Saturday, February 26, 2011

အဖြူရောင်နေ့များ

ဝင်္ကပါလို
ကောက်ကွေ့တဲ့
လမ်းတွေ...
ငါတို့
ပြင်ဆင်လျှောက်ခဲ့တယ်
`ဘ၀´ဆိုတာ
သင်ကြားမှုတွေ
ပြည့်နက်နေတဲ့
ကျောင်းကြီးတစ်ခုပါ...
ခေါင်းလောင်းသံတွေနဲ့
ငါတို့
ဆုံဆည်းခဲ့ကြသလို
ခေါင်းလောင်းသံတွေနဲ့
ငါတို့
ခွဲခွာကြရဦးမယ်...
ကောင်းမြတ်ခြင်း
နေ့ရက်တွေဟာ
အာရုံဦး
အလင်းတွေနဲ့အတူ
ငါ့တို့ဆီ
ရောက်လာကြဦးမှာပါ..။
အဲဒီအချိန်မှာ
ငါတို့ ရင်ဘတ်တွေ
ဖြူစင်နေဖို့
လိုတယ်....။

သားထက် (မုံရွာ)

ဆောင်းညနေခင်း...

ဆေးရောင်ဆိုးမထားတဲ့
ညနေခင်းတစ်ခုပါ...
တိမ်တွေက
ပြောင်ပြောင်ရှင်းရှင်း
ကင်းစင်နေပြီး
သစ်ပင်တွေက
စိမ်းစိမ်းလက်လက်
တောက်ပလို့...
တောတန်းလေးဟာ
မြူတွေနဲ့
အုံ့ပြလှပနေပါတယ်...။
တကယ်လို့သာ
အတ္တတွေနဲ့
နစ်မွန်းမနေခဲ့ဘူးဆိုရင်
ဟောဒီ
ညနေခင်းလေးဟာ
ကျနော့်အတွက်
ဖြူဖြူစင်စင်
လှပနေခဲ့မှာပါ......။

သားထက် (မုံရွာ)

Friday, February 25, 2011

ပန်းပွင့် ဒဏ္ဍာရီ

မင်းရဲ့....
နုညံ့တဲ့
လက်ချောင်းတွေနဲ့
ငါ့နှလုံးသားကို
တီးခတ်လိုက်ပါ...
ငါ့ရင်ဘတ်ကြီးက
အလွမ်းသီချင်းတွေဆိုဖို့
အဆင်သင့်ဖြစ်နေချိန်....
မင်းရဲ့....
လက်တောက်နေတဲ့
မျက်ဝန်းတွေနဲ့
ငါ့စိတ်ကို
ညှို့ယူလိုက်ပါ..
ငါ့အချစ်တွေက
ဒူးထောက်အညံ့ခံဖို့
အဆင်သင့်ဖြစ်နေချိန်...
မင်းရဲ့...
ချိုမြိန်တဲ့
နှုတ်ခမ်းတွေနဲ့
ငါ့ဘ၀ကို
ဖမ်းစားလိုက်ပါ..
ငါ့ရူးသွပ်ခြင်းတွေက
အရာရာကို ပေးဆပ်လိုက်ဖို့
အဆင်သင့်ဖြစ်နေချိန်...
မင်းသိရဲ့လား
ငါ့အဖြစ်ဟာ
မီးပွိုင့်မှာရပ်စောင့်နေတဲ့
ကားတစ်စီးလိုမျိုးပါ..
မင်းမုန်းသွားမှာ
စိုးလွန်လွန်းလို့
`ချစ်တယ်´ဆိုတဲ့
စကားတစ်ခွန်း
ဘရိတ်အုပ်ရတာ
ရင်တွေပွင့်မတတ်ပါပဲ....အချစ်ရယ်...
ရွာလက်စ
မိုးရေတွေ
မခြောက်သွေ့ခင်...
လင်းလက်စ
နေရောင်တွေ
မအေးစက်ခင်..
ကျလက်စ
နှင်းမှုန်တွေ
မခဲသေးခင်...
ဒါတွေဟာ..
အိပ်မက်တွေလိုပဲ
မှုန်ဝါးပျောက်ကွယ်သွားမယ် ဆိုတာ
မသိသေးခင်
.....
သံယောဉ်ဇဉ်ဟာ
ငါ့နှလုံးသားကို
အထပ်ထပ်
ချည်နှောင်ရစ်ပတ်ခဲ့ပြီးပြီ...
ဒီလိုနဲ့ပဲပေါ့...
အိပ်မက်လှလှတွေနဲ့
ရင်ခုန်စရာကောင်းတဲ့...
စိတ်ကူးနုနုတွေနဲ့
ကြည်နူးစရာကောင်းတဲ့...
မျှော်လင့်ခြင်းတွေနဲ့
လန်းဆန်းနေတဲ့..
`အချစ်´ဆိုတဲ့
`ပန်းတစ်ပွင့်´ဟာ
သူမရဲ့
မျက်ဝန်းတစ်ချက် အလက်မှာ
မွေးဖွားခဲ့ပါတယ်......

သားထက် (မုံရွာ)

Wednesday, February 23, 2011

မသိသလို နေပေးပါ

အရင်လို မင်းအနားမှာ ရှိတယ်

ကွဲကွာသွားတဲ့ မနက်ခင်းလေးတွေ
အပ်ချည်နဲ့ ချုပ်သီရင်း
စကား အဟောင်းအမြင်းများ
ရေလောင်းပေါင်းသင်ရင်း
ငါသတိရသလို သတိမရဖို့
ငါရူးမိုက်သလို မရူးမိုက်ဖို့
တတွတ်တွတ် ရွှေနားတော်သွင်းရင်း
မင်းအနားမှာ ငါရှိတယ်
မသိသလို နေပေးပါ

ဒါဟာ မသွားသင့်တဲ့ လိပ်စာ
ဒါဟာ ဒဏ်ရာသင့်မယ့် အိပ်မက်
ဒါဟာ အဆိပ်ကို ဖုံးကွယ်ထားတဲ့ နှင်းဆီ
ဒါဟာ မင်းအတွက် ခါးသက်စေမယ့် ရာသီရယ်လို့ သတိပေးရင်း
မင်းအနားမှာ ငါရှိနေတယ်
မသိသလို နေပေးပါ

စိတ်အနှောက်အယှက် ဖြစ်ပေမယ့်
စိတ်ရှုပ်ထွေးနေပေမယ့်
အနားမှာ မရှိစေချင်ပေမယ့်
မသိသလို ၊ မရှိသလို နေပေးပါ . .

အရင်လိုပဲ မင်းအနားမှာ ငါရှိနေမယ်
အဲဒါ. . .
မသိသလို နေပေးပါ

ဈင်မင်းဧ( 18-2-2011 ညတွင် သွေးပျက်စွာ ရေးပါသည်)

နွေ (သို့မဟုတ်) ရွက်ကြွေသင်္ချိုင်း

ဒီ တစ်နှစ်လည်း ကြွေရပြန်ပြီ . .

သို့ /
နွေ . .

ငါ စာရေးလိုက်တယ်
ငါ မကြွေခင် . .
ငါ မသေခင် . .

အချိန်ဟာရောက်လာတော့မယ်

မနှစ်ကလို ကြွေကျဖို့
ဒီနှစ်မှာ အင်အားမရှိဘူး
(မနှစ်ကလည်း အင်အားမရှိခဲ့ပါဘူးလေ)

ကြောက်လန့်တကြားနဲ့
(ပြုတ်ကျတဲ့ အရသာကို မက်မောမိလားမသိ)
ငါ မသိတဲ့ ငါ့ ၀ိဥာဉ်မှာ
လေကလေး ဖြူးလာစဉ်
ငါ့ အညှာကို
ငါ
ခြွေချလိုက်မိတယ်

ဈင်မင်းဧ

ဆောက်လက်စ အိမ်ကလေး

ဟုတ်တယ် ၊ လှတယ်
တကယ် လှတယ်
အဝေးက ကြည့်လည်း လှတယ်
အနီးကပ်ကြည့်လည်း လှတယ်
မျက်စိမှိတ်ကြည့်လည်း လှတယ်
ဆောက်လက်စအိမ်လေး

ပန်းတွေ
မပွင့်သေးတဲ့ ပန်းတွေ
ပျိုးထားတယ်

ကျေးငှက်တွေ
ရောက်မလာသေးတဲ့ ကျေးငှက်တွေ
ဖိတ်ခေါ်ထားတယ်

ဟောဒီမှာ ခုံတန်းပြာ
ဆောက်လက်စ . .
ဟောဒီမှာ မီးလင်းဖို
ဆောက်လက်စ . .
ဟောဒီမှာ.. .
ဟောဒီမှာ လေ

သြော်
မင်းက
ဘယ်ထွက်သွားရတာလဲ

ဈင်းမင်းဧ( 18-2-2011 ညတွင် သွေးပျက်စွာ ရေးပါသည်)

နှလုံးသားဖြင့် သီကုံးသော...

တကယ်တော့.....
ငါ...ဟာ....
လှိုင်းတွေနဲ့
ချိုချိုလွင်လွင်
စီးဆင်းခဲ့ရတဲ့ `မြစ်´...
မုန်တိုင်းတွေနဲ့
အခက်အလက်တွေ
ဝေဆာခဲ့ရတဲ့ `သစ်ပင်´...
မဆင်မခြင်ဘဲ
တေလေတကောင်လို
ခတ်ပေပေ
ရှင်သန်ခဲ့တဲ့
ကောင်ဆိုးလေးပါ...
ငါ့ ကောင်းကင်မှာ
ကြယ်တွေမတောက်ပသလို
ငါ့ ညတွေက
လရောင်မလင်းဘူး...
လေပြေ လေညင်းမဲ့
ခြောက်သွေ့အက်ကွဲနေတဲ့
ငါ့ နံနက်ခင်းတွေထဲမှာ
ပန်းရနံ့တွေ
မရှိပါဘူး...ချစ်သူ...
မင်းအတွက်
လှလှပပ
ဖန်တီးပေးစရာဆိုလို့
ငါ့နှလုံးသားမှာ
တယူတယ မွေးဖွားလာတဲ့
အဖြူရောင်
ချစ်ခြင်း တစ်ခုပဲ ရှိတယ်...
ကောင်မလေးရယ်
ငါဟာ..
မင်းအတွက်တော့
ထာဝရ
မိုးခေါင်နေတဲ့
နွေဥတု တစ်ခုပဲ
ဖြစ်မှာပါ...
ဒီလိုပါပဲကွယ်...
ငါဆိုတဲ့
ကောင်ဆိုးလေးအတွက်
ဆုလဒ်တွေဟာ
အမြဲလွဲချော်နေတတ်သလားပဲ..
မေ့ပစ်လိုက်ဖို့
မုန်းပစ်လိုက်ဖို့ပါပဲ..
ဒါပေမယ့်
တဆစ်ဆစ်
ကိုက်ခဲနေတဲ့
မှောင်မိုက်ညများစွာ
ကုန်ဆုံးပြီးသွားတဲ့နောက်
ငါ..မင်းကို
မေ့လို့မရဘူး
မုန်းလို့မရခဲ့ဘူး...ချစ်သူ...
ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်
မင်းကို
ချစ်နေရတာလေး တစ်ခုနဲ့ကို
ငါ ကျေနပ်နေပါတယ်...
မင်းကို
မှတ်မှတ်ရရ
လွမ်းဆွတ် မိတဲ့အခါ
မြတ်မြတ်နိုးနိုးနဲ့
မင်းရဲ့ကိုယ်စား
နမ်းဖို့..
ပန်းပင်ကလေးတပင်
ငါ့ နှလုံးသားမှာ
ပျိုးထားပါတယ်....

သားထက် (မုံရွာ)

Thursday, February 17, 2011

...

အိမ်အပြန် တိတ်ဆိတ်နေကျ လမ်းမှာ နှင်းများဖွဲလို့
ညအော်သံဟာ တစ်ကိုယ်တည်း စီးဆင်းနေကျ
ဝမ်းနည်းတတ်သူဟာ ပိုက်ကွန်ထဲမှာ
လောက်မြိုက်နေတဲ့ လမ်းမီးတိုင်တွေက
သွေးပျက်စရာ

လူသူရှူပ်ထွေးတဲ့ လမ်းမကြီးပေါ်ကနေ
လူသူတွေ နည်းပါးတဲ့ လမ်းကလေးကနေ
လူသူ ဆိတ်သုဉ်းတဲ့ အိမ်ငယ်လေးဆီ
ည ခရီးဟာ နှင်လာခဲ့ပြီ

အိမ်တံခါးဝက နှူတ်ဆက်နမ်းနေကျ အနမ်းဟာ
အလွမ်းတွေ ကြွေကျလာ
သစ်ရွက်ခြောက် အ၀ါများ
လေးလံတဲ့ ဘ၀ပါ

အခုဆို ဘာကြောင့် မဆုံသင့်တာလဲ မေးခွန်းက
ခေါင်းပေါ်မှာ
မျက်နှာကျက်မှာ
အံဆွဲထဲမှာ
မျက်နှာသစ် ပ၀ါမှာ
လက်ဖက်ရည်ခွက်ထဲမှာ
ဆေးလိပ်တိုတွေမှာ
အရည်ပျော်ကျလို့
မြင်မကောင်းတဲ့ မြင်ကွင်းပါ အချစ်ရယ်

ဈင်မင်းဧ

အိမ်ပြန်ချိန်

ဒီရေနဲ့အတူ အချိန်တန်ရင် တက်လာမယ်တဲ့

ဟိုဝေး ကောင်းကင်နီဆွေးဆွေး အောက်မှာ
အိမ်ပြန်ချိန် ပျောက်ရှတဲ့
ငှက်အသေ တောက်ပံတွေ ငါ လိုက်ကောက်ခဲ့တယ်

ညနေစာတစ်ခုရဲ့ ကံဆိုးမှူကိုလည်း လက်ခံရမှာပဲ
ဒီလိုပဲ
အပျင်းပြေ ခြေဆေးမှူအတွက် မျက်ရည်များ
ကောင်းကင်တစ်ခုလုံးမှာ ငွေ့ရည်ဖွဲ့ခဲ့ပေါ့
မကြာခင်ရောက်လာမယ့် ရထားမှာ
အိမ်မက်သေတစ်ခု ခိုကပ်လိုက်ပါသွားတယ်

ငါသာလျှင် ကျန်နေခဲ့ပေါ့
အရိုးစု တစ်စုရဲ့ သစ္စာရေသောက်မြစ်ဟာ
စက္ကန့်တံတွေအောက် ပျော်စင်းလို့
ကျကျန်နေခဲ့
တစ် စ စီ
တစ် စက် စီ
ပြန့်ကျဲလို့
ဘ၀ကို

အဲဒီ ဘ၀ကို
အိမ်ပြန်ချိန်မှာပဲ
ညနေနဲ့အတူ ကြေးနန်းရိုက်ခဲ့တယ်

ဈင်မင်းဧ

ဟုတ်ပြီ ..

အခု မိစ္ဆာတို့ရဲ့ သွေးဆိုးကို ငါသောက်လိုက်ပြီ

အလင်းတွေ ရုတ်ချည်းပျောက်ကွယ်
အမှောင်နယ်ထဲ
ငါ့ အလောင်းကိုတောင် ဘယ်သူမှမမြင်အောင်
သေပစ်လိုက်လို့ရတယ်

အပွေ့အဖက်ကြမ်းလှတဲ့ ကြိုးဝိုင်းထဲမှာ
ကိုယ့် လိပ်ပြာ ကိုယ်နှူတ်မယ်
ဘယ်ခွေးမှ မ ဟောင်နဲ့
ဘယ် သရဏဂုံမှ မ တင်နဲ့
ငါ့ ကိုယ်ငါ မိစ္ဆာဇာတ်သွင်း
ငါ့ ငရဲကို ငါကိုယ်တိုင် ရှေ့က လမ်းရှင်းသွားမယ်

လိုက်ခဲ့ကြ
ဒုက္ခတို့ အသင့်ပြင်ထားကြ
ဘ၀ ဆက်တိုင်း
သံသရာတစ်လျောက်
ငါ့ အသက်တွေ
ငါ ရသမျှ ခန္ဓာတွေအတွက်
ဝဋ်ဒုက္ခတို့ အသင့်ပြင်ထားကြ

အခု တံခါးကို ငါပိတ်လိုက်ပြီ
ငါ့ မျက်လုံးကို မှိတ်
ငါ့ စိတ်နဲ့ ရဲရဲကြည့်လိုက်ပြီ
ဝင်လာခဲ့ပါ
သံပူပြားပေါ်က ရေတစ်စက်လို
လောင်ကျွမ်းပျောက်ကွယ်သွားဖို့ ၀န်မလေးဘူး

ခန္ဓာကိုယ်အနှံ့
အေးစက်ခြင်းရဲ့ အဆိပ်တွေတိုးဝင်
ဟောဒီ လေထန်ထန် ကွင်းပြင်မှာ
ငါ့ လောင်ကျွမ်းမှူကို ကြည့်ကြစမ်း

အရှူံးပေးလိုက်ပြီ
သံသရာ တစ်လျှောက်လုံးအတွက် ငါ အရှူံးပေးလိုက်ပြီ
သေခြင်းတရားကို ရေတစ်ခွက်လို
သောက်သုံးရဲတဲ့ စိတ်နဲ့
ငါ အရှူံးပေးလိုက်ပြီ

သံသရာတစ်လျှောက်
ဘယ်လိုဘုံ ဘယ်လိုဘ၀ရောက်ရောက်
ငါ့လောင်ကျွမ်းမှူနဲ့ ငါ့နတ်ဆိုးတို့ကို
ငါ ကိုယ်တိုင် စောင့်ရှောက်
ခေါ်ဆောင်သွားမည်

လိုက်ခဲ့ကြ
ငါ့ နောက်လိုက်ခဲ့ကြ
ဒုက္ခအပေါင်းတို့
ငါ့နောက်ကို လိုက်ခဲ့ကြ

ဘာကိုမှ ခေါင်းထဲလက်ခံ မထားနိုင်တော့ဘူး
ဆိုးဝါးမှူတွေ
ယုတ်ညံ့မှူတွေ လစ်လျှူရှူလိုက်ပြီ
ကိုယ့်ကို အသေသတ်မယ့် မြွှေဆိုးကို
လှလှပပ ငုံ့ နမ်းလိုက်သလိုမျိုး
ဒုက္ခတွေကို နမ်းရှိုက်ရဲပြီ

ငါ့သွေးပျက်မှူတွေ
ငါ့ရူးသွပ်မှူတွေ အတွက်
ငါ့ ၀ိဥာဉ်တောင် ငါ့ကို လာ မဖျောင်းဖျနဲ့

ကဲ . . အခု
ငါ အဆင်သင့်ဖြစ်နေပြီ
ဘာကိုစောင့်နေတာလဲ
လာခဲ့တော့လေ .. .. .. . .
ဈင်မင်းဧ

အတ္တများ ရဲ့ အိမ်

ငါ့ဝိဥာဉ် မှီတွယ်ရာ
ငါနေထိုင်ရာ ကမ္ဘာ
ငါ့ ကမ္ဘာ

ဆိုက်ကားဖြတ်တိုက်ခံလိုက်ရတဲ့ ငါ့ဝိဥာဉ်ဟာ ငါ့ကမ္ဘာ
ဘစ်ကားတွေကြားထဲ ရောက်သွားတဲ့ နားတစ်စုံဟာ ငါ့ကမ္ဘာ
ပွဲဈေးတန်းလို ဆိုင်ခန်းတွေနဲ့ မြို့ပြအ၀င်မှာ
ရေငတ်ခဲ့ရတဲ့ စိတ်ဟာလည်း ငါ့ကမ္ဘာ

အံ့သြဖွယ်လွဲမှားတဲ့ အသေးအဖွဲများက အစ
ကြီးမားတဲ့ ကျရှုံးမှုများ အဆုံး
အပွေ့အဖက်ကြမ်းလွန်းလှတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ
ရေစီးကြောင်းလေးတစ်ကြောင်းဟာ ငါ့ကမ္ဘာ

အိမ်ပြန်ချင်ခဲ့တဲ့ လမ်းတစ်လျောက်လုံး
မြူတွေဖုံး နှင်းတွေဝေ
အလွမ်းစိတ်ကလေးနဲ့ တောင်
မှန်မှန်မရောက်နိုင်တဲ့ အမေ့အိမ်မှာ
ငယ်စဉ်ငယ်ဘ၀က ပုံရိပ်များဟာ ငါ့ကမ္ဘာ

လူသားတစ်ယောက်စာထက် မပိုတဲ့အတ္တနဲ့
လူသားတစ်ယောက်စာထက် ပိုတဲ့ ဒုက္ခနဲ့
လူသားဆန်ဆန် ထိုးကျွေးခဲ့တဲ့ ဘ၀ကို
အန်ဖတ်ဆို့နေတဲ့ အမူးသမားမျက်လုံးထဲမှာ
ငါ့ ကိုယ်ငါ ပြန်တွေ့ခဲ့တာ ငါ့ကမ္ဘာ

ငါ့ကမ္ဘာရဲ့ ငြီးငွေ့မှု
ငါ့ကမ္ဘာရဲ့ သွေးပျက်မှု
ငါ့ကမ္ဘာရဲ့ စိမ်းလန်းမှုတွေကို
နတ်စိမ်းဝင်ပူးသလို ရင်ခုန်ခဲ့ရတဲ့ အတိတ်ချိုကလေးဟာ
ငါ့ ကမ္ဘာ

လူတွေရဲ့ အတ္တနဲ့လည်း ထိရှခဲ့
လူတွေရဲ့ ပွေ့ဖက်မှုနဲ့လည်း ထိတွေခဲ့
ဆုံးမသံ အစ ဆဲရေးသံ အဆုံး
လှိုင်းလုံးတွေစီးပြီး ရောက်ခဲ့ရတဲ့ ကမ်းခြေဟာ
ငါ့ ကမ္ဘာ

ဂစ်တာ တစ်လက်
ကဗျာစာရွက် တစ်ရွက်
ဆေးပေါ့ လိပ်တို တစ်ဖက်နဲ့
ခေါင်းခါတတ်တဲ့ သက်ပြင်းများ
ခေါင်းမော့ထားတဲ့ ရန်လိုမှုများ
ပြေးလက်စ လမ်းဆီ ဆက်ပြေးရမလား
သွေးထွက်နေတဲ့ ဒဏ်ရာကို ငေးကြည့်ရမလား မသိ
မသဲကွဲတဲ့ အသိဥာဏ်တွေနဲ့
လှလှပပ ဖျော်စပ်ထားတဲ့ ပျော်ရည်တစ်ခွက်ကို
မော့မော့သောက်တတ်တဲ့ ငါ့ခန္ဓာဟာ
ငါ့ ကမ္ဘာ . . . .

ဈင်မင်းဧ

ဒဏ်ရာထဲက မြို့ငယ်

မြို့ငယ်လေးမှာ ခြေရာတွေရှိတယ်

တစ်ယောက်သောသူက တစ်ခုသောမြို့မှာ
တစ်ခြားတစ်ယောက်က တစ်နေရာမှာ
သေးကွေးသောလွဲချော်မှူက မြို့ငယ်လေးဆီမှာ

ပန်းပွင့်တွေလည်း ပွင့်လို့ကြွေသွားခဲ့ပြီ
စမ်းချောင်းလေးလည်း စီးဆင်းပြီး ခန်းခြောက်သွားခဲ့ပြီ
ကြီးရင့်လာသော သစ်ပင်ပျိုများ စိမ်းစိုပြီး
သေဆုံးသွားသော အပင်အိုများ ပျောက်ရှခဲ့ပြီ
ဒဏ္ဍာရီဟာလည်း ဟောင်းနွမ်းဆွေးမြေ့လာခဲ့ပါပြီ

ငါလှမ်းပို့တဲ့ အလွမ်းတွေဟာ
မြို့ငယ်လေးကို အသက်ဆက်စေနိုင်ပါ့မလား
သူမရဲ့ သတိရမှူကကော
မြို့ငယ်လေးကို ပျော်ရွှင်စေနိုင်မှာလား

ငါတို့ဟာ အဝေးမှာ
မြို့ငယ်လေးဟာ အဝေးမှာ
ရူးမိုက်တတ်သော ဖြူစင်မှူဟာ မြို့ငယ်လေးဆီမှာ
ကျောရိုးနှစ်ချောင်း ပြုတ်ထွက်ခဲ့ရသော မြို့ငယ်လေး
အမုန်းတရားကို သိခဲ့ရသော မြို့ငယ်လေး
ခွဲခွာခြင်း မြင်ကွင်းကို
မြို့အ၀င်မှာ ချိတ်ထားဆဲပဲလား

မြို့ငယ်လေးဟာ
သူ့သစ်ပင်ကြီးအောက်မှာ
ကောင်လေးတစ်ယောက်ကို ပျော်စေဖူးရဲ့
ကောင်လေးတစ်ယောက်ကို မျှော်စေဖူးရဲ့
ကောင်လေးတစ်ယောက်ကို ငိုစေဖူးရဲ့
မြို့ငယ်လေးမှာလည်း မျက်ရည်တွေနဲ့

မြို့ငယ်လေးဟာ သူ့လက်ကြမ်းကြီးတွေနဲ့ ကဗျာတွေရေး
ငါ့ကို ပေးဖတ်ခဲ့ဖူးတာလည်း ငါမမေ့နိုင်
သူ့ မြေနီလမ်း တစ်လျှောက်မှာ
ရယ်သံလေးနဲ့ လျှောက်စေခဲ့တာလည်း ငါမမေ့နိုင်
သူ့ရင်ခွင်ကြီးထဲမှာ
ငါ့ကို ရင်ခုန်စေဖူးတာလည်း ငါမမေ့နိုင်

မြို့ငယ်လေးရေ ...
မင်းဟာ ငယ်ဘ၀တွေ သိမ်းဆည်းထားရာ
မြို့ပြက တောင်းခံသမျှ ၀မ်းစာတွေလည်း
မင်းက ပေးခဲ့တယ်
ဟိုးအဝေးက ခြေလှမ်းတွေကိုလည်း
မင်းက လွမ်းသေးတယ်
မေ့လျော့လွယ်တဲ့ ဦးနှောက်တွေထဲမှာ
မင်းဟာ တိမ်မြုပ်ပျောက်ဆုံးခဲ့

အားလုံးဟာ မင်းကို
ရက်စက်သော ကျိန်စာဆိုးနဲ့
ကမ္ဗည်းထိုးခဲ့ကြတယ်
မင်းဟာ
ဒဏ်ရာများလှတဲ့ မြို့ငယ်လေးပါ ။ ။

ဈင်မင်းဧ

တစ်ဘ၀စာ

သည်းကြီးမည်းကြီး ကူးခတ်ခဲ့တုန်းက
ငါဟာ ‘ လူ ’ ပါ
ကုန်းပေါ်ရောက်တော့မှ
‘ ငါး ’ ဖြစ်ခဲ့ရ . .

ဈင်မင်းဧ

ဇာတ်လမ်း

မိုးခေါင်တာ ရာသီတစ်ခုလား . .

စိတ်တွေညို့တော့ တစ်ကိုယ်လုံးရွှဲတယ်
ဆန္ဒဟာ ငရဲကိုသွားတဲ့လမ်း
ငြိမ်သက်ခြင်းနဲ့ စောင့်စားခဲ့တာလည်း
မီးစာတစ်ခု ငြိမ်းသွားသလို . . .

မြို့တည်မယ် ဆိုတဲ့ ရာဇ၀င်ဟာလည်း
ဖတ်ကောင်းရုံသက်သက်ပဲ
မြစ်တစ်စင်းကောသွားတော့
ဘယ်လှေမှ လာမငိုဘူး
သံသရာကလည်း ၀င်လွယ်ထွက်လွယ်

ဖတ်ကောင်းရုံရေးထားတဲ့ စာမျက်နှာပေါ်
ဘယ်သူမှ ကြာကြာမနေဘူး
ငါလည်း အရိုးထွင်မထားတဲ့ငါးပါ
နည်းနည်းလောက် သတိထားကြည့်ရင်
ဘယ်ကိုသွားနေလဲ
သိရမှာပေါ့ . . . ။ ။

အိမ်ပြန်ခရီး

ခရမ်းပြာရောင် တိမ်တိုက်တွေနဲ့ အိမ်ပြန်ခဲ့တယ်

အမေ့အတွက် နှစ်ချို့မျက်ရည်
အဖေအတွက် ပခုံးသား တစ်ဖက်
လွမ်းလို့ရေးထားတဲ့ စာတစ်ရွက်က
အလစ်မှာ လူအခိုးခံရတယ်
ဒါတွေနဲ့ ငါပြန်ခဲ့တယ် ငါ့မြို့ဆီ

ခြေလက်တွေ မသယ်နိုင်တော့ဘူး
ဒဏ်ရာရနေကျနေရာက
ဒဏ်ရာကို ဆာလောင်တတ်မြဲမို့
ကိုယ့်ကိုယ်ကို ဖြေတွေးတွေးပြီး
အိမ်ရာဝင် ပုံပြင်တွေနဲ့ အိပ်ခဲ့တယ်

အတောင်မှာ ကိုက်ခဲထားတဲ့နှင်းပွင့်နဲ့
ကြွက်တက်နေတဲ့ အာရုံများစွာ
မြင်ကွင်းဟာ တဖြည်းဖြည်းေ၀၀ါးလာ
ေ၀၀ါးလာ
ဘာပဲဖြစ်ဖြစ်
ရောက်တော့မယ်
ငါ ပြန်ရောက်တော့မယ်
ငါ့ရဲ့ ဇာတိမြေဆီ . .
ငါမွေးဖွားရာဆီ . . .
ငါ့ရဲ့ မိခင်ဆီ . . . . .

ဈင်မင်းဧ

.....

ပျံ့လွင့်နေသောကြိုးနဲ့ ငါ့အသံကို ချည်နှောင်ထားတယ်
လူရည်မလည်သေးတဲ့စိတ်ကို အတိတ်မှာ ထားခဲ့တယ်

လာခဲ့တဲ့လမ်းဆီ ဘ၀ကိုပြန်လွှတ်
သစ်ပင်တွေ စိမ်းစိုနေတဲ့ ကျွန်းလေး
မြို့ပြမာယာ
မောဟ
ငါ့ဘ၀ကို အဲဒီလို ဖျော်စပ်ထားခဲ့တယ်

မိုးရေတွေ ရွှဲရွှဲစိုနေတဲ့ နေရာမျိုးမှာ မနေရဲဘူး
သစ်ရွက်တွေ ကြွေကြွေကျတဲ့ နေရာမှာလည်း မနေရဲဘူး

အိမ်ပြန်ချိန်မှာတော့
အမေ ကြိုနေမှာပဲ ဆိုတဲ့အသိနဲ့
အရဲစွန့် ထွက်လာခဲ့တယ်

ကျွန်တော်လည်း ရွာချခဲ့တာပဲ
ဒီ ကန္တာရ ကိုက
မစိုစွတ် တတ်တာပါ . . .

ဈင်မင်းဧ

နှင်းဆီသို့

နှင်းဆီ
ဘာကြောင့်ခေါ်ပါသလဲ

ချွန်မြပြာလဲ့နေတဲ့ဆူးနဲ့ ကောင်းကင်နံရံကို ထိုးစိုက်ထားတာလား
မင်းပွင့်ဖက်များနဲ့ အိပ်မွှေ့ချထားတဲ့ ညနေကောင်းကင်ဟာ
နီဆွေးလို့ပါ

တစ်လောကလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ ပုံစံနဲ့
ပွင့်လို့

အခု
ကိုယ့်ဝိဥာဉ်ဟာ
မင်းရဲ့ပင်စည်ကိုတွယ်တက်လာခဲ့ပြီ

ကြောက်စရာကောင်းတဲ့ ၀တ်မှူံဟာ
ဘုရားသခင်ရဲ့ဝိဥာဉ်တော်လား

မင်းပွင့်ဖတ်မှာ ခိုတွယ်နေတဲ့ နှင်းပွင့်လေးတွေဟာ
ကမ္ဘာမြေရဲ့ မျက်ရည်တွေလား

တစ်လောကလုံး ဆွေးဆွေးမြေ့မြေ့ ပြောနေကြပါသေးတယ်
နှင်းဆီ
ဘယ်မှာလဲ
အခု မင်းဘယ်မှာလဲ . . .
ဈင်မင်းဧ

ပဉ္စလက်

အရိပ်တွေ ၊ အမှူန်အမွှားတွေ
ညည
ငါမက်တဲ့ အိမ်မက်မှာ မင်းရောက်လာနေတယ်

အခုဆို
ငါ လျောက်တဲ့ လမ်းတိုင်း
သစ်ရွက်တွေကြွေကျကျန်ခဲ့တယ်

ငါရပ်နေတဲ့ အရပ်မှာ
ခွေးတွေ ဆွဲဆွဲငင်ငင်အူတယ်
ဘာကြောင့်ပါလဲ

မျက်နှာမူရာကြည့်တိုင်း
မျက်ရည်တွေရွှဲရွှဲစို
တိမ်ညိုတွေလည်း အုံ့အုံ့လာတယ်

သွေးပျက်ဖွယ်အခင်းအကျင်းနဲ့
ငါ ကျစ်နေသော ကြိုးများ
တစ တစ ရှည်လျားလာတယ်

ညတာရှည်တဲ့ တစ်လျောက်လုံးမှာ
ယင်းစွဲနေတဲ့ ဆေးသမား
သူ့အတွေးထဲ ငါ့ကိုခေါ်တယ်

(ပြေရာပြေကြောင်းပြောတာပဲကောင်းပါတယ်
နောက်လှည့်မကြည့်တတ်ရင်တော့
နောက်မှာ ဘာကျန်ခဲ့လည်း ဘယ်သိမှာလဲ

ဒါပါဘဲ
ဘ၀ ဆိုတာလည်း ဒါပါဘဲ
လက်တစ်ဖျစ်စာ အချိန်အခါအတွက်
တခမ်းတနား လောင်မြိုက်ရတာ
လက်တစ်ဆုပ်စာ နှလုံးသားအတွက်
ဖြူရော်ကြွေကျခဲ့တာ
နောက်ဆုံးတော့လည်း
ဒီလောက်ပါဘဲ) <----------- ပယ်ချင်တယ်

ဘယ်လောက်ပဲ ရွာကျကျ
ရေစက် မပါမှတော့
မိုးရွာတယ်လို့ ဘယ်သူနားလည်ပေးမှာလဲ

ဒီလို အံချော်မှူအတွက်လည်း
ကမ္ဘာတွေထဲ ဘယ်လောက်ပြာကျခဲ့ပြီလဲ
ဘယ်လို ပျောက်ကွယ်ခဲ့ပြီးပြီလဲ
အံ့သြဖွယ်ရာ ပဉ္စလက်ထဲမှာပဲ
ငါ ..
အခါခါ သေတယ် . . .

ဈင်မင်းဧ

ဝေးဝေးက မီးအိမ်

အသံတွေနဲ့ စိတ်ပူ နေသေးလား
ကျွန်တော့် အသံမှာ လွမ်းနေလား
ကျွန်တော့် လမ်းကို စိတ်ပူနေလား

လူကိုယ်တိုင် မရောက်နိုင်ခဲ့
အမေရဲ့ မေတ္တာတွေနဲ့
ကျွန်တော့် ညတွေ နွေးထွေးခဲ့ပါတယ်

အမေ့ မျက်ရည်တွေတစ်နေ့ ခမ်းခြောက်ရမှာပါ
အမေ့ အပြုံးတွေ တစ်နေ့ပွင့်မှာပါ
အမေ ထွေးပိုက်ခဲ့ပေမယ့်
ကျွန်တော် မခိုဝင်နိုင်သေးတာ
ဝမ်းနည်းနေမလား အမေ

အမေ့ စိုးရိမ်ခြင်းတွေကြောင့် လမ်းမပျောက်ခဲ့တာ
အမေ့ အသံနဲ့ လမ်းလျောက်တတ်ခဲ့တာ
မိုက်မဲမှူ့ရဲ့ သားသမီးကို အမေဘယ်လောက်ထိချစ်ပါသလဲ
ကျွန်တော်လည်း တစ်နေ့နေ့တော့
တစ်နေ့နေ့တော့ ပေါ့ အမေရယ်
ပန်းတွေ အရမ်းပွင့်တဲ့ အသိုက်အမြုံမှာ
အမေ့ကို
ပြန်လည် တွေ့ဆုံနိုင်မှာပါ . . .

ဈင်မင်းဧ

Bar ဘား

စင်ပေါ်မှာ အော်နေတဲ့အသံကိုကြားလား
သူတို့ စိုက်ပျိုးတဲ့ လယ်ယာမြေဟာ
စိတ္တဇ လူကုံထံတွေရဲ့ အန်ဖတ်ပဲ

ငါ့မှာ ဒီပွဲကို အလည်ရောက်ရှိခဲ့ပြီ

ဒီမှာ .. လာမိုက်မဲကြ
ဒီမှာ .. လာညံ့ဖျင်းကြ
တကြော်ကြော်ခေါ်နေတဲ့ အသံမှာ
ဝိဥာဉ်များ ဆတ်ဆတ်ခါလို့

ဒီ တုန်ခါနေတဲ့ ယဉ်ကျေးမှူမှာ
ဘ၀တွေ စီးမျောကြ
လူတစ်ယောက်. .
နောက် ထပ် လူတစ်ယောက် . .

ဒီလို ယဉ်ကျေးမှူရဲ့ နိဂုံးဟာ
ကမ္ဘာအပျက်မှာ တည်နေသလား

ငါ့ရဲ့ မူးဝေနေတဲ့စိတ်နဲ့
ယက်ဖောက်လိုက်တဲ့ ယက်ကန်းသံမှာ
သူတို့ တတွေ
ကွေးအောင် က နေကြတော့တယ် . . .
ဈင်မင်းဧ

နှင်းဆီတစ်ပွင့်၏ ဈာပန

ရနံ့တွေ ၊ အရောင်အဆင်းတွေ
ပုံသဏ္ဍန်တွေ
အားလုံးကို မြုပ်နှံခဲ့ရပြီ
မင်းရဲ့ဝိဥာဉ်ကိုပါ မြုပ်နှံလိုက်ပါ
မင်းရဲ့နောက်ဘ၀တွေကိုပါ မြုပ်နှံလိုက်ပါ
နှင်းဆီတစ်ပွင့်ရဲ့ သစ္စာတိုင်တည်တေးကို ရေရွတ်မိတဲ့
ငါ့ကိုပါ မြုပ်နှံခဲ့လိုက်ပါ
ငါ့ရဲ့ နောက်ဘ၀တွေကိုပါ မြုပ်နှံခဲ့လိုက်ပါ

ဟောဒီ လွင်တီးခေါင်ပြင် ကန္တာရမှာ
ဟောဒီ ဆူးများတဲ့သဲသောင်မှာ
ငါတို့ ..
ဝိဥာဉ်အဖြစ်တောင် မြင်တွေ့ခွင့် မရဘူးဆိုရင်
ငါတို့ ..
စိတ်ကလေးနဲ့တောင် ထုံကူးခွင့် မရတော့ဘူးဆိုရင်
ငါတို့ရဲ့ အရည်ပျော်ကျနေတဲ့ ဘ၀တွေ ၊ နောက်ဘ၀တွေ
အားလုံးရဲ့ ဈာပန
ငှက်ဆိုးထိုးသံတွေနဲ့ ခမ်းခမ်းနားနား သင်္ဂြိုဟ်လိုက်ပါ
သင်္ဂြိဟ်လိုက်ပါ

နောက်တစ်ကြိမ်
နှင်းဆီမပွင့်မှီ ဘ၀တွေအထိ ...
ဈင်မင်းဧ

အပေါင်ဆိုင်

ကျွန်တော်ရယ်
အမေရယ် ...
အဖေရယ် ...
မိသားစုထမင်းဝိုင်းလေးရယ် ..
အိမ်ရှေ့ မယ်ဇလီပင်ရယ် ..
ပြောနေကြအကြောင်းတွေရယ် ..
လရောင်ဆမ်းထားတဲ့ ခုတင်ကြီးရယ် ..
ကိုရီးယား ဇာတ်လမ်းတွဲရယ် ..
လက်ဖက်သုပ်ရယ် ..
ရှောက်သီးဖျော်ရည်ရယ် ..
မျက်နှာကျက်ပေါ်က ချစ်သူ့ဓာတ်ပုံဟောင်းရယ် ..
အားလုံးကိုပေါင်နှံ

ရန်ကုန်မြို့ကြီးရေ ..
တစ်နေ့တော့
အတိုးရော အရင်းရော
မင်းဆီက ပြန်ရွေးရမယ် ...
ဈင်မင်းဧ

အမဲလိုက်ခံရတဲ့ ညစာ

ငါဟာ
အမဲလိုက်ခံရတဲ့ ညစာတစ်ခွက် ဆိုတာကို
ပြောကြပါစို့

သမိုင်းတစ်လျောက်မှာလည်း
စာဖွဲ့စရာမလိုတဲ့သူတွေ အများကြီးပဲ မဟုတ်လား
ညစာတွေ ပျောက်ပျက်လွယ်တဲ့ မြို့သစ်ထဲမှာ
ဝမ်းခေါင်းအလွတ်တစ်လုံးရဲ့ အိမ်မက်မက်တယ်

ကိုယ်အတ္တနဲ့ကိုယ် မှားပုံများကတော့
ကိုယ့်ကိုယ်ကို လက်ဆွဲနူတ်ဆက်တဲ့အခါမှာ
လက်ဖ၀ါးထဲ ဓားက ညှပ်ညှပ်ထားတယ်
မြို့ပြကလည်း အဲဒီသံယောဇဉ်မျိုးနဲ့ပဲ
ကျွန်တော်ကို ချည်နှောင်တယ်

လမ်းညွှန်စာအုပ်ကလည်း အမှားတွေချည်းပဲ
အဲဒီလို အသိရဖို့ ဘွဲ့တစ်ခုယူခဲ့ရတယ်
ခင်ဗျားတို့ရဲ့ ငြီးငွေ့မူမျိုးလောက်ဆို
ကျွန်တော်ပျော်ပါတယ်

ယုန်တစ်ကောင်လုံး ပိုက်ထဲတိုးတာတောင်
ပိုက်မဖြုတ်ရဲအောင် သတ္တိကြောင်စ ပြုလာတယ်
ဘယ်လိုအဓိပ္ပယ်မျိုးနဲ့မှ စာမေးပွဲမချဖို့
ညတိုင်း ဆုတောင်းခဲ့ရတယ်
အဲဒီလို လေဖြတ်နေတဲ့ လမ်းတစ်လျှောက်လုံးမှာ
ပြေးနေရတဲ့ ခြေသံတွေညံလာတယ်
ခြင်တစ်ကောင်ရဲ့ တိုက်ခိုက်မူကိုတောင်
လုံလောက်စွာ မကာကွယ်နိုင်ဘူး

အောက်စီဂျင် ပိုက်တန်းလန်းနဲ့
အပြေးပြိုင်နေရတဲ့ လူနာကိုမြင်ဖုးချင်ရဲ့လား
အစာပြေလောက်တော့ ကျွန်တော်မစားချင်တော့ဘူး
လေချိုသွေးခံရလွန်းလို့
ကွဲအက်သွားတဲ့ မီးတောင်တစ်လုံးအကြောင်းကိုလည်း
ကြုံရင် ပြောပြချင်ပါတယ်

သေချာတာက
ဒီကဗျာ ဟာ
မီးလောင်ပြင်ထဲကနေ
ကုပ်ကုပ်ကပ်ကပ် ဆွဲယူထားရတဲ့ ကျွန်တော့်ညစာပါ

မသေချာတာကတော့
အဒီခံစားမူကို
ဘယ်လိုကဗျာအမျိုးအစားနဲ့
ဖော်ပြသင့်သလဲ ဆိုတာ... ... ...
ဈင်မင်းဧ

မိသားစု

မိသားစု

ကျွန်းစိုစို
နေညိုညို
တိမ်အိုတွေ တစ်အုပ်တစ်မ လွင့်လာပေါ့

ကိုယ့်ညစာကိုယ် ပိုက်ဆွဲရင်း
ဒီရေနဲ့အတူ ပြန်လာခဲ့တယ်
လူသူမရှိတဲ့ ညတွေဆီ ...

ခပ်ဝေးဝေး မီးအိမ်လေးမှိန်
ခပ်သဲသဲ ရယ်သံလေးတိမ်
လေး ငါး ယောက်စာထမင်းဝိုင်းကို ကျောခိုင်းပြီး
လက်ကျန်တစ်ပိုင်းနဲ့
အသိစိတ်ကို အဝေးနှင်လွှတ်လိုက်တယ်
ဈင်မင်းဧ

အသိ

အမေရယ်
အိမ်ရှေ့မယ်ဇလီပင်ကြီးက
ကျွန်တော့ အကြောင်း ဘာမှမပြောဘူးလား

ကျွန်တော် ထွက်ခဲ့တဲ့တောက မနက်ပါဘူး
ဒါပေမယ့်
ဟောဒီ ပန်းပွင့်လေးက အရမ်းမွှေးတယ် အမေ
ဟောဟို တောင်ကုန်းလေးက အရမ်းလှတယ် အမေ
ဒါက ကျွန်တော့်ကို ချော့သိပ်တဲ့ ဥသြပါ
ကျွန်တော် အဲဒီလိုပြောရင်
အမေ စိုးရိမ်လိမ့်မယ်

အိပ်ချင်မူးတူးစိတ်နဲ့
ကလေးကလား ‘ ဝ ’လုံးတွေပဲ ထို်င်ရေးနေမိတယ်
အမေသိမလား

ကျွန်တော်ကတော့ မသိချင်တော့ဘူး

သေးသေးလေးတွေးပြီး
လက်ကလေးနဲ့ လျှိုယူတာတောင်မှ
ဒုက္ခတွေ အများကြီးပါလာတယ် . . .
ဈင်မင်းဧ

........

ဆေးလိပ်တိုကို ဖိနင်းရင်းတွေးတယ်
လမ်းမပေါ် လျှောက်ရင်းတွေးတယ်
တရေးနိုးချိန်မှာ တွေးတယ်

ကိုယ့်မျက်စိနဲ့ မြင်နေတဲ့ မြင်ကွင်းက ဘယ်လောက်ဝေးလဲ
ကိုယ့်ဘ၀သေးသေးလေးက ဘယ်လောက်လေးသလဲ
တကယ်ပါ
ညညဆို ငါ့အိပ်ယာမှာ ဒီရေတက်တယ်
မနက်ဆို တစ်ကိုယ်လုံး ပေပွနေတဲ့စိတ်နဲ့နိုး
အခုထိ ပဲ
မြင်နေရတဲ့ မှန်ချပ်ကို
တခြားဖက် လှည့်ထားလို့ မရဘူး

သံသရာ တစ်ခုစာဂီတ
သီချင်း တစ်ပုဒ်ပဲ ဆိုတတ်တယ်
မင်းမသိလို့ပါ .. .. ..
ဝေးကွာသွားတဲ့ အကြောင်းအရာကို သိချင်ရင်
မင်းခြေဖ၀ါးကို ငုံ့ကြည့်ပါ

အခုဆိုရင်
ဥသြ နှစ်ခါသေပြီးခဲ့ပြီ . . .
ဈင်မင်းဧ

Wednesday, February 16, 2011

နေတတ်ပါ.

ကြံကြံဖန်ဖန်
ကြိုးစားသမျှ
ကြံကြံဖန်ဖန်
လွဲတတ်လွန်းတဲ့
လောကကြီးထဲ
မှန်မှန်ကန်ကန်
နေတတ်ပါစေ.....

သားထက် (မုံရွာ)

တာဝန်.....

ဘ၀ဆိုတဲ့
ကျောပြင်မှာ
အရှိုးရာတွေ အပြည့်
လောကဓံတရားက
ကျောသား ရင်သား
အခွဲခြားဘူး ဆိုပဲ...။
ရိုးရိုးသားသား
လုပ်စားသူတွေနဲ့
မရိုးမသား
လုပ်စားသူတွေ...
ရန်သူလား
မိတ်ဆွေလား
ကမ်းလာတဲ့လက်မှာ
အဆိပ်တွေနဲ့
နှုတ်ခမ်းပါးပါးမှာ
ဓားသွားတွေနဲ့
ပြုံးထားတဲ့ မျက်လုံးမှာ
အမုန်းခိုးတွေ ဝေနေတယ်....။
ရန်သူလည်း
မဟုတ်ဘူး..
မိတ်ဆွေလည်း
မဟုတ်ဘူး..
ငါတို့ဟာ
တစ်လမ်းထဲလျှောက်ကြရမယ့်
ခရီးသွားများပ....
တချို့က
တဘ၀စာလုံးရင်းပြီး
သူတပါးအတွက်
လမ်းတွေခင်းလို့..
တချို့က
သူတို့ တစ်ဘ၀စာအတွက်
သူတပါးတွေကို
လမ်းလိုနင်းလို့....
ကိုယ့်သမိုင်းကို တွေးရင်း...
ကိုယ့်သမိုင်းကို ရေးရင်းပေါ့...
တာဝန်သိဖို့တော့ လိုတယ်
မတောင်းဘဲ
ပေးအပ်ပြီးသား တာဝန်...
မပေးဘဲ
ယူတတ်ရမယ့် တာဝန်...
မပြောဘဲ
သိတတ်ရမယ့် တာဝန်...
တိုးတက်ဖို့..
အောင်မြင်ဖို့...
မြင့်မြတ်ဖို့...
အေးချမ်းဖို့...
နိုင်ငံအတွက်...
လူမျိုးအတွက်..
ဘာသာအတွက်..
လောကအတွက်...
ငါတို့ အားလုံးမှာ
တာဝန်တွေ ရှိတယ်...။
တခြားသူတွေရဲ့ ဒုက္ခကို
လက်ပိုက်ကြည့်နေတဲ့
မင်းဆီ..
အဲဒီဒုက္ခတွေ
အနှေးနဲ့ အမြန်ရောက်လာမယ်ဆိုတာ
မင်း မမေ့ပါနဲ့...
မင်းသိရဲ့လား
ငါတို့မှာ
တာဝန်တွေ ရှိတယ်.......

သားထက် (မုံရွာ)

ဒီမေးခွန်းလေး ဖြေပေးကြပါ.....

ဘယ်သူ့ကြောင့်လဲ
ငါတို့တွေ
ဒုက္ခ ပင်လယ်ဝေခဲ့တယ်...
ဘယ်အရာကြောင့်လဲ
ငါ့တို့တွေ
ဆင်းရဲပြီးရင်း ဆင်းရဲခဲ့ကြတယ်...
ဘာအတွက်ကြောင့်လဲ
ငါတို့တွေ
မိသားစုတွေနဲ့ ဝေးကွာခဲ့ကြတယ်...။
ဘယ်သူ့ကြောင့်လဲ
ငါတို့ ပညာရေး
နိမ့်ကျသည်ထက် နိမ့်ကျခဲ့တယ်...
ဘယ်အရာကြောင့်လဲ
ငါ့တို့ ဘ၀တွေ
အနင်းခံပြီးရင်း အနင်းခံခဲ့ရယ်...
ဘာအတွက်ကြောင့်လဲ
ငါတို့ အိပ်မက်တွေ
နက်သည်ထက် နက်ခဲ့ကြတယ်...။
ဘယ်သူ့ကြောင့်လဲ
ငါတို့တွေ
ကိုယ့်အမျိုးကိုယ်
လိမ်ညာခဲ့ကြတယ်..
ဘယ်အရာကြောင့်လဲ
ငါ့တို့တွေ
ကိုယ့်အမျိုးကိုယ်
ညှဉ်းဆဲခဲ့ကြတယ်...
ဘာအတွက်ကြောင့်လဲ
ငါတို့တွေ
ကိုယ့်အမျိုးကိုယ်
ရောင်းစားခဲ့ကြတယ်...။
ဘယ်သူ့ကြောင့်လဲ
ငါတို့ စိတ်ဓာတ်တွေ
ပျက်ခဲ့ရတယ်...
ဘယ်အရာကြောင့်လဲ
ငါ့တို့ စည်းကမ်းတွေ
ပျက်ခဲ့ရတယ်...
ဘာအတွက်ကြောင့်လဲ
ငါတို့ ပညာတွေ
အဆက်ပြတ်ခဲ့ရတယ်......။
ဘယ်သူ့ကြောင့်လဲ......
ဘယ်အရာကြောင့်လဲ.....
ဘာအတွက်ကြောင့်လဲ......


သားထက် (မုံရွာ)

Tuesday, February 15, 2011

ကဗျာဆရာ

ငါ မက်ခဲ့သမျှ
အိပ်မက်လှလှ
ငါ နိုးထချိန်
ငါ့ နံဘေးနား
မရှိတော့တဲ့ အခါ...
ငါ မြတ်နိုးသမျှ
ငါ ချစ်ရသူ
ငါ ပြန်လာချိန်
ငါ့ နံဘေးနား
မရှိတော့တဲ့ အခါ...
ငါ ချစ်မိသမျှ
ငါ ရူးသွပ်မိသူ
ငါ လွမ်းနေချိန်
ငါ့ နံဘေးနား
မရှိတော့တဲ့ အခါ...
အိပ်မက်တွေ
မြိုသိပ်
မြတ်နိုးခြင်းတို့ဖြင့်
ရေးဖွဲ့ရင်း
ရူးသွပ်နေတဲ့
ခတ်ညံ့ညံ့
ကဗျာဆရာတစ်ယောက်အဖြစ်
ငါဟာ
ကမ္ဘာကြီးရဲ့
တစ်နေရာမှာ
ပြဿဒါးဇာတာနဲ့အတူ
မွေးဖွားခဲ့တယ်....။

သားထက် (မုံရွာ)

ငါ့ `ည´လေး...

နှင်းစက်တွေ
ပျော်ဝင်နေတဲ့ `ည´...
မြူတွေ`
ေ၀၀ိုင်းနေတဲ့ `ည´...
လေပြေတွေ
စွတ်စိုနေတဲ့ `ည´...
ချစ်သူ့ မျက်နှာ
ဝင်းဝင်းပပ
ကြည့်နေခွင့်ရတဲ့ `ည´...
အဲဒီ `ည´...လေး
ငါ့ကို
ပြန်ပေးပါ......

သားထက် (မုံရွာ)

Monday, February 14, 2011

အရေခွံတွေနဲ့လူ....

ကျောသပ် ရင်သပ်
ထပ်ကာ ထပ်ကာ
မျက်နှာချိုသွေးသွေးပြီး
ဘ၀ကို
လှလှပပ
ချောက်ချတတ်တဲ့
လောကဓံတရားရယ်.....
အောင်မြင်မှု ကျရှုံးမှု
ပျော်ရွှင်မှု ၀မ်းနည်းမှုတွေကြား
အငိုနဲ့ အပြုံး
မျက်နှာဖုံးနှစ်ခုကို
ခဏခဏ
ပြောင်းလဲ တတ်ဆင်ထားတတ်တဲ့
မျက်နှာတစ်ခုရယ်...
သွားချင်ရာ သွားဖို့
ခြေထောက်တစ်စုံ...
လုပ်ချင်တာ လုပ်ဖို့
လက်တစ်စုံ...
ကြည့်ချင်ရာ ကြည့်ဖို့
မျက်လုံးတစ်စုံ..
ကြားချင်တာ ကြားဖို့
နားတစ်စုံ...
အောက်စီဂျင်တွေ
ရှူရှိုက်ဖို့
နှာခေါင်းတစ်စုံ...
ပြောချင်တာပြောပြီး
စားချင်တာ စားဖို့
ပါးစပ်တစ်ပေါက်...
တစ်စုံတစ်ရာကို
ထမ်းပိုးဖို့
ပုခုံးနှစ်ဖက်....
ကျနော်
ကျနော်ဟာ
ကျနော့် ဘ၀ကို ကျနော်..
ဒုက္ခတွေကြား
ဖရိုဖရဲနဲ့
ခက်ခက်ခဲခဲ
ဝတ်ဆင်ထားရဲ့..
သိတာကတော့
သိနေပါတယ်...
ဒါပေမယ့်
အန္ဓ လူ ဖြစ်နေတော့
ပူပြင်းလောင်မြိုက်မှုတွေကိုပဲ
အခါခါ တမ်းတ
ဝတ်ရုံကလေးကို
မချွတ်ပါရစေနဲ့တဲ့
ဘယ်လောက်မိုက်လိုက်သလဲ...
ကျနော့်ရဲ့
မလိမ်မိုး မလိမ္မာ
နှလုံးသားဟာလေ
ခတ်တိမ်တိမ်
ရင့်ကြတ်မှုတွေနဲ့
အဲဒီ ဒုက္ခတွေ များလွန်းတဲ့
ဘ၀ဆိုတာလေးကိုပဲ
သက်တံ ရောင်စုံတွေထင်မှတ်
မက်မက်စက်စက်
ခုံမင်တတ်ဆဲပဲလေ...

သားထက် (မုံရွာ)

Saturday, February 12, 2011

မင်းရဲ့ အဝေးမှာ

Valentine Day ဆိုလား
ဘယ်တော့မှ
မင်းနဲ့အတူ
သောက်ခွင့် မရှိနိုင်တော့မယ့်
ချော့ကလက်
ပူပူတစ်ခွက်
ကိုယ့်ရင်ဘတ်ထဲ
တိုးတိုးလေး
ဆူပွက်နေတယ်..။
ချစ်သူ...
မင်းနှလုံးသားမှာ
ကိုယ့်အတွက်
အချစ် ဆိုတဲ့အရာဟာ
မြူတစ်မှုံစာတောင်
မပွင့်ဝေခဲ့ဘူးတဲ့လား..
မင်းမရှိတဲ့
အရပ်ဒေသမှာ
အလွမ်းတွေနဲ့အတူ
နေတတ်သလိုနေဖို့
ကြိုးစားရင်း
အလွမ်းသီချင်းတွေ
ကိုယ် ဆိုနေတယ်...

သားထက် (မုံရွာ)

အပြန်လမ်း

အရောင်ပြန်ဟပ်မှ
တောက်ပမယ့် အလင်း...
ပဲ့တင်ထပ်မှ
အားရှိမယ့် အသံ....
သီးချင်းက
တိုးသဲ့သဲ့
ငါ့ဘ၀ဟာလည်း
မင်းရှိမှ ပြည့်စုံမယ့် ဘ၀ပေါ့....။

ဆောင်းတစ်ည၊
နှင်းတစ်စက်၊
လမင်းတစ်စင်း၊
ချစ်သူမျက်နှာ၊
သမုဒယ ဒဏ်ရာတစ်ခု
ကျနော်
ယုယုယယ
သိမ်းဆည်းခဲ့ပါတယ်...။

သားထက် (မုံရွာ)