Friday, August 26, 2011

မြတ်နိုးစွာ စီရင်အပ်သော..


ငါချစ်တဲ့ ကြယ်ကလေးရေ..
အဲဒီကောင်းကင်ဆီမှာပဲ
တောက်ပနေပါကွယ်..
ဘာအဆောင်အယောင်မှ
ဆင်သမထားတဲ့
ငါ့ရင်ခွင်က
မင်းအတွက်
မှောင်လွန်းပါတယ်...
ငါ့ရင်ခွင်ဆီ
ကြွေဆင်းပြီး
မင်း မှေးမှိန်ကွယ်ပျောက်သွားမှာ
ငါအကြောက်ဆုံးပဲ
ငါ ဆုမတောင်းရက်ဘူး
ငါ ဘယ်တော့မှ ဆုမတောင်းပါဘူး..
ငါချစ်တဲ့ ကြယ်ကလေးရေ..
အဲဒီကောင်းကင်ဆီမှာပဲ
တောက်ပနေပါကွယ်..

လင်းဝေ (ရွှေဘို)

Monday, August 15, 2011

လေလွင့်ငှက်ရဲ့ အိပ်တန်းပြန်ချိန်..

လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
တမာရနံ့တွေ
တသင်းသင်း
ဆွတ်ပျံ့နေတဲ့
မြေနီလမ်းလေးဆီမှာ....။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
လေညင်းတွေ
တဖြူးဖြူး
တိုက်ခတ်နေတဲ့
ကုက္ကိုရ် တန်းလေးဆီမှာ..။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
မြကတ္တီပါ
ခင်းထားတဲ့
လယ်ကွင်း စိမ်းစိမ်းတွေဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
မြေသင်းရနံ့တွေ
ထုံမွှန်းနေတဲ့
ယာခင်း ၀ါဝါတွေဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
သဲသောင်ဖြူလွလွနဲ့
ရွာဘေးက
စမ်းချောင်းလေးဆီမှာ..။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
ဆည်းလည်းသံ
တလွင်လွင်နဲ့
ဖြူဖြူဖွေးဖွေး
ရွာဦး စေတီလေးဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
မြူခိုးတွေ
တလွင်လွင်
ဝေနေတဲ့
တောင်တန်းပြာပြာတွေဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
လက်မောင်းသားတွေ
ယိုရွဲ
ခေါင်းပေါင်းစမှာ
ချွေးစတွေရှိပေမယ့်
အမြဲနွေးထွေးနေမယ့်
အဘိုးအိုရဲ့
ပုခုံးထက်ဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
ဘာပကာသနမှ
မတောက်ပပေမယ့်
ထာဝရလှပနေမယ့်
အမေအိုရဲ့
တဲကုတ်လေးဆီမှာ...။
လေလွင့်ငှက်ရဲ့
အိပ်တန်းပြန်ချိန်ဟာ...
.....
.....................
..........................
ဆီမှာ....။

လင်းဝေ (ရွှေဘို)




အဖြူရောင်ညလေး

ညဟာ...
ဘာအရောင်မှ
ဆိုးမထားဘူး...
ညဟာ
လမင်းလေးကို
သူ့ရင်ခွင်ထဲ
ထွေးပွေ့လို့..
ညဟာ
အလွမ်းငွေ့တွေနဲ့
အေးစက် ငြိမ်သက်လို့...
ညဟာ..
ဝင်းဝင်းပပ
ချစ်သူ မျက်နှာကို
ယူဆောင်လာတယ်...။
ညဟာ..
ညင်သာတိုးတိတ်စွာ
မြတ်နိုးဖွယ်
လင်းလက်လို့
ညဟာ..
ကြယ်စင်တွေကို
ရင်ဘတ်နဲ့အပြည့်
ကြဲဖြန့်လို့...
ညဟာ..
ချိုချိုသာသာ
ချစ်သူ စကားသံလေးကို
ယူဆောင်လာတယ်...။
ညဟာ...
လေညင်းလေးတွေနဲ့
ညင်သာစွာ
လှုပ်ခတ်လို့..
ညဟာ..
ငါ့ရင်ခုန်သံတွေကို
အဖော်ပြုလို့...
ညဟာ...
မွှေးမွှေးမြမြ
ချစ်သူ ကိုယ်သင်းရနံ့လေးကို
ယူဆောင်လာတယ်...။
ခင်ဗျားတို့ မသိလိုက်ကြပါဘူး..။
အဲဒီ..
ဖြူဖြူစင်စင်
ညလေးထဲမှာပေါ့
အတောင်ပံမရှိပေမယ့်
တစ်ခုဆီကို
တစ်ခုက ပျံသန်းလို့...
မျက်လုံးတွေ မရှိပေမယ့်
တစ်ခုက တစ်ခုကို
မက်မက်တတ
မြင်ယောင်လို့..
ကြိုးတွေ
မမြင်ရပေမယ့်
တစ်ခုကို တစ်ခု
ခိုင်မြဲစွာ ချည်နှောင်လို့...
အချစ်ရယ်..
အဲဒီညလေးထဲမှာ
လူတွေ သတိမထားလိုက်မိတဲ့
ကိုယ်တို့ရဲ့
နှလုံးသားတွေ
နွေးထွေးနေကြတယ်....။

လင်းဝေ (ရွှေဘို)

