Thursday, October 7, 2010

သင်ခန်းစာ `ထ´

ထိပ်ထားရေ..
ဆိတ်ဆိတ်လေးနေခဲ့ပေမယ့်
မြိုသိပ်မှုတွေ ရင်နဲ့မဆန့်ဘူး
ထွက်ပေါက်မဲ့နှလုံးသားက
ထိန်းသိမ်းဖို့ခက်ခဲလွန်းရဲ့...
ကျနော်ကိုယ်တိုင် ထုဆစ်ခဲ့တဲ့
အချစ်ဆိုတဲ့ ပန်းပုရုပ်ကလေးက
သူထားရာမှာနေ သူစေရာသွားဖို့
အဆင်သင့်ပါပဲ...
ထူးဆန်းတယ် အချစ်မှာမျက်စိမရှိဘူးတဲ့
ထူးဆန်းတယ် အချစ်မှာဦးနှောက်လဲမရှိဘူးတဲ့
ထွင်းဖောက်မြင်နေခဲ့ပါရက်နဲ့
ရင်ထဲကအချစ်တွေ သူလစ်လျူရှုရက်တယ်
ချစ်သူရေ...
အရှုံးပေးခဲ့သူမို့ စစ်ကူမလိုပါဘူး...
ကျနော့်နှလုံးသားက ထူးခတ်ပြီးသားပ
နှုတ်မဆက်ခဲ့ပါဘူး တိတ်ဆိတ်စွာပဲ
သူမရှိရာရပ်ဝန်းကနေ ကျနော်ထွက်ခွာခဲ့တယ်
ထုံထိုင်းနေတဲ့ညနေတွေ ထမ်းပိုးရင်း
ထီမထင်တဲ့အပြုံးကို မျက်နှာမှာချိတ်ဆွဲ
ထွန်းလင်းခွင့်မရှိတဲ့ညတွေဆီက
ကျနော်ပြန်ခဲ့ပါပြီ...
ဒါပေမယ့်လည်း..
ရင်ဘတ်ထဲထိုးသိပ်ထည့်ထားတဲ့ အလွမ်းတွေနဲ့
နင့်ကိုငါ တမ်းတမ်းတတ သတိရနေဆဲပါ
ထွက်ခွာခဲ့တာတော့ အဝေးဆုံးကိုပါ
အလိုက်မသိတဲ့ နှလုံးသားတွေက
နင့်ရဲ့မျက်ဝန်းကွန်ယက်တွေဆီက ရုန်းမထွက်နိုင်ခဲ့ဘူးလေ
ထူးထူးခြားခြား သတိရမိတဲ့ အခါတွေဆို ကဗျာတွေကိုပဲရေးတယ်
ထီးသုံးနန်းသုံးစကားနဲ့ ဆရာတာရာမင်းဝေလို ရေးရရင်
နင့်ကိုချစ်ခဲ့တဲ့ အချစ်တွေကို
ရွှေပေလွှာစာစီကုံး နန်းသုံးပေပုရပိုဒ်မှာ
ရာဇ၀င်တွင်ရစ်အောင် ပေထက်အက္ခရာတင်ချင်စမ်းရဲ့....
သြော်..ထိပ်ထားရေ....ဒီဘ၀တော့ဒီမျှပဲထင်ပါတယ်
လောကကြီးထဲ အချစ်မပါပဲ ရှင်သန်နေရတာဖြင့်
မောပန်းလွန်းပါရဲ့ကွယ်...
အဲဒီလိုနဲ့ ဘ၀နွေခေါင်ခေါင်မှာ
ထီးမဆောင်းပဲ လျှောက်ခဲ့ရတဲ့ကောင်လေ
မိုးဗြဲဒယ်လို လောကပြဲပြဲကြီးထဲ
လောကဓံယောင်းမကြီးတွေနဲ့ ထိုးနှက်ခံရဖန်များလို့
ဘ၀ကလည်း စေးကပ်ကပ်နိုင်ခဲ့ပါပြီ
ခဏခဏထစ်ချုန်းနေတဲ့ မိုးကြိုးမုန်တိုင်းတွေကြား
ဘ၀က ဘယ်တုန်းကမှ အထာမကျခဲ့ဘူး
ထိန်းထိန်းသိမ်းသိမ်းနေတတ်ဖို့ လေ့ကျင့်ခဲ့ပါရက်နဲ့
ဘ၀ကခုထိ ဖရိုဖရဲပါပဲ
ထူးထူးခြားခြားမရှိလှတဲ့ နိစ္စဓူဝနေ့တွေ ဖြတ်သန်းရင်း
ထိတ်လန့်တတ် တဲ့ ငယ်ဘ၀တွေကျော်ခဲ့တာကြာပေါ့
လူတွေကတော့ ကိုယ့်ထမင်းကိုယ်စားပြီး
သူများအတင်းတွေပြောလို့ကောင်းကြတုန်း
အပြုံးတွေထပ်တူကျမဲ့နေ့ကို စောင့်ရင်း
ကမ္ဘာကြီးကလည်း တဖြေးဖြေးရင့်ရော်ယိုရွဲလို့
မနက်ဖြန်ပေါင်းများစွာအတွက် မသေချာမယေရာတဲ့ ထီကိုထိုးရင်း
အဖိုးအဖွားတွေဖြစ်မှန်းမသိ ဖြစ်ခဲ့ကြပြီ....
ထစ်ချုန်းနေတဲ့မိုးကြိုးတွေကြား မိုက်လို့ကောင်းကြတုန်းပ
ထိုက်တန်တဲ့ ဆုလဒ်တွေဟာ
ထိုက်ထိုက်တန်တန်ကြိုးစားသူတွေ အတွက်ပဲဖြစ်လိမ့်မယ်
လိုက်လေလွဲလေ လောဘတရားတွေက အထိုက်အလျှောက်ပဲကောင်းပါတယ်
တောင်းတိုင်းပေးရင် ကန်းတက်လွန်းတဲ့ လူတွေကြောင့်
လောကကြီးကလည်းတောင်းတိုင်းမပေးတော့ဘူးတဲ့
ပြောင်းလဲတတ်လွန်းတဲ့ စကြာဝဠာကြီးထဲ
အရာရာဟာဟောင်းနွမ်းဆွေးမြေ့နေလေရဲ့
ထောင်းထောင်းထအောင် ဘ၀ကိုရှိုက်ဖွာရင်း
အလွမ်းနဲ့ဖွဲ့တည်ထားတဲ့ ညနေခင်းတွေမှာ
တိမ်တိုက်နီနီတွေကိုငေးကြည့်
မထီတရီပဲ ကောင်းကင်ကြီးကိုပြုံးပြမိပါရဲ့
ဒါတွေအားလုံးဟာ ထန်းသီးကြွေခိုက်ကျီင်္းနင်းခိုက်တဲ့လား
စမ်းတ၀ါးဝါးလျှောက်နေရတဲ့ဘ၀ ဘာကိုမှမတွေးဆချင်တော့ဘူး
ဘယ်သူတွေက ပိုပြီးထက်မြက်သလဲ
ကိုယ့်ဓားကိုယ်သွေးခဲ့ကြတာပဲလေ.....
ဦးနှောက်တွေထက်မြက်လာသလောက်
အသိတရားတွေ ဒီဂရီလွန်အောင်ထုံထိုင်းနေတဲ့ခေတ်
ဘာပဲဖြစ်ဖြစ် ကိုယ့်ထမင်းပွဲလေးစိုပြေဖို့အတွက်
သူတပါးရဲ့ထမင်းပွဲလေးတွေကိုတော့ မဖျက်ဆီးသင့်ဘူးပေါ့
လူတွေက ကိုယ့်တံတွေးခွက်မှာကိုယ်
ပက်လက်မျောရမှာတောင် မရှက်ကြတော့ဘူးတဲ့လား
ထုံးလိုကြေရေလိုနှောက်
ထက်ထက်မြက်မြက်သင်ထားတဲ့အတတ်ပညာတွေနဲ့
ခေတ်ဆန်ဆန် ရိုင်းပြနေလိုက်ကြပုံများ
တိရစ္ဆာန်တွေတောင် ငိုချင်းချလောက်ရဲ့
အနှစ်မရှိပါဘူး
ပြိုင်ဆိုင်ခြင်းတွေ တက်မက်ခြင်းတွေပဲအပြည့်အနက်
တိုးတက်လွန်းတဲ့အိုင်တီခေတ်ကြီးထဲ လူဖြစ်ရတာထက်
ဝန်ကြီးပဒေသရာဇာရဲ့ ကဗျာထဲက
ထန်းတက်သမားလေးဘ၀က ပိုအေးချမ်းမယ်ထင်ရဲ့
ရက်စက်မှုတွေရဲ့ အဝေး.....လိမ်ညာမှုတွေရဲ့အဝေး.....
တကိုယ်ကောင်းဆန်မှုတွေရဲ့ အဝေး......
...................
.................................
ရိုးသားခြင်းကို နှလုံးသားမှာ ထွင်းခတ်
ကျနော် ပြတ်သားစွာ ထွက်ခွာသွားချင်ပါရဲ့....
ရိုးသားတဲ့ဒေသမှာ ရိုးသားတဲ့လူသားတစ်ယောက်အဖြစ်
ရိုးသားစွာရှင်သန်ချင်ပါသေးရဲ့...
မနက်ဖြန်
ထီပေါက်ခဲ့ရင် အိမ်ဝယ်မယ်........
ထီပေါက်ခဲ့ရင် ကားဝယ်မယ်.....
ထီပေါက်ခဲ့ရင် အိမ်ထောင်ပြုမယ်....
ထီပေါက်ခဲ့ရင် အလှူပေးမယ်...
.......................
.................................
လူတွေကတော့ ထီတွေထိုးကြတုန်း..
စိတ်ကူးတွေယာဉ်ကြတုန်း....
ကမ္ဘာကြီးက လည်နေတုန်း.....
သံသရာကြီးက လည်နေတုန်း.....
ထီးထီးမားမားကြီး သူတို့ရှေ့ရပ်နေခဲ့တဲ့ သေမင်းကို
သူတို့မမြင်နိုင်ခဲ့ကြဘူးလေ........

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment