Friday, October 1, 2010

အလွမ်းပါဘူး

ခဏခဏဖူးဖြစ်တဲ့ ရွှေတိဂုံ စေတီကြီးကို မလွမ်းပါဘူး။
ပိုက်ဆံပေးမှ တက်လို့ရတဲ့ Merlion ရှိတယ်။

ညဘက် ပြန်မလာမချင်း မအိပ်ပဲစောင့်တဲ့ အမေ့ကို မလွမ်းပါဘူး။
အချိန်မရွေးဆက်လို့ရတဲ့ 1818 ရှိတယ်။

ခဏခဏ ဆိုင်ရောက်နောက်ကျရင် မဆူတဲ့ အဖေ့ကို မလွမ်းပါဘူး။
တခါတလေ ရုံးနောက်ကျရင် ပြောလို့မဆုံးတဲ့ သူကိုယ်တိုင်က အမြဲ နောက်ကျတဲ့
မန်နေဂျာ ရှိတယ်။

ပန်းကန်မဆေးပဲ ထားသွားရင် ဆေးပေးနေကြ အစ်ကို့ကို မလွမ်းပါဘူး။
ဇွန်းတစ်ချောင်းကျန်ခဲ့ရင် ခါးထောက်ပြီးဆဲတဲ့ အိမ်သူကြီး ရှိတယ်။

ကျနော် ဘယ်လောက်ဆိုးဆိုး အသဲနင့်အောင်ချစ်တဲ့ ချစ်သူကို မလွမ်းပါဘူး။
အပေါ်ယံတွေနဲ့ ငွေမက်မက် ကောင်မလေးတွေ ရှိတယ်။

မနက်စောစော ကြက်တွန်သံလေးကို မလွမ်းပါဘူး။
စားပွဲပေါ်က နာငြီးလောက်တဲ့ နှိုးစက်ဝိုင်းဝိုင်း ရှိတယ်။

လမ်းထိပ်က ငရုတ်သီးစပ်စပ် မုန့်ဟင်းခါးကို မလွမ်းပါဘူး။
ကြိုက်သလောက်ဝယ်လို့ရတဲ့ ဖြူဖတ်ဖတ် ခေါက်ဆွဲခြောက် ရှိတယ်။

ကိုတုတ်ကြီးဆိုင်က ပေါ့ဆိမ့်ထိထိလေးကို မလွမ်းပါဘူး။
၁ဒေါ်လာတန် ခပ်ကျဲကျဲ လက်ဘက်ရည် ရှိတယ်။

ကြပ်ကြပ်တောက်တောက် ထိုင်စားရတဲ့ တုတ်ထိုးဗန်းကို မလွမ်းပါဘူး။
အီလည်လည်နဲ့ ကွေ့ချပ် ရှိတယ်။ (ကွေ့ ချပ် =အသားကို ပဲငံပြာရည်များများနဲ
့ပေါင်းထားတာတုတ်ထိုးနဲ့ နည်းနည်းတူတယ် ဒါပေမဲ့အရသာကအချိုဘက်ကို ပို
တယ်လေ)

လေတဖြူးဖြူးနဲ့ တွယ်စီးရတဲ့ ၁၀၅ကို မလွမ်းပါဘူး။
လှောင်အိုက်အိုက်နဲ့ 854 ရှိတယ်။

ဈေးပေါပေါနဲ့ ရွှေဧည့်သည့်ကို မလွမ်းပါဘူး။
အပေါက်ဝကနေ တကျွတ်ကျွတ်နဲ့ ငါ့ပိုက်ဆံတွေထိုင်ဝါးနေတဲ့ စက် ၂ခုပါတဲ့ Bus
ကားတွေ ရှိတယ်။

မြက်ခင်းစိမ်းစိမ်း မြင်ကွင်းလေးနဲ့ ၂၀ ပေးပြီး တစ်နေကုန်စီးလို့ရတဲ့
မြို့ပတ်ရထားကို မလွမ်းပါဘူး။
ပြတင်းပေါက်မှောင်မှောင်နဲ့ စက္ကန့်တိုင်းကို ပိုက်ဆံယူနေတဲ့ MRT ရှိတယ်။

စကားလေးပြောရုံနဲ့ ပိုက်ဆံရခဲ့တဲ့ ပွဲစားတန်းက ဘ၀ကို မလွမ်းပါဘူး။
တစ်နေ့ ၁၀နာရီလုပ်ရတဲ့ ညှီစို့စို့ဘ၀တစ်ခု ရှိတယ်။

အထည်ချုပ်က အလုပ်ကြိုးစားတဲ့ ၀န်ထမ်းမလေးတွေကို မလွမ်းပါဘူး။
အချောင်ခိုနေတဲ့ စီနီယာ တရုတ်မတွေရှိတယ်။

ငြင်းလိုက်ခုံလိုက် စနောက်လိုက်နဲ့ DotA ပွဲကို မလွမ်းပါဘူး။
တိတ်တိတ်လေး တစ်ယောက်တည်းဆော့ရတဲ့ PSP ရှိတယ်။

ရွံ့ဗွက်ထူထူကြားက အမြဲတန်း တန်းစီနေရတဲ့ သထုံကွင်းကို မလွမ်းပါဘူး။
တိုက်ဘေးနားက ဘယ်သူမှ မရှိတဲ့ Basketball ကွင်းရှိတယ်။

၇နာရီဆို အပြေးအလွှား အလွတ်မခံခဲ့တဲ့ ကိုရီးယားကားကို မလွမ်းပါဘူး။
မကြည့်တချက် ကြည့်တချက် တရုတ်ကား ခပ်ညံ့ညံ့တွေ ရှိတယ်။

လူရွှင်တော်ရွှေဖလားရဲ့ ပါးစပ်မပိတ်ရတဲ့ ဟာသတွေ မလွမ်းပါဘူး။
ရယ်စရာမကောင်းတဲ့ ခပ်ပေါပေါ အစီအစဉ်တွေ ရှိတယ်။

ချစ်သူနဲ့ ပုံမှန်သွားကြည့်တဲ့ သမ္မတရုံကို မလွမ်းပါဘူး။
ဖုန်းသံထွက်လာရင် ၀ိုင်းကြည့်ခံရတဲ့ ရုပ်ရှင်ရုံတွေ ရှိတယ်။

သဘာဝအတိုင်း ခပ်ရိုင်းရိုင်းလှနေတဲ့ သောင်ပြင်ကျယ်ကျယ် ချောင်းသာနဲ့
ငွေဆောင်ကို မလွမ်းပါဘူး။
လူဖန်တီးတဲ့ သောင်ပြင်ကျဉ်းကျဉ်း သဲကြမ်းကြမ်း East Coast နဲ့ West Coast ရှိတယ်။



အဲလိုနေနိုင်ရင် သိပ်ကောင်းမှာပဲနော်။



သူငယ်ချင်းကော အဲလိုမျိုး နေနိုင်နေပြီလား .....




ဟုတ်မှာပါလေ.... ငါ* မနေ့  က websiteတစ်ခုက ဖတ် ခဲ့ လိုက် ရတဲ့  ကဗျာ လေးထဲ ကလို -
မြန်မာပြည် ဟာ ဘယ်သူမှ မနေချင်တဲ့  အရပ် ဖြစ်သွားပြီတဲ့  . ဟုတ်လားကွာ
******************************************************************************************
ငါ့ ဘက် က ပြန်ပြောပါရစေ........................................

င့ါတိုင်းပြည်လေးမှာ...

ပြန်လာခဲ့ပါ အချစ်ရယ်...
ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်
ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတက်ပါတယ်...

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်
လမ်းဘေးက ရေအိုးစင်တွေမှာ
ရေအပြည့်ရှိနေတက်ပါတယ် ။

ပြန်လာခဲ့ပါ အချစ်ရယ်...
ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်
ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတက်ကြပါတယ်...

ပြန်လာခဲ့ပါ အချစ်ရယ်...
ငါ့တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့်
ငါတို့လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာ ရှိတက်ကြပါတယ်...

မင်းပြောပြတက်တဲ့ နိင်ငံကြီး အကြောင်းကို
ငါ မက်မောပါတယ်
ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ
မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ
ကလေးက အစ " hello " ဆိုတဲ့ အကြောင်းတွေ
မင်းပြောပြတိုင်း ငါမက်မောပါတယ်

ဒါပေမယ့်.....အချစ်ရယ်
ငါ့ကို ချစ်ရင် ငါ့တိုင်းပြည်လေးကို ပြန်လာခဲ့ပါနော်...

ဝင်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲက
ကာပူချီနိ ထက်
အမိုးအကာမဲ့ သစ်ပင်အောက်လက်ဖက်ရည်ဆိုင်က
အကြမ်းရေ ကို ငါပိုမက်မောတယ်

မက်ဒေါနယ်နဲ့ ကိုကာကိုလာကို
မင်းသောက်နေချိန်မှာ
ဘူးသီးကြော်နဲ့ ဆလက်ရွက်ကို ငါသဘောကျတယ.်..

အသားညှပ်ပေါင်မုန့်ထက်
ငါးပိရည်နဲ့ ထမင်း လူးစားရတာကို
ငါကျေနပ်တယ်....

ချဉ်ပေါင်နဲ့ ၀က်သား မလဲနိင်သလို
ဘာဘီကျူးကိုလည်း ပုန်းရည်ကြီးနဲ့
ငါမလဲ နိင်ခဲ့ပါဘူး....

ဒါပါပဲ......ချစ်ရယ်
နောက်ဆုံး
ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း
" ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် "....

းးးးးးးးးးးးးးးးးးးးးးးးးးးးးး
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး



မင်းပြောပြောနေကျ ပြည်ချစ်မြန်မာဆိုတာလေ ...
ဟုတ်ပါတယ်လေ - ငါ* က မြန်မာပြည်မှာမွေး ၊ မြန်မာပြည်မှာကြီးတော့
မြန်မာပြည်မှာနေရတာ အသားကျပြီး ပျော်မွေ့ နေပါပြီ...
ဗုဒ္ဓ ဘာသာထွန်းကားတဲ့ တိုင်းပြည်ကြီးတစ်ခုမှာ မွေးဖွားခဲ့ ရတာကိုပဲ
ငါကျေနပ်တယ် ...
( ကိုယ်ကောင်းစားဖို့ အရေးကြည့် နေကြတဲ့  လူ တစ်စုရှိနေကြတာကလွဲရင်ပေါ့ ..)
ကျန်တာ အားလုံး ငါ*နှစ်သက်တယ် ...
ရွှေရောင်လွှမ်းနေတဲ့  သာသနာမြေဟာတော့ နင့်*ရဲ့ မွေးရပ်မြေဆိုတာ ကို
ဘယ်တော့မှမမေ့ပါနဲ့  .......

အလှရှိရာ

အလှရှိရာ၊ သွားချင်ပါဟု

ခါခါမြည်တမ်း၊ သို့ ရော်ရမ်း၍

စိတ်ဝမ်းမသာ၊ ရှိသည်တကား။

သူ့ ရွာသူ့ပြည်၊ သာလှသည်တည့်

စည်ပင်ချမ်းမြ၊ ၀ပြောစွဟု

ကြားရတိုင်းသာ၊ လှမြေချာသို့ 

သွားပါလိုမိ၊ နေမထိခဲ့။

ဤယနေ့သော်

ချမ်းမြေ့ကြည်လင်၊ စိတ်ဝယ်ရွှင်တည့်

မြေပြင်ကျယ်ဝန်း၊ လယ်ယာခင်းနှင့်

အင်းအိုင်မြစ်ချောင်း၊ ရှုမညောင်းတည့်

တောင်စောင်းတောင်ထိပ်၊ စေတီရိပ်ဝယ်

ဆွေမိတ်တူဆုံ၊ ဖူးရတုံသော်

အာရုံသန့် စင်၊ ကြည်ဘ၀င်နှင့်

မိခင်မြေမြ၊ သာလေစွဟု

နှုတ်ကဖန်ဖန်၊ ဆိုမိသံသည်

မိုးယံပဲ့တင် ထပ်လိမ့်တည်း။

သူ့ ရွာသူ့ပြည်၊ သာမောသည်ဟု

နှုတ်ရည်စကား၊ ဘယ်သို့ကြားလည်း

ငါကား မတုန်လှုပ်ပြီတကား။ ။

ခေတ်စမ်းလင်္ကာ ငွေတာရီ(၁၉၅၇)

ဖတ်ဖူးတာလေးတွေ ခိုက်လို့ဗျို့

No comments:

Post a Comment