Friday, July 3, 2015

သံသရာ

သံသရာ..

မနက်ဖြန်ပေါင်းများစွာ

နိုးထရဦးမယ့်

အိပ်မက်ရှည်တစ်ခုပါပဲ..

အငှားရထားတဲ့

ခန္ဓာ ငါးခုနဲ့

ကိုယ့်သမိုင်းကိုယ်

ပြုစုရင်း...

အဲဒီ

ကမ်းမမြင် လမ်းမမြင်

ပင်လယ်ပြင်ထဲ

မသိခြင်းတွေနဲ့

စီးဆင်းကြရင်း...

တယောက်ကို တယောက်

မသိချင်ယောင် ဆောင်ကြရင်း...

ပြုံးပြ နှုတ်ဆက်ကြရင်း..

မမြင်ချင်ယောင် ဆောင်ကြရင်း...

လူချင်း မှားကြရင်း...

အတိတ်တွေ လွမ်းဆွတ်ကြရင်း...

အနာဂတ်တွေ မျှော်လင့်ကြရင်း...

ပစ္စုပ္ပန်တွေ ပျောက်ဆုံးကြရင်း...

မင်းနဲ့ငါ ကင်ပွန်းတွေ တတ်ကြရင်း...

အလင်းနဲ့ ဝေးမှန်းမသိ ဝေးကြရင်း...

အဖန်တလဲလဲ ဖြစ်ပျက်မှုတွေကြား...

အနှစ်နဲ့ အကာ

ဘယ်ချိန်ထိ

လွဲနေကြဦးမလဲ....

ငါဟာ

ငါမဟုတ်တဲ့အကြောင်း

ငါမသိသေးသမျှ

ဘဝတွေ ဘယ်လောက်

ခုံမင်တွယ်တာနေမိဦးမယ်လေ....

လင်းဝေ






ချစ်သူ ဖတ်ဖို့ ကဗျာ

ချစ်သူဖတ်ဖို့ ကဗျာ...

လွမ်းလို့ ရေးတဲ့

ကဗျာ တစ်ပုဒ်မို့

လွမ်းသူအတွက် ရည်ရွယ်

လွမ်းသက် လက်ဆောင်

ပို့ခဲ့ပါ၏။

လွမ်းပြီးရင်း...လွမ်း

တွေးတိုင်း...လွမ်းလို့

လွမ်းနေတိုင်း...လွမ်း

နေ့တိုင်း...လွမ်းလို့

လွမ်းခြင်း ဘယ်သူ

ကူမှာလဲလေ...

ညစဉ် ညတိုင်း

အအိပ် ခက်ခဲ့

အိပ်မက်မှာလည်း

သူ့ကို လွမ်းသည်...။

ချစ်လို့ ရေးတဲ့

ကဗျာ တစ်ပုဒ်မို့

ချစ်သူအတွက် ရည်ရွယ်

ချစ်သက် လက်ဆောင်

ပို့ခဲ့ပါ၏။

ချစ်ပြီးရင်း...ချစ်

တွေးတိုင်း...ချစ်လို့

ချစ်နေတိုင်း...ချစ်

နေ့တိုင်း...ချစ်လို့

ချစ်ခြင်း ဘယ်သူ

ကူမှာလဲလေ...

ညစဉ် ညတိုင်း

အအိပ် ခက်ခဲ့

အိပ်မက်မှာလည်း

သူ့ကို ချစ်သည်...။

လင်းဝေ