Friday, December 23, 2016

"ကျေနပ်ပါ ကျေးဇူးတင်ပါ"



ဘဝမှာ

ကိုယ့်အရည်အချင်းကို ယုံကြည်ပေးမည့်သူတွေ ရှိနေတာ

ကိုယ့်စေတနာကို လေးစားပေးမည့်သူတွေ ရှိနေတာ

ကိုယ့်ရိုးသားမှုကို အသိမှတ်ပြုပေးမည့်သူတွေ ရှိနေတာ

ကိုယ့်မေတ္တာတရားကို နားလည်ခံစားပေးမည့်သူတွေ ရှိနေတာတွေဟာ

တကယ်
ကျေနပ်စရာ
ကျေးဇူးတင်စရာပါပဲ...

လင်းဝေ

Business

အခုအချိန်မှာ သင်သာ အတိုင်းအတာတစ်ခုအထိ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကို လုပ်နေတယ်ဆိုရင်

အဲဒီလုပ်ငန်းမှာ ကိုယ်တိုင်လည်း ၀င်လုပ်နေတယ်ဆိုရင်

စဉ်းစားကြည့်ပါ။

- သင် နေ့စဉ် ရုံးကို သွားနေတာဟာ သွားချင်လို့ သွားနေတာလား။
- ကိုယ်မသွားရင် မဖြစ်လို့ မသွား မနေရ သွားနေရတာလား။

သေချာတယ်၊

လက်ရှိမှာ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုလုပ်နေတယ်ဆိုရင် အဲဒီလုပ်ငန်းကို ချစ်မြတ်နိုးလို့ စတင်ခဲ့ဖို့ များပါတယ်။

အဲဒါမှန်ပါတယ်။

ပြီးတော့ အဲဒီလုပ်ငန်းကို ချစ်မြတ်နိုးလို့ လုပ်တယ်ဆိုရင်တောင် နေ့စဉ် မရှိမဖြစ်နေပေးရတဲ့ ၀င်ရိုးတစ်ခုလိုတော့ မဖြစ်ချင်ကြတာများပါတယ်။

ဒါပေမယ့် သွားရတယ်။ တစ်ချို့လည်း သိပ်မသွားရဘူး။

စဉ်းစားကြည့်ပါ။

၁။ သင်လာမယ့်ရက်မှာ ရုံးမသွားရင် ရလား။
၂။ သင်တစ်ပတ် ခရီးသွားမယ်ဆိုရင် အဆင်ပြေလား။
၃။ သင်တစ်လ ခရီးသွားမယ်ဆိုရင် သင့်လုပ်ငန်းလည်ပတ်နိုင်မလား။
၎။ သင် သုံးလကြာ ခရီးသွားမယ်ဆိုရင် သင့်ရဲ့ အဖွဲ့က ဆက်ပြီး လည်ပတ်နိုင်မလား။
၅။ မပြောကောင်း မဆိုကောင်း သင်သာ ဆက် ခေါင်းမဆောင်နိုင်တော့ဘူးဆိုရင် အဲဒီလုပ်ငန်းက ဆက်ပြီး သွားပါ့မလား။

Adam Khoo ရဲ့ အဆိုအရ လုပ်ငန်းရှင်တွေမှာ လုပ်ငန်းကို ချစ်တဲ့စိတ်အပြင် လုပ်ငန်းအောင်မြင်လာပြီဆိုရင် လွတ်လပ်မှုကိုပါ လိုချင်တဲ့ စိတ်ကလေးကလည်း လုပ်ငန်းရှင်တော်တော်များများမှာ ရှိတတ်ပါတယ်။

တစ်ခုခက်တာက Small Business လုပ်ငန်းရှင်တော်တော်များများ သို့ လက်ရှိ မြန်မာနိုင်ငံက လုပ်ငန်းရှင်တော်တော်များများဟာ ကျွန်တော့်အမြင်မှာ Self-Made Trap လို့ ဆိုတဲ့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ထောင်ချောက်မှာ မိနေတတ်ကြပါတယ်။ နေ့စဉ် ညွှန်ကြားချက်တွေပေးရတယ်။ နေ့စဉ် ရုံးသွားရတယ်။ အစည်းအဝေးတွေ တက်ရတယ်။

အကယ်၍ သင့်လုပ်ငန်းသာ သင်မပါပဲ မလည်ပတ်နိုင်ရင် သင်ဘာဖြစ်မလဲ။

သေချာတာကတော့ လွတ်လပ်မှု ဆုံးရှုံးပါတယ်။

အကယ်၍ သင့်လုပ်ငန်းသာ သင်မပါပဲ မလည်ပတ်နိုင်ရင် သင့်လုပ်ငန်းဘာဖြစ်မလဲ။

တိုးတက်မှုမှာ အကန့်အသတ်တွေ ရှိနေနိုင်ပါတယ်။

အခုစာဖတ်နေတဲ့ မိတ်ဆွေတော်တော်များများ Rich Dad, Poor Dad ရေးသူ Robert T. Kiosaki ရဲ့  E.S.B.I ကို ကြားဖူးကြပါမယ်။

အောက်က Comment ပုံ ၁ မှာ ကြည့်ပါ။

E က ဘာလဲ။ Employee ပါ။
S က ဘာလဲ။ Self-Employed ပါ။
B က ဘာလဲ။ Business လုပ်ငန်းရှင်ကြီးတွေပါ။
I က ဘာလဲ။  Investor တွေပါ။

အကယ်၍ သင်ဟာ သင့်လုပ်ငန်းမှာ မဖြစ်မနေ၀င်လုပ်နေရတယ်၊ လစာလည်း ယူထားတယ်ဆိုရင် သင်ဟာ Employee တစ်ပိုင်း၊ Self-Employed တစ်ပိုင်းပါပဲ။ B ဆိုတဲ့ Business လုပ်ငန်းရှင် အဆင့်ကို မရောက်သေးပါဘူး။

အခုနောက်ပိုင်း ကျွန်တော် သဘောပေါက်လာတာက S ကနေ B ကို သွားတာ တစ်ချက်တည်း ခုန်တက်သွားတာ မဟုတ်ပဲ။ အဆင့်ဆင့် Grow ဖြစ်လာတဲ့ သဘောပါပဲ။ အမြင်တူချင်မှ တူပါမယ်။

တစ်ချို့လုပ်ငန်းရှင်တွေ ကိုယ့်လုပ်ငန်းကို လုံးဝလွှဲထားလို့ မရချိန်မှာ တစ်ချို့က နည်းနည်းတော့ လွှတ်ထားလို့ရတယ်။

တစ်ချို့လုပ်ငန်းရှင်တွေ ကိုယ့်လုပ်ငန်းကို နည်းနည်းလွှဲထားလို့ ရချိန်မှာ တစ်ချို့က များများ လွှတ်ထားလို့ရတယ်။

တစ်ချို့လုပ်ငန်းရှင်တွေ ကိုယ့်လုပ်ငန်းကို များများ လွှတ်ထားလို့ ရချိန်မှာ တစ်ချို့က လုံးဝ လွှတ်ထားလို့ရတယ်။

အဲဒါကဘာလဲ။ ကျွန်တော်အခုချိန်မှာ လုံးဝယုံကြည်တာကတော့ အဲဒီလို ကွာခြားရတာဟာ အဆင့်မတူလို့ဖြစ်ပါတယ်။

ဒီတော့ S နဲ့ B နဲ့ ဘယ်လိုကွာခြားမလဲ။ S ဆိုတဲ့ Self-Employed Level မှာ ပဲ ရှိသေးရင် လုပ်ငန်းကို မသွားမနေရ သွားရတယ်။

B ဆိုတဲ့ လုပ်ငန်းရှင်ကတော့ သွားချင်လို့ သွားတယ်။ မသွားချင် မသွားဘူး။ မသွားလည်း ဘာမှ မဖြစ်ဘူး။ သူ့ဟာသူလည်ပတ်နိုင်တဲ့ အရာတွေ ရှိတယ်။ တိတိကျကျ ပြောရရင် ၂ ခုရှိတယ်။

တစ်ခုက System၊ နောက်တစ်ခုက သူ့လူတွေရဲ့ Leadership Ability ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခုဟာ လုပ်ငန်းရှင်မပါပဲ လည်ပတ်နိုင်ရမယ်။ တစ်ချို့စဉ်းစားမှာပါ။ ဒါ မြန်မာနိုင်ငံမှာ မရနိုင်သေးဘူး။ ကျွန်တော်လည်း ထင်ပါတယ်။ မရနိုင်သေးဘူး။ ဒါပေမယ့် တခြားနိုင်ငံက လုပ်ငန်းတွေလည်း ဒီလိုပဲ မဖြစ်နိုင်သေးတာကနေ စကြတာ။ အဲဒါကြောင့် ကျွန်တော်တို့တွေလည်း လုပ်ရမယ်။ ဒါမှ လုပ်ငန်းတဖြည်းဖြည်းတိုးတက်လာမယ်။ အချိန်မြန်မြန်နဲ့ ပိုပြီး ကြီးလာမယ်။ လုပ်ငန်းတွေ ထပ်ခွဲလာနိုင်မယ်။ ဆက်စပ်လုပ်ငန်းတွေ ထပ်ချဲ့လာနိုင်မယ်။

အဲဒီတော့ System လား၊ Leadership Ability လား။

ဒါကို ကျွန်တော်စဉ်းစားတာမှာ လူနဲ့ မူဆိုတာမျိုးနဲ့ သဘောတရားချင်း တော်တော်တူပါတယ်။

အကယ်၍ သင်သာ လုပ်ငန်းရှင်တစ်ဦးအနေနဲ့၊ Executive တစ်ဦးဖြစ်မယ်ဆိုရင်

အခုချိန်မှာ သင့်လုပ်ငန်းကို သင်မပါပဲ လည်ပတ်နိုင်ဖို့အတွက် သင်လိုအပ်နေတာ သင့်လုပ်ငန်းအတွက် စီစဉ်တကျဖြစ်စေမယ့် System လား။

အဲဒီ System ကို Drive လုပ်မယ့်လူတွေရဲ့ Leadership ability လား။

အဲဒါကို စဉ်းစားကြည့်ရမယ်။

ဒီနေရာမှာ ကျွန်တော့်  လက်ကိုင်ထားတဲ့ ကိုယ်ပိုင်အယူအဆလေးတစ်ခု ပြန်တင်ပြရမယ်ဆိုရင်

“အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်ကောင်းရင် အဲဒီအချိန်မှာ မြင့်မြင့်တက်နိုင်ပါတယ်။ စနစ်ကောင်းရင် ကြာကြာနဲ့ ဝေးဝေး သွားနိုင်ပြီးတော့ အကယ်၍ ခေါင်းဆောင်ရော စနစ်ပါ ကောင်းပြီဆိုရင်တော့ အဲဒီအဖွဲ့အစည်းဟာ မြင့်မြင့်မှာ ကြာကြာနဲ့ ဝေးဝေး သွားနိုင်ပါလိမ့်မယ်။”

အဲဒီတော့ System နဲ့ Leadership တွေကို တိုးတက်အောင် မလုပ်ခင် အဲဒါတွေက ဘာတွေလဲဆိုတာကို သေသေချာချာ ထပ်ပြီး စဉ်းစားဖို့ လိုပါတယ်။

System ဆိုတာကဘာလဲ။

System ဆိုတာ ပုံမှန်လုပ်ရမယ့်အလုပ်တွေကို ထပ်တလဲလဲလုပ်ပြီး တူညီတဲ့  Result တွေကို ရရှိစေတဲ့ အရာကို ဆိုလိုပါတယ်။ System တစ်ခုချမှတ်နိုင်ဖို့ဆိုရင် သင့်လုပ်ငန်းသဘောသဘာဝရယ်၊ သက်ဆိုင်ရာ Management Function အရ လည်ပတ်ရတဲ့ သဘောရယ် ကို အတွေ့အကြုံအရရော၊ ပညာရှင်ဆန်ဆန်ပါ နားလည်ဖို့ လိုအပ်ပါတယ်။  Proven ဖြစ်တဲ့ စနစ်တစ်ခုချနိုင်ပြီဆိုရင် ဘယ်သူလာလုပ်လုပ် ဒီရလာဒ်အတိုင်း 99.99% ထွက်ပါတယ်။ Quality Management System ပညာရှင်တွေပြောရင် ရာခိုင်နှုန်းက ပိုတိကျပါလိမ့်မယ်။

တစ်ခါတစ်လေ လုပ်ငန်းတွေမှာ ဖြစ်တတ်တာက ဒီမန်နေဂျာလာရင် ဒီစတိုင်၊ နောက်မန်နေဂျာတစ်ယောက်လာတော့ နောက်စတိုင် အဲဒီလိုနဲ့ စတိုင်အမျိုးမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုပါပဲ Branch တွေများတဲ့လုပ်ငန်းတွေမှာ ဟိုမန်နေဂျာက စတိုင်တစ်မျိုး၊ ဒီမန်နေဂျာက စတိုင်တစ်မျိုး ဖြစ်တတ်ပါတယ်။

အဲဒါကြောင့် Small Business လုပ်နေတဲ့ လုပ်ငန်းရှင်တွေ၊ Executive တွေ၊ မန်နေဂျာတွေကို ကျွန်တော့်ကိုယ်ပိုင်အတွေ့အကြုံအရ ဘယ်ပညာရှင်မှမပါပဲ လုပ်လို့ရနိုင်တဲ့ တစ်ချို့အကြံလေးတွေ ပေးခွင့်ရမယ်ဆိုရင် အောက်ပါ အချက်လေးတွေကို စဉ်းစားစေချင်ပါတယ်။

၁။ အရင်ဆုံး သင့်ရဲ့ လုပ်ငန်း၊ ဌာနမှာ နိစ္စဓူဝ လုပ်နေတဲ့ အလုပ်တွေကို တစ်ကြောင်းချင်း ချရေးကြည့်ပါ။ ၀န်ထမ်းတစ်ဦးချင်း၊ ရာထူးတစ်ခုချင်းမှာ လုပ်နေတဲ့အလုပ်ခေါင်းစဉ်တွေကို ချရေးခိုင်းကြည့်ပါ။

၂။ အဲဒီခေါင်းစဉ်တွေကို ဘယ်ရာထူးကလူ ဘယ်အချိန်မှာ လုပ်ရမယ်ဆိုတာကို ချရေးကြည့်ပါ။

၃။ အဲဒီ ခေါင်းစဉ်တစ်ခုချင်းကို ဘယ်လိုလုပ်ရမယ်ဆိုတာ တစ်ဆင့်ချင်း သာမန်လူနားလည်အောင် ချရေးကြည့်ပါ။ ဒါဆိုရင် ပထမအကြမ်းရပါပြီ။

၎။ မြင်သာထင်သာ ရှိမယ့် တစ်ဆင့်ချင်း လုပ်ကိုင်ပုံ ဓါတ်ပုံလေးတွေ ရိုက်ထားပါ။ (ဖြစ်နိုင်ရင် မူဗီရိုက်ထားပါ။ တစ်ချိန်လုပ်ငန်းတိုးချဲ့မှာမို့ သင်တန်းကျောင်း ထောင်မယ်ဆိုရင် အရမ်းကို အကျိုးရှိလာပါလိမ့်မယ်။)

၅။ ပြီးသွားရင် အဲဒီအလုပ်ကို လုပ်ရတဲ့ ၀န်ထမ်းတွေထဲက အားကိုးနိုင်မယ့် ၀န်ထမ်းတွေကို ရွေးချယ်ပြီး ဖတ်ခိုင်းပါ။ သူတို့အမြင် လိုတိုး ပိုလျှော့ မှတ်ချက်တွေ ထည့်ခိုင်းပါ။

၆။ အဲဒီ ပြင်ဆင်ချက်တွေနဲ့ အတူ ဒုတိယအဆင့် အကြမ်းတစ်ခု ပြင်ဆင်ပါ။

၇။ ပြီးရင် အဲဒီအလုပ်တွေကို ကြီးကြပ်ရတဲ့ မန်နေဂျာတွေထဲက အားကိုးရမယ့် မန်နေဂျာတွေကို ရွေးချယ်ပြီး ဖတ်ခိုင်းပါ။ သူတို့အမြင် လိုတိုး ပိုလျှော့ မှတ်ချက်တွေ ထည့်ခိုင်းပါ။

၈။ အဲဒီပြင်ဆင်ချက်တွေကို ထည့်ပြီးရင် တတိယအကြမ်းရပါပြီ။

၉။ အဲဒါကို တကယ်အသုံးပြုရမယ့် ၀န်ထမ်းတွေ၊ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးတွေကို ဒီစနစ်ကို ချမှတ်ဖို့ လိုအပ်တဲ့အကြောင်းရင်းတွေကနေစပြီး သုံးပုံ သုံးနည်းအထိ ခေါ်ပြီး ရှင်းပြပါ။ သူတို့ပြောတာတွေ နားထောင်ကြည့်ပါ။ သူတို့ကို အစမ်း ၁ လ သုံးခိုင်းကြည့်ပါ။

၁၀။ ပြီးရင် သူတို့ပြောတာတွေထဲက ပြင်သင့်တာတွေကို ထပ်ပြင်ပေးပါ။ အဲဒါပြီးရင် ကာလာဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့အတူ စာအုပ်တစ်အုပ်လို ပြင်ဆင်ပြီး ထုတ်ပေးပါ။ ပထမအဆင့်အချောရသွားပါပြီ။

၁၁။ အသုံးပြုရမယ့်သူတွေ၊ ဆက်စပ်ပြီး နားလည်ရမယ့်လူတွေအားလုံးကို ရှင်းပြပါ။ သုံးကို သုံးရတော့မယ်ဆိုတာ ရှင်းပြပါ။

၁၁။ အမှန်တကယ် အသုံးပြုခြင်း ရှိ၊ မရှိကို ဌာနအလိုက် Checklist တွေ ထားပြီး နေ့စဉ် အပတ်စဉ် စစ်ဆေးပါစေ။ ရုံးချုပ်ကလည်း တစ်ကြိမ်၊ နှစ်ကြိမ် တိတိကျကျ သတ်မှတ်လိုအပ်သလို စစ်ဆေးပါ။ လိုအပ်တာတွေကို မွမ်းမံသင်တန်းပေးပါ။ သေသေချာချာ ရှင်းပြပါ။ ဘယ်လိုမှ လိုက်မလုပ်ရင်တော့ ဘာလုပ်ရမလဲ သင်သိပါတယ်။

၁၂။ နောက် Edition တွေကို ၆လ သို့ ၁ နှစ်တစ်ခါ လိုအပ်သလို ဆက်လက်ပြင်ဆင်ပါ။ တစ်ဦးတည်း တစ်နေရာတည်း ကွက်ပြင်လို့ မရပါဘူး။ အစည်းအဝေးမှာ တင်ပြပြီး  Management က လက်ခံနိုင်ရင် အများက လက်ခံနိုင်ရင် ပြင်နိုင်ပါတယ်။ မဟုတ်ရင် လုံးဝ ထိလို့ မရပါဘူး။

၁၃။ Operation လိုမျိုး အလုပ်တွေမှာဆိုရင် ဖြစ်နိုင်ရင်တော့ တစ်ဆင့်ချင်းအလိုက် မူဗီတွေပါ ရိုက်ပြီး Manual နဲ့အတူ ကိုယ့်လူတွေကို သင်ကြားစေချင်ပါတယ်။

ဒါတွေကတော့ လုပ်ငန်းအတွေ့အကြုံရယ်၊ လုပ်ချင်စိတ်ရယ်၊ Functional Knowledge အတော်အသင့်ရယ် ရှိရင် လုပ်ကြည့်လို့ ရနိုင်ပါတယ်။ ပိုပြီး စနစ်ကျချင်ရင်တော့ ကျွန်တော်အကြံပေးတာနဲ့မလုံလောက်ပါဘူး၊ သက်ဆိုင်ရာ Industry Expert/ Functional Expert  QMS Consultant တွေ ခေါ်ပြီး ဆောင်ရွက်စေချင်ပါတယ်။

ဟုတ်ပြီ။ အဲဒါတွေ လုပ်ပြီးရင် System ရပြီ။ ဘာဆက်လုပ်မလဲ။ တစ်ခါတစ်ရံမှာ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ စနစ်တွေ ရှိရှိ၊ အဲဒါကို လက်တွေ့ Apply လုပ်တဲ့ လူတွေမှာ ရှိတဲ့ Leadership Ability တွေမရှိရင်လည်း မရပါဘူး။ ကျွန်တော် ဒီနေရာမှာ  Human Resources ကို Leadership Ability လို့ပဲ သုံးပါမယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ လုပ်ငန်းမှာ ရှိတဲ့ လူတွေ အထူးသဖြင့် ခေါင်းဆောင်မှုအဖွဲ့အဆင့်ဆင့်မှာ ရှိတဲ့သူတွေရဲ့ ခေါင်းဆောင်မှု အရည်အချင်းကို မြှင့်တက်အောင် လုပ်ရပါမယ်။

ကျွန်တော့်ရဲ့ Mentor John C. Maxwell က ပြောပါတယ်။

“Everything rises and falls on LEADERSHIP”

“အရာအားလုံးဟာ ခေါင်းဆောင်မှုအပေါ်မူတည်ပြီး မြင့်တက်ကြ၊ နိမ့်ကျကြပါတယ်။”

လူတစ်ယောက်ရဲ့ ဘ၀အလားအလာဖြစ်စေ၊ လုပ်ငန်းတစ်ခုရဲ့ အလားအလာဖြစ်စေ ခေါင်းဆောင်မှုအပေါ်မှာ မူတည်ပါတယ်။ တစ်ခါတစ်ရံမှာ ခေါင်းဆောင်မှု အရည်အချင်း အားနည်းမှုက အပေါ်ကနေ ပိတ်ဆို့ထားတဲ့အတွက် အလားအလာရှိသလောက် မတက်နိုင်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအများကြီးတွေ့နိုင်ပါတယ်။

အဲဒီတော့ အဲဒီလို လူတစ်ယောက်ရဲ့ အလားအလာ ရှိသရွေ့၊ အဖွဲ့အစည်းတစ်ခုရဲ့ အလားအလာရှိသရွေ့  ရောက်စေနိုင်မယ့် ခေါင်းဆောင်မှုဆိုတာက ဘာလဲ။

ခေါင်းဆောင်မှုဆိုတာဟာ စီမံခန့်ခွဲမှုလည်း မဟုတ်၊ ရာထူးလည်းမဟုတ်၊ နေရာလည်းမဟုတ်၊ လုပ်ငန်းရှင်ဖြစ်တာလည်း မဟုတ်၊ ရှေ့ဆုံးက သွားတာလည်း မဟုတ်၊ ပညာတွေ ဘွဲ့တွေ၊ ဒီဂရီတွေအများကြီး ရှိတာလည်း မဟုတ်ပါဘူး။

ကမ္ဘာ့ခေါင်းဆောင်မှု နံပါတ်၁ အဆင့်လို့ သတ်မှတ်ခံရတဲ့ John C. Maxwell ရဲ့ အဆိုအရ ခေါင်းဆောင်မှုကို တိုင်းတာနိုင်တဲ့အရာ တစ်ခုပဲ ရှိပါတယ်။

အဲဒါကတော့ Influence သြဇာညောင်းမှုပါ။

လူတွေကို သြဇာညောင်းရင် လူတွေက အဲဒီလူနောက်လိုက်မယ်။ အဲဒါဆိုရင် ခေါင်းဆောင်ဖြစ်တယ်။

လူတွေကို သြဇာမညောင်းရင် လူတွေက အဲဒီလူနောက် မလိုက်ဘူး။ အဲဒါဆိုရင် ခေါင်းဆောင်မဟုတ်နိုင်ဘူး။

အဲဒီတော့ လူတွေကို သြဇာညောင်းဖို့လိုတယ်။ ဒါမှ ခေါင်းဆောင်မှုအရည်အချင်းတက်လာမယ်။ လူတစ်ယောက်ချင်းရဲ့ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုချင်းရဲ့ အလားအလာ ရှိသရွေ့အောင်မြင်နိုင်မယ်။

ခေါင်းဆောင်မှုမှာ ထည့်စဉ်းစားရမယ့် အချက် ၇ ချက် ရှိတယ်။

အဲဒါတွေကတော့

၁။ Character - သူတို့ဘယ်သူတွေလဲ။
၂။ Relationships - သူတို့ဘယ်သူတွေကို သိလဲ။
၃။ Knowledge - သူတို့ဘာသိလဲ။
၎။ Intuition - သူတို့ ဘာတွေကို ခံစားပြီး သိနိုင်သလဲ။
၅။ Experience - သူတို့ ဘာတွေ လုပ်ခဲ့ဖူးလဲ။
၆။ Past Success - သူတို့ဘာတွေကို အောင်မြင်အောင် လုပ်ခဲ့ဖူးလဲ။
၇။ Ability - သူတို့ဘာလုပ်တတ်လဲ။

ဆိုတာတွေ အရေးကြီးပါတယ်။ လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်မှု အရည်အချင်း ဘယ်လောက်ရှိလဲ သိချင်ရင် ရာထူးတူတဲ့ လူတွေကို ဦးဆောင်ကြည့်ပါ။ ဆုပေး၊ ဒဏ်ပေး မလုပ်နိုင်မယ့်နေရာကနေ ဦးဆောင်ကြည့်ပါ။ သိနိုင်ပါတယ်။

တစ်ခုဝမ်းနည်းစရာကောင်းတာက ခေါင်းဆောင်မှုသင်တန်းတစ်ခု တက်လို့ စာအုပ်တစ်အုပ်ဖတ်လို့ ခေါင်းဆောင်မှု အရည်အချင်းက ချက်ချင်းတက်မလာနိုင်ပါဘူး။ ခေါင်းဆောင်မှု အရည်အချင်းတက်ချင်ရင် နေ့တိုင်းလုပ်သွားရပါတယ်။ တစ်ရက်တည်းမရပါဘူး။ စဉ်ဆက်မပျက်လုပ်သွားရင်းနဲ့  ဖြည်းဖြည်းချင်း တစ်ချိန်ရောက်ရင် ခေါင်းဆောင်မှု အရည်အချင်းက ကိုယ့်ကိုယ်ကိုယ် မယုံနိုင်လောက်အောင်ကို တက်လာပါလိမ့်မယ်။

ခေါင်းဆောင်မှုအရည်အချင်း တိုးတက်မှုမှာ အဆင့်ငါးဆင့်ရှိပါတယ်။

၁။ ပထမအဆင့်မှာ ခေါင်းဆောင်မှုအရည်အချင်း လိုအပ်တယ်ဆိုတာကို သိကို မသိဘူး။
၂။ နောက်တစ်ဆင့်မှာ ခေါင်းဆောင်မှုအရည်အချင်း လိုတယ်ဆိုတာ သိလာတယ်။
၃။ နောက်တစ်ဆင့်ကျတော့ ဘယ်ခေါင်းဆောင်မှုအရည်အချင်းတွေ လိုအပ်တယ်ဆိုတာကို သိလာပြီး Personal Growth Plan ကို စပြီး ပြင်ဆင်ပြီး တိုးတက်အောင် လုပ်လာတယ်။
၎။ စတုတ္ထအဆင့်မှာတော့ ခေါင်းဆောင်မှုကို နားလည်လာပြီး တိုးတက်လာသလို စတင်အသုံးချနိုင်လာတယ်။
၅။ နောက်ဆုံးအဆင့်မှာတော့ (တောက်လျှောက်လုပ်သွားရင်း ဆယ်နှစ်ဝန်းကျင်လောက်ကြာတဲ့အခါမှာ) ခေါင်းဆောင်မှုအရည်အချင်းနဲ့ အဲဒီသူနဲ့က တစ်သားတည်း ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ကားမောင်းတဲ့အခါ၊ စက်ဘီးစီးတဲ့အခါ တစ်သားတည်းဖြစ်သွားရင်၊ စာစီစာရိုက်လက်ကွက်မှာ ရိုက်တတ်သွားရင် အလိုလို သိသွားတဲ့ သဘောမျိုးပါ)

အဲဒါကြောင့် ကိုယ့်ရဲ့ ဘ၀ဖြစ်စေ၊ လုပ်ငန်းဖြစ်စေ အမြင့်ဆုံး တိုးတက်မှုကို ရချင်ရင် ခေါင်းဆောင်မှုကို တိုးတက်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို လေ့လာသင်ယူပြီး စဉ်ဆက်မပျက်ကြိုးစားသွားရပါမယ်။

အရေးကြီးတာလေးတစ်ခုရှိပါတယ်။ ကျွန်တော်တို့လုပ်ငန်းရှင်တွေအနေနဲ့

လူတစ်ဦးကို လက်ရှိရာထူးမှာတော်ရင် Supervisor ပေးတယ်။

Supervisor တော်ရင် Manager ပေးတတ်ပါတယ်။

မြင်သာတဲ့ ဥပမာပေးရင်

အရမ်းတော်တဲ့ စားပွဲထိုးက ဘာလဲ သူက အရမ်းတော်တဲ့ စားပွဲထိုးပဲ။
သူ့ကို ဘာလုပ်ရမလဲ။ Head Waiter ပေးရမလား။ Supervisor ပေးရမလား။ ပေးလိုက်ရင် သူ့ ခေါင်းဆောင်မှုလည်း မတတ်၊ စီမံခန့်ခွဲမှုကလည်း မတတ်၊ မတတ်တော့ တလွဲတွေဖြစ်၊ ရာထူးပြန်ချတော့ နဂိုစိတ်အားတက်ကြွတဲ့ အရမ်းအားကိုးရတဲ့ စားပွဲထိုးလေး ခမြာ Motivation တွေကျ ပြီးတော့ သုံးစားမရတော့တဲ့ ဖြစ်ရပ်တွေ ဖြစ်တတ်ပါတယ်။

အဲဒီတော့ အရမ်းတော်တဲ့ စားပွဲထိုးကို ဘာလုပ်ရမလဲ။

လစာတိုးလို့ရသလောက်တိုးပေးပြီး စားပွဲ ဆက်ထိုးခိုင်းလိုက်ပါ။

အရမ်းတော်တဲ့ အရောင်းဝန်ထမ်းကို ဘာလုပ်ရမလဲ။ သူ့ကို ကော်မရှင်ပေးပြီး ဆက်ရောင်းခိုင်းလိုက်ပါ။

အရမ်းကို ဓါးရေး လှံရေး ကျွမ်းကျင်တဲ့ ရဲမက်ကို စစ်မြေပြင်ကို ပို့ထားပါ။

အဆင့်ဆင့်သောသူတွေကို ရာထူးတက်ပေးဖို့ဆိုရင် ရာထူးနဲ့ ဆီလျော်တဲ့ ခေါင်းဆောင်မှုတွေ၊ စီမံခန့်ခွဲမှုတွေ လေ့လာပြီး အသုံးချနိုင်မှရပါလိမ့်မယ်။

ဒီနေရာမှာ လက်ရှိ ၀န်ထမ်းတွေအနေနဲ့လည်း သက်ဆိုင်ရာ Technical Skill အပြင် Leadership ကိုပါ နားလည် တတ်ကျွမ်းဖို့လိုပါတယ်။

သင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်မယ်၊ လုပ်ငန်းမှာ အမြင့်ပိုင်း စီမံခန့်ခွဲသူဖြစ်တယ်ဆိုရင်တော့ အစမှာ တင်ပြခဲ့သလိုပဲ လုပ်ငန်းစနစ်ကျဖို့၊ လုပ်ငန်းမှာ ရှိတဲ့သူတွေရဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေ တက်လာဖို့ လိုပါတယ်။

လုပ်ငန်းရှင်တစ်ယောက်ရဲ့ အောင်မြင်မှုဟာ သူ့ဘေးမှာ ရှိတဲ့လူတွေနဲ့ အများကြီးဆိုင်ပါတယ်။ အဲဒီလူတွေရဲ့ ခေါင်းဆောင်မှုအရည်အချင်းရှိသလောက်ပဲ သင့်လုပ်ငန်းက အောင်မြင်နိုင်ပါတယ်။

သင့်လူတွေရဲ့ ခေါင်းဆောင်မှုအရည်အချင်းတွေတက်လာအောင် လုပ်ပေးရမယ်။ အပြင်က ခေါင်းဆောင်မှုအရည်အချင်းမြင့်သူတွေ ထပ်ခန့်ရမယ်။

သင့်မှာ ခေါင်းဆောင်မှု အရည်အချင်းမြင့်သူတွေရှိလာဖို့ သူတို့ ကိုယ့်အောက်မှာ လုပ်ဖို့ဆိုရင် သင်ကိုယ်တိုင်ကလည်း ခေါင်းဆောင်မှု အရည်အချင်း သူတို့ထက်မြင့်ဖို့လိုပါတယ်။ ခေါင်းဆောင်မှု အဆင့် ၅ ရှိသူရဲ့ အောက်မှာ ခေါင်းဆောင်မှု အဆင့် ၆၊ ၇ အဆင့်ရှိသူတွေ မလာပါဘူး။ အဲဒီအစား ခေါင်းဆောင်မှုအဆင့် ၃၊ ၄ ရှိသူတွေပဲ လာပါတယ်။ ခေါင်းဆောင်မှုအဆင့် ၉  ရှိသူရဲ့ အောက်မှာ ခေါင်းဆောင်မှု အဆင့် ၇၊ ၈ ရှိသူတွေ လာပါတယ်။ အဲဒါကြောင့် သင်ကိုယ်တိုင်ရော သင်ရဲ့ Inner Circle မှာ ရှိသူတွေရဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေကိုရော တက်လာအောင် လုပ်ပေးရပါမယ်။

အဲဒီကြောင့် နိဂုံးချုပ်ပြောရမယ်ဆိုရင် လုပ်ငန်းတစ်ခု စဉ်ဆက်မပြတ်တိုးတက်အောင်မြင်မှုတွေရဖို့၊ လုပ်ငန်းရှင်များအနေနဲ့ S အဆင့်မှာ B အဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုရင် လုပ်ငန်းကို Multiplication ဆပွားအောင် လုပ်နိုင်ရမယ်။ Franchise Business တွေကို စဉ်းစားကြည့်ပါ။

အဲဒီလုပ်ဖို့အတွက်

- System ကျအောင် လုပ်ရမယ်၊
- Leadership Ability တွေ တက်လာအောင် လုပ်ရမယ်။

အဲဒီလို မလုပ်ခင်မှာ သင့်လုပ်ငန်း၊ ဌာနမှာရှိတဲ့ စနစ်ရယ်၊ ခေါင်းဆောင်မှု အဆင့်ရယ်ကို တိုင်းတာကြည့်ဖို့ လိုပါတယ်။

အခုစာဖတ်တာကို ရပ်ပြီး အောက်က ဒုတိယ ပုံမှာ ကြည့်ပါ။ သင့်ဟာသင် အမှတ်ပေးကြည့်ပါ။

သင့်လုပ်ငန်းရဲ့ စနစ်ကျမှုဟာ ၁ မှတ် ကနေ ၁၀ မှတ် အတွင်း အမှတ်ဘယ်လောက်မှ ရှိမလဲ။
သင်နဲ့ သူ့အတွင်းစည်းက လူတွေရဲ့ ခေါင်းဆောင်မှုအရည်အချင်းဟာ ၁ မှတ် ကနေ ၁၀ မှတ် အတွင်း အမှတ်ဘယ်လောက်ရှိမလဲ။

၁၀ မှတ် က အများဆုံးပါ။ ၁ မှတ် က အနိမ့်ဆုံးဖြစ်ပြီး အောက်မှ သုညပဲ ရှိပါတော့တယ်။

အမှတ်ပေးကြည့်ပြီးရင် စဉ်းစားပါ။

သင့်မှာ ချရေးထားချင်ထားမယ်။ မထားချင်လည်း မထားဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သင့်လုပ်ငန်းနဲ့ပတ်သက်ပြီး သင့်မှာဖြစ်ချင်တဲ့ Vision ရည်မှန်းချက်တွေ Goal ပန်းတိုင်တွေရှိနေတယ်။

သင်အခုချိန်မှာ ယုံယုံကြည်ကြည်နဲ့ ချီတက်နေတာဖြစ်နိုင်သလို စိုးရိမ်ပူပန်နေရတာလည်း ဖြစ်နိုင်ပါတယ်။

အခုက ပေးထားတဲ့ စနစ်နဲ့ပတ်သက်တဲ့ အမှတ်၊ ခေါင်းဆောင်မှုအရည်အချင်းနဲ့ ပတ်သက်တဲ့ အမှတ်ကို ပြန်ကြည့်ပါ။

သေသေချာချာ စဉ်းစားပါ။ အကယ်၍ သင်လက်ရှိရှိနေတဲ့ အမှတ်နဲ့ အခုနိုင်ငံမှာ ပြောင်းလဲလာတဲ့ အခြေအနေသစ်မှာ သင့်ရဲ့ ရည်မှန်းချက်ကို ရောက်နိုင်တယ်လို့ ယုံကြည်မှုအပြည့်အ၀ရှိတယ်ဆိုရင် အခြေအနေကောင်းပါတယ်။ ဆက်လက်ချီတက်ပါ။

မဟုတ်ဘူးဆိုရင်တော့ နောက်မကျခင် အမြန်ဆုံး ပြောင်းလဲပါ။ အချိန်သိပ်မရှိပါဘူး။ နိုင်ငံတွင်းက လုပ်ငန်းအများစုဟာ ပြုပြင်နေကြသလို နိုင်ငံတကာက လုပ်ငန်းတွေလည်း တစ်ဖြည်းဖြည်း ၀င်လာနေကြပါပြီ။

အဲဒါကြောင့် ဘာတွေပြောင်းလဲရမလဲ။ တိုးတက်အောင် လုပ်ရမလဲဆိုရင်

- ကဏ္ဍအလိုက် လုပ်ငန်းစနစ်တွေ ကျအောင်လုပ်ပါ။
- သင်ကိုယ်တိုင်နဲ့ သင်ရဲ့လူတွေရဲ့ ခေါင်းဆောင်မှုအရည်အချင်းကို မြှင့်တင်ပါ။

သင့်ရဲ့လုပ်ငန်းမှာ ပိုမိုစနစ်ကျအောင် လုပ်ချင်ရင် အခုနက ကျွန်တော်ဆွေးနွေးခဲ့တဲ့ အချက်တွေကို ဖြစ်စေ၊ မိမိကိုယ်တိုင် ဆက်လက်လေ့လာ၍ ဖြစ်စေ စတင်ဆောင်ရွက်နိုင်ပြီး ပိုမိုကောင်းမွန်ချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်တဲ့ Consultant များ၊ Professional ပညာရှင်များကို ခေါ်ယူပြီး ဆောင်ရွက်သင့်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ အဲဒီဖက်ကို Specialize မဟုတ်တဲ့အတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါဘူး။

အကယ်၍ သင့်အနေနဲ့ သင်ကိုယ်တိုင်အတွက်ဖြစ်စေ၊ သင့်ရဲ့ ခေါင်းဆောင်မှုအဖွဲ့ကို ဖြစ်စေ ခေါင်းဆောင်မှုအရည်အချင်းတွေ တိုးတက်စေချင်တယ်ဆိုရင်တော့ အဲဒီအတွက်လည်း အကူအညီလိုတယ်ဆိုရင်တော့ Number 1 World Leadership Guru လို့ သတ်မှတ်ခံရတဲ့ John Maxwell Team ရဲ့ Certified Coach တစ်ဦးအနေနဲ့ John C. Maxwell ရဲ့ Philosophy တွေကို အခြေခံပြီး Neuro Linguistic Programming (NLP) Coaching Technique များ၊ Facilitation Technique များ၊ International Coaching Federation (ICF) Coaching Technique များနဲ့အတူ ကျွန်တော့်ရဲ့ ကိုယ်ပိုင်စုစုပေါင်း ၁၃ နှစ်ကျော် လုပ်ငန်းစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု အတွေ့အကြုံများ ပေါင်းစပ်ထားတဲ့ Leadership Development Coaching Workshop Series များကို တက်ရောက်ပြီးဖြစ်စေ 1 By 1 or Team Coaching Program များကို အသုံးပြုပြီးဖြစ်စေ ခေါင်းဆောင်မှု အရည်အချင်းများကို တိုးတက်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို လေ့လာနိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ ခေါင်းဆောင်မှုအရည်အချင်းကို ၂ ရက် Coaching Workshop တက်ပြီးတာနဲ့ မရလာနိုင်ပါဘူး။ နေ့စဉ် လုပ်သွားရမှာ ဖြစ်ပါတယ်။

အခုဆွေးနွေးခဲ့တာတွေအားလုံး အတွေ့အကြုံရယ်၊ လေ့လာထားတာတွေအပေါ်မှာ အခြေခံထားတဲ့ လက်ရှိအချိန်မှာ ကျွန်တော့်မှာရှိနေတဲ့ အမြင်အယူအဆနဲ့ ဆွေးနွေးတာဖြစ်ပါတယ်။ ဆရာလုပ်တာ မဟုတ်ပါ။ အဲဒါကြောင့် ယူချင်တာကို ယူပြီး ပယ်ချင်တာကို ပယ်နိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။

Naing Win Aung – Executive Coach
Master Facilitator
MBA (Northampton, UK)
Associate Certified Coach (ICF)
Certified John Maxwell Coach, Trainer and Speaker
Certified NLP Master Coach
Certified NLP Master Practitioner
Certified Time Line Therapy Master Practitioner
31.7.2016
#KoNaingGyiNotes

ပစ်မှတ်



ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ဟာ

အရာရာတိုင်းကို ကျော်လွှားဖို့အတွက်

အကောင်းဆုံး လက်နက်တစ်ခုပါပဲ

လင်းဝေ

ဖန်တီးပါ



ကိုယ့်ရဲ့ ခံယူချက်တွေ၊
ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေ၊
ကိုယ့်ရဲ့ ယုံကြည်ချက်တွေနဲ့
ကိုယ်ဖြတ်သန်းချင်တဲ့
ဘဝပုံစံတစ်ခုကို ရဖို့
ကိုယ်တိုင်ဖန်တီးကြိုးစားဖို့လိုတယ်

လင်းဝေ

ထုဆစ်ပါ



မဖြစ်နိုင်ပါဘူးကွာ ဆိုတဲ့
လှောင်ရယ် မျက်လုံးတွေအောက်မှာ
မင်းအိပ်မက်တွေကို
အဆုံးရှုံး မခံလိုက်ပါနဲ့

အောင်မြင်မှု ဆိုတာ
မွေးရာပါ ကိုယ်လက်အင်္ဂါတစ်ခု
မဟုတ်ဘူးဆိုတာကို
မင်း သိမြင်သဘောပေါက်ထားဖို့ လိုတယ်
ညီလေး…

လင်းဝေ

Lucky 7

ကျနော်တွေးမိသော ကံကောင်းဖို့အတွက် (၇) ချက်

၁။ ရိုးသားပါ။

၂။ ကြိုးစားပါ။

၃။ ကတိတည်ပါ။

၎။ ပေးကမ်းစွန့်ကြဲပါ။

၅။ ကိုယ်ချင်းစာတရားထားပါ။

၆။ ကိုယ်ကျင့်တရား စောင့်ထိမ်းပါ။

၇။ စိတ်ကောင်းစေတနာကောင်းထားပါ။

လင်းဝေ

Monday, December 12, 2016

«ရေစက်များ»



ဘဝမှာ
ကျနော့်အပေါ် ကောင်းတဲ့
စေတနာထားကြတဲ့
လူတော်လူကောင်းတွေ
မိဘတွေ
ဆရာဆရာမတွေ
အစ်ကိုအမတွေ
ညီငယ်ညီမငယ်တွေ
သူငယ်ချင်းမိတ်ဆွေတွေနဲ့
တော်တော်များများ
ဆုံခွင့်ရတယ်...

အဲ့ဒီ
တွေ့ဆုံရခြင်းတွေအတွက်
ကျနော့်ရဲ့လူဖြစ်ရခြင်းကို
ကျေနပ်တယ်...

ကျနော်အပေါ်
မကောင်းတဲ့သူတွေ
စေတနာမထားတဲ့သူတွေ
ဆုံတွေ့ရပေမယ့်
အရေအတွက်နည်းတယ်...

သူတို့ကြောင့်
ဘဝသင်ခန်းစာတွေ
ရတဲ့အတွက်လည်း
ကျနော့်ရဲ့လူဖြစ်ရခြင်းကို
ကျေနပ်တယ်...

ဒီနေ့
ပရဟိတ ဝါသနာပါတဲ့
အင်တိုက်အားတိုက်လုပ်နေတဲ့
အစ်ကိုကြီး တယောက်နဲ့
ခင်မင်ခွင့်ရတယ်

သူ့ရဲ့ပရဟိတ
လုပ်ငန်းတွေသိရတာ
အားကျကျေနပ်မိတယ်

တနေ့
ကျနော်လည်း
သူ့လိုမျိုး လုပ်နိုင်ဖို့
ကြိုးစားရမယ်

ဘဝဆိုဟာ
ဖြတ်သန်းရင်းနဲ့
ကျနော်တို့တွေကို
တဖြည်းဖြည်း
ရင့်ကျက်လာစေတဲ့
ကျောင်းတော်ကြီးပေါ့ဗျာ...

ဘဝမှာ
ခံယူချက် တူညီတဲ့သူတွေဟာ
တဖြည်းဖြည်း ပိုပိုပြီး နီးလာကြသလို
ခံယူချက် မတူညီတဲ့သူတွေဟာ
တဖြည်းဖြည်း ပိုပိုပြီး ဝေးသွားကြတာကိုလည်း
သိလာရတယ်...

ဒါတွေဟာ
အတိတ်အကြောင်းတရားတွေကနေ
ဖြစ်တည်လာတဲ့
ရေစက်တွေပါပဲ...

လင်းဝေ

Sunday, December 11, 2016

the choice

...ကိုယ့်ဘဝကိုယ် ရွေးချယ်ပါ..

ငါတို့ရဲ့ အိပ်မက်တွေ
အကောင်းဆုံး တောက်ပဖို့
တစုံတခုကို
ထောက်ထား အားနာလိုက်မယ်ဆိုရင်

ငါတို့ဘဝ
အဖိုးတန် အချိန်တွေကို
မိုက်မဲစွာ
ဖြုန်းတီးနေမိပြီ ဆိုတာကို
ငါတို့
သဘောပေါက်ကြဖို့ လိုတယ်

လင်းဝေ

Thursday, December 8, 2016

HR

" ခေါင်းဆောင်မှုနှင့် HR ပညာ "

ခေါင်းဆောင်မှုဆိုတာ ဘာလဲ? HR ပညာဆိုတာ ဘာလဲ?

HR-Human Resources ဆိုတာ HP-Human Problem  မဟုတ်ပါဘူး။ ဒါကို HR လုပ်နေသူတွေ သိဖို့အရေးကြီးပါတယ်။

 ကျနော်တို့တွေဟာ လုပ်ငန်းတွေကို တစ်ယောက်ထဲလုပ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် လူတွေနဲ့ အတူတကွ ပူးပေါင်းလုပ်ကြရပါတယ်။

လူတွေဟာ ငွေ(စားဝတ်နေရေး)ရဖို့၊ ပျော်ရွှင်မှုရဖို့၊ ပညာရဖို့၊ မိမိအစွမ်းအစတွေကို ထုတ်ဖော်ခွင့် ရဖို့ အလုပ်လုပ်နေကြတယ်ဆိုတာကို ကျနော်တို့ အရေးတကြီးသိဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ ကျနော်တို့အတွက်ရော တခြားလူတွေအတွက်ပါ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။

ခေါင်းဆောင်မှုဆိုတာ နေရာယူခြင်း၊ အခွင့်အရေးယူခြင်းနဲ့ အာဏာပြ အမိန့်ပေးခြင်း မဟုတ်ပါဘူး။

ခေါင်းဆောင်မှုဆိုတာ တာဝန်ယူခြင်းပါပဲ။

ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ နောက်လိုလိုက်တွေကို ရှေ့ဆောင်လမ်းပြတယ်၊ အကောင်းမြင်စိတ်ထားပြီး နောက်လိုက်တွေ အတိုင်းတာတခုထိ ယုံကြည်မှုပေးတယ်၊ နောက်လိုက်တွေကို တာဝန်တွေ ခွဲဝေပေးတယ်၊ နောက်လိုက်တွေကို ခေါင်းဆောင်နိုင်သူတွေဖြစ်အောင် တွဲခေါ်ပေးတယ်၊ နောက်လိုက်ကောင်းတွေကိုသာမက ခေါင်းဆောင်ကောင်းတွေကိုလည်း မွေးထုက်ပေးတယ်၊ သမာသမတ်ရှိပြီး ကိုယ်ချင်းစာတရားရှိတယ်၊ မေတ္တာတရားပြည့်တဲ့ ကြင်နာမှုရှိတယ်၊ လိုအပ်လာရင် နောက်လိုက်တွေရှေ့က မားမားမတ်မတ် ရပ်တည်ပေးရဲတယ်၊ နောက်လိုက်တွေကို တက်ကြွစွာ ဦးဆောင်ရင်း ရည်မှန်းချက်ပန်းတိုင်တွေကို အောင်မြင်မှု ရစေတယ်။

 ဘယ်လောက်တော်တဲ့ ခေါင်းဆောင်ဖြစ်ဖြစ် နောက်လိုက်ကောင်းတွေမရှိရင် မအောင်မြင်ပါဘူး။

 နောက်လိုက်ကောင်းတွေမရှိတဲ့ ခေါင်းဆောင်တွေဟာလည်း ခေါင်းဆောင်ကောင်း မဟုတ်ပါဘူး။

ဒီနေရာမှာ HR ရဲ့ အခန်းကဏ္ဍက အရေးပါလာပါပြီ။

HR ဆိုတာ ဝန်ထမ်းတွေကို ပြဿနာရှာဖို့မဟုတ်ပါဘူး။ ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေ အစွမ်းအစတွေကို ထုတ်ဖော်မြေထောင်မြှောက်ပေးရမှာပါ။

HR တယောက်ဟာ ဝန်ထမ်းတွေကို ပြဿနာရှာနေပြီဆိုရင် ကုမ္ပဏီအတွက် စိုးရိမ်ရပါပြီ။

လုပ်ငန်းရှင်တွေအနေနဲ့ HR ကောင်းတွေကို သေချာရွေးချယ် ခန့်ထားသင့်ပါတယ်။

HR တယောက်ရဲ့တာဝန်ဟာ (၁) လုပ်ငန်းရဲ့ လစ်လပ်နေတဲ့ နေရာတွေကို သိရှိထားရမယ် (၂) လစ်လပ်နေရာတွေအတွက် လူမှန်နေရာမှန် ခန့်ထားပေးရမယ် (၃) ခန့်ထားတဲ့ ဝန်ထမ်းကောင်းတွေကို အလုပ်မှာ ပျော်ရွှင်အောင် လုပ်နိုင်ရမယ် (၄) ဝန်ထမ်းကောင်းတွေကို အလုပ်မှာမြဲအောင် ထိမ်းထားနိုင်ရမယ် ပြီးတော့ လူတွေကို ပြဿနာရှာဖို့မဟုတ်ဘဲ လူသားကို အရင်းအမြစ်တခုအဖြစ် တန်ဖိုးထားမြှင့်တင်ပေးရမည့် တာဝန်တွေပါပဲ။

ငကန်းသေ ငစွေပေါ်လို့ သဘောထားမယ်ဆိုရင်တော့ ဝန်ထမ်းတွေကလည်း ခဏခဏ ထွက်လို့ ဝန်ထမ်းတွေ ဝင်လိုက်ထွက်လိုက် ဖြစ်နေမှာပါပဲ။

ဝန်ထမ်းတွေ ခဏခဏထွက်နေတဲ့ ကုမ္ပဏီတစ်ခုဟာလည်း တည်ငြိမ်မှုမရှိနိုင်သလို အောင်မြင်ဖို့မလွယ်မပါဘူး။

HR ဆိုးတယောက်ရှိတဲ့ ကုမ္ပဏီဟာ မြွေပွေး ခါးပိုက်ပိုက်ထားရသလိုပါပဲ။

ဒါကြောင့် လုပ်ငန်းရှင်များအနေဖြင့် မိမိကိုယ်တိုင် HR ကောင်း တယောက်ဖြစ်ဖို့ကြိုးစားပြီး HR ကောင်းတွေကိုသာ ရွေးချယ်ခန့်ထားဖို့ အရေးကြီးပါတယ်။

ဖတ်မိသမျှ၊ ဆွေးနွေးမိသမျှ၊ တွေးမိသမျှ၊ ရေးမိသမျှ

အားလုံး အောင်မြင်မှုတွေ မြင့်မားကြပါစေ

မေတ္တာဖြင့်

လင်းဝေ