Thursday, October 7, 2010

သင်ခန်းစာ `ဇ´

ဇင်ယော်တောင် မျက်ခုံးလေးတွေနဲ့
သမင်ပျိုမျက်လုံးလေးတွေနဲ့
ဇလပ်ပန်းလေးလို ဖြူစင်နူးညံ့လွန်းတဲ့
ငါရဲ့ ဇာတ်လိုက်မလေးရေ.....
နင်ပာာ ..ငါနှလုံးသား ပိတ်ကားထက်
အကြိမ်ကြိမ်တင်ဆက်လို့ ပြီးနိုင်တဲ့
ကမ္ဘာမှာ ငါအကြိုက်ဆုံး....ဇာတ်လိုက်မလေးပါပဲ
အဲဒီလောက်တောင် ငါဆိုတဲ့ကောင်က အစွဲအလမ်းကြီးခဲ့တာပါ...
ဇွန်ဇူလိုင်တွေ အခါခါပြောင်းခဲ့ပေမယ့်
ငါ့နှလုံးသားရဲ့ ကောင်းကင်မှာတော့ ..
အချစ်မိုးတွေဟာ ခုထိ ခေါင်လို့ကောင်းနေတုန်းပါ
ဇီးကွက်တစ်ကောင်ရဲ့ မျက်လုံးတွေလို
နင့်ကြောင်းတွေ တွေးတွေးနေမိတဲ့ ညတွေက
အိပ်စက်ခွင့်တွေနဲ့ ဝေးခဲ့ရဘူးတယ်...
တစ်ဘ၀စာအတွက် ဆုံးဖြတ်ပေးလှည့်ပါ...အိုချစ်သူ....
ဇီးပြားစားပြီး ရည်းစားစကားလာမပြောနဲ့လို့ သူမက မပြောပါဘူး
အပိုအလိုမရှိတဲ့ သူမရဲ့ဆုံးဖြတ်ချက်က
ဇိုးခနဲဇတ်ခနဲ ပြတ်သားလွန်းလှရဲ့...
ပိတ်ကားတစ်ချက် အဖုံးမှာပဲ ....ဇာတ်လိုက်မလေးရဲ့ အမုန်းတွေ
ကျနော်ပြိုင်ဘက်မရှိ သိမ်းပိုက်နိုင်ခဲ့ပါတယ်...
ချစ်ခဲ့တုန်းက ရဲရဲရင့်ရင့်ပါပဲ..အမုန်းခံရတော့လည်း သတ္တိရှိရှိပေါ့...
အဲဒီလိုနဲ့ ကျနော် ... အောင်ပွဲရစစ်သူကြီးတစ်ယောက်ရဲ့ အပြုံးနဲ့
အရှုံးနဲ့ပိုင်းင်္ပြီး ကျောခိုင်းထွက်ခဲ့တယ်...
အချစ်မရှိတဲ့ နှလုံးသားနဲ့...
ဇင်ယော်တစ်ကောင်လို မြစ်တွေ တစ်စင်းပြီးတစ်စင်းဖြတ်ရင်း
ဇွဲနပဲကြီးစွာပဲ ကျနော်ပျံသန်းခဲ့ရပေါ့
ဇီဝဇိုးငှက်တစ်ကောင်လိုပဲ ငါ့ရဲ့အသိုက်အမြုံလေးကို
ငါ့ရင်ထဲက အန်ဖတ်တွေနဲ့ တည်ဆောက်ခဲ့ရဖူးတယ်..
ဝမ်နည်းဖို့ကောင်းလိုက်ပုံများ...ချော့မရ ချောက်မရ....
ဇီဇာကြောင်တတ်လွန်းတဲ့ လောကဓံတရားလေ..
အသည်းကွဲနေတဲ့ ကျနော့်အတွက် အလဲထိုးဖို့စောင့်နေခဲ့သတဲ့
ဇွတ်တရွတ်နိုင်ခဲ့တယ်ဆိုပေမယ့် ..ကျနော်တို့မျိုးစေ့လေးတွေမှာ
`ဇ´ကလေးတွေ ရှိပါတယ်..
ပြုစုပျိုးထောင်ကြည့်ကြစမ်းပါ...
မိုးထိမြင့်အောင် ရှင်သန်ကြီးထွားပြစ်လိုက်မယ့်..အားတွေ..
ကျနော်တို့ အသွေးအသားတွေထဲမှာ ဆူဝေနေကြပါတယ်..
ဒါပေမယ့် သူတို့မသိယောင်ဆောင်ခဲ့ကြတယ် ..အဖိုးရယ်...
ဇူလိုင် ၁၉ ကတည်းက မက်ခဲ့တဲ့ အိပ်မက်ဆိုးလေ
ကျနော်တို့တွေ ခုထိလန့်နိုးလို့ မဆုံးနိုင်ခဲ့ဘူး.....
`ရိုးရိုးကျင့် မြင့်မြင့်ကြံ´ ...အဖိုးရဲ့ ....
ဇာတိသွေး ဇာတိမာန်တွေက ရုပ်တုမှာတောင် လင်းပြောင်နေဆဲပါ..
ခုတော့ ကျနော်တို့ဟာ ဘ၀ကို တောင်မြောက်တောင် မကွဲခဲ့
ဆူးတောထဲပွင့်နေရတဲ့ ပန်းပွင့်လေးတွေရဲ့ဘ၀လိုပဲ
အစွမ်းကုန် ကြိုးစားပွင့်ဝေခဲ့သမျှ ပန်ဆင်သူမဲ့ခဲ့ရတယ်
ထားလိုက်ပါတော့ အဖိုးရယ်...တမလွန်မှာ ငြိမ်းချမ်းပါစေ...
ကျနော် အပူမကပ်လိုတော့..
ဘ၀ဆိုတာ ရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်ခဲ့ရင်
အဲဒီဇာတ်ဝင်ခန်းတွေပါတဲ့ ဖလင်ကိုကျနော်ဖြတ်ပစ်မိမှာပါ
တကယ်တော့ ဘယ်သူ့ဘယ်သူကမှ ဇာတ်လိုက်တွေ မဟုတ်ခဲ့ကြဘူးတဲ့
ကိုယ့်အမိုက်အမှောင်ကို လင်းလက်ဖို့
လောင်စာတွေ အထပ်ထပ်ရှို့နေကြသူတွေချည်းပါပဲ..
ဇလုတ်အကြီးကြီးနဲ့ ငှက်ကြီးဝန်ပိုလို လူတွေကလည်းများလိုက်တာ
အမြတ်ကို ဆာလောင်နေတဲ့ အသံတွေ....အဟာရကို ငတ်မွတ်တောင်းတနေတဲ့အသံတွေ.
လက်ပံပင် ဇရက်(ဆက်ရက်)ကျသလို ကမ္ဘာကြီးမှာ ပွက်ပွက်ညံလို့
ပြုသူတွေက အသစ်တွေရပြီး ဖြစ်သူတွေက ဟောင်းသွားကြ
ကျနော်တို့ဟာ ..
ဇယ်တောက်တမ်းကစားခံရတဲ့ ဇယ်ခုံပေါ်က ဇယ်လေးတွေတဲ့လား
သူတို့ရဲ့စကားလုံးတွေအောက် ကျနော်တို့ဘ၀တွေ
ခေါက်တုံ့ခေါက်ပြန်ဖြစ်ခဲ့ရပေါင်းလည်း များပါပြီ
အင်္ကျီလိုဇိတတ်မထားတော့
ရင်ဖွင့်ရတယ်ဆိုတာလည်း အားမလို အားမရပါပဲ
ခံစားချက်တွေကို ဇွတ်မှိတ်မြိုချခဲ့ရရဲ့
ဇာချဲ့ပြောတာမဟုတ်ဘူး....တခါတခါလဲကျတိုင်း
ပြန်တည့်မတ်ဖို့ ကြိုးစားရတာ ပင်ပန်းလွန်းတယ်
ဇွန်လရဲ့ မိုးစက်တွေဆိုတာလည်း ဘ၀ရဲ့ အမောတွေကို
ချွေးမသိပ်နိုင်ခဲ့ဘူး...
ဘာပဲပြောပြော ခုလိုမိုးတွေ စွတ်နေတဲ့နေ့တွေဆိုရင်
ကျနော်လေ....
ကျနော့်ရဲ့ ဇာတ်လိုက်မလေးကို လွမ်းလို့နေတုန်းပဲ...


သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment