Friday, October 1, 2010
စက်ဝိုင်း
တရွေ့ရွေ့လေးပါ
`မနေ့က´ဆိုတာတွေ
ချန်ထားခဲ့ရင်း
`ဒီကနေ့´ပဲ
ကျနော်...
`မနက်ဖြန်´တွေဆီ
လျှောက်နေဆဲပေါ့....
ခဏခဏ ပျောက်ဆုံးသွားတတ်တဲ့
လမ်းမတွေဆိုတာလည်း
တစ်စင်းပြီးတစ်စင်းပါပဲ..
ကျနော်က သူတို့ကိုနင်းခဲ့တာလား
သူတို့ကပဲ ကျနော်ကိုနင်းသွားတာလား
ကျနော့်ကိုယ်ကျနော် သူစိမ်းဆန်ပစ်ရင်း
ကျနော်နဲ့ကျနော်တောင်
မရင်းမနှီးဖြစ်နေတာ ကြာပေါ့
ထင်းအစီးပြေသလို
ကျိုးလွယ်ကြေလွယ် စိတ်ဓာတ်တွေနဲ့
ဘ၀ကို ခတ်ဆတ်ဆတ်လေး
ဖြတ်သန်းဖြစ်ခဲ့တဲ့ နေ့ရက်တွေက
အများကြီး အများကြီးပါ
ပြီးတော့လည်းပြီးသွားတာပါပဲတဲ့
ဘယ်တော့ပြီးကြမှာလဲ..
အဆုံးသတ်ဖို့အတွက် စတင်ခဲ့ကြတာလား
စတင်ဖို့အတွက်ပဲ အဆုံးသတ်ပစ်လိုက်ရတာလား
ဒီလိုနဲ့ လမ်းတွေကမဆုံးနိုင်
ဘူတာပေါင်းများစွာ အန်ထုတ်ခဲ့ပြီးပေါ့
ပိုးတုံးလုံးတစ်ကောင်ရဲ့ရင့်ကြတ်မှုမျိုးနဲ့
အတောင်ပံတွေခါချပြီး
ကမ္ဘာကြီးနဲ့ အထာကျအောင်ကြိုးစား
လူသားဆန်ဆန်နေပါရစေပ..
စိတ်ရှိလက်ရှိ ရှိတဲ့အခါ
အလှအပတရားကိုခံစားကြည့်မိတယ်
တခြားလူတွေရောဘယ်လိုခံစားမလဲ
ကျနော်မတွေးချင်တော့ဘူး
ကျနော်ကရော...အင်း
ကျနော်ကတော့..
လောကကြီးရဲ့အလှအပထက်
သဘာဝရဲ့အလှတရားကို မြတ်နိုးတယ်
အပေါ်ယံအလှအပထက်
စိတ်ဓာတ်အလှတရားကို မြတ်နိုးတယ်
စကားလုံးအလှအပထက်
အဓိပ္ပာယ်တစ်ခုရဲ့အလှတရားကို မြတ်နိုးတယ်...
..ရယ်စရာပဲ....
အဲဒီမြတ်နိုးမှုတွေနဲ့ပဲ
ကျနော်ဟာ အိပ်မက်ရဲ့အစကို
ပြန်ရောက်သွားလေရဲ့..
အလှတရားတွေက ကျနော့်ကိုထားသွားရင်း
ကျနော်က အလှတရားတွေကို ထားခဲ့ရင်း
ကျနော်ဟာ ကျနော်အဖြစ်နဲ့
ဘ၀ဆိုတဲ့လွင်ပြင်ကျယ်တွေဖြတ်ပြီး
မေ့မေ့လျော့လျော့ စီးဆင်းမြဲ
စီးဆင်းရင်း မေ့လျော့နေတတ်တုန်းပဲလေ...
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment