Friday, May 31, 2013

ဒုတိယမြောက် နှစ်ပတ်လည်နေ့....

တကယ်ချစ်တဲ့

ချစ်သူတွေဆိုတာ

ဘယ်အခြေအနေ ဖြစ်ဖြစ်

ဘယ်လိုဘ၀မျိုး ရောက်ရောက်

တယောက်ကို တယောက်

ပေးဆပ်စောင့်ရှောက်

“ဘ၀”ဆိုတဲ့

အိပ်မက်ကလေးကို

အတူ တည်ဆောက်ဖို့

ရောက်ရှိလာတဲ့

ကမ္ဘာကြီးထဲက

အရင်းနှီးဆုံး

ဧည့်သည် နှစ်ယောက်ပါ...။

ဒီနေ့လေးဟာ

ချစ်သူရဲ့ မွေးနေဖြစ်သလို

ကျနော်တို့နှစ်ယောက်ရဲ့

အချစ် နှစ်ပတ်လည်နေ့လဲ ဖြစ်ရဲ့..။

လွန်ခဲ့တဲ့ ၂၄ နှစ်

ဒီလိုနေ့မှာ

ကျနော့်အတွက်ဆိုပြီး

သူမ မေမေက

သူမကို

ဒီကမ္ဘာမြေပေါ်

မွေးဖွားပေးခဲ့တယ်..။

လွန်ခဲ့တဲ့ ၂ နှစ်

ဒီလိုနေ့မှာ

သူမဆီက

စကားတခွန်းအတွက်

မိုးမမြင် လေမမြင်

ရင်ခုန်စွာ

ကျနော် ပျော်ရွှင်ခဲ့ ဖူးတယ်..။

ဒီနေ့ ဒီအချိန်မှာတော့

သူမဟာ

ကျနော့် ချစ်ဇနီးအဖြစ်

ကျနော့် နံဘေး

နွေးထွေးစွာ အတူရှိနေရဲ့...။

ဆင်းရဲအတူ ချမ်းသာအမျှ

ဆိုးတူ ကောင်းဖက်

အနိုင်မခံ အရှုံးမပေး

လောကဓံ ရက်စွဲတွေကြား

ခိုင်ခိုင်မာမာ ယုယုယယ

လက်ချင်း တွဲထားခဲ့ကြတာ

ပြက္ခဒိန် နှစ်ခုတောင် ပြည့်ခဲ့ပြီလေ...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

ဘူတာရုံကလေးရဲ့ အဝေးမှာ...




ဒီဘူတာရုံကလေးမှာ

ငါတို့

အတူဆုံခဲ့ကြဖူးတယ်....

လေးညှို့က လွှတ်တဲ့

 မြားတွေလို

ငါတို့

ကိုယ့်ပစ်မှတ်ကိုယ်

အတူပြေးခဲ့ကြစဉ်ကပေါ့...

လဲသူလဲ ကွဲသူကွဲ

ပစ်မှတ်နဲ့လွဲတဲ့သူက လွဲ...

မြားချင်းအတူတူ

ပစ်မှတ်တွေကျတော့

မတူခဲ့ကြဘူး...

ပျော်ခဲ့ ရယ်ခဲ့...

လွမ်းခဲ့  ငိုခဲ့...

ပျိုမြစ်တဲ့ ဖြူစင်မှုမှာ

လွတ်လပ်မှုဟာ

အပူပင်ကင်းစွာ ချိုမြိန်ခဲ့

ဘူတာရုံအိုကလေးက

အားလုံးကို

ကြိုဆိုခဲ့တယ်....။

ခရီးချင်းတော့ အတူတူပါပဲ

လမ်းကြောင်းချင်း မတူတော့

ဘူတာရုံကလေးကို

နှုတ်ဆက်

ကိုယ့်ရထားကိုစီးပြီး

ကိုယ့်ခရီးကိုယ်

ထွက်ခဲ့.....

လွယ်အိပ်ကို အချမှာ

ငါတို့

အဲဒီဘ၀တွေကို

 ပြန်မရတော့ဘူး...

ငါတို့

အဲဒီ

ဘူတာရုံကလေးဆီ

ပြန်မရောက်တော့ဘူး........။။

လင်းဝေ (မုံရွာနည်းပညာ တက္ကသိုလ်)



Saturday, May 11, 2013

ယုံကြည်မှု

တိမ်မှန်း မြူမှန်း

မကွဲဘဲ

နွေရာသီနဲ့

မိုးရာသီ

လွဲခဲ့ဖူးတယ်....

ဘ၀ဆိုတာ

တခါတခါ

တိမ်တိုက်တွေလို

အပြောင်းအလဲမြန်ပြီး

တခါတခါ

မြူတွေလို

ေ၀၀ါးနေတတ်တဲ့

အဖြစ်မျိုး....။

ချစ်သူလေးရေ

ငါတို့ရဲ့

နံနက်ခင်း အသစ်ကို

မျှော်လင့်ချက်တွေ အပြည့်နဲ့

နိုးထလိုက်ရအောင်...

ပြောင်းလဲနေတဲ့

တိမ်တိုက်တွေထဲမှာ

မိုးရေစက်တွေ

ပါလာတတ်သလို

ေ၀၀ါးနေတဲ့မြူတွေနောက်မှာ

လှပတဲ့ရှုခင်းတွေ

ရှိနေတတ်ပါတယ်....။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Wednesday, May 8, 2013

...အသိ...



မနေ့က

ငါ့သူငယ်ချင်းတစ်ယောက်

ငါတို့ကို

အပြီးတိုင်နှုတ်ဆက်

ဒီဘ၀ကနေ

ထွက်ခွာသွားတယ်....

ဒီအနှစ်သုံးဆယ်အတွင်း

မင်း

ဘာကောာင်းမှုတွေပြုခဲ့လို့

ဘာ မကောင်းမှုတွေပြုသွားခဲ့လဲ..

ဘာပဲဖြစ်ဖြစ်

ငါ့သူငယ်ချင်း

ငမောင် တစ်ယောက်
(ချစ်သဲမောင်-M.T/2000
Monywa GTC)

ကောင်းရာသုဂတိ

ရောက်ပါစေလို့

ငါဆုတောင်းပေးပါတယ်ကွာ...

ဒီလိုနဲ့

ငါ့ကိုယ်ငါ

မှန်ထဲ ပြန်ကြည့်တော့

ဟိုတုန်းကတည်းက

မလှခဲ့တဲ့ရုပ်က

ပိုပိုဆိုးလာသလိုပဲ..

ဘယ်အချိန်က

ပေါက်နေမှန်းမသိတဲ့

ဆံပင်ဖြူတွေက

ငါ့ခေါင်းပေါ်

ဟိုတစ်စ....ဒီတစ

ငါ့အဖိုး ပြောသလို

ပြောရရင်

သေမင်းကတော့

အလံ လာစိုက်နေပြီထင်ရဲ့...

တကယ်တော့

နုပျိုမှုဆိုတာကလဲ

တီဗွီဖန်သားပြင်ပေါ်က

ကြော်ငြာတစ်ပုဒ်လောက်တောင်

ကြာရှည်မခံလိုက်သလိုပဲ..

ပါးရေ တွန့်နေတဲ့ အပြုံးတွေက

ငါတို့ရဲ့ဇရာကို ဖုံးကွယ်မထားနိုင်တော့ဘူးလေ...


လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Monday, May 6, 2013

...ပန်းတပွင့်ရဲ့ ဈာပန...

အကိုတစ်ယောက်အတွက် ခံစားရေးဖွဲ့ထားတာပါ

...ပန်းတပွင့်ရဲ့ ဈာပန...

ပြက္ခဒိန်စာရွက်တွေသာ

စကားပြောတတ်ကြမယ်ဆိုရင်

ကျနော်တို့နှစ်ယောက်ရဲ့

လမ်းခွဲခြင်း

အထိမ်းအမှတ်အတွက်

ကဗျာဖွဲ့ပြီး

ရွတ်ဆိုပေးကြမယ်ထင်ရဲ့..

ကျနော့်ကို

အပြစ်တင်သံတွေဟာ

သူမရဲ့

ကျနော့်အပေါ် စိတ်ကုန်မှုကို

ပြသနေသလိုပါပဲ...

အချစ်ဆိုတာ

သူမအတွက်တော့

နှစ်ကြာရင်

ပျက်စီးသွားတတ်တဲ့

အနှစ်မဲ့ စိတ္တဇနာမ်တစ်ခုပဲ

ဖြစ်ခဲ့မယ်ထင်တယ်...။

ခြွေလို့ ကြွေသွားခဲ့သလား

ကြွေချင်လို့ ကြွေသွာခဲ့သလား

ကျနော် အနှစ်နှစ်အလလ

စိုက်ပျိုး ယုယခဲ့တဲ့

အမြတ်နိုးဆုံး ပန်းတစ်ပွင့်ဟာ

ကျနော့်ရင်ခွင်ကို

ဖွင့်ဖျက်

တပါးသူ ရင်ခွင်ထက်

ဆင်းသက် ကြွေလွင့်သွားခဲ့ပြီလေ...။

သစ္စာမဲ့ သူမို့

မလွမ်းတော့ဘူးဆိုပေမယ့်

ဘ၀မှာ

တစ်ခါ ချစ်ခဲ့ဖူးတယ်

ဆိုတာကိုတော့

ကျနော် အမှတ်ရနေမိဦးမယ်

ထင်ရဲ့....။

လင်းဝေ ( မုံရွာနည်းပညာမိသားစု)

...ချစ်သူပန်ဖို့....



နှလုံးသားကို

ဟင်းလင်းဖွင့်

ရဲရင့်တဲ့ ချစ်ခြင်းနဲ့

ဘယ်ကမ္ဘာမှာမှ

မပွင့်ခဲ့ဖူးသေးတဲ့

အလှဆုံးပန်းတပွင့်

ချစ်သူအတွက်

ခူးဆွတ်ပေးချင်တယ်...။

လင်းဝေ (မုံရွာနည်းပညာ တက္ကသိုလ်)

...အတ္တမဲ့ နေ့သစ်...



ငါ့အတ္တကို ငါရိုက်ချိုး

မိုက်ခဲ့သမျှအတွက်

ဟောဒီ

လင်းလက်လာတဲ့

အသိတရားရှေ့မှာ

ဒူးထောက်အညံ့ခံ

ငါ့သံသရာကို

ခတ်မြန်မြန်လေး

ချုံ့လိုက်ပါရစေ...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

...လမ်းလျှောက်သူများ...



ဘယ် “နေ့” လဲ...

ဘယ် “ည” လဲ...

ဘယ် “အချိန်” လဲ....

ငါတို့ မသိနိုင်တဲ့

နေ့စွဲတစ်ခုမှာ

ငါတို့

အသက်ရှူခြင်းတွေအားလုံးဟာ

ရပ်တန့်သွားကြမှာပါ...။

ဘယ်လို ရောဂါမျိုးတွေက

ငါတို့ကို နှိတ်စက်

ဘယ်သုဿန်မှာ

မြှုပ်နှံမှာကြမှာလဲ...

ဒါကလဲ

ငါတို့ ဖွင့်ဖတ်ခွင့်မရှိတဲ့

မရဏမင်းလက်ထဲက

ပဟေဠိဆန်မှု တစ်ခုပါပဲ...။

ငါတို့ဟာ

ဘယ်ကို သွားရမယ်မှန်းမသိတဲ့

သံသရာရဲ့

မျက်ကန်းခရီးသည်များ...

အချစ် ၊ အလွမ်း ၊ အမုန်း....

လောဘ၊ ဒေါသ ၊ မောဟ...

အနိုင်အရှုံး အနိမ့်အမြင့်...

ဖောက်လွဲဖောက်ပြန်

လောကဓံ ၀ဲဂယက်ထဲ

အိပ်မက် အတုယောင်တွေနဲ့

လမ်းပျောက်ရင်းပ..

ဒီလိုနဲ့

ဒီခရီးကို

ထက်ဝက်ကျိုးလုလု

အမှုမှတ်မဲ့စွာ

စီးဆင်းခဲ့ပြီးပြီ..။

လင်းဝေ (မုံရွာနည်းပညာ တက္ကသိုလ်)

...လွမ်းတယ်..အမေ...



မိုးရေတွေ

ရွှဲရွှဲစိုစို

ရွာတဲ့နေ့တွေဆိုရင်

သား

အမေ့ရွာကလေးကို

လွမ်းတယ်....အမေ...။

ငယ်ငယ်တုန်းက

မိုးထဲရေတဲ

သားကိုယ်တိုင်

ကြုံးကြုံးကန်ခဲ့ဖူးတဲ့

ဘောလုံးကလေးလို

သား

အမေ့ရင်ခွင်ကနေ

လွင့်စင်သွားခဲ့တာ

မိုးရာသီ

ဘယ်နှစ်ခုတောင်

ရှိခဲ့ပြီလဲ...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)