညီအကိုတွေလို နေကြသည်။

`အေး ငါလည်းဗိုက်ဆာနေပြီ၊စကားမစပ် မင်းမျက်လုံးတွေ ရဲနေပါလား၊ဘာလည်း ညက မအိပ်ဘူးလား´

`အေးကွာ ငါလည်း ဆန်နီ့အကြောင်းတွေးပြီး ညညအိပ်မရတာတွေ တော်တော်များနေပြီ၊ အရမ်းခံစားရတယ်ကွာ´

`အဲ အဲဒီမှာ စတွေ့တာပဲ´

`တကယ်ပါ သူငါ့ကို ခုထိကို အတွေ့မခံသေးဘူးကွာ၊သဲမွန်တို့အဖွဲ့ ၀ိုင်းပြောပေးတာလည်း မရဘူး..”

“ငါလည်း စိတ်ညစ်ပါတယ်ကွာ၊ မင်းတို့စိတ်မကောင်းဖြစ်မှာစိုးလို့ ငါဘာသာ တစ်ယောက်ထဲ ခံစားနေတာ´

`အေးကွာ အဲဒီကလေးမကလည်း ဒီလောက်ဆို စိတ်ပြေသင့်ပါပြီ၊ တောင်းပန်တဲ့သူကလည်း တောင်းပန်နေတာပဲမဟုတ်လား´

`ထားလိုက်ပါတော့ကွာ´

ပြောရင်းဆိုရင်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်မှန်းမသိ ရောက်လာကြသည်။ကြီးပေါတို့အဖွဲ့ကတော့ ရောက်နှင့်နြေဲကသည်။

`ဟိုနှစ်ကောင် မင်းတို့စားကြဦးမှာ မို့လား ငါတို့သွားနှင့်မယ်´ ကြီးပေါက လှမ်းပြောသည်။

`အေးကြီးပေါ ငါတို့နှစ်ကောင် ဆွဲခဲ့လိုက်ဦးမယ်´

`ဂူဂဲ ဒီနေ့ ကျူတိုရီယယ်ရှိတယ် မဟုတ်လား´

`အေးဟုတ်တယ် ပါဝါအီလက်ထရွန်းနစ်လေ နောက်ဆုံးအပတ်ပဲ ဒီတစ်ခါဖြေပြီးရင်ပြီးပြီ´

`အကိုတို့နှစ်ယောက် ဘာစားကြမှာလည်းဗျ´

`စမူဆာသုတ်တစ်ပွဲ၊ထမင်းသုတ် နှစ်ပွဲ၊ကျဆိမ့် နှစ်ခွက် ပြီးတော့ နေခြည်ဆေးပေါ့လိပ် တစ်ပွဲချကွာ´

ဂူဂဲမှာနေတုန်း ကျနော်က ဓာတ်ဘူးထဲမှ ရေနွေးနှစ်ပန်းကန် ငှဲ့ထည့်ပေးလိုက်သည်။

`၀ါး လက်ဖက်ခြောက်နံ့လေးကို သင်းနေတာပဲ ဂူဂဲ သူငယ်ချင်း ရေနွေးအရင်သောက်ကွာ ကောင်းတယ်´

လက်ဖက်ခြောက်ရနံ့လေးသင်းနေသည့် ရေနွေးပူပူ တစ်ပန်းကန်သည် ကျနော့်ဝမ်းခေါင်းထဲသို့ အကာအကွယ်မဲ့ စီးဆင်းသွားသည်။ရင်ထဲ နွေးထွေးလန်းဆန်းသွားသလိုပါပဲ။မြန်မာ့ရိုးရာ ရေနွေးကြမ်းကိုတော့ ကျနော် အရမ်းနှစ်သက်ပါသည်။

`ဘယ့်နှယ်လဲ ဂူဂဲ ရေနွေးကြမ်းက ဒီနေ့တော်တော်ဂွတ်တယ် မဟုတ်လား၊ကိုးကန့်လက်ဖက်ခြောက်တွေ သုံးထားတယ်ကွ ဧကန္တ မင်းယောက္ခမကြီး နှစ်လုံးထီများ ပေါက်ထားသလားမသိဘူး´

`ကြားသွားလို့ ပြေးပေါက်မှားနေပါဦးမယ် ဒေါင်းကြီးရာ´

စားပွဲထိုးလေးလာချသော စမူစာသုတ်နဲ့ ထမင်းသုတ်ပူပူလေးကို နှစ်ယောက်သား အားပါးတရ စားပစ်လိုက်ကြသည်။တမနက်ခင်းလုံး ခုန်ပေါက်နေခဲ့တဲ့ အစာအိမ်လည်း ခုမှပဲ ကျေနပ်စွာ ငြိမ်သက်သွားပါတော့သည်။
ကျဆိမ့်လေးသောက်ရင်း ဆေးပေါ့လိပ်ကိုယ်စီနဲ့ ဇိမ်ယူလိုက်ကြသေးသည်။

`သွားကြမယ်လေ´

`လစ်ကြတာပေါ့၊ ဟာ ဟေ့ကောင် ဒေါင်းကြီး ရှေ့မှာ ဆန်နီမို့လား´

`အင်းဟုတ်တယ်´

`တစ်ယောက်တည်း လမ်းလျှောက်လာတာကွ မင်းတော့ ဂွင်ပဲ´

`ဒီတခါတော့ ကျေနပ်အောင်ကို တောင်းပန်မယ်ကွာ မင်းနောက်က ဖြေးဖြေးလိုက်ခဲ့တော့´

ဂူဂဲကို ထားခဲ့ပြီး သူမဆီ လျှင်မြန်သော ခြေလှမ်းများဖြင့် လိုက်သွားမိသည်။

`ဆန်နီ..ဆန်နီ...နေပါဦး တို့ စကားနည်းနည်းလောက်ပြောချင်လို့´

မကြားတာလည်း မကြားချင်ယောင်ပဲဆောင်နေသလားမသိ သူမကတော့ တချက်လေးမှ ငဲ့မကြည့်ပေ။

`ဆန်နီ တကယ်ခဏလေးပါ အဲဒီလို မလုပ်ပါနဲ့ လူတွေ့ရှေ့ ကြည့်မကောင်းပါဘူး။ဒီတစ်ခါပဲ နောက်ဆုံးအခွင့်အရေးအနေနဲ့ တို့ကို တောင်းပန်ခွင့်ပေးပါ´

သူမ လှပသော ခြေလှမ်းတွေကို တုံ့ခနဲရပ်လိုက်သည်။ထို့နောက် နဖူးပေါ် ၀ဲဖြာကျနေသော ဆန်နွယ်စတွေကို ယမ်းခါရင်း ကျနော့်ကို စူးစူးရဲရဲလေး မော့ကြည့်လိုက်သည်။
ချစ်သူရယ် ခုလိုအနီးကပ် မြင်တွေ့ခွင့်မရတာ ဘယ်နှစ်ရက်ရှိပြီလဲ။

ချစ်စရာ ကောင်းလိုက်တာကွာ။နေမကောင်း၍များလားမသိ မျက်နှာလေးကတော့ နည်းနည်း ငြှိုးနေသည်။

`ကိုကျော်သူ ဘာပြောမှာလဲ ပြောလေ ကျမ အတန်းတက်ရဦးမှာ´

`ဆောရီး ဘယ်ကစပြောရမလဲလို့ စဉ်းစားနေလို့ ဒီလိုလေ ဟိုတနေ့က ကိစ္စကို တို့တကယ်တောင်းပန်ပါတယ်။နောက်ဘယ်တော့မှ ဒီလို မဖြစ်စေရဘူးလို့ ကို ကတိပေးတယ်။တို့မင်းကို တောင်းပန်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်၊ဒါပေမယ့်..´

`ဒီကိစ္စတွေကို ထားလိုက်ပါတော့ ကိုကျော်သူ၊ကျမကလည်း ဘာမှမဖြစ်ခဲ့ဘူးလို့ သဘောထားပြီး မေ့လိုက်ပါပြီ´

`တို့က မှားခဲ့တာဆိုတော့ တောင်းပန်ရမှပေါ့´

`တောင်းပန်စရာမလိုပါဘူး၊ ကျမအားလုံးကို ခွင့်လွှတ်ပြီးသားပါ။ကျမသွားမယ်´

`နေပါဦး ဒါဆို ဟိုလေ တို့ကို အရင်တုန်းကလို ပြန်ခေါ်မှာလား´

`၀မ်းနည်းပါတယ် အဲဒီကိစ္စကတော့ မဖြစ်နိုင်တော့ပါဘူး ကျမဆုံးဖြတ်ပြီးပါပြီ၊ကျမိကိုကျော်သူ့ကို ခင်ပါတယ်၊ဒါပေမယ့် ကျမသွားပါရစေရှင်´

`အဲဒါဆို ဆန်နီ တို့ကို တကယ်စိတ်မပြေသေးလို့ပေါ့´

`ရှင်ထင်ချင်သလို ထင်နိုင်ပါတယ်´

`အဲဒီလောက်တောင်ပဲလားဗျာ ကျနော်တကယ်ဝမ်းနည်းပါတယ်၊ ကျနော့်ကိုမြင်တိုငိးတ်ဆင်းရဲမှာပေါ့နော်
ကျနော် ဆန်နီနဲ့ ဝေးရာကို ထွက်သွားနိုင်ဖို့ ကြိုးစားပါ့မယ်။နောက်ဆို ဆန်နီစိတ်ဆင်းရဲရမှာ မဟုတ်ပါဘူး´

`ကျမကလည်း အဲဒီအတွက် ကျေးဇူးတင်ပါတယ်´

သူမသည် ကျနော့်ရှေ့မှာ အရာအားလုံးကို လစ်လျူရှုလျှက် ညင်သာစွာ ထွက်ခွာသည်။ကျနော့်ရင်ထဲမှာတော့ တောင်တွေပြိုနေသလို တအုန်းအုန်းခုန်လှိုက်ကျန်နေခဲ့ပါသည်။ကမ္ဘာကြီး ရုတ်တရက် အေးစက်သွားသလိုပါပဲ။

မုန်တိုင်းတိုက်ခံလိုက်ရတဲ့ သစ်ပင်တစ်ပင်လိုပဲ ကျနော် နှလုံးသားတွေ ယိမ်းထိုးကျန်ခဲ့ပါသည်။

`ဒေါင်းကြီး အဆင်မပြေဘူးလား´

`မင်း မြင်တဲ့အတိုင်းပဲကွာ´

`ပျော့ညံ့တယ်လို့မင်း ပြောလဲခံရမှာပဲ ခုငါ ၀မ်းနည်းပက်လက်ကို ငိုပစ်ချင်စိတ်ပေါက်နေတယ်´

`ငါနားလည်ပါတယ် သူငယ်ချင်းရာ´

အချစ်ဆိုသောခံစားချက်သည် ဤမျှလောက် ပြင်းထန်လိမ့်မည် ဟု ကျနော်တစ်ခါမှ ကြိုတွေးမထားခဲ့မိဘူးပါ။

`ဘယ်တတ်နိုင်မှာလဲ ဂူဂဲ ငါ့အတွက် ထိုက်တန်တဲ့ ဆုလဒ်တစ်ခုပဲ ဖြစ်မှာပါ´

`မင်းတို့ဥစ္စာကလည်း အပြက်အပြက်နဲ့ တကယ် နှခေါင်းသွေးထွက်နေပြီ´

`ဘယ်တတ်နိုင်မလဲကွာ အချစ်ဆိုတာ ဖန်တီးလို့ရတဲ့ အရာတစ်ခုမှ မဟုတ်တာပဲ၊
ငါ ကျောင်းဆက်မတက်ချင်တော့ဘူး ဂူဂဲရာ´

ဆက်ရန်
လင်းဝေ

Friday, November 19, 2010

ကျနော်နဲ့ဗင်းဆင့်ဗန်ဂိုး.....

တိတ်ဆိတ် ငြိမ်သက်နေတဲ့
လေပြေရဲ့ ရင်ခုန်မှု
`ကြယ်´မစုံ `လ´မစုံ
ကြေကွဲနေတဲ့ `ည´
ငါ့ရှေ့မှာ
အခါခါ အိပ်မောကျနေတဲ့
`ပင်လယ်´
ကမ်းစပ်ကို
ကျီစယ်ဖို့
ခဏခဏ
ရိုက်ခတ်နေတဲ့
`လှိုင်း´တွေ
`ဗင်းဆင့်´ရေ..
ခင်ဗျား ပန်းချီကားထဲက
`ကြယ်ပွင့်´တွေ
ပင်လယ်ထဲ
ခုန်ချနေတာ
ကျနော်
မြင်ရတယ်...
ပြီးတော့
ခင်ဗျား ရေးခြစ်ထားတဲ့
လရောင်ပျပျကလည်း
ကျနော့်
နှလုံးသားပေါ်
လွမ်းလွမ်းဆွတ်ဆွတ်
ထိုးကျလို့
ပြီးတော့..
အာလူးစားကြသူတွေ..
နေကြာပန်းတွေ..
ဂျုံခင်းတွေ...
မုန်တိုင်းတွေ...
အလျှံညီးညီး တောက်လောင်နေတဲ့
နေရောင်တွေ...
လယ်ကွင်းထဲက
ဖွာလန်ကြဲနေတဲ့
ထွန်ရေးကြောင်း
ကျောက်မီးသွေးတွင်း
အလုပ်သမားတွေရဲ့
ုစုတ်ပြတ်သတ်နေတဲ့ဘ၀တွေ..
.....
.......
..........
ခံစားတတ်သော
ကိုယ်ချင်းစာတတ်သော
သနားတတ်သော
အနုပညာအပေါ်
ရူးသွပ်ပြီး
အနှိုင်းမဲ့ဖန်တီးချင်သော
ဟန်ဆောင်ခြင်းကင်းမဲ့သော
ခင်ဗျားရဲ့
နှလုံးသားဟာ
ရဲရဲရင့်ရင့်
တုန်ခါနေခဲ့တယ်..
အဲဒီ...
လှုပ်ခတ်သံဟာ
ခု...ကျနော့်
နှလုံးသားမှာ
ပဲ့တင်ထပ်နေပါတယ်
.....
ကျနော့်ကို ဆီးကြိုနှုတ်ဆက်
ပွေ့ဖက်ကာ
လက်ကမ်းကြသူ
ကျနော်က ဆီးကြိုနှုတ်ဆက်
ပွေ့ဖက်ကာ
လက်ကမ်းရမယ့်သူ
ကျနော့်ကို
နှုတ်ဆက်ထွက်ခွာ
လက်ယမ်းကာ
ထားသွားကြသူ
ကျနော်က
နှုတ်ဆက်ထွက်ခွာ
လက်ယမ်းကာ
ထားခဲ့ရမယ့်သူ.....
....
အရာရာဟာ
နွေဦးရဲ့
တိမ်ပြေးတွေလို
......
ကမ္ဘာကြီးပေါ်ရှင်သန်
နေထိုင်ခြင်းအတွက်
ကျနော်
ဟောဒီ
ကမ္ဘာကြီးကို
ဘာများပေးနိုင်မလဲ......

သားထက် (မုံရွာ)

Saturday, November 13, 2010

လင်းလက်ဖို့ မှောင်နေတဲ့ `ည´

နေထိုင်ကြီးပြင်းဖို့
ဘ၀အတွက်
ပေးဆပ်ရတဲ့
အရင်းအနှီးတွေက
မများလွန်းဘူးလား...
ကမ္ဘာကြီးနဲ့ အတူ
လည်ပတ်ဖို့
အသက်ရှူတတ်ရုံနဲ့
မလုံလောက်ဘူး ဆိုတာကို
ငါ့ဦးနှောက်
ပိစိကွေးလေးက
လေးလေးလံလံ
သိနေရဲ့...
ကြာတော့လည်း
မနက်ဖြန်တွေအကြောင်း
တွေးရတာ
ရင်နာစရာ
ကောင်းလွန်းသလိုလို..
အဲဒီထက် ရင်နာစရာတွေဟာ...
ဟောဒီ ကမ္ဘာကြီးရဲ့
အိတ်ကပ်ထဲ
ဘောင်ဘင်တွေ ခတ်လို့...
မနက်ဖြန်အတွက် စစ်ပွဲတွေ...
မနက်ဖြန်အတွက် ရောဂါတွေ...
မနက်ဖြန်အတွက် မုန်တိုင်းတွေ....
မနက်ဖြန်အတွက် ငတ်မွတ်ခြင်းတွေ...
မနက်ဖြန်အတွက် ငိုကြွေးခြင်းတွေ..
မနက်ဖြန်အတွက် တံလျှပ်တွေ...
မရဏတေးသံတွေဟာ
ဝံပုလွေတွေနဲ့အတူ
ရောက်လာကြလိမ့်မယ်...
လယ်သမားက
စပါးစိုက်ဖို့ ငွေမရှိဘူး
အလုပ်သမားက
အလုပ်သွားဖို့ ငွေမရှိဘူး
ဝေဒနာသည်က
ဆေးခန်းပြဖို့ ငွေမရှိဘူး
မီးဖွားစရိတ်မရှိတဲ့ မိခင်တွေ..
အစွန့်ပစ်ခံထားရတဲ့ မိဘမဲ့ကလေးတွေ..
ကိုယ့်ကိုယ်ကို အသုဘမချနိုင်ပဲ သေဆုံးသွားကြသူတွေ...
.......
.................ဒါတွေဟာ
အတ္တကြီးကြီး လူတချို့က
ရက်ရက်စက်စက်
ပေးအပ်ခဲ့တဲ့
အဆိုးရွားဆုံး ဆုလဒ်တွေပါပဲ....
ဆင်းရဲသားက
ဆာလောင်နေပြီး
ကဗျာဆရာက
ငိုကြွေးနေပါတယ်..။
သေဖို့
တစ်ရက်နီးလာရုံက လွဲလို့
ဘာမှ
ရေရာ
ပီပြင်မလာနိုင်တာ
သေချာနေပြီတဲ့လား...
ဒါပာာ
အာရုံမတက်ခင်
မှောင်မိုက်ခြင်းမျိုးပဲ
ဖြစ်ရမှာပါ
သူငယ်ချင်းရာ..
ငါကတော့
စံပယ်ရနံ့တွေနဲ့
ထစ်ချုန်းလာမယ့်
နေ့သစ်တစ်ခုကို
တောင့်တစွာ
စောင့်မျှော်ရင်ခုန်နေဆဲပဲ...။

သားထက် (မုံရွာ)

Thursday, November 4, 2010

ခါးသက်သွားသောဆုလဒ်များ

ကြယ်တွေ
ရုတ်တရက်
သေဆုံးသွားရတဲ့
ည တညပါ...
ကောင်းကင် ပျောက်ရှသွားမှာ
ကြောက်လို့
တိတ်တဆိတ်
ငိုကြွေးနေတဲ့
လမင်းရဲ့
ရှိုက်သံသဲ့သဲ့ကို
ငါကြားတယ်...
အပြာရောင်
မှိန်ပျပျ လင်းနေတဲ့
ငါ့ရဲ့
အခန်းကျဉ်းလေးက
ငါ့ကို
ထွေးပွေ့ထားတယ်..
ဟောဒီ..အခန်းထဲမှာ...
မင်း စွန့်ပစ်လိုက်လို့
နာကြင်နေတဲ့
ကဗျာတပုဒ်...
မင်းကို..လွမ်းလို့..
တုန်ခါနေတဲ့
သံစဉ်တခု...
ဖတ်လက်စ
စာအုပ်တအုပ်...
စားလက်စ
ထမင်းပန်းကန်တချပ်
ရေးလက်စ
သီချင်းတပိုင်းတစ
ဖရိုဖရဲ
အိပ်မောကျနေတဲ့
ဂစ်တာအိုလေး...
ကျိုးကြေသွားတဲ့
မျှော်လင့်ချက်
အပိုင်းအစတွေနဲ့
လေပြေက
အံထုတ်လိုက်တဲ့
ပန်းတပွင့်ရဲ့
ခတ်အက်အက် ရနံ့....
ပြီးတော့...
အမှတ်တမဲ့များ...
အမှတ်တရများ...
ဒဏ်ရာများ...
မင်းနဲ့ငါကြား
ကမ္ဘာကြီး
ထက်ခြမ်း ကွဲသွားသလိုမျိုး
အရာရာဟာ
ဝေးကွာဖို့
အဆင်သင့်ဖြစ်နေကြရဲ့...
နေမြင့်လေလေ
အရူးရင့်လေလေ
အချစ်ရေ
ငါ့မျက်လုံးတွေ
တဖြည်းဖြည်း
ေ၀၀ါးလာတယ်...
ဒါပေမယ့်
မျက်ဝန်းတွေရဲ့
`အဖွင်´့`အပိတ်´မှာ
မင်း...ပုံရိပ်တွေ....
မင်း...သဏ္ဌာန်တွေ...
မင်း...အပြုံးတွေ....
...ငါ.....
မုန်းရမှာတဲ့ လား....
မေ့ရမှာတဲ့ လား...
မတွေ့ခဲ့ကြရင်
အကောင်းဆုံးတဲ့ လား...
အိပ်ပျော်ဖို့
ကြိုးစားရင်း
မိုးလင်းသွားရဦးမယ့်
နောက် လာမယ့်
ငါ့ရဲ့...အထီးကျန်ညများ...
...ဒါတွေဟာ...
...ဒါတွေဟာ...
ချစ်တတ်သူ
တယောက်အတွက်
ချစ်သူပေးခဲ့သော
ဆုလဒ်များ အဖြစ်
ငါ့နှလုံးသားတွေထဲ
အမြဲထစ်ချုန်းနေမှာပါ..
အချစ်ရယ်....

သားထက် (မုံရွာ)

ခါးသက်သွားသောဆုလဒ်များ