Saturday, October 2, 2010

ကျနော်နဲ့လမ်းပြကြယ်

ကျနော်သည် စာဖတ်ဝါသနာပါသူတစ်ဦး ဖြစ်ပါသည်။စာဖတ်တာ ၀ါသနာပါယုံတင်မဟုတ်
ကဗျာလေးစာလေးရေးရတာကိုလည်း ၀ါသနာပါပါသေး၏။တစ်စုံတစ်ခု ရင်ထဲမှာခံစားရရင်
စာရွက်ပေါ်ချမရေးရရင် မနေနိုင်ခြင်းကတော့ မွေးရာပါရောဂါပိုးတစ်ခုလို့ ဆိုချင်ပါသည်။
ကျနော်တို့တွေဟာ ကျောင်းနေပြီဆိုကတည်းက စာအုပ်တွေနဲ့စတင်ရင်းနှီးခဲ့ရပြီး
စာတွေကို
စတင်သင်ခဲ့၊လေ့လာခဲ့ကြရသည်။ကျောင်းကသင်ပေးတဲ့ သင်ခန်းစာတွေကလည်း သူ့အတိုင်း
တာနဲ့သူကောင်းပါသည်။သင်ခန်းစာတစ်ခု အနေနဲ့ စာမေးပွဲစစ်ဖို့အတွက်တော့ အဲဒီသင်ခန်းစာ
တွေက လုံလောက်တယ်လို့ပဲ ဆိုကြပါစို့။သို့သော် ဘ၀စာမေးပွဲတွေ အများကြီးဖြေရဦးမယ့်
ကျောင်းသားတစ်ယောက်၊လူငယ်တစ်ယောက်အတွက် ကျောင်းသင်ခန်းစာတစ်ခုတည်းနဲ့တော့
ဘယ်လိုမှ မလုံလောက်နိုင်ပါ။လူငယ်တစ်ယောက်အတွက် အပြင်စာဖတ်ဖို့လိုအပ်ပါသသည်။
(လူငယ်တွေမှမဟုတ် လူလတ်၊လူကြီးအားလုံး စာဖတ်သင့်သည်။)အပြင်စာဆိုတာ ကျောင်းမှာ
မသင်တဲ့ ဗဟုသုတရဖွယ်စာအုပ်တွေ၊သိပ္ပံစာအုပ်တွေ၊ရသစာအုပ်တွေ၊အတွေးအခေါ်စာအုပ်တွေ၊
နိုင်ငံတကာ စာပေတွေစသည်ဖြင့် အများကြီးဖတ်ရပါဦးမည်။
`ယနေ့လူငယ် နောင်ဝယ်လူကြီး´ဆိုသလို ယခုလူငယ်လေးတွေဟာ အနာဂတ်ရဲ့ ကြယ်ပွင့်လေး
တွေပါပဲ.။သူတို့လေးတွေမှာ ဗဟုသုတတွေပြည့်နေဖို့၊အတွေအခေါ်တွေ ထက်မြက်နေဖို့လိုသည်။
`အလိမ္မာ စာမှာရှိ´တဲ့ စာအုပ်စာပေ များများဖတ်တဲ့ကလေး အများစုဟာ ဗဟုသုတကြွယ်ဝပြီး
ထက်မြက်တဲ့ အတွေးအခေါ်တွေ ပိုင်ဆိုင်လာကြပေလိမ့်မည်။ထို့ကြောင့် စာသင်ကျောင်းတိုင်းမှာ
စာကြည့်တိုက် ကောင်းကောင်းတွေ ရှိရမည်။ဒါ့အပြင် လူငယ်တွေကို စာဖတ်တတ်တဲ့ အလေ့အကျင့်
တွေရအောင်၊စဉ်းစားတွေးခေါ်တတ်အောင်၊မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချတတ်အောင် လေ့ကျင့်ပေး
ရမယ်။
စာအုပ်ဖတ်ခြင်းအားဖြင့် ကျနော်တို့ဟာ ကမ္ဘာအနှံ့
လှည့်ပတ်သွားလာနိုင်သည်။ကမ္ဘာပေါ်မှာရှိတဲ့
လူသားအမျိုးမျိုးရဲ့ ဘ၀တွေအကြောင်း၊အတွေးအခေါ် သမိုင်း၊ယဉ်ကျေးမှုတွေအကြောင်း၊ကမ္ဘာမှာဘာတွေ
ဖြစ်ပျက်နေကြတာတွေ၊တိုးတက်အောင်ဘယ်လိုကြိုးစားနေကြတာတွေ အကြောင်းအားလုံးကို
စာကြည့်တိုက်လေးထဲကနေ စကြာဝဠာအနှံ့ကို လှမ်းမျှော်ကြည့်ခွင့် ရနိုင်ပါသည်။အဲဒါအပြင်
ကိုယ့်ပတ်ဝန်းကျင်၊ကိုယ့်လူမျိုးတွေ ရဲ့ဘ၀တွေ၊ခံစားချက်တွေ၊ယဉ်ကျေးမှုတွေ၊
သမိုင်းကြောင်းတွေကိုလည်း လေ့လာနိုင်ပါသေးသည်။
စာကြည့်တိုက်သည် ကမ္ဘာအရပ်ရပ်က မိတ်ဆွေတွေကို တစ်နေရာတည်း စုဆုံပေးထားတဲ့
ရိပ်မြုံလေးတစ်ခုလို့
ကျနော်ခံစားမိသည်။
ထို့ကြောင့် ကျောင်းတိုင်း၊မြို့ရွာတိုင်း၊နိုင်ငံတိုင်းမှာ စာကြည့်တိုက်ကောင်းများ
တည်ထောင်ပေးခြင်းသည်
မရှိမဖြစ်အရေးကြီးလှသည်။ကျောင်းတစ်ကျောင်း၊မြို့ရွာတစ်ခု၊နိုင်ငံတစ်နိုင်ငံရဲ့ တန်ဖိုးဂုဏ်သိက္ခာကို သတ်
မှတ်ရာမှာ စာကြည့်တိုက်ကောင်းကောင်းရှိခြင်းမရှိခြင်းကို ထည့်သွင်းစဉ်းစားကြရမည်။
တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတိုင်းမှာ ခန်းနားထည်ဝါတဲ့ စာကြည့်တိုက်ကြီးတွေရှိကြပါသည်။
သိတဲ့၊တတ်တဲ့၊လေ့လာစဉ်းစားတွေးခေါ်ခဲ့ကြတဲ့ စာရေးဆရာတွေရေးခဲ့ကြတဲ့ စာတွေကို
ကျနော်တို့က
အတုယူသင့်တာယူ၊တွေးသင့်တာတွေးပြီး လေ့လာသင့်တာတွေကို လေ့လာရပါမည်။စာရေးဆရာတွေဟာ
လူတွေအမှုအမှတ်မဲ့ သတိအမထားမိခဲ့ကြတဲ့ လောကကြီးရဲ့ အမှန်တရားတွေ၊အဖြစ်အပျက်တွေ၊ဖြစ်သင့်တာ
တွေ၊လေ့လာမှတ်သားခဲ့တာတွေကို ၀တ္ထုဇာတ်လမ်းတွေ၊ကဗျာတွေ၊အက်ဆေးတွေနဲ့လူတွေကို စဉ်းစားတတ်
မြင်တတ်အောင် မျှဝေပေးကြပါတယ်။ထို့ကြောင့် ခေတ်အဆက်ဆက် စာရေးဆရာတို့ရဲ့ အခန်းကဏ္ဍသည်
အရေးပါခဲ့သည်။စာရေးဆရာကောင်းတစ်ယောက်၏ ကလောင်တစ်လက်သည် လူသန်းပေါင်းများစွာ၏
အသက်ကို ကယ်တင်နိုင်သကဲ့သို့ လူသန်းပေါင်းများစွာကိုလည်း သတ်ပြစ်နိုင်ပါသည်။
အဲဒါကြောင့် စာရေးဆရာတစ်ယောက်ဟာ
ဖြောင့်မတ်ခြင်း၊ရိုးသားခြင်း၊စေတနာထားခြင်း၊အတ္တနည်းခြင်း၊
ကိုယ်ချင်းစာတရားကြီးခြင်း၊မေတ္တာတရားကြီးခြင်း၊စဉ်းစားတွေးခေါ်အားကောင်းခြင်း၊အများအကျိုးကို
သိတတ်ခြင်းတို့နှင့် ပြည့်စုံရမည်ဟု ကျနော်ထင်သည်။
ကျနော်ကတော့ စာရေးဆရာတွေကိုလေးစားသည်။သူတို့ရဲ့
ပေးဆပ်ခြင်းစိတ်ဓာတ်၊မြင့်မြတ်ရိုးသားတဲ့
နှလုံးသားတို့ကို နှစ်သက်သည်။ရိုးသားအေးချမ်းလှတဲ့ စာရေးဆရာတစ်ယောက်ရဲ့ဘ၀ကို အားကျမိပါ၏။
စာရေးဆရာလုပ်မည်ဟု ခဏခဏစိတ်ကူးယဉ်ခဲ့ဖူးရဲ့။သို့သော်ရည်ရွယ်ချက် မခိုင်မာခဲ့တာရော၊သတ္တိနည်း
ခဲ့တာတွေကြောင့်ရော စာပေလောကဆီကို ခြေစုံပစ်မ၀င်ဖြစ်ခဲ့ရပါ။ကျောင်းသားဘ၀မှာလည်း စာအုပ်လေး
ဖတ်လိုက် ကဗျာလေးစာလေးရေးလိုက်နဲ့ ရောင့်ရဲခဲ့ရသည်။ကိုယ့်အရေးအသားကို အယုံကြည်၍
ဘယ်
မဂ္ဂဇင်းတိုက်ကိုမှ မပို့ခဲ့ဖူးပါ။
ဒီလိုနဲ့ကျောင်းတွေပြီးတော့ သူငယ်ချင်းတွေနဲ့ စင်္ကာပူသွားပြီးအလုပ်မယ်လို့ တိုင်ပင်ပြီး ရန်ကုန်ကို
ဆင်းခဲ့ကြသည်။ရန်ကုန်မှာနေတဲ့ တစ်နှစ်နီးပါးအချိန်တွေမှာလည်း သင်တန်းတက်ရ လေ့လာရနဲ့ အချိန်တို
အတွင်း ကြိုးစားကြရသဖြင့် စာရေးစာဖတ်ခြင်းကို လစ်လျူရှုသလိုဖြစ်ခဲ့ရပါသည်။ဒါပေမယ့်
ရင်ထဲကပိုးကတော့
ဘယ်တော့မှ သေမသွားခဲ့ဘူး။ဘာပဲဖြစ်ဖြစ်ညတိုင်း ကဗျာလေးတွေတော့ စပ်ဖြစ်ပါသည်။စိတ်ထဲမနေနိုင်လှမှ
စာအုပ်ဆိုင်ပြေးပြီး ငှားဖတ်ရသည်။ဒါလည်း ပညာရပ်ဆိုင်ရာတွေလေ့လာနေရသေးတာဆိုတော့ အေးအေးဆေးဆေး
ခံစားပြီးဖတ်ရခြင်းမျိုး မဟုတ်။
ခုတော့ စင်္ကာပူလည်း ရောက်နေပြီ။အလုပ်လည်း ထိုက်သင့်သလောက် အသားကျနေပြီဆိုတော့ ကိုယ့်ဝါသနာလေး
ဖက် ပြန်လှည့်မယ်လို့ စိတ်ကူးလိုက်တယ်။အင်တာနက်မှာ
ဝင်မွှေရတာပေါ့။စာအုပ်တွေပေါပါရဲ့.။ကွန်ပျူတာနဲ့
ဖတ်ရတာဆိုတော့ မျက်စိက အားအရမ်းစိုက်ရသည်။ပြီးတော့ ဖတ်ရတာ အားမရ။ဆောင်းပါးတိုလောက်
ဆိုရင်တော်သေးရဲ့။
ပင်နီဇူးလားက စာအုပ်ရောင်းတဲ့ဆိုင်တွေသွားကြည့်တော့ စာအုပ်ကလည်းမစုံ ဈေးကလည်းကြီးဆိုတော့ သိပ်အထာမကျ။
စာအုပ်ငှားဆိုင်ရှိတယ်ဆို
လို့ သွားငှားတော့လည်း ငှားခက မသက်သာလှ။ဘယ်လိုမှ အဆင်မပြေခဲ့။အဲဒီအချိန်မှာပဲ သူလိုကိုယ်လို စာဖတ်
ဝါသနာပါတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခွင့်ရသည်။သူလက်ထဲကိုင်ထားတဲ့
စာအုပ်တွေကို မြင်ကတည်း
က သွားရေက ကျနေပြီ။မနေနိုင်တော့ စာအုပ်တွေဘယ်က ရသလဲလို့ မမေးလိုက်တယ်။အဲဒီတော့မှ သူငယ်ချင်းက
`ခင်ဗျားကလည်း ပင်နီဇူးလားကိုခဏခဏ လာနေပြီး အ,ရန်ကောဗျာ။၎လွှာမှာ လမ်းပြကြယ်ဆိုတဲ့
စာကြည့်တိုက်
ရှိတယ်လေဗျာ။အဲဒီမှာ ၁၅ ဒေါ်လာနဲ့ အသင်းဝင်ပြီးရင် ၆ လ ကြိုက်သလောက် အလကားငှားဖတ်လို့ရတယ်လေ။
စာအုပ်ကောင်းတွေးပဲ ရွေးပြီးတင်ပေးထားတာဗျ။ခင်ဗျားကလည်းခေတ်လူငယ်ဖြစ်ပြီး
အဲလောက်မတုံးစမ်းပါနဲ့´
သူဘာပဲပြောပြော ကျနော့်မှာတော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို့ ၀မ်းသာလုံးဆို့သွားရသည်။ကျေးဇူးလည်း
တင်မိပါသည်။ချက်ချင်းပဲသူ့ကိုခေါ်ပြီး စာကြည့်တိုက်ဆီတက်ခဲ့သည်။ပြုံးပြုံးလေးနဲ့ သဘောကောင်းတဲ့ ကိုရဲမင်းဆီမှာ
ကဒ်ပြားလုပ်ပြီး စိတ်ကြိုက်စာအုပ်တွေ
တစ်ခါတည်းဆွဲခဲ့ပါသည်။ရှားရှားပါးပါးစာအုပ်တွေနဲ့တခြားကောင်းတဲ့
စာအုပ်တွေအများကြီးပါပဲ။
ခုလိုနိုင်ငံရပ်ခြားမှာ ရှားရှားပါးပါးစာအုပ်ကောင်းတွေ
ပေးဖတ်နိုင်အောင်ကြိုစားခဲ့ကြတဲ့ စာကြည့်တိုက်
တည်ထောင်ခဲ့သူတွေရဲ့ စေတနာကိုခံစားမိသလို အရမ်းလည်းကျေးဇူးတင်မိပါသည်။စာကြည့်တိုက်ကို
ပေးထားတဲ့နာမည်လေးကလည်း `လမ်းပြကြယ်´တဲ့ အဓိပ္ပာယ်ရှိသလို လိုက်ဖက်တဲ့နာမည်လေးပါပဲ။
နာမည်လေးက အဓိပ္ပာယ်ရှိသလို ဆောင်ပုဒ်လေးကလည်းချစ်စရာကောင်းပါသည်။ဘာတဲ့......
`စာကြည့်တိုက်အသင်းဝင်တိုင်းသည် စာကြည့်တိုက် ပိုင်ရှင်များဖြစ်ကြသည်´တဲ့..။
အဲဒီစာကြောင်းလေးကို သဘောအကျဆုံးပါ။ရင်ထဲကို အကာကွယ်မဲ့တိုးဝင်လာတဲ့ စာကြောင်းလေးပါပဲ။
ဟုတ်တယ် စာပေ မြတ်နိုးတန်ဖိုးထားသူတိုင်း ဒီစာကြည့်တိုက်လေးကို
တန်ဖိုးထားစောင့်လျှောက်ရမယ်။
စာအုပ်ငှားဖတ်ရုံတင်မဟုတ် စာကြည့်တိုက်လေးရဲ့ တိုးတက်ရာတိုးတက်ကြောင်း ပြီးတော့ စာကြည့်တိုက်လေး
ရေရှည်ရပ်တည်ရေးအတွက် လူအားငွေအားတတ်နိုင်သမျှ ပါဝင်သင့်လှသည်။
နောက်ထပ်ပြေချင်တာက စာကြည့်တိုက်ဝန်ထမ်းများ။ပထမတစ်ခေါက် စာအုပ်စငှားစဉ်တုန်းက လခစားနဲ့လုပ်နေ
ကြတယ်ထင်ခဲ့တာ..တောင်းပန်ပါတယ်..နောက်တစ်ခေါက် ကိုရဲမင်းရှင်းပြမှ အားလုံးဟာ သူလိုကိုယ်လို
ဒီမှာအလုပ်လုပ်နေရင်းက အားတဲ့ရက်လေးတွေမှာ ဒီမှာလာပြီး အခမဲ့ စေတနာဝန်ထမ်းလာလုပ်ကြတယ်ဆိုတာ
သိခဲ့ရတယ်။ကောင်းလိုက်တဲ့ စိတ်ထားလေးတွေပါလားလို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ချီးကျူးမိသည်။လူတိုင်း
အလုပ်ပိတ်ရက်ကလေးမှာ အေးအေးဆေးဆေး၊လွတ်လွတ်လပ်လပ် အနားယူချင်ကြသည်။အဲဒီလို သူများတွေ
အေးအေးလူလူ အနားယူနေတဲ့အချိန်မှာ သူတို့က သူတို့ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို
အများအတွက်ပေးဆပ်
နေကြလေသည်။အင်မတန်ချစ်စရာကောင်းတဲ့ စိတ်ဓာတ်လေးတွေပါပဲဗျာ။
စာကြည့်တိုက်ကို စတင်တည်ထောင်ခဲ့ကြသူတွေ၊စာကြည့်တိုက်လေးကို ဆက်လက်လည်ပတ်လည်ပတ်နိုင်အောင်
လက်ဆင့်ကမ်းတာဝန်ယူခဲ့ကြတဲ့ စေတနာဝန်ထမ်းတွေ အားလုံးအားလုံးရဲ့ ဖြူစင်မြင့်မြတ်တဲ့စိတ်ထားလေးတွေကို
လေးစားသလို အသင်းဝင်အားလုံးအားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်လို့ပဲ
ဒီအက်ဆေးလေးထဲမှာပြောပါရစေ။
လောကကြီးတွင် လိုချင်တက်မက်ခြင်းထက် ပေးဆပ်အနစ်အနာခံခြင်းက ပို၍မြင့်မြတ်ပါ၏။
စိတ်ကိုလည်း အေးချမ်းကြည်လင်စေပါသည်။ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ အများသူငှာတို့အတွက်
အကျိုးကျေးဇူး
ဖြစ်သွားပါလားဆိုတဲ့ ပီတီဟာ ဘာနဲ့မှမတူပါဘူး။ပရဟိတလုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ဖူးသူများသာ ဒီပီတိကို
ခံစားဖူးပေလိမ့်မည်။ခုတော့ ကျနော်လည်း `လမ်းပြကြယ်´ရဲ့ စေတနာဝန်ထမ်းလေးဖြစ်နေပါပြီ။နားတဲ့ရက်ကလေးမှာ
မနားရဘဲလုပ်ရလို့ ပင်ပန်းတယ်ဆိုပေမယ့် စာအုပ်လာငှားသူတွေရဲ့ ကျေးဇူးပါပဲဆိုတဲ့
စကားသံချိုချိုတစ်ခွန်းနဲ့တင်
ကျနော့်နွမ်းနယ်မှုတွေ ပြေပျောက်သွားရစမြဲပါပဲ။
`လမ်းပြကြယ်´ဆိုတဲ့အတိုင်း ဒီစာကြည့်တိုက်လေးဟာ ကျနောတို့ရဲ့ အမှောင်တိကျနေတဲ့ ခံစားချက်တွေ၊အတွေးအခေါ်
တွေ၊ဗဟုသုတတွေစသည်ဖြင့် အားလုံးကို အလင်းတွေ ထွန်းညှိပေးခဲ့ပါပြီ.။လင်းလက်ပေးလိုက်ပါပြီ။
ကျနော် လမ်းပြကြယ် စာကြည့်တိုက်ကလေးကိုချစ်တယ်။မွေးဖွားရာဒေသတွေ မတူခဲ့ကြပေမယ့်
စေတနာ၊
ဝါသနာတူခဲ့ကြလို့ ဆုံဆည်းခဲ့ကြရတဲ့ စာကြည့်တိုက်က စေတနာဝန်ထမ်းတွေအားလုံးကိုလည်း
ကျနော့်ရဲ့ မောင်နှမ အရင်းအချာတွေလို ချစ်တယ်..။ကျနော်တို့ရင်ထဲမှာလမ်းပြကြယ်လေး အမြဲလင်းလက်နိုင်ပါစေ။
ဒီလို လမ်းပြကြယ်လေးတွေ မြန်မာလူမျိုးတွေရှိတဲ့ ကမ္ဘာအရပ်ရပ်က နိုင်ငံတိုင်းမှာ
ပွင့်ဝေနိုင်ပါစေ။ပြီးတော့
မြန်မာပြည်က မြို့ရွာတိုင်းရဲ့ခေါင်မိုးတိုင်းမှာလည်း ရွှန်းစိုလင်းပြနိုင်ပါစေ။
မြန်မာလူမျိုးအားလုံး ဗဟုသုတတွေကြွယ်ဝကြပါစေ၊အတွေးအခေါ်တွေ မြင့်မားကြပါစေ၊စိတ်ဓာတ်တွေ
မြင့်မြတ်ကြပါစေ၊စည်းကမ်းကြီးတဲ့ ဇွဲကြီးတဲ့ အောင်မြင်တဲ့ လူမျိုးတွေ ဖြစ်ကြပါစေ၊အများအကျိုး သာသနာ့အကျိုး
ရွက်ဆောင်နိုင်ကြပါစေလို့ တောင်းဆုချွေရင်းနဲ့ ကျနော့် အက်ဆေးလေးကို ဒီနေရာမှာပဲ နိဂုံးချုပ်ပါရစေ
ကျနော့်ရဲ့ လမ်းပြကြယ်ကလေးကတော့ ကျနော်နှလုံးသားထက်မှာ တောက်ပနေလျှက်...............


သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment