ကျနော်ပေးလိုက်တဲ့ခေါင်းစဉ်က နည်းနည်းကြီးကျယ်သွားသည်ဟုထင်မိပါသည်။
ဒါပေမယ့် ကျနော်လည်းရင်ထဲကပေါ်လာသည့်အတိုင်းသာ ပေးလိုက်ခြင်းဖြစ်ပါသည်။
ဝန်ခံချင်တာတစ်ခုကတော့ ကျနော်ဟာအရမ်းတော်လွန်း၊သိလွန်း၊တတ်လွန်းလို့
စာရေးခြင်းမဟုတ်ပါ။
အနည်းငယ်မျှသော ကျနော်သိတာလေးတွေ၊ခံစားချက်လေးတွေ၊စိတ်ထဲမှာဖြစ်သင့်တယ်လို့
တွေးမိတာလေးတွေကို ရင်ဖွင့်ချင်လွန်းလို့ ပြီးတော့ စာရေးရတာ ၀ါသနာပါလို့
ရေးခြင်းဖြစ်ပါသည်။
ကျနော့်အရေးအသားတွေထဲမှာ အမှန်တရားတွေပါသလို
အမှားတွေလည်းပါမှာပါပဲလို့ပြောချင်ပါသည်။
အမှန်တရားတွေကို လိုက်နာပြီးအမှားတွေကို သိသွားကြစေချင်ပါသည်။ရင်ထဲမှာ
ကောင်းစေချင်တဲ့စေတနာ
အပြည့်ပဲဆိုတာ မဟာပထ၀ီမြေကြီးကို သက်သေပြုပါသည်။ပုထုဇဉ်လူသားတွေဖြစ်တဲ့
အတ္တကြီးမားလွန်းသော
ကျနော်တို့လူသားတွေဟာ
အမှားကင်းကြပါဘူး။ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးတွေ၊အတွေးအခေါ်ပညာရှင်ကြီးတွေ
ထဲက တစ်ချို့ကတော့ အမှားဆိုတဲ့စကားလုံးကို သင်ခန်းစာ၊နည်းလမ်းစသည်ဖြင့်
အဓိပ္ပာယ်ဖွင့်ခဲ့ကြသည်။
သိပ္ပံပညာရှင်ကြီး အယ်လ်ဒီဆင်ဟာ သူရဲ့အောင်မြင်မှုအတွက် အကြိမ်ပေါင်း ၁၀၀၀
စမ်းသတ်ခဲ့ရပါတယ်။
အဲဒါကြောင့်လူတွေက သူ့ကို အောင်မြင်မှုမရခင် အကြိမ်ပေါင်း ၉၉၉
ကြိမ်မှားခဲ့တယ်လို့ ၀ိုင်းပြောခဲ့ကြလေ၏။
အဲဒီအချိန်မှာ အယ်လ်ဒီဆင်က `ကျနော်ဟာ အမှားပေါင်း ၉၉၉ခုကို ပြုလုပ်ခဲ့တာ မဟုတ်ပါဘူး
နည်းလမ်းပေါင်း
၉၉၉ ခုကို
စမ်းသတ်ခဲ့တာပါလို့´ ပြန်ပြောခဲ့လေသည်။အဲဒီစကားလုံးကို ကျနော်
အလွန်သဘောကျမိသည်။
လောကကြီးထဲတွင် အမှားအမှန်၊အဖြူအမည်း၊အလင်းအမှောင်၊အချိုအခါး၊အဆိုးအကောင်း
စသည်ဖြင့် ဆန့်ကျင်ဘက်တရားတို့သည်
အမြဲဒွန်တွဲနေကြ၏။အဲဒါကြောင့်အကောင်းကိုသိမှ အဆိုးကို သိနိုင်သလို
အမှန်ကိုသိမှ အမှားကိုသိနိုင်လိမ့်မည်။ထို့အတူပဲ အမှားကိုသိမှ
အမှန်ကိုသိနိုင်ပြီး အဆိုးကိုသိမှ အကောင်းကိုလည်း
သိနိုင်ပေလိမ့်မည်။အဲဒီလိုအကောင်းအဆိုးအမှားအမှန်
ဝေဖန်ပိုင်းခြားနိုင်ခြင်းကို ပညာဟုခေါ်ပါသည်။
အတွေးအခေါ်ပညာရှင် အန်ထော်နီရော်ဘင်ကတော့ `လောကကြီးမှာ အမှားဆိုတာ မရှိဘူး
သင်ခန်းစာတွေချည်းပါပဲ´
တဲ့။ကျနော်တို့ဟာ ဘ၀ဆိုတဲ့ အချိန်ပြည့်ကျောင်းကြီးထဲမှာ ဘ၀သင်ခန်းစာတွေကို တစ်ခုပြီးတစ်ခု မသေမချင်း
သင်ယူနေကြရလေသည်။အခက်အခဲတွေ၊အမှားတွေနဲ့ရင်ဆိုင်တွေ့ရင်း
ကြိုးစားရင်း၊ပြင်လိုက်ရင်းနဲ့ ရင့်ကျတ်တဲ့လူသားတွေ
ဖြစ်လာကြရပါသည်။ဒါပေမယ့် တချို့အမှားတွေကအစမ်းသတ်ခံပြီး
တခ်ျို့အမှားတွေကတော့ အစမ်းသတ်မခံပါဘူး။
တသက်လုံးပြင်လို့မရနိုင်တော့တဲ့ အမှားမျိုးတွေ၊ဆုံးရှုံးမှုကြီးမားလွန်းတဲ့
အမှားမျိုးတွေဟာ အစမ်းသတ်မခံနိုင်တဲ့
လူတွေခွင့်မလွှတ်နိုင်တဲ့ အမှားမျိုးတွေ ဖြစ်၏။အဲဒါကြောင့်ကျနော်တို့ဟာ
အမှားနည်းနိုင်သမျှနည်းအောင်
ဆင်ခြင်နေထိုင်ဖို့လိုအပ်လှပါသည်။`လူမိုက်သည် အမှားကို
ကိုယ်တိုင်ကျူးလွန်ပြီးမှသိ၏၊လူလိမ္မာသည် သူတပါးကျူးလွန်ပြီးသောအမှားကို
သင်ခန်းစာယူ၏။ပညာရှိကမူ အကြောင်းကိစ္စတို့ကို မဖြစ်ခင်ကပင်
အမှားအမှန်ခွဲခြားနိုင်၏။´တဲ့ ဘာပဲလုပ်လုပ် သတိတရားထားကြဖို့
အလွန်အရေးကြီးလှပါသည်။
မြင့်မြတ်တဲ့ အောင်မြင်ခြင်းတွေက ဘာတွေလဲ? ပြောရရင် အများကြီးရှိပါသည်။
မိမိကိုယ်ကို အောင်နိုင်ခြင်း၊မိမိရဲ့
အတ္တကိုအောင်နိုင်ခြင်း၊မိမိရဲ့စိတ်ကို အောင်နိုင်ခြင်းစတဲ့
အောင်မြင်ခြင်းတွေဟာ
မြင့်မြတ်တဲ့အောင်မြင်ခြင်းတွေ ဖြစ်၏။လူသားဆိုတဲ့ သတ္တ၀ါတွေဟာ
အတ္တတရားအလွန်ကြီးကြပါသည်။
ပြီးတော့ မနာလိုခြင်းဝန်တိုခြင်းတွေနဲ့
ပူလောင်လွန်းလှပါသည်။မိမိအကျိုးကိုတစ်ခုတည်းကိုပဲ ကြည့်ပြီး ဘယ်သူသေသေ
ငတေမာပြီးရောဆိုတဲ့ တကိုယ်ကောင်းဆန်သူတွေလည်း များလွန်းလှပါသည်။
အဲဒါကြောင့် ကမ္ဘာပေါ်မှ ပေါ်ထွန်းခဲ့တဲ့ ဘုရားရှင်တိုင်းဟာ လူသားအချင်းချင်းနဲ့
သတ္တ၀ါတွေအပေါ် မေတ္တာထားကြဖို့၊
ကရုဏာတရားထားကြဖို့၊ပေးကမ်းစွန့်ကြဲကြဖို့
စသည်တို့ကို အထူးဦးစားပေး ဟောကြားခဲ့ကြပေသည်။
မိမိရဲ့အတ္တကိုပယ်သတ်ပြီး
တခြားသတ္တ၀ါတွေအပေါ်မေတ္တာထားခြင်း၊
ကိုယ်ချင်းစာတရားထားခြင်း၊ပေးကမ်းစွန့်ကြဲခြင်း၊အားပေးကူညီခြင်း
စသည်တို့သည် လူသားတစ်ယောက်အတွက် မြင့်မြတ်တဲ့အောင်မြင်ခြင်းတွေပင် ဖြစ်၏။လောဘတရားကြီးမားပြီး
တွန့်တိုတဲ့သူတွေ
ပေးကမ်းစွန့်ကြဲဖို့သတ္တိမရှိနိုင်ပါဘူး၊ဒေါသတရားကြီးမားပြီး သူတပါးအပေါ် အနိုင်လိုချင်လွန်းတဲ့
သူတွေမှာ ကိုယ်ချင်းစာတရားမရှိနိုင်ပါဘူး၊မောဟတရားကြီးမားပြီး
အသိတရားကင်းမဲ့တဲ့သူတွေမှာ အမှားအမှန်ကိုခွဲခြားနိုင်တဲ့ဥာဏ်မရှိနိုင်ပါဘူး။
ချစ်ခြင်းမုန်းခြင်းတွေနဲ့ပျော်မွေ့နေကြတဲ့ ကျနော်တို့လူသားတွေဟာ
ချစ်ခြင်းကြောင့်ဖြစ်တဲ့ မနာလိုခြင်းတွေ၊
မုန်းခြင်းကြောင့်ဖြစ်တဲ့ ၀န်တိုခြင်းတွေနဲ့
မငြိမ်းအေးနိုင်ခဲ့ကြပေ။မနာလိုတယ်ဆိုတာ ကိုယ်ထက် သူများတွေ
အောင်မြင်ကြီးပွားမှာကို မလိုလားခြင်းဖြစ်ပြီး ၀န်တိုတယ်ဆိုတာကတော့
ကိုယ့်လို သူများတွေအောင်မြင်ကြီးပွားသွား
မှာကို မလိုလားခြင်းဖြစ်၏။
တဏှာဆိုတဲ့ လိုချင်တက်မက်ခြင်းတွေကြောင့် ကျနော်တို့လူသားတွေဟာ
အချိန်ပြည့်ဆာလောင်နေကြ၇င်း
ဘယ်လောက်ပဲစည်းစိမ်တွေရရ မတင်းတိမ်မရောင့်ရဲနိုင်ကြပါဘူး၊လစာ ဒေါ်လာ ၁၅၀၀
ရတဲ့သူ ၃၀၀၀ရတဲ့သူ
၁၀၀၀၀ ရတဲ့သူတွေကအစ မီလျှံနာကြီးတွေထိ ဘယ်သူ့ကိုပဲမေးမေး သူတို့ဆီက
သုံးလို့မလောက်ပါဘူးဆိုတဲ့
စကားကိုပဲ ကြားရပါလိမ့်မယ်။ပိုမှစွန့်ကြဲလှူဒါန်းမယ်ဆိုရင် ဘယ်တော့မှ
လှူနိုင်မည်မထင်ပေ။
အန္ဒိယ ခေါင်းဆောင်ကြီး ဂန္ဒီပြောတဲ့စကားကိုသတိရမိပါသည်။
`the world is
enough for everyone's need but it not enough for one man's greedy´
တဲ့ ကမ္ဘာကြီးဟာ လူသားတိုင်းရဲ့လိုအပ်ချက်တွေအတွက် လုံလောက်ပေမယ့်
လူသားတစ်ယောက်ရဲ့ လောဘအတွက်တော့
မလုံလောက်နိုင်ပါဘူးတဲ့ အင်မတန်မှန်တဲ့ စကားတစ်ခွန်းလို့ဆိုချင်ပါသည်။
နပိုလီယံ၊အလက်ဇန္ဒားဂရိတ်၊ဟစ်တလာစသည်
လူသားတစ်ဦးချင်းစီရဲ့လောဘ၊ဒေါသ၊မောဟတွေအတွက် ကမ္ဘာပေါ်မှာ
တိုက်ပွဲပေါင်းများစွာဖြစ်ပေါ်ခဲ့ရပြီး လူပေါင်းမြောက်များစွာ
အတိဒုက္ခရောက်ခဲ့ကြရဖူးသည်။နောင်လည်းဒီလိုလူမျိုးတွေ
ပေါ်လာဦးမယ်ဆိုရင် ဒီထက်ဒုက္ခရောက်ကြရဦးမှာပါပဲ ဖြစ်လေသည်။
လူတွေဟာ အများအားဖြင့်ကိုယ့်အကျိုးအတွက်သာ
ကြည့်တတ်ကြလေသည်။ကိုယ်လုပ်ချင်တဲ့
ဆေးလိပ်သောက်၊ဘီယာအရက်သောက်၊ပျော်ပွဲရွှင်ပွဲသွား၊အလှပြင်၊မိတ်ကပ်ဝယ်၊အ၀တ်အစားဝယ်
စသည်ဖြင့်
ငွေ ၁၀၀၊၂၀၀ မနှမြောကြပေမယ့် ဒုက္ခရောက်နေတဲ့သူတပါးအတွက် ၁ကျပ်၂ကျပ်
စွန့်ကြဲဖို့လေးကိုတောင်
သတ္တိမရှိတတ်ကြပေ။အဲဒီလို လောဘတွေ၊ဒေါသတွေ၊မောဟတွေ၊မနာလိုဝန်တိုခြင်းတွေကို
အောင်မြင်အောင်အနိုင်ယူပြီး
ဒုက္ခရောက်နေသူတွေအတွက် ကရုဏာထားပြီး ၁ကျပ်၁၀ ပေးလှူလိုက်ခြင်း၊မိမိရဲ့
အပျော်အပါးတွေနဲ့ အပျော်လွန်
မေ့လျော့နေတဲ့ စိတ်ကလေးကို အနိုင်ယူပြီး သီလဆောက်တည် တရားအားထုပ်
ကုသိုလ်လုပ်ခြင်း၊မိမိရဲ့စည်းစိမ်ကိုသာမက
မိမိရဲ့သွေးကိုလှူခြင်းကိုယ်လက်အင်္ဂါကိုလှူခြင်း စသည်တို့သည်
မြင့်မြတ်တဲ့အောင်မြင်ခြင်းများပင်ဖြစ်သည်။
ကျနော်တို့သည် မွေးဖွားလာကတည်းက သေခြင်းတရားဆီးကို တစ်ရက်ပြီးတစ်ရက်
နီးသထက်နီးအောင်
သွားနေကြရ၏။တနေ့သေရမှာကို သိပါလျက်နဲ့ မသိချင်ယောင်ဆောင်ထားကြသည် ပြီးတော့
မေ့ချင်ယောင် ဆောင်ထားကြသည်။အဲဒါကြောင့် မသေခင်မှာ
မြင့်မြတ်တဲ့အောင်မြင်ခြင်းတွေနဲ့ မြင့်မြတ်တဲ့လူသား
တွေအဖြစ် လောကကြီးကိုအကျိုးပြုနိုင်အောင်ကြိုးစားကြဖို့ကိုလည်း
မေ့လျော့နေကြ၏။သေခြင်းတရားသည် ဘယ်နေ့ဘယ်အချိန် ဘယ်နေရာ၌
ဘယ်လိုရောက်ရှိလာမည်ကို ကျနော်တို့ဘယ်သူမှမသိနိုင်ကြပါ။
မြင့်မြတ်တဲ့အောင်မြင်ခြင်းကို
ပိုင်ဆိုင်ကြသူတွေဟာ သီလကိုစင်ကြယ်အောင်စောင့်ထိမ်းပြီး တရားဓမ္မကို
အားထုတ်ကြ၏။
ဓမ္မဒါနကိုလည်း ပြုလုပ်ကြ၏။
မြင့်မြတ်တဲ့အောင်မြင်ခြင်းကို ပိုင်ဆိုင်ကြသူတွေဟာ အများအကျိုးအတွက် ပေးကမ်းစွန့်ကြဲဖို့၊ ကူညီဖို့၊
အသွေးကိုလှူဖို့၊အသားကိုလှူဖို့ ကိုယ်လက်အင်္ဂါကိုလှူဖို့၊အသက်ကိုလှူဖို့
သတ္တိရှိကြ၏။
မသေခင်ရှင်သန်နေကြတဲ့ အခိုက်အတန့်ကာလလေးမှာ ကျနော်တို့လူသားတွေဟာ
မြင့်မြတ်တဲ့အောင်မြင်ခြင်းတွေကို
ပိုင်ဆိုင်နိုင်အောင် အစွမ်းရှိသလောက် ကြိုးစားအားထုတ်သင့်လှပေသည်။
လူတိုင်းမြင့်မြတ်ကြမယ်ဆိုရင် လောကကြီးဟာလည်း မြင့်မြတ်တဲ့လောကကြီးအဖြစ်
အေးချမ်းပြီးသာယာလာပေလိမ့်မည်။
လူသားအားလုံးမြင့်မြတ်သောအောင်မြင်ခြင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
လူသားအားလုံး သတ္တ၀ါများအားလုံး ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ ဒေါသခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ..
ကျနော့်စာကိုဖတ်ပြီး အသိတရားတခုဒါမှမဟုတ် သင်ခန်းစာတစ်ခုရတယ်ဆိုရင်
ကျနော်ကျေနပ်ပါသည်။
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment