Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Wednesday, April 22, 2020

မသိရာမှ သိရာသို့

မသိရာမှ သိရာသို့  ( ၂ )
••••••••••••••••••••
( မဟာဗောဓိမြိုင် ဆရာတော်ဘုရား )

ဝင်လေဝင်စမှာ အားကောင်းတဲ့အတွက် အတိုက်မကြမ်းဘူးလား။ အတိုက်ကြမ်းတော့ အအေးရော မကြမ်းဘူးလား။ ဝင်လေက ကြမ်းလို့ တစ်ဝက်လောက်ရောက်တော့ အားပျော့သွားချိန်မှာ နှာခေါင်းခံရတာ ဘယ်လိုနေတုန်း။ ခံရပုံလည်း အကြမ်းစားကြီး မဟုတ်တော့ဘူး။ သိတာလေးကရော သူခံရသလောက် သာ သိမှာပဲ။ ဝင်လေကလေးဆုံးသွားတော့ မရှိတော့သလောက် နူးနူးညံ့ညံ့ကလေး….သိတော့ကောဗျ။

 နူးနူးညံ့ညံ့ကလေးပဲ သိပါတယ် ဘုရား……

ဒီလိုဆို ဝင်လေတစ်ခုတည်းအပေါ်မှာတောင် အကြမ်း၊အလတ်၊ အနုအားဖြင့် သိပုံချင်း တူသလားဗျာ။

မတူပါ ဘုရား……..

အဲ့ဒါလေး အပိုင်းလိုက်…အပိုင်းလိုက် သိစေချင်လို့။ ထွက်လေလည်း ဒီအတိုင်းပဲ။

 ပြီးတော့ ခေါင်းအေးအေး စိတ်အထိုင်ကျကျထားပေးပါ။ ဒီဥပဒေလည်း ထုတ်ခဲ့တယ် ထင်တယ်နော်။ အဲဒီတော့ ဘာကြောင့် စိတ်အထိုင်ကျရမလဲ။ ခေါင်းအေးရမလဲ။ ခေါင်းအေး စိတ်အထိုင်ကျမှ ဝင်လေထွက်လေရဲ့ လှုပ်ရှားမှုကို ပီပီပြင်ပြင် မြင်ရတယ်။ ခေါင်းမအေး စိတ်အထိုင်မကျရင် ဝင်လည်းဒီလေ၊ ထွက်လည်း ဒီလေဖြစ်နေတတ်တယ်။ ဒီလိုဆို ဝင်လေထွက်လေ ကွဲပါဦးမလား။

မကွဲပါဘုရား…..

ဒီထက်များ ခေါင်းမအေး စိတ်အထိုင်မကျရင် ဝင်မှန်းမသိ။ ထွက်သွားမှန်းမသိ ဖြစ်သွားတတ်ပါတယ်။ ပြီးတော့ ဝင်ဆုံး ထွက်ဆုံးကလေးတွေ သိ…သိပေးစမ်းပါ။ ဒီလိုလည်း ဥပဒေ ထုတ်ပေးခဲ့တယ် ထင်တယ်။

မှန်ပါ့ဘုရား….

ဘာဖြစ်လို့တုန်း။ ဒီသတိထါက်တတ်တာဟာ အဆုံးက ထွက်သွားတတ်တာ။ အစက ဘယ်တော့မှ မထွက်ဘူး။ အစမှာ အလုပ်ရှိတုန်းကိုးဗျ။ အလုပ်ကြီးတန်းလန်းနဲ့  သူ ဘယ်ထွက်နိုင်လိမ့်မတူန်း။ အလုပ်အားမှ ထွက်တတ်တဲ့ အမျိုးကိုဗျ။ အလယ်လောက်မှာလည်းပဲ အလုပ်က မပြီး တစ်ဝက် ပြီးတစ်ဝက် ထင်တယ်၊ မပြိးသေးဘူးဗျာ၊ သူ မှတ်စရာလေး ရှိသေးတယ် ။ ဝင်ဆုံးထွက်ဆုံးကျတော့ သူက တိုက်တဲ့လေကလေးက နူးညံ့တော့ အားမကောင်းသေးတဲ့ သတိသည် မှတ်စရာ မရှိတော့ဘူး။ ထွက်စရာရှိ အဲဒီက ထွက်တာ။ သဘောပေါက်ပလား။

 ပေါက်ပါပြီး ဘုရား..

ဒီစည်းကမ်းးလေးတွေ သဘောပေါက်ထားမှ ကိုယ်ပိုင်စေတနာ ပေါ်မှာမို့ပါ။ ခိုင်းလို့ လုပ်ရတာ မဖြစ်စေနဲ့။ သေသေချာချာ သဘောပေါက်ပြိး စေတနာပါပါ လုပ်စမ်းပါ။ တို့ဘက်ကတော့ ပြောရုံပဲ ပြောနိုင်တယ်။ ဘုရားရှင်ကိုယ်တော်တိုင်က သိတော်မူတယ်ဗျ။ (အမိန့်ရှိတော် မူတယ်)
သင်တို့ကိစ္စ သင်တို့ဟာ သင်တို့ ကြောင့်ကြစိုက်ကြပါ။ အဲဒီတော့ ဝင်ဆုံးထွက်ဆုံးလေးနှစ်ခု သိထားရင် မိမိတို့သတိ အပြင်မထွက်တော့ဘူး။ ဝင်ဆုံးလေးသိလိုက်တာနဲ့ ထွက်စ အလိုလို သိပြီးသား၊ ထွက်ဆုံးကလေး သိလိုက်တာနဲ့ ဝင်စ အလိုလိုပေါ်ပြီးသား။ ရက်ကန်းထဲက  လွန်းအိမ်ကလေးလို ဒီက ရိုက်ထုတ်တော့ ဟိုသွား ၊ ဟိုကရိုက်ထုတ်တော့ ဒီသွားနဲ့။ ဒီအတိုင်းပဲ။ အဲဒါ သတိမထွက်အောင် ဖမ်းနည်းခေါ်တယ်။ ငါ့သတိသည် ဝင်ဆုါံ် ထွက်ဆုံး ဘယ်နေရာက အထွက်များသလဲ သိလာရင် အဲဒီနေရာ ဂရုစိုက်လိုက်ရင် ဒီသတိ ထွက်နိုင်ပါဦးမလား……။

မထွက်နိုင်တော့ပါ ဘုရား……………….

ဒီလောက်ဆို ထိုင်တာနဲ့ ပက်သက်လို့ လုံလောက်ပြီ ထင်ပါတယ်။

ခန္ဓာကိုယ် အပြောင်းအလဲ လုပ်လို့တာ လျောင်း၊ ထိုင်၊ ရပ်၊ သွား ကုရိယာပုတ်လေးပါးပဲ ရှိပါတယ်။ ဒီလေးခုထဲမှာ လျောင်းတဲ့ ဣရိယာပုတ်ကို ယောဂီတို့ ဦးစားမပေးပါနဲ့။ အားထုတ်စကို ပြောတာ။
             အပြင်မှာ စီးပွားရှာတုန်းက နေပူမရှောင် မိုးရွာမရှောင် လုပ်ခဲ့ရတဲ့ အပြင်မီး ဆိုတာ ရှိခဲ့တယ်နော်။

ရှိပါတယ် ဘုရား………

အတွင်းကရော လောဘနှုိုးလို့ သောကနှုိးလို့ ထကြွနိုးကြားပြိး လုပ်ရတဲ့ အတွင်းမီးလည်း ရှိတယ်။ ရွာထဲမှာ မီးနှစ်မီးနဲ့ လုပ်ရတာ၊ ရန်ကုန် ဘိန်းမှုန့်လို အထက်မီး အောက်မီးနဲ့ လုပ်ရဖုတ်ရတာ။ အဲဒါတွေက ရိုးတွင်းခြင်းဆီအထိ အောင်းနေတာ။ သူ မထွက်မချင်း နာကျင်ကိုက်ခဲမှု လည်းများမယ်။ ဟိုမှာ စိတ်လိုက်မာန်ပါ ဒေါသတကြီးနဲ့ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်၊ ဒီမှာ ခံရပြီသာမှတ်ပေတော့။ သူ့ ရိုးတွင်းခြင်ဆီထဲမှာ အောင်းနေတဲ့ အပူနည်းတာမှတ်လို့ ။ ပြီးတော့ စိတ်ကလည်း အာရုံမှန် မရသေးခင် ဝေဒနာကိုရေ သူ ဆက်ဆံတတ်ပါ့မလား။ လူ့ခွစာ၊ လူ့ကန့်လန့် သူ့အကြောင်းအသိသေးရင် သူ့ဆက်ဆံရပါ့မလား။

မရပါ ဘုရား………….

ဝေဒနာကလည်း လူ့ခွစာ၊ လု့ကန့်လန့်ဗျ။ သို့သော် ခွစာနဲ့ ကန့်လန့်ဟာ ပေါင်းတတ်ရင် အမှန်ဆုံးကိုသာ ပြောလေ့ပြောထ ရှိတယ်။ ဝေဒနာကလည်း ဟုတ်တိုင်းအမှန်ရာကိုပဲ ပြတ်ပြတ်ကြီး ပြောလိမ့်မယ်။ ခင်များမှာ ဟောဒီဒုက္ခတွေ ရှိနေပါတယ်ဆိုတာ။ မဆက်ဆံတတ်ရင် ဒီဝေဒနာကိုပဲ ၇န်သူထင်မိလိမ့်မယ်။ ဆက်ဆံတတ်ရင်တော့ မိတ်ဆွေကောင်း။ နာနေတုန်းမှာ ဘယ်နှယ့်တုန်း… စိတ်ကူးယဉ်နိုင်သေးသလား။

မယဉ်နိုင်ပါ ဘုရား……

အပြင်ကိုရော တပိုးတပါး ခရီးလှည့်နိုင်သေးသလား။

မလှည့်နိုင်ပါဘုရား……..

နာနေတုန်း သတိရော လွတ်သေးသလားဗျ။

 မလွတ်ပါ ဘုရား………….

သူ့သဘောသာ သိပစေဗျာ။ လွယ်လွယ်လေး။ ခွစာကို ခွမတိုက်နဲ့ ချော့ခိုင်း။ အလိုက်သင့်လေး ဆက်ဆံပြီး အာရုံမှန်သွားရင် မိတ်ဆွေဖြစ်သွားပါလိမ့်မယ်။ သူ့ဖြစ်စဉ်ကလေးကို စိတ်ဝင်စားသွားလို့ အလိုက်သင့် ဆက်ဆံတတ်ရင် ကောင်းသွားပါလိမ့်မယ်။

အဲဒီတော့ လျောင်း၊ ထိုင်၊ ရပ် ၊ သွားဆိုတဲ့ ဣရိယာပုတ် လေးပါးမှာ ကိလေသာ အပုမကုန်သေးတဲ့ ယောဂီ၊ စိတ် အထိုင်မကျသေးတဲ့ ယောဂီ။ လဲလျောင်းတဲ့ ဣရိယာပုတ်ကလေးနဲ့ ပက်လက်လှန်ပြီး မှတ်ကြည့်ပါလား။ ကလေးကျောပုတ် သိပ်ရသလို မှတ်တာနဲ့ အိပ်ပျော်တာ တစ်ထပ်တည်းဗျာ။ အဲတော့……….လဲလျောင်းတဲ့ ဣရိယာပုတ်သည် တို့နားချိန်လို့ သတ်မှတ်ထားတဲ့ ၉နာရီက ၃နာရီ အတွင်းသာ သုံးပေးပါ.။

ဆက်ရန် >>>

မေတ္တာဖြင့် 

ညီရိုးမြေ

Friday, March 24, 2017

သတိရပါ

သတိရပါ

မနက် အိပ်ယာနိုးလာတိုင်း သေဖို့ တစ်ရက်နီးလာပြီလို့ သတိရပါ

ည အိပ်ယာဝင်တိုင်း နေဖို့တစ်ရက်ကုန်သွားပြီလို့ သတိရပါ

တစ်ရက်ကုန်တိုင်း
ဘာ ကုသိုလ်တွေလုပ်ခဲ့လို့
ဘာ အ,ကုသိုလ်တွေ လုပ်ခဲ့လည်း သတိရပါ

လူဘဝရခိုက် အမြတ်မကျန်ရင်တောင် အရင်းမရှုံးအောင်နေဖို့ သတိရပါ

နေ့တိုင်း ဒါန, သီလ, ဘာဝနာ
တခုခု လုပ်နိုင်ဖို့ သတိရပါ

မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထားဖို့ သတိရပါ

 ကျနော်တို့ပေးသောအရာကိုသာ လောကကြီးဆီက ပြန်ရမယ်ဆိုတာ သတိရပါ

အားလုံး ကျန်းမာချမ်းသာ ကုသိုလ်တွေ ပွားကြပါစေ

မေတ္တာဖြင့်

လင်းဝေ

Wednesday, March 22, 2017

သေချာမှု

"သေချာမှု"

ငါသည် တနေ့ မုချ သေရမည်...

ငါသည် တနေ့ မုချ သေရမည်...

ငါသည် တနေ့ မုချ သေရမည်...

မေ့မနေပါနဲ့ မိတ်ဆွေ...

သင်လည်း တနေ့ မုချ သေရမည်...

ယ္ခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု

ကြိုးစားပြုလော့...

လင်းဝေ

Wishes

"ဆုတောင်း"

အောင်မြင်ကျော်ကြားသောအခါ၌ ကိုယ့်ထက် နိမ့်ကျသူကို ဆွဲခေါ်နိုင်သူဖြစ်ပြီး၊
ရှုံးနိမ့်ကျဆင်းသောအခါ၌ သူတပါးကို ဒုက္ခမပေးရသောသူ ဖြစ်ရပါလို၏။

ကိုယ့်ဒုက္ခကို သူတပါးအား ပြောပြ အကူအညီတောင်းခံသောသူထက်၊
သူတပါး ဆင်းရဲဒုက္ခကို မျှဝေကူညီနိုင်သောသူ ဖြစ်ရပါလို၏။

သူတပါးဆီက အလကား ရယူလိုသောစိတ်ထက်၊
ကိုယ့်ဆီက အလကား ပေးလိုက်လိုသောစိတ်သာ ဖြစ်ရပါလို၏။

သူတပါး၏ အပြစ်ကို ရှာကြံပြောတတ်သောသူထက်၊
သူတော်ကောင်းတို့၏ မြင့်မြတ်သောစိတ်ကို အတုလိုက်ကာ ပြုပြင်ပေးနိုင်သောသူ ဖြစ်ရပါလို၏။

ကျေးဇူးကန်း၍ အသိတရားကင်းမဲ့သောသူ၏ အဖြစ်ထက်၊
ကျေးဇူးသိ၍ သိသည့်အသိတရားဖြင့် လောကအတွက် အသုံးပြုနိုင်သောသူ ဖြစ်ရပါလို၏။

သူတစ်ပါး၏ အပြစ်ကို မြင်သောအခါ၌ အကန်းကဲ့သို့၊
သူတပါး၏ အပြစ်ကို ပြောမည့်အခါ၌ အ,အကဲ့သို့၊
သူတစ်ပါးက အကုသိုလ်ဖြစ်စရာ လာပြောသောအခါ၌ နားအပင်းကဲ့သို့
ကျင့်နိုင်သောသူ ဖြစ်ရပါလို၏။

အဆုံး၌ ကိုယ့်အပြစ်ကိုယ်သာ ရှာကြံ၍ နိဗ္ဗာန်ရအောင် အသုံးချနိုင်သူ ဖြစ်ရပါလို၏။

မွန်ကျောင်းဆရာတော် အရှင် ပညာသီရိ

Monday, November 28, 2016

"အသိ၊ သတိ"


ကျနော်တို့ စိုက်ပျိုးခဲ့တဲ့ အသီးကိုပဲ ကျနော်တို့ စားသုံးရမှာပါပဲ
ကျနော်တို့ပြုခဲ့ အတိတ်ရဲ့ ကောင်းကံဆိုးကံတွေဟာ ကျနော်တို့နောက်မှာ ကျနော်တို့နဲ့အတူ အရိပ်ပမာ အမြဲလိုက်ပါလာမယ်ဆိုတာကတော့ လောကရဲ့ အမှန်တရားပါပဲ

 ဒါပေမယ့် "ဗောဓိပင်ချိုး ရွှေအိုးရ ဗောဓိပင်ပျိုး ပေါင်ကျိုးရ" ဆိုတဲ့ တရားတော်လေးကိုလည်း ဆင်ခြင်သင့်ပါတယ်

ဒီဘဝမှာ မကောင်းမှုပြုလျှင် အတိတ်ဘဝက ကောင်းတဲ့ကံတွေ မှေးမှိန်စေပြီး ဒီဘဝမှာ ကောင်းမှုပြုလျှင် အတိတ်ဘဝက မကောင်းတဲ့ကံတွေကို တားဆီးပေးနိုင်ပါတယ်

ကုသိုလ်ကောင်းမှု ဘုရားတရားကိုတော့ အချိန်ရတိုင်းပြုကြပါလို့

အားလုံး ဘေးရန်ကင်းကြပါစေဗျာ

လင်းဝေ

Thursday, April 7, 2016

တရား

မြတ်စွာဘုရားသည် ပါရမီဖြည့်ကျင့်သည့် ၄ သင်္ချေ ကမ္ဘာ ၁ သိန်း ကာလပတ်လုံး အများသတ္တဝါတို့ အကျိုးစီးပွားအတွက် ပြုနိုင်ခဲသော စွန့်ခြင်းကြီးငါးပါးအတွက် ဘဝတိုင်း ဘဝတိုင်း မြင့်မြတ်စွာ စွန့်လွှတ်အနစ်နာခံခဲ့သည်။

တစ်နေ့ပြီးတစ်နေ့ တစ်ဘဝပြီးတစ်ဘဝ ဖြတ်ကျော်သွားနေရသော သံသရာတလျှောက်၌

မသိမှားမှုတို့ကြောင့် ပြုမိမှား၊ ပြောမိမှားမှုတို့ကြောင့် နောင်တအထွေထွေ ၊ ပူပန်သောကအထွေထွေတို့ ဖြစ်ရခြင်းသော်လည်းကောင်း၊ အဝိဇ္ဇာအမှောင်၌ ယုံမှားတွေဝေခြင်း အမျိုးမျိုးဖြင့် အဆိုးကို အကောင်းထင် ၊ ဒုက္ခကို သုခထင်လျှက် လမ်းလွဲလျောကျခြင်းတို့မှ လည်းကောင်း၊ မဆုံတွေ့လိုသော်လည်း ကြုံတွေ့ရတတ်သည့် မချစ်မနှစ်သက်သောသူ၊ မချစ်မနှစ်သက်သော အရာတို့နဲ့ အတူတူ ခရီးဆက်ရခြင်းကြောင့် ရန်ငြှိုဒေါသတို့ဖြင့် စိတ်ပင်ပန်းကိုယ်ပင်ပန်း ဖြစ်ရခြင်းတို့မှလည်းကောင်း၊ ချစ်သောအရာ မြတ်နိုးသောအရာတို့နှင့် လမ်းခုလတ်၌ ခွဲခွာနှုတ်ဆက် ကြေကွဲဝမ်းနည်းရခြင်းတို့မှလည်းကောင်း ၊ ရင်မဆိုင်လိုသော်လည်း ရင်ဆိုင်လာရမည့် အို၊ နာ၊ သေခြင်း ဒုက္ခတို့မှလည်းကောင်း လွန်မြောက်ရာသို့ ညွှန်ပြတော်မူသော အရှင်မြတ်စွာဘုရားအား တပည့်တော်သည် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရာ...

သာဓု သာဓု သာဓု

ဖတ်မိသမျှ
လင်းဝေ

Monday, December 14, 2015

Dammah

မှတ်သားမိတဲ့ တရားတပုဒ်...

(၁)အသေးစိတ် သိရှိခြင်းဟာ ပညာပါ...
ပညာတတ်တစ်ယောက်ဖြစ်ဖို့၊ ထူးချွန်ထက်မြက်တဲ့သူ တစ်ယောက်ဖြစ်ဖို့ မိမိလေ့လာနေတဲ့အရာကို အသေးစိတ် သိရှိနားလည်အောင် ကြိုးစားရမယ်...
အသက်မွေးပညာတစ်ခုခုကို ကျွမ်းကျင်စွာ တတ်မြောက်သွားတဲ့ လူတစ်ယောက်ဟာ ဘယ်လိုသုံးသုံး သုံးမကုန်တဲ့ ရွှေအိုးတစ်လုံးကို ရထားသလိုပါပဲ...
ဘယ်နေရာရောက်ရောက် ထမင်းမငတ်နိုင်တော့ပါဘူး...
ဒါကြောင့် ပညာတတ်အောင် ပညာရှင်ဖြစ်အောင် ကံ၊ ဉာဏ်၊ ဝိရိယ ၃ ပါးလုံးနဲ့ ဇွဲရှိရှိ ကြိုးစားကြရမည် ဖြစ်သည်။

(၂) "ဆရာ" ဆိုတာ အေးမြတဲ့အရိပ်ကို ပေးစွမ်းသူလို့ အဓိပ္ပာယ် ရပါတယ်...
ဆရာတစ်ယောက်ဟာ တပည့်တွေကို အေးမြတဲ့အရိပ် ပေးစွမ်းနိုင်သူဖြစ်အောင် စေတနာ၊ ဝါသနာ၊ အနစ်နာ နာ ၃ နာနဲ့ စောင့်ရှောက်ရမယ်...
လူဆိုတာ ဆရာကောင်းကိုလည်း ရှာတတ်ရမယ်...
ဆရာကောင်းနဲ့ တွေ့တဲ့အခါမှာလည်း နှိမ့်ချပြီး နာခံမှတ်သား သင်ယူတတ်ရတယ်...
သူတပါးရဲ့ ကျေးဇူးတရားကို ဘယ်သောအခါမျှ မမေ့အပ်ပေ...

(၃) မနုဿလူသားဆိုတာ စိတ်ထားမြင့်မြတ်သူလို့ အဓိပ္ပာယ်ရတယ်...
လူတိုင်းဟာ လူပီသအောင် နေထိုင်တတ်ဖို့ လိုတယ်...
ငါတို့ ဘာကြောင့် လူဖြစ်ရသလဲ?
လူတစ်ယောက်ဟာ ရှင်သန်နေထိုင်စဉ်အတွင်းမှာ
၁-လောကကို အကျိုးပြုဖို့ကြိုးစားရမယ်...
၂- ဆွေမျိုး၊ ရပ်ရွာ၊ တိုင်းပြည်ကို အကျိုးပြုဖို့ ကြိုးစားရမယ်...
၃-မိမိကိုယ်ကိုလည်း အကျိုးပြုဖို့ ကြိုးစားရမယ်...

(၄) လူတိုင်းကို မေတ္တာတရားဖြင့် ဆက်ဆံနိုင်အောင် ကြိုးစားဖို့ လိုသလို...
လူတိုင်းကို သည်းခံခြင်းတရားနဲ့ ခွင့်လွှတ်တတ်အောင်လည်း ကြိုးစားရမယ်...

အားလုံး ကောင်းကျိုးတစ်စုံတရာ ရကြပါစေ...

လင်းဝေ

Monday, April 27, 2015

သတိထားပါ...



မင်း သတိထားပါ
ဒီလောကမှာ
အဟာရ ၁ ခုသာလျှင်
မှီခိုအားထားရာ ရှိတယ်
ဒါဟာလည်း
မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သတ္တဝါဟူသမျှ
ရုပ်နာမ် ၂ ပါးသာရှိတယ်
ဒါဟာလည်း
မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သုခ၊ ဒုက္ခ၊ ဥပက္ခာ
ဝေဒနာ ၃ ခုသာရရှိတယ်
ဒါဟာလည်း
မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ
သစ္စာ တရား ၄ ပါးရှိတယ်
ဒါတွေကို သိမှ
လွတ်မြောက်နိုင်မယ်ဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သတ္တဝါ ဟူသမျှ
ခန္ဓာ ၅ ပါးသာရှိတယ်
ဒါလည်း မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သတ္တဝါ ဟူသမျှ
သဠာယတန ၆ ပါးက ဖြစ်တဲ့
အာရုံ ၆ ပါးသာရှိတယ်
ဒါဟာလည်း မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
ဗောဇ္ဈင် ၇ ပါးရှိတယ်
ဒါတွေကသာ
သစ္စာ ၄ ပါးကို ထိုးထွင်းသိဖို့ အကြောင်းဖြစ်တယ်ဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
မဂ္ဂင် ၈ ပါးရှိတယ်
သံသရာက လွတ်ဖို့
ဒါတွေကို သိဖို့ကျင့်ဖို့ အရေးကြီးတယ်ဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
ဘုံဌာနတွေပေါင်းချုပ်လိုက်ရင်
၉ ဘုံသာရှိတယ်
ဒါတွေဟာလည်း မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောက
ရဟန္တာတွေရဲ့ အကျင့် ၁၀ ပါးရှိတယ်
ဒါတွေ ပြည့်စုံမှသာ
လွတ်မြောက်နိုင်မယ်ဆိုတာ..

မင်း သတိထားပါ
ရေမှုတ်ထဲက ရေတဝက်ကို သွန်လိုက်တဲ့အခါ
တဝက်ပဲ ကျန်သလို
တခါလိမ်ညာပြောသူဟာ
ကိုယ်ကျင့်တရား
တဝက်ပဲ ရှိတယ်ဆိုတာ....

မင်း သတိထားပါ
ရေမှုတ်ထဲက ရေအကုန်သွန်လိုက်ရင်
ရေမှုတ်ထဲမှာ ဘာမျှ မကျန်တော့သလို
အမြဲ လိမ်ညာသူဟာ
ကိုယ်ကျင့်တရား လုံးဝမရှိသူပဲ ဆိုတာ...

ဗုဒ္ဓ မြတ်စွာက
သားတော် ရာဟုလာကို
ဟောတော်မူခဲ့တယ်..

လင်းဝေ

မနေ့က အိမ်မှာ ညီမတယောက် မွေးနေ့ပွဲ မွေးနေ့တရား အဖြစ် ဟောကြားပေးတဲ့
ဆရာတော့် တရားလေးကို ပြန်လည် အာရုံပြုရင်း
ဓမ္မကဗျာလေး ရေးစပ်ပြီး ကုသိုလ်ပြုလိုက်ပါတယ်..

သာဓု သာဓု သာဓု

Saturday, April 25, 2015

ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး

((( ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး ဟောပြညွှန်ကြား ဆုံးမတော်မူသော သံသရာမှ လွတ်မြောက်ကြောင်း တရားတော် မှတ်စု )))

* သီလရှိလျင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။
* သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ်(စရဏ)ဖြစ်၍ တတ်အားသမျှ ပြုလုပ်ရန်။
* ဘုရားစကား၊ ဆရာ့စကားကို မြေဝယ်မကျ တထစ်ချနာယူရန်။...
* ယခုကဲ့သို့ နေနိုင်ခြင်းသည်ပင်” ပါရမီရှိသူ” မည်၍ အချိန်အခါ ဘဝကောင်းသည်မှာ ဘုရားရှင်လက်ထက်တော်ကနှင့်မထူး၊ ထို့ကြောင့် ရှေးကပုဂ္ဂိုလ်များကဲ့သို့ ဝီရိယကို အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။
* သင်ကြားမှတ်သားထားချက်များ ပြော၍မကုန်အောင် အများကြီးတတ်သိကြသည်။ ထိုသို့များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ဝီရိယသန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီးသည်။ မွေးသည်မှ သေသည်ထိ ထင်ရှားရှိနေသော ထွက်လေ-ဝင်လေကား လူတိုင်းသိလွယ်၊ ထင်လွယ်၍ ဝင်တိုင်း၊ ထွက်တိုင်း နှာဖျားဝ၌ ထိသည်ကိုသာ သိအောင်လုပ်၊ ယခုလုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယခုလက်ငင်းချမ်းသာ၏။
* ယင်းသို့ရှုမှတ်ခြင်းဖြင့် ကိုယ်နှုတ်နှလုံး သောင်းကျန်းမှုမရှိ၊ စိတ်သောင်းကျန်းမှုမရှိ၊ ရုပ်နာမ်မျှသာရှိပါကလားဟု နှာဖျားဝမှ တစ်ကိုယ်လုံး တလှုပ်လှုပ် တရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည်။ သို့ဖြစ်၍ သိက္ခာသုံးပါး အကျုံးဝင်သွားပြီ။ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါးလည်း ပါသွားပြီ။ သတိပဋ္ဌာန်လေးပါးစသော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးလည်း လုပ်ပြီးဖြစ်သွားပြီ။ အာနာပါနလုပ်နေခြင်းဖြင့် ပိဋကတ်သုံးပုံလုံးပင် အကျူံးဝင်လေပြီဖြစ်၍ ထွေလီကာလီ လျှောက်လုပ်မနေနဲ့။ တွေးသမျှ၊ ထင်သမျှမှားတတ်သည်။
* ရေခပ်ရင်း၊ ထမင်းချက်ရင်း၊ အလုပ်လုပ်ရင်းလည်း ရှုမှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်နှစ်ခုပြီးသည်။ မည်သည့်ဣရိယာပုဒ်နှင့်မဆို ရှုမှတ်နိုင်၏။ ကမ္မဋ္ဌာန်းထိုင်ရတာ ဘာမှလဲ မတွေ့ပေါင်၊ မရပေါင်ဟု မမှတ်ရ။ တစ်ခဏအတွင်းရသည့် အကျိုးကား ကုန်စင်အောင်ပင်မပြောနိုင်။ တစ်နေ့ထက်တစ်နေ့ တိုးတက်၍သာ သွားတော့သည်။
* အိမ်အမိုးမိုးသောအခါ စပ်အောင်မိုးလျှင် မိုး၊ နေကာကွယ်နိုင်သကဲ့သို့ တစ်ရက် နှစ်ဆယ့်လေးနာရီ တစ်ဆက်တည်း၊ တစ်စပ်တည်း ရှုမှတ်နိုင်အောင်ကြိုးစားရမည်။ နှစ်ဆယ့် လေးနာရီ တစ်စပ်လောက် ရလျှင်ပင် ထူးခြားသိသာလာမည်။
* မိမိအနားရှိ မြင်သမျှ၊ ကြားသမျှ ကျေးဇူးရှင်ချည်းဖြစ်သည်။ အသံဗလံဆူညံ၍ နေရာမပြောင်းနှင့်။ ဆူညံသံများက ဝီရိယတိုးလိုက်ပါဦးဟု ပြောသော ကျေးဇူးရှင်များဖြစ်သည်။ မေတ္တာထား၊ သည်းခံရှုမှတ်။
* မိဘ၊ သားသမီး ဝတ္တရားများကို ပြုလုပ်ရခြင်း၊ ကလေးငို၍ ချော့ထိန်းရခြင်းမှအစ သီလ၊ စရဏကုသိုလ်ချည်းဖြစ်သည်။
* မိမိ အာနာပါနရှုမှတ်ခြင်းကို အကြောင်းပြု၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ မရေမတွက် နိုင်အောင် ကျေးဇူးများကုန်ကြတော့သည်။
* ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီး ရှောင်လို့ တိမ်းလို့များ ရပါ့မလား? ထွက်လေဝင်လေ နှစ်ရပ်ဟာ မွေးကတည်းက သေတဲ့အထိ ရှိနေတာ။ ဘုရားရှင် ဆုံးမတဲ့အတိုင်း စိတ်ကို ရုပ်ပေါ်၊ နာမ်ပေါ်ထားရတာ ပင်ပန်းသလား? ပိုက်ဆံရော ကုန်သလား? ငှားရ၊ ချေးရသေးသလား? အချိန်ရော ကုန်သလော? တစ်ပါးသူရော သိသလား? ထားတာက ဝီရိယ၊ ထားတဲ့အတိုင်း နေတာက ဝီရိယိဒ္ဓိပါဒ်၊ အခုထား၊ အခုနေ၊ အခုပစ္စုပ္ပာန်ချမ်းသာ၊ ဒီချမ်းသာ ဆိုက်လာတော့ ဝီရိယပိုင်ရှင် သိတယ်။ သများသွားမေးစရာ မလိုဘူး။ တစ်နေ့ထက်တစ်နေ့ မတိုးတက်ဘဲ နေပါ့မလား? ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ တားဆီးပိတ်ပင်လို့ မရဘူး။ ဒီလူ့ထံမှ ချမ်းသာကို လုယူမယ်ဆိုပြီး အနိုင့်အထက် လုယူလို့ရော ရနိုင်ပါ့မလား? ဘယ်ဣရိယာပုဒ်နဲ့မှ ဖြစ်တာ၊ ဘယ်ဣရိယာပုဒ်နဲ့ မဖြစ်ဘူးလို့ရော ရှိရဲ့လား? နေရာရော ရွေးရဦးမှလား? ကိုယ်တစ်ယောက်တည်းနေရင်းရော၊ စေတီရင်ပြင်၊ ဗောဓိရင်ပြင်မှာ နေရင်းရော၊ သားတွေ၊ သမီးတွေနဲ့ နေရင်းရော၊ လုပ်လို့ရပါသဗျာ။ ခန္ဓာဝန်ကြီးက ရှိနေလေတော့ မိမိတို့ ရည်ရွယ်ထားတဲ့ အလုပ်လဲ လုပ်ရမှာပေါ့။ အဲဒီအလုပ်တွေ လုပ်ရင်းနဲ့ ရှုလို့မရဘူးလား? ရပါတယ်ဗျာ။ တစ်ချိန်ထဲမှာ အလုပ်နှစ်မျိုး ပြီးပါသဗျာ။ ဒီလိုလုပ်တော့ ပိုပြီးအလုပ်တွင်တယ်၊ အကျိုးများတယ် မဟုတ်လား? ဒီချမ်းသာကို သိပြီလားဆိုမှဖြင့် အားချိန်၊ နားချိန်မှ မထားဘဲ တစ်ဆက်တည်း ဆောင်ထားကြာတော့ တာပါပဲ။

ဤကောင်းမှု ဓမ္မဒါနကုသိုလ်ကံသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရွက်ဆောင်နိုင်သည် ဖြစ်ပါစေသတည်း။

ရိုသေလေးစားစွာဖြင့်

ဝင်းမြင့်

Webu Sayadaw's Teaching (ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး ဟောပြညွှန်ကြား ဆုံးမတော်မူသော သံသရာမှ လွတ်မြောက်ကြောင်း တရားတော် မှတ်စု) by Win Myint (ဝင်းမြင့်)

မင်္ဂလာရှိသော  တရားတော်များ နှလုံးသွင်း၍ ချမ်းသာကြပါစေကုန်သောဝ်

"စင်ကြယ်မှုအဆင့်ဆင့် "

"စင်ကြယ်မှုအဆင့်ဆင့် "
•••••••••••••••••••••

စိတ်ကလေးအေးအေး၊ နှလုံးအေးအေးထားနိုင်မှ
တစ်စတစ်စ ပူပန်မှုတွေ ငြိမ်းပြီးတော့ စင်ကြယ် မြင့်မြတ်တဲ့ဆီ ရောက်သွားရမယ်။...
စင်ကြယ်ရမှာက ဘာတွေလဲ။
ကိုယ်လည်းစင်ကြယ်ရမယ်။
နှုတ်လည်းစင်ကြယ်ရမယ်။
စိတ်လည်း စင်ကြယ်ရမယ်။
အသိအမြင်လည်း စင်ကြယ်ရမယ်။

ကိုယ်နှုတ် စင်ကြယ်တာ သီလပဲ။
သီလ၀ိသုဒ္ဓိ။
သီလ၀ိသုဒ္ဓိဖြစ်မှ စိတ်မှာ နီဝရဏတွေ ကင်းစင်လို့ စိတ်စင်ကြယ်မှု စိတ္တ၀ိသုဒ္ဓိဖြစ်မယ်။
စိတ္တ၀ိသုဒ္ဓိဖြစ်မှ အသိအမြင် စင်ကြယ်မှု ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သွားမယ်။
အသိအမြင်စင်ကြယ်ချင်ရင် စိတ်စင်ကြယ်ရမယ်။
စိတ်စင်ကြယ်ချင်ရင်လည်း ကာယကံ၊ ၀စီကံ စင်ကြယ်ရတယ်။

သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်၊ စိတ္တ၀ိသုဒ္ဓိဖြစ်မှ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်မယ်။
စိတ်ပိုင်းဆိုင်ရာ၊ ပညာပိုင်းဆိုင်ရာ ၀ိသုဒ္ဓိတွေ အယူအဆတွေ စင်ကြယ်သွားမယ်။
အသိအမြင်တွေ စင်ကြယ်သွားမယ်။

အဲလို စင်ကြယ်သွားသလောက် စင်ကြယ်မြင့်မြတ်တဲ့ စိတ်ထားတွေ ဖြစ်သွားမယ်။
အဲလိုစင်ကြယ်တဲ့စိတ်တွေ ဖြစ်လာအောင်
ခန္ဓာက ဖြစ်ခိုက်ဖြစ်ခိုက်ကလေးတွေကို ရှုမှတ်ရမယ်။
ပေါ်လာတယ်၊ သိလိုက်တယ်၊ ချုပ်ပျက်သွားတယ်။
ဖြစ်တိုင်းသိ၊ သိတိုင်း ပျက်နေတယ်။
ဖြစ်ပေါ်လာတာရော ပေါ်တိုင်းသိတဲ့ စိတ်ကလေးရော၊
ပေါ်တာရော၊ ရုပ်ရော နာမ်ရောဟာ ဖြစ်ပေါ်လာလိုက် ရင့်ရော်ပျက်စီးသွားလိုက်။
ဒါတင်ပဲလား၊ အားလုံးပါပဲ။ ရင့်ရော်မှု၊ ပျက်စီးမှုတွေကတော့ အကုန်လုံး ရှိနေတာပဲ။

ရှေးက ယခုလို စက်ခေတ်မဟုတ်တော့ မြင်းရထားတွေနဲ့ သွားရတယ်။
အင်မတန် လှပဆန်းကြယ် အောင် ပြုပြင်ထားတဲ့ ဘေးလောင်းတော်၊
ဘိုးလောင်းတော်တွေ လက်ထက်က အလွန်ဆန်းပြားတဲ့ မင်းစီး ရထားတွေဟာ
တစ်စတစ်စနဲ့ အိုမင်း ယိုယွင်းလာတယ်။
မင်းစီးရထားတွေ တစ်စတစ်စနဲ့ အိုသွားကြသလို ကိုယ်ခန္ဓာဟာလည်း
ဒီလိုပဲ တစ်နေ့တခြား အိုမင်း ရင့်ရော်လို့ သွားတယ်။
အဲဒီလို အိုမင်းရင့်ရော်ပျက်စီးမယ့် ကိုယ်ခန္ဓာက မအိုမနာမသေတဲ့
အမြိုက်နိဗ္ဗာန ဓာတ်ကြီးရအောင် ဖော်ထုတ်နေတာပါပဲ။
တရားအားထုတ်တယ်ဆိုတာ ဒါပါပဲ။

အမြိုက်ဓာတ်ရအောင် ဘယ်လိုလုပ်မှာလဲ။
သီလ စင်ကြယ်မှု၊ စိတ် စင်ကြယ်မှု၊ အသိအမြင်စင်ကြယ်မှု အဆင့်ဆင့်။
ကင်္ခါဝိတရဏ၀ိသုဒ္ဓိ = အကြောင်းကောင်းကြောင့် အကျိုးကောင်းတွေ ဖြစ်နေကြတယ်။
ဘယ်သူ့ဘယ်သူကမှ မ,စလို့ မရဘူး။

ကောင်းတဲ့အကြောင်းကြောင့် ကောင်းတဲ့အကျိုး ဖြစ်တာအမှန်ပဲ။
မကောင်းတဲ့အကြောင်းကြောင့် မကောင်းတဲ့ အကျိုးဖြစ်တာ
အမှန်ပဲလို့ ယုံမှားကင်းသွားတယ်။
အဲဒီလို ယုံမှား ကင်းတဲ့ ဥာဏ်တွေ ဖြစ်လာတယ်။

မဂ္ဂါမဂ္ဂဥာဏဒဿန၀ိသုဒ္ဓိ = တစ်ခါတစ်ခါ တရားတွေ ရင့်ကျက်လာရင်၊
သတိ၊ သမာဓိဥာဏ်တွေ အသိဥာဏ် တွေ ရင့်ကျက်လာရင်
ကိုယ်တွေ၊ စိတ်တွေ ငြိမ်းချမ်းလို့ ကြည်လင်ပေါ့ပါးနေတယ်။
ချမ်းသာလိုက်တာလို့ တစ်သက်တစ်ကိုယ် တစ်ခါမှ မကြုံဖူးတဲ့
တရားအားမထုတ်တဲ့ သာမန်လူတွေ နတ်တွေ မခံစားထိုက်တဲ့ ချမ်းသာ သုခတွေ သာမန်ချမ်းသာနဲ့မတူ မကြုံဖူးတဲ့ အတွေ့အကြုံမျိုးတွေကိုလည်း ကြုံလာရတယ်။
ဆိတ်ငြိမ်တဲ့ ဇရပ်၊ ဂူ၊ ကျောင်းထဲဝင်ပြီး အားထုတ်သူတွေမှာ သာမန်လူနတ်တွေ
မခံစားနိုင်တဲ့ သမာဓိ နဲ့စပ်တဲ့ ချမ်းသာထူးတွေ၊
အသိဥာဏ်နဲ့စပ်တဲ့ ချမ်းသာထူးတွေ ခံစားရတယ်တဲ့။
အဲဒါတွေကို ဒါပဲ မဂ်ထင်ပါရဲ့။ ဖိုလ်ထင်ပါရဲ့။
နိဗ္ဗာန်ထင်ပါရဲ့လို့ တစ်ခါတစ်ခါ ဥာဏ်ပေါ်မှာ ထင်ယောင် ထင်မှားဖြစ်တယ်။
တော်တော်လေး အားထုတ်မှု အရှိန်ရလာတော့ သူ့ဟာသူ သြော်…ဒီဟာနဲ့ မပြီးသေးဘူး။
ရှေ့ဆက်ပြီး အားထုတ်ရဦးမှာပဲလို့၊ အဲလို…ဒါမဂ်အစစ်မဟုတ်သေးဘူးလို့
လမ်းမှန် လမ်းမှား ခွဲခြားဝေဖန်တဲ့ဥာဏ် ဖြစ်ပေါ် လာတယ်။

ဒီလိုသိတာဟာ တစ်ဆင့်အားဖြင့် ဥာဏ်စင်ကြယ်သွားတယ်လို့ ဆိုပါတယ်။
ပဋိပဒါဥာဏဿန၀ိသုဒ္ဓိ = ဒီမဂ္ဂင်အကျင့်သာလျှင် အိုနာသေလွတ်တဲ့
နိဗ္ဗာန်ရောက်ကြောင်း အစစ်အမှန်ပဲလို့ ခိုင်ခိုင်မြဲမြဲ အသိအမြင် စင်ကြယ်သွားတယ်။
အကျင့်လမ်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဇဝေဇ၀ါ ဟိုဟာ ဟုတ်နိုးနိုး၊
ဒီဟာကောင်းနိုးနိုး မရှိတော့ဘူး။

ဒီသတိကပ်ပြီး ရှုမှတ်နေတဲ့ လမ်းစဉ်၊ ဒီမဂ္ဂင်ရှစ်ပါးလုံး ပါဝင်နေတဲ့
ဒီသတိပဋ္ဌါန်အကျင့်လမ်းဟာ နိဗ္ဗာန်ရောက်ကြောင်း လမ်းမှန်ပဲလို့ မှန်မှန်ကန်ကန် အမြင်စင်ကြယ်သွားတယ်။
ဒါ အကျင့်လမ်းနဲ့ ပတ်သက်ပြီး အမြင်စင်ကြယ်သွားတာပဲ။
ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိပေါ့။

နောက်ဆုံးပိတ်ကျတော့ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို မြင်ရင်း မြင်ရင်းနဲ
့ သြော်…ဖြစ်နေတဲ့ ဇာတိကြောင့် အိုမင်းရင့်ရော်တဲ့ ဇရာရှိနေတာပဲ။
မွေးမှုရှိနေလို့ သေမှုရှိနေတာပဲ။
ဒီဖြစ်မှု ပျက်မှုတွေ နှိပ်စက် နေလို့လည်း ဒီသံသရာ ၀ဋ်ဆင်းရဲကြီး မဆုံးနိုင်တာပဲ။
ဒီဖြစ်မှု ပျက်မှုတွေ မရှိရင် ကောင်းမှာပဲ။
ဖြစ်ပျက်တွေ မြင်ပြီးတော့ ဖြစ်ပျက်တွေပေါ်မှာ မဖြစ်ချင်တော့ဘူး။ မုန်းတီးလာတယ်။
ဖြစ်ချင်ရင် ဖြစ်နေမှာပဲ။ မဖြစ်ချင်ရင် မဖြစ်တော့ဘူး။
အဲဒီ သစ္စာလေးပါး လမ်းစဉ်ပေါ် သူရောက်သွား တော့တယ်။
ဖြစ်ပျက်နေတာက ရုပ်နာမ်ဓမ္မပဲ။ သင်္ခါရပဲ။
မဖြစ်မပျက်တာ အသင်္ခတနိဗ္ဗာန်ပဲလို့ သူ သဘောပေါက် သွားတော့တယ်။
ဥာဏ်ထိုးထွင်းမိသွားတယ်။
အဲလို မဂ်ဥာဏ်နဲ့စပ်ပြီး နိဗ္ဗာန်နဲ့စပ်ပြီး ယုံမှား ကင်းစင်သွားတယ်။
ဥာဏဒဿန၀ိသုဒ္ဓိဆိုတာ နိဗ္ဗာန်စပ် တဲ့ ဥာဏ်အမြင် စင်ကြယ်သွားတယ်။
ပညာပိုင်းဆိုင်ရာ စင်ကြယ်မှုခေါ်တယ်။
ကိုယ်နှုတ်တွေ စင်ကြယ်ရမယ်၊ စိတ်တွေ စင်ကြယ်ရမယ်၊
အသိဥာဏ်တွေ စင်ကြယ်သွားရမယ်။
စင်ကြယ်မှ ၀ိသုဒ္ဓိဖြစ်မယ်၊ ၀ိသုဒ္ဓိဖြစ်မှ ၀ိမုတ္တိဖြစ်မယ်။

အကျဉ်းချုံးလိုက်တော့ ၀ိသုဒ္ဓိနဲ့ ၀ိမုတ္တိပဲ ရှိတယ်။
အဲဒီနှစ်ခု ပိုင်နိုင်အောင် ကြိုးစား။

(ရွှေဥမင်ဆရာတော်ဘုရားကြီး)
----------------------*----------------------
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

( မင်္ဂလာရှိသော ညချမ်းလေးမှာ တရားဓမ္မဖြင့် မွေ့ လျော်နိုင်ကြပါစေ ... Nyiyoemyay )

Dhamma Web မှ ကူးယူပူဇော်ပါသည် ခင်ဗျာ ....

Thursday, April 16, 2015

တရားအသိ

ကရုဏာတရားကြောင့် တခြားသူရဲ့ စိတ်ဆင်းရဲမှု ဒုက္ခကို နားလည်နိုင်မယ်...

တခြားသူရဲ့ စိတ်ဆင်းရဲမှု ဒုက္ခကို ပြေပျောက်အောင် ကူညီနိုင်မယ်...

ကောင်းခြင်းတရားတွေကို ပြောသည်ဖြစ်စေ ဖတ်သည်ဖြစ်စေ...

ထိုအရာများကို မိမိကိုယ်တိုင် လိုက်နာမှု မရှိလျှင် မည်သည့် အကျိုးထူးမျှ မဖြစ်နိုင်ပါ...

ဗုဒ္ဓ

တရား

လူတစ်ယောက်၏ အကြီးမားဆုံး ရန်သူမှာ
မိမိ၏ စိတ် ဖြစ်၏။

စိတ်က မိမိကို ခိုင်းစေနိုင်သည်။

ပြုလုပ်မှုအပေါ်တွင် အခြေခံပြီး အကျိုးဆက် ဖြစ်မည်။

ကောင်းခြင်းကိုပြုလုပ်လျှင် ကောင်းကျိုးရမည်။

မကောင်းခြင်းကိုပြုလုပ်လျှင် ဆိုးကျိုးရမည်။

ဒါဟာ လောကကြီးရဲ့ သဘာဝတရားပင် ဖြစ်သည်။

ဗုဒ္ဓ

Friday, October 1, 2010

တန်ဖိုးထား တတ်ပါစေ သမ္ဗုဒ္ဓေ ဂါထာတော်

တန်ဖိုးထား တတ်ပါစေ သမ္ဗုဒ္ဓေ ဂါထာတော်
သမ္ဗုဒ္ဓေ ဂါထာတော် ကို လူတိုင်း ရနေပေမယ့် တန်ဖိုး ထားရကောင်းမှန်း
မသိကြဘူး၊ လူ့စိတ် ဆိုတာကလဲ အခက်သားကလား၊ လူတိုင်း ရနေတဲ့ ဂါထာတွေ တရားတွေ
အဆုံးအမတွေ ဆိုရင် အထင်မကြီးချင်ကြဘူး၊ သူများ မရသေးတဲ့ မသိသေးတဲ့ ဂါထာ
ဆိုရင် လိုချင်ကြတယ်၊ ပြီးတော့ ပြောလိုက်သေး၊ ဒီဂါထာက ဘယ်လို စွမ်းတယ်၊
ဘယ်လို အစီအရင်တွေနဲ့ လုပ်ထားတာ၊ စသဖြင့် စုံနေတာပဲ။ ဘာထူးသလဲ
ကြည့်လိုက်တော့ ဂါထာ အစတွေမှာ ဥုံ သြောင်း စတဲ့ အထက်ဂိုဏ်း အောက်ဂိုဏ်းတွေက
သုံးနေကျစကားတွေ ပါနေတယ်၊ ဒါကြောင့် မသိသေးသူ တွေကို သိစေချင်ပါတယ်၊



ဥုံ တွေ သြောင်းတွေ ပါလာပြီ ဆိုရင် ဘုရားဟော စစ်စစ် ဂါထာတွေ မဟုတ်ပါဘူး၊
မိမိ လေ့လာ လက်လှမ်းမှီသလောက် ပိဋကတ်သုံးပုံ ထဲမှာ ဥုံ သြောင်း ပါတဲ့ ပါဠိ
ဂါထာတွေ တနေရာမှာမှ မတွေ့ဘူးသေးဘူး၊ ဒါကြောင့် လက်ကမ်း စာရွက်လေးတွေ ကတ်ထူ
စာရွက်လေးတွေမှာ ရေးထားတဲ့ ဘာသိဒ္ဓိ ညာသိဒ္ဓိ တွေ ပြီးစေနိုင်တယ်၊
ရွတ်ဖြစ်အောင် ရွတ်ပါ ဆိုပြီးတော့ စီးပွားဖြစ် ရောင်းချနေတာတွေ မြင်ရတော့
အင်း ဒါလဲ သံကို သံဖျက် သံချေးတက် ဆိုတာပဲပေါ့ လို့တွေးမိပြန်တယ်၊



တကယ်တော့ နည်းနည်း သိသူတွေက စီးပွားဖြစ် လုပ်စား ထုတ်ရောင်းနေတာတွေကို
တရားကို ကောင်းကောင်း မသိသေးသူတွေက အဟုတ်တကယ်ထင်ပြီး ရွတ်ကြ ဖတ်နေကြတယ်၊
သေချာ စစ်လိုက်ရင်လဲ ပါဠိတွေက တလွဲတွေ ချည်းပဲ၊
စိတ်မကောင်းစရာမြင်ကွင်းတွေပါ၊ ဘုရားရဲ့ တရားတော်တွေကို ကိုယ်ပိုင်
အယူအဆတွေနဲ့ ရောနှောပစ်လိုက်ကြတော့ သဲတရှပ်ရှပ် နဲ့ ၀က်သားကို
စားနေရသလိုပေါ့၊ စာရေးသူ လဲ ခဏတိုင်း ကြုံဖူးပါတယ်၊



အရှင်ဘုရား

ပစ္စည်းဥစ္စာ ပေါများချင်ပါတယ်၊ ဘယ်လို လုပ်၇မလဲ ---

ရောဂါ ကင်းချင်ပါတယ်၊

အလွမ်းတွေ နဲ့ မဆုံ မကြုံချင်ပါဘူး၊



အလွမ်းတွေ ပျောက်ပြီး ရက်တိုတို နဲ့ ထိရောက်တဲ့ တရားထိုင်နည်းကို ပေးပါ
တဲ့၊

ထီပေါက်စေနိုင်တဲ့ ဂါထာ ရှိရင် ပေးပါတဲ့၊

ကားရောင်းထွက်အောင် ဆိုင်ကယ် ရောင်းထွက်အောင် ယတြာ ချေပေးပါ တဲ့၊

ဈေးရောင်း ကောင်းစေမဲ့ ဂါထာ ပေးပါ တဲ့၊



မရှိပါဘူး ဆိုတော့ ရှိအောင် ရှာဖွေပေးပါတဲ့ ၊ ကဲ ဘယ်နှယ့်လုပ် ရမလဲ
စဉ်းစားသာ ကြည့်ပေတော့ ၊

တကယ်တော့ အရမ်းယုံ၊ မှန်းဆယုံနဲ့ သူများထက် ထူးဆန်းတာ ကို လုပ်နေသူကိုမှ
အထင်ကြီးတတ်ကြတာ လူ့သဘာဝလို ဖြစ်နေပြီ၊ စာရေးသူတို့ ဆရာသမား အဆက်ဆက် ကတော့
ဆုံးမစကား အမြဲပြောကြတယ်၊ အနေရိုးစေ အသိ ဆန်းစေ တဲ့၊ နေတာ ထိုင်တာ စားတာ
သောက်တာ ၀တ်တာ စားတာ ရိုးရိုးသားသား သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်
ရှိပါစေ၊ အသိပညာ အတတ်ပညာ ဗဟုဿုတအနေနဲ့ အားလုံး သိနိုင် တတ်နိုင်ရင်
အကောင်းဆုံး ပဲ တဲ့၊ အခုတော့ အနေ လဲ မရိုးကြတော့သလို အသိလဲ ဆန်းနေကြပါတယ်၊



ဒါပေမယ့် ဘာသာရေး အသိမှာတော့ အားနည်းနေကြသေးတယ်၊ ငယ်ငယ် သာမဏေဘ၀ က
ကြုံခဲ့ဖူးတယ်၊ ကျေးဇူးရှင်တွေပါပဲ၊ ကိုယ့်ရဲ့ ဆွမ်းခံအိမ် က ဒါယကာမကြီး
တယောက်က ဂိုဏ်းဆရာတွေကို သိပ်ယုံတယ်၊ အထက်ဂိုဏ်းဆရာတွေ အောက်ဂိုဏ်းဆရာတွေ
အိမ်ကို လာရင် လက်အုပ် ချီပြီး တရိုတသေ ပေးတယ်၊ ရသေ့တွေ လဲ ကိုးကွယ်တာပဲ၊
နောက်ပြီး မိမိ နဲ့ အတူ တတန်းထဲ ထိုင်ပြီး ပူဇော်ခံပါ တဲ့၊ ဘာလို့ ဒီလောက်
လက်အုပ်ချီနေတာလဲ မေးတော့ သူတို့ကို ကလန်ကဆန် လုပ်ရင် သူတို့က ပညာ နဲ့
လုပ်မှာ တဲ့၊ ကိုးကွယ်ရင် စီးပွား တက်အောင် လုပ်ပေးမယ် ဆိုသတဲ့၊



စာရေးသူက သတိပေး စကား ပြောလိုက်တယ်၊ ဒါယကာ မကြီး-- ကြည်ညိုတာ
လွဲနေတယ်၊သေချာ စဉ်းစားပါအုံး၊ လို့၊ တခါ နှစ်ခါ သတိပေးလို့ မရတော့တာနဲ့
နောက်ကျတော့ အိမ်ကို ဆွမ်းခံမကြွတော့ဘူး၊ ဘုရားကလဲ အဲလို လူမျိုးကို ဆက်လက်
မပေါင်းသင့်ဘူး လို့ ဟောထားတာကိုး။



အထက်က ဖော်ပြခဲ့တဲ့ အဖြစ်အပျက်က ထူးဆန်းတာကိုမှ ယုံကြည် နေကြဆဲ ဆိုတာ
သက်သေပေါ့။ လူတိုင်း ရနေတဲ့ နမော တဿ ဘုရားရှိခိုးတို့၊ သရဏဂုံ သုံးပါးတို့၊
ဒါတွေလောက်ကို အထင်မကြီးတတ်တော့ဘူး၊ မတွေ့ဘူးတဲ့ ခပ်ဆန်းဆန်း ဂါထာမျိုးမှ
အထင်ကြီးပြီး ရွတ်ချင်ကြတယ်၊



အခုတော့ ရိုးရှင်းပြီး လူတိုင်းသိနေပြီးသားဆိုပေမယ့် အဓိပ္ပါယ် မသိလို့ပါ
ရှင်းပြပေးပါ လို့ မေးမြန်းနေကြ တာကြောင့် အနက် အဓိပ္ပါယ်
မြန်မာပြန်နှင့်တကွ ရေးသားလိုက်ပါတယ်၊အကျိုးကျေးဇူးအနေနဲ့ ပရလောက မှ
အမှောင့်ပယောဂ၊ စုန်း ကဝေ သရဲ စတာတွေ လုံးဝ မနှောက်ယှက်နိုင်တာ
ကိုယ်တွေ့ပါပဲ၊ အချုပ်အနှောင် တွေ၊ သူတပါး စွပ်စွဲ ခံရတာတွေ
ပျောက်စေနိုင်ပြီး ကား ရထား လေယဉ် စီးသူတွေအနေနဲ့ မသွားခင် သွားဆဲ
ရွတ်ပွားနေသင့်ပါတယ်၊



အန္တရာယ်ကင်း သမ္ဗုဒ္ဓေ ဂါထာတော်ကြီး



သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊

ဒွါဒသဉ္စ သဟဿကေ၊

ပဉ္စဿတ သဟဿာနိ၊

နမာမိ သိရသာမဟံ။

အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊

အနန္တာ နိဗ္ဗုတာ ဇိနာ၊

တေသံ ဓမ္မဉ္စ သံဃဉ္စ၊

အာဒရေန နမာမဟံ။

နမက္ကာရာ နုဘာဝေန၊

ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊

အနေက အန္တရာယာပိ၊

ဝိနဿန္တု အသေသတော။





အနက်အဓိပ္ပာယ် ဂါထာ အနက်



အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ ပဉ္စဿတ သဟဿာနိ-- အေ၇အတွက် ပမာဏ ငါးသိန်း တစ်သောင်း
နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ ) အတိုင်းအရှည်ရှိကုန်သော၊ သမ္ဗုဒ္ဓေ စ
အဆူဆူ ပွင့်တော်မူပြီးသော ဘုရားရှင်တို့အား၊ အဟံ - ဘုရားတပည့်တော်သည်၊
သိရသာ - ဦးခေါင်းအင်္ဂါ မြတ်ရတနာဖြင့်၊ နမာမိ- ရိုသေမြတ်နိုး လက်စုံမိုး၍
ရှိခိုးပါ၏ အရှင်ဘုရား၊



ဂင်္ဂါ၊ - ဂင်္ဂါမြစ်ထဲ၌ ရှိကုန်သော၊ ၀ါဠုကာ - သဲပွင့်တို့သည်၊ အပ္ပကာ -
နည်းသေး၏။

နိဗ္ဗုတာ - ပရိနိဗ္ဗာန် စံတော်မူပြီး၍ ငြိမ်းအေးတော်မူပြီးကုန်သော၊

ဇိနာ - ငါးမာန်အောင်မြင် ဘုရားရှင်တို့သည်၊ အနန္တာ - ဤ၍ ဤမျှ ဂဏန်းချ၍
ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါပေ၊



အဟံ - ဘုရားတပည့်တော်သည်

တေသံ - ပရိနိဗ္ဗာန်စံတော်မူပြီးကုန်သော ဘုရားရှင်တို့၏ ၊

ဓမ္မဉ္စ - နှုတ်မြွက် ဟောဖော် တရားတော်ကို၎င်း၊

သံဃဉ္စ - တပည့်သား သံဃာတော်မြတ်ကို၎င်း၊

အာဒရေန - ရိုသေလေးမြတ်သောအားဖြင့်၊

နမာမိ - ရှစ်ခိုးပူဇော်ပါ၏ ။



နမက္ကာရာ နုဘာဝေန၊ - ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော
ကုသိုလ်ကံ စေတနာတို့ကြောင့်၊

သဗ္ဗေ - ခပ်သိမ်းကုန်သော၊

ဥပဒ္ဒဝေ - ဘေးရန် ဥပါဒ် မှန်သမျှတို့ကို၊

ဟိတွာ - ပယ်ဖြတ်၍၊



အနေက အန္တရာယာပိ၊ - တစ်ပါးမက များစွာကုန်သော အခြားသော အန္တရာယ် အားလုံး
တို့သည်လည်း၊

အသေသတော - အကြွင်းအကြံမရှိသောအားဖြင့်၊( အကျိုးမပေးနိုင်သောအားဖြင့် )

ဝိနဿန္တု - ပြောက်ပျက်ပါစေကုန်သတည်း။





မြန်မာပြန်--



အေ၇အတွက် ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ ) ကုန်သော
ပွင့်တော်မူပြီးသား ဘုရားရှင်တို့အား ဘုရားတပည့်တော်ရဲ့ - ဦးခေါင်း
ရတနာဖြင့် ရှိခိုးပါ၏ အရှင်ဘုရား၊

ဂင်္ဂါမြစ်ထဲမှာ ရှိနေတဲ့ သဲတွေက နည်းပါးနေပါသေးတယ်၊

ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့ ဘုရားရှင်တွေကတော့ ဤ၍ ဤမျှ ဂဏန်းချ၍
ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါ။



ဘုရားတပည့်တော်သည် ထိုဘုရားရှင်တွေရဲ့ တရားတော် အရိယာသံဃာ သမ္မုတိ
သံဃာတော်တွေ

အားလည်း ရိုသေလေးမြတ်စွာ ရှစ်ခိုးပါ၏ ။



ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကုသိုလ်ကံ
စေတနာတို့ကြောင့်၊ ဘေးရန် ဥပါဒ် အလုံးစုံကို ပယ်ဖြတ်ပြီး သကာလ အခြားသော
အန္တရာယ် အားလုံးတို့သည်လည်း၊အကြွင်းအကျံ မရှိသော

အားဖြင့် ပျောက်ပျက် လွင့်ပြယ် ပါစေကုန်သတည်း။



စစ်မှန်သော တရားတော်တို့ကို တန်ဖိုးထား အသုံးချနိုင်ကြပါစေ

Thursday, September 30, 2010

လောကသည်တွယ်တာသာယာမှုဖြင့် ဖမ်းစားခံနေရ၏

မြတ်စွာဘုရားသည် လောကနှင့်ပတ်သက်၍ ဤသို့မိန့်တော်မူခဲ့၏
”ငါသိထားသော ဤတရားက နက်နဲ၏ မြင်နိုင်ခဲ၏ သိနိုင်ခဲ၏ ငြိမ်းအေး၏ မွန်မြတ်၏
သိမ်မွေ့၏ ကြံစည်ခြင်းဖြင့်မရောက်နိုင်သော ပညာရှိတို့သာသိနိုင်သော တရားပေတည်း
ဤသတ္တ၀ါများကား တွယ်တာမှု၌ မွေ့လျောကြကုန်၏ တွယ်တာသာယာမှုတို့၌ ပျော်ပိုကကြကုန်၏
တွယ်တာသာယာမှု၌ အလွန်နှစ်ခြိုက်ကြကုန်၏ အမှန်ပင်လျှင် တွတ်တာသာယာမှုတို့၌ မွေ့လျော်ပျော်ပိုက်
နှစ်ခြိုက်နေကြသော ဤသတ္တသါများသည် အကျိုတရားတို့၏ အကြောင်းဖြစ်သော ပဋိစ္စသမုပ္ပဒ်တရားကို
မြင်နိုင်ခဲလှ၏ ပြုပြင်မှုအားလုံး၏ ငြမ်းရာအမှန် ပဋိသန္ဓေနေခြင်း၏ အခြေခံဥပဓိအားလုံးပယ်စွန့်ရာ တဏှာ၏
ကုန်ရာ ရာဂ၏ကင်းရာချုပ်ရာ ငြိမ်း၇ာဖြစ်သော နိဗ္ဗာန်တရားကိုလည်း မြင်နိင်ခဲ၏
သို့ပါသော်လည်း ပညာမျက်စိ၌ ကိလေသာမြူနည်းပါးသော သတ္တ၀ါတို့သည် ရှိပါကုန်၏
ထိုသူများသည် သစ္စာတရားကို သိပါကုန်လတ္တံ့။”

သာဓု...သာဓု...သာဓု (ဒီဃနိကာယ် မဟာဝဂ်ပါဠိတော် အနက်)

သတ္တ၀ါတို့ကျန်းမာချမ်းသာကြပါစေ
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

Wednesday, September 29, 2010

ဆရာတော်ကြီးများ၏ စကားစုများ

ပုံနှိပ် စာအုပ် လောကစာအုပ် စိတ်စာအုပ် သုံးမျိုးရှိတယ်
စိတ်ကို ဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်.............
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်
လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင်
ဘယ်လောက်သာယာ လိုက်မလဲ လို့ ......................................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ
ထွက်ပေါ်လာတဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားကို
လွယ်လွယ်မသုံးမိအောင် သတိထားပါ .....................................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကြာပန်းက ရေကန်ကိုသာ အလှဆင်တယ်
မိုးတိမ်တွေကလည်း ကောင်းကင်ပြာကိုသာ အလှဆင်တယ်
လာခြင်းကောင်းသော မိတ်ဆွေကတော့ တစ်လောက လုံးကို အလှဆင်တယ် ..............
( သုဗောဓာ လင်္ကာရကျမ်း)

သူ့ကြောင့် ၀မ်းသာခဲ့ ဖူးပြီ .......
သူ့ကြောင့် ခံစားခဲ့ဖူးပြီ ...........
ဝမ်းသာရတာ ခံစားရတာ
ပင်ပန်းလှပါပြီ..........................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ
ဘာမျှ မယ်မယ် ရရ မရှိခဲ့ပါဘူး
အသိဥာဏ် တိုးပြီး လူဖြစ်ကျိုးနပ်တယ်ဆိုလို့
တော်သေးတာပေါ့.........................................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ )

စွန်လွှတ်သူ ဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ
သူလွှတ်တဲ့ စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ကျေနပ်နေတတ်သူမျိုးပါ
ဓမ္မဘေရီ ဆရာတော် (တောင်စွန်း)

ကြာလည်းမမေ့ ..................
ရှာလည်းမတွေ့.................
ငါလည်းတစ်နေ့................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သူ့နှလုံးသားရဲ့ စကားပြန်ကတော့
သူ့အမူအရာပါပဲ ...............................
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း )

မပြိုကွဲနိုင်တဲ့ အရာကို
ဆောင့်မတိုးလိုက်နဲ့
သူမကွဲရင် ကိုယ်ကွဲမယ်...............
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း )

သစ်ပင်တိုင်းမှာ
အလှတစ်မျိုးစီ
ရှိကြပါတယ်..........................
လူတိုင်းရဲ့
တစ်မျိုးစီ အလှကို
မြင်တတ်ရင်
ဘယ်လောက် သာယာလိုက်မလဲ လို့.............................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အမှိုက်လှဲ ပြီးမှ
ရှင်းတာထက်
မရှုပ်ဘဲ ရှင်းနေတာက
ပိုကောင်းမယ်......................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အရွယ်ချင်း မတူရင်...............
နေရာချင်း မတူရင်...............
အဖြစ်ချင်း မတူရင်..............
အသိချင်း မတူနိုင်ပါဘူး.........
ဒါလေးတော့
နားလည်သင့်တာပေါ့..................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ငယ်တုန်းက ထမင်းကို
ဝါးပြီးခွံ့ခဲ့တာ ကောင်းပေမယ့်
ကြီးလာတဲ့ အခါ
အန်ဖတ်တွေ ထင်တတ်တယ်............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကျေနပ်စရာကြောင့်ဖြစ်စေ
မကျေနပ်စရာကြောင့်ဖြစ်စေ
လောကဓံကြောင့်
တုန်လှုပ်နေသူ မှန်သမျှ
လောကကို အရှုံးပေးနေရသူချည်းပါပဲ..................
ဆရာတော် တစ်ပါး

အယောင်ဆောင် ပညာရှိက
အပြစ်ကိုသာရှာပြီး
ထောက်ပြတတ်တယ်
ပညာရှိအစစ်က
အမှန်ကို ချီးကျူးပြီး
အမှားကို ပြုပြင်ပေးတယ်
အဋ္ဌကထာဆရာတော် ( သီဟိုဠ် )

ပုထုဇဉ် ဆိုတာ အပြစ်နဲ့ မကင်းဘူး ဆိုပေမယ့်
ဆရာသမားက ကိုယ့်တပည့်ပါ လို့ မပြောချင်လောက်အောင်
မိဘက တို့သားသမီးပါ လို့ မပြောချင်လောက်အောင် အထိတော့
မဖြစ်စေသင့်ဘူး.............................................
ည၀ါအကျော် ဆရာတော်ကြီး ( တောင်မြို့ )

ဘာမှ မစွမ်းနိုင်ဘူးဆိုရင်တောင်
ကိုယ့်ခြေရာ လက်ရာ တစ်ခုခုတော့
နောင်လာနောက်သား သတိရလောက်အောင်
ချန်ထားရစ်ခဲ့ ရမယ် .........................
ည၀ါအကျော် ဆရာတော်ကြီး ( တောင်မြို့ )

ကိုယ့်ကို စောင့်ရှောက်တာ
ကိုယ့်မှာ ရှိတဲ့ တရားပဲ........................

ကိုယ့်ကို ဖျက်ဆီးတာ
ကိုယ့်မှာ ရှိတဲ့ မတရားပဲ.....................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်က မှန်အောင်နေပြီး
သူများမှားနေရင်လည်း
နားလည်နိုင်ရမယ်...............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စုပြီး ဆုံပြီး ရှင်းလင်းကြတာက
စုဆုံပြီး ငြင်းကြတာထက်
အကျိုးကောင်းတွေ များပါတယ်...................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

သဘာဝတရားကြီးဟာ
ချစ်စရာလို့ပဲ ထင်ထင်...
မုန်းစရာလို့ပဲ ထင်ထင်...
သူ့သဘော သူဆောင်တာ မှန်ပေမယ့်
သတ္တ၀ါတွေက
ချစ်ခင်စရာတွေကိုတော့ မခွဲချင်ကြဘူး...
မုန်းစရာကျတော့ မတွေ့ဆုံချင်ဘူးဆိုတဲ့ ..
လိုအင်ဆန္ဒတွေ ဖြစ်နေကြတယ်... .... ...
(တရားဦး- ဓမ္မဘေရီ အရှင်ဝီရိယ)

လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ
ရေးကြီးခွင်ကျယ် ထင်မှတ်နေကြပေမယ့်
အသက်ရှင်ရတာဟာ
ဘာလုပ်ဖို့လဲဆိုတာ အထိတော့
ဆက်ပြီး မစဉ်းစားတတ်ကြဘူး...။
ဆရာတော်တစ်ပါး (ပုသိမ်)

မသင့်တော်တဲ့ နေရာကို
ရောက်ခဲ့ရင်တောင်မှ
သင့်တော်တဲ့ အကျင့်တွေ
မဖျောက်ပစ်ပါနဲ့.....................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ပညာဆိုတာ ကောင်းပါတယ်။
ပညာရှိချင်တာလား?
ပညာပြချင်တာလား?
နည်းနည်းတော့ သတိထားပါအုံး.............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်ကမှန်အောင်နေပြီး
သူများမှားနေရင်လည်း
နားလည်နိုင်ရမယ်.............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကောင်းတာတွေကို ကြိုးစားလုပ်ရင်းနဲ့
လုပ်သမျှတွေဟာ ..
အကောင်းချည်း ဖြစ်လာရင်
အကောင်းဆုံးပေါ့
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အသိပေးဆုံးမပေးမည့်သူကို ..
ရှာသင့်ပေမယ့်
ကိုယ်စကားနားထောင်မည့် သူကိုပဲ
ရှာနေကြတယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သောကမီးတွေ ညီးညီးပြောင်ပြောင်
အမြဲတောက်လောင်နေပါလျှက်
ဘာကြောင့် ပျော်ရွှင်ဝမ်းမြောက်နေကြသလဲ..
အမှောင်ထုကြီး ကာဆီးပိတ်ဖုံးထားပါလျှက်
ဘာကြောင့် လင်းရာကို မရှာမှီးကြသလဲ..
(ဓမ္မပဒတရားတော်-၁၄၆)

ရင်ခွင်ပိုက် ကလေးများက မိခင်ရဲ့ မေတ္တာကို စိန်ခေါ်တယ်..
သက်ကြီးရွယ်အိုတို့က သားသမီး မြေးများနဲ့ လူငယ်တို့ရဲ့
ကျေးဇူးသိတတ်မှုနဲ့ မေတ္တာတရားကို စိန်ခေါ်တယ်..
လောကဓံတရားက အရွယ်ရောက်သူတိုင်းကို စိန်ခေါ်တယ်...
ကံတရားက တုန့်ပြန်မှု အားလုံးကို စနစ်တကျ မှတ်တမ်းတင်လိမ့်မယ်
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း)

ကျေးဇူးဆိုတာ သိတတ်သူအတွက်
အကျိုးကန့်သတ်မရှိ ခံစားနိုင်သလို
ကျေးဇူးကန်းသူအတွက် ကန့်သတ်မရှိ
ပေးဆပ်ရတတ်တာမျိုး....
ဓမ္မဘေရီ ဆရာတော် (တောင်စွန်း)

အမြဲတမ်း သူ့ကိစ္စနဲ့သူ
ရှုပ်နေတာပါလို့ နားလည်ရင်
ကိုယ့်အရှုပ် ထပ်မပေးလိုက်ပါနဲ့
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ပြဿနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ
ကိုယ်နဲ့ သိပ်မဆိုင်ရင်
ပြဿနာက သေးတယ်
များများဆိုင်ရင် ပြဿနာက ကြီးလာပြီ
လုံးဝမဆိုင်တော့ရင်တော့
ပြဿနာမရှိတော့ပါဘူး
ဓမ္မဒူတဆရာတော် (မှော်ဘီ)

ကောင်းတဲ့အလုပ်ဟာ
နောက်ကျတယ်ဆိုတာ မရှိပါဘူး
လုပ်ငန်း စရသေးတာပဲရှိတယ်။
ဓမ္မဒူတဆရာတော် ( မှော်ဘီ)

ရေအိုးစင်က ရေသောက်ရတဲ့အခါ
သစ်ပင်ရိပ်မှာ နားခိုရတဲ့အခါ
ကျေးဇူးရှင်ဟာ ရေအိုးလား? ရေဖြည့်ပေးသူလား?
အခက်အရွက်လား? ပင်စည်လား?
ဓမ္မဘေရီဆရာတော် (တောင်စွန်း)

မိုက်တယ်ဆိုတာ ကိုယ်ပဲ ခံရတာ
လိမ္မာတယ်ဆိုတာ ကိုယ်ပဲ စံရတာ
မယုံခဲ့ရင်တောင် မိုက်မကြည့်နဲ့
လိမ္မာပါ။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အဆင်ပြေတာ မပြေတာထက်
နေသာဖို့က အရေးကြီးပါတယ်
နေတတ်ရင် နေသာပါတယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကုသိုလ်ကံမှာ လိုရာကိုပေး စိတ်လည်းအေး၍
သူကတစ်ဖန် ကိုယ့်ကိုပြန် တာဝန်ယူပေးမှာ
တိပိဋက ဆရာတော်ကြီး (ယော)

လူကိုယုံလို့ ပုံအပ်ခဲ့ပြီးပြီ
ရွှေကိုယုံလို့ စီးပွားရှာခဲ့ပြီးပြီ
ရတနာသုံးပါးကို ယုံကြည်လို့
ပုံအပ်ပြီးပြီလား............?
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

"ဒုက္ခ" ဆိုတဲ့ ကောင်က သူရောက်လာရင်
အနည်းဆုံးတော့ ညည်းညူနေမှ ကျေနပ်တာလေ..
ဖြစ်နိုင်ရင် ငိုကြီးချက်မနဲ့ လူးလှိမ့်နေတာကို
သူက မြင်ချင်တာကိုး...
ကိုယ်က သူ့အလိုနဲ့  ဆန့်ကျင်ပြီး
ဣနြေ္ဒမပျက် နေပြလိုက်တော့
သူအတော် ဖြုံသွားပုံရတယ်..
ခုဆို ကိုယ့်ဆီ သူ တယ်လာချင်ပုံ မရတော့ဘူး.....
ပရဟိတ ဆရာတော်ကြီး

လေကြောင့် ပျံသန်းနိုင်တဲ့ ငှက်ဟာ
လေရှိမှန်း မသိကြသလို
ရေကြောင့် ကူးခပ်နိုင်တဲ့ ငါးဟာ
ရေရှိမှန်း မသိကြသလို
ဓမ္မ အဓမ္မကြောင့်
ကောင်းကောင်း ဆိုးဆိုး
ဖြစ်နေတဲ့ သတ္တ၀ါတွေ ဟာလည်း
ဓမ္မ အဓမ္မကို
ရှိမှန်း မသိကြပါဘူး...............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ပေးနိုင်သူ ထံက တောင်း၊
လက်ခံမယ့် သူကို ပေး၊
ဒါမှ အဆင်ပြေမယ်...............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့ လူ
မကောင်းတာကို လုပ်ဖို့လွယ်တယ်ဆိုရင် ...?
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်.
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လူတိုင်းမှာ အစွမ်းကိုယ်စီ ရှိကြပါတယ်
ကိုယ်စွမ်းရာက မစကြဘဲ
သူများပါးစပ်နဲ့ လမ်းဆုံးနေကြလို့သာ
အစွမ်းမပြနိုင်ကြတာပါ..
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

ကိုယ်ပြုသမျှ ကံများသည်ပင်
ကိုယ်ရှေ့ဆက်ရမည့် ခရီးအတွက်
ခရီးသွားလက်မှတ်များ ဖြစ်ပါတယ်
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

*တခြားပစ္စည်းတွေကိုရောင်းလိုက်ရင်
အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်
စိတ်ချမ်းသာမှုကိုရောင်းစားရင်
အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ
ရောင်းမစားပါနဲ့..................။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ ) *

စေတနာ သည် လူတိုင်းနဲ့
မတန်သည် မဟုတ်
လူတိုင်းနဲ့ တန်တဲ့
စေတနာမျိုး
ထားနိုင်ဖို့သာ လိုအပ်ပါတယ်............။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စိတ်ဆိုးနေတဲ့ အခါ
ကောင်းတဲ့စိတ်နဲ့ လဲလိုက်ပါ
ရှုပ်နေရင် ရှင်းတဲ့စိတ်
ပူနေရင် အေးတဲ့စိတ်
နောက်နေရင် ကြည်တဲ့စိတ်နဲ့
ချက်ချင်းလဲ လိုက်ပါ..............။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

လေးစားထိုက်သူရဲ့ စကားကိုမှ
နားထောင်ကြတာ။
ကိုယ့်စကား
နားထောင်စေချင်ရင်
လေးစားထိုက်အောင်နေပေါ့.........။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ
ဖြစ်နိုင်တာကိုသာ ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်..............။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဘေးကိုကြည့်လွန်း အားကြီးရင်
ဘေးတွေ့တတ်တယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်က ကြိုက်လို့ကောင်းတာထက်
ကောင်းတာမိုလို့ ကြိုက်တယ်ဆိုရင်
အကောင်းဆုံးကို ရနိုင်တာပေါ့...................။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

လူမှုရေးဆိုတဲ့ ကြိုးနဲ့
လူ့ဘောင်ကို ၀ိုင်းခတ်ထားတယ်
လူကိုမမှုရင်
လူ့ဘောင်ရဲ့ဘေးရောက်မယ်.........
လူကိုမှုနေရင်လည်း
ဒီအသိုင်းအ၀ိုင်းက မထွက်နိုင်တော့ဘူး.............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

သူတစ်ဖက်သား မျက်မာန်ပွားသော်
တရားမကွာ ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး ကိုယ်ကသုံးလျှင်
အရှုံးဘယ်မှာ ရှိချိမ့်နည်း။ ။
မင်းကွန်းဆရာတော်ကြီး

အမြင့်ရောက်မှ အမြင်ကျယ်တာထက်
အမြင်ကျယ်လို့ အမြင့်ရောက်တာက
ပိုကောင်းတယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မေတ္တာ ပို့နေရုံနဲ့
မဖြစ်သေးဘူး
မေတ္တာဓာတ်တွေ
ရှိနေဖို့က
အရင်လိုအပ်တယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မုန်းလောက်အောင်
ကြိုးစားလိုက်စမ်းပါ၊
ပျင်းတဲ့သူတွေက
မုန်းချင်သလောက်
မုန်းစမ်းပါစေ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ရက်ရက်စက်စက်
ရိုးသားလိုက်စမ်းပါ၊
ဒီရက်စက်မှုမျိုးကို
သူတော်ကောင်းတွေက
မြတ်နိုးပါတယ်။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မင်းမရှိလည်း ဖြစ်တယ်
သူမရှိလည်း ဖြစ်တယ်
ငါမရှိလည်း ဖြစ်တယ်
ဘာမျှ မရှိလည်းဖြစ်တယ်.............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မိုက်မဲတယ် ဆိုတာ
မိုက်လွန်လွန်း အားကြီးလို့
ကြုံတာလေး တစ်ခုတည်းကို
မဲ နေတာ............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဘာသာအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
လူမျိုးအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
သတ္တ၀ါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
တိပိဋက ဆရာတော်ကြီး (ယော)

ကိုယ်ကျင့်တရား ဖြူစင်ရင်
အသိတရား မြင့်မြတ်လာသလို
စစ်မှန်တဲ့ အသိတရားရရှိသူဟာလည်း
ကိုယ်ကျင့်တရား ဘယ်တော့မှ မပျက်စီးဘူး..
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

"မမှားသော ရှေ့နေ၊ မသေသော ဆေးသမား" တဲ့
ဒီဖြေဆေးဟာ ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ်။
မမှားတာ အကောင်းဆုံးပဲ....
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ)

ကိုယ့်စကားကို သူ နားထောင်စေချင်ရင်
သူ့စကားကို အရင် သေသေချာချာ
နားထောင်ပေးလိုက်ပါဦး
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ)

မြင်တဲ့အတိုင်း အမှန်ဖြစ်မှ
အမှန်အတိုင်း မြင်တယ် ခေါ်တယ်။
မြင်တဲ့အတိုင်း မှန် , မမှန်
ကြားတဲ့အတိုင်း မှန် , မမှန်
ဆန်းစစ်ရမယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အထွတ်အထိပ်ကို
ရောက်သွားသူတိုင်း
အခက်အခဲတွေကို
ရင်ဆိုင်ခဲ့ရတာတွေချည်းပါပဲ။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)