Thursday, August 11, 2011

ပြန်လာကြမှာပါ

ဘယ်နယ်ကလဲတဲ့ .....
အလယ်ကလူ စကားမဝဲပါ
ငါဟာ .......
ခတပေါင်ကျိုးကနေတဲ့
ရွှေမင်းသမီး
ဘီးလူးစီးခံထားတဲ့
တိုင်ပြည်လေးကပါ။
ဘေးနားက
အနိုင်ကျင့်ချင်တဲ့
ဆွေမျိုးရင်းချာ
အကိုကြီးတွေရဲ့
မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့
မျက်နှာငယ်
ရွှေမင်းသမီးလေးပါ။
တိုင်းပြည်ကမငယ်ပေမယ့်
မျက်နှာငယ်ရတဲ့
တိုင်းငယ်ပြည်ငယ်လေးကပါ။
ငါတို့က
ဒီလိုမြေ၊ဒီလိုပြည်က
လာတာပါ။
ကတ္တရာ လမ်းဆိုရင်
ကိုယ်ထူကိုယ်ထ၊
အခွင့်အလမ်းဆိုလည်း
ကိုယ်ယူကိုယ်ရနဲ့
ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။
ရေမလာ၊ မီးမလာလည်း
ဘာဂရုစိုက်ရမလဲ
ငွေသာရှိလို့ကတော့
အဝီစိထိ လှိုဏ်ခေါင်းတူးပြီး
အဲကွန်းဖွင့်နေလို့ရတယ်။
ဆေးလိပ်အရက် လူကိုဖျက်ဖျက်
ဝင်ငွေမပျက်
စီးပွါးတက်ဖို့ဆိုတဲ့
အတွေးအခေါ်တွေနဲ့
ဘယ်သူသေသေ
ငတေ မာဖို့သာ
အဓိကပါ။
နိုင်ငံရေး၊ပညာရေး
လူမှုရေး ဘာရေးမှ
မရေးကြနဲ့
ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့
ရေးသုံးရေးရှိတယ်
ခုထိတော့ ခပ်ရေးရေးပဲ။
သားသမီး မကောင်းတော့
မိဘခေါင်းတဲ့
အမိ၊အဖက မကောင်းတော့
သားသမီး ခမျာ
ဟိုပြောင်းဒီပြောင်းနဲ့
လူလောင်းလှည့် နေကြရပေါ့။
မင်းလိပ်ပြာလုံဖို့ မလိုဘူး
မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့
အရေးကြီးတယ်။
မင်းစိတ်ထားဖြူဖို့ မလိုဘူး
မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင်
လူရာဝင်ပြီ။
မင်းကိုယ်ချင်းစာဖို့ မလိုဘူး
ကိုယ်ပဲ သာဖို့လိုတာပါ။
အများအကျိုးဆောင်စရာ မလိုဘူး
အကျိုးဆောင်တွေ ပေါလွန်းလို့
သူတောင်းစားတောင်
ပွဲစားနဲ့တောင်းသတဲ့။
ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး
ထမင်းဝမှ ပညာသင်လို့ရမှာ
အဖေရယ်......
"သားတို့ပညာတတ်ကြီးဖြစ်အောင်
များများ စားပေးပါဦးတဲ့"
နိုင်ငံခြားက သားနဲ့သမီးက
မှာတယ်။
ငါတို့မှာ ....
မြစ်ချောင်းအင်းအိုင်တွေပေါတယ်
ရေတော့ရှားတယ်။
တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်
အဝိုင်းတွေတော့ရှားတယ်။
ဆန်ရေစပါး ပေါများတယ်
ထမင်းတော့ နပ်မမှန်ကြဘူး။
သစ်တောတွေတော့ ပေါတယ်
ဒါပေမဲ့ တောသစ်တောင်
ဝယ်ရခက်တယ်။
တချို့နေရာတွေမှာ
လူချမ်းသာတွေပေါတယ်
စိတ်ချမ်းသာတွေတော့ နည်းတယ်။
ပုတ်သင်ညိုတွေ ပေါတယ်
ဒေါင်းတွေက မျိုးတုန်းနေပြီ။
စွမ်းအားရှင်တွေတော့ပေါတယ်
စွမ်းအင်ကိုတော့ ချွေတာရတယ်။
စစ်သားတွေတော့ ပေါတယ်
အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။
လူကြီးသားသမီးတွေတော့ပေါတယ်
လူကြီးလူကောင်းတွေတော့နည်းတယ်။
လုပ်စရာတွေ တော့ပေါတယ်
အလုပ်တွေတော့ ရှားနေတုန်းပဲ။
နီယွန်မီးတွေနဲ့
မြို့တွေကို အလှချယ်စရာမလိုဘူး
ငါတို့ဟာ ကွမ်းတံတွေးနဲ့
မြို့ကိုအလှရေးတတ်တယ်။
လောင်စာဆီနဲ့
လျှပ်စစ်မီးမလိုဘူး
ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်။
ပညာတတ်တွေ မလိုဘူး
ငါတို့မှာ အခါတော်ပေးနဲ့
အကြားအမြင်ဆရာတွေရှိတယ်။
အနောက်တိုင်း
အတွေးအခေါ်တွေမလိုဘူး
ငါတို့ဟာ
အရာရာ
သူများနောက်မှာပဲရှိတယ်။
ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး
ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့
ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။
အနုပညာသမား စစ်စစ်တွေမလိုဘူး
ငါတို့မှာ ကော်ပီသီချင်းနဲ့
ခိုးကူးခွေတွေရှိတယ်။
ဘောင်းဘီတွေ
ခေတ်မစားတော့လည်း
ကိစ္စမရှိဘူး ငါတို့မှာ
ပုဆိုးနဲ့ တိုက်ပုံရှိတယ်။
ဒါပေမဲ့
ငါတို့ဟာ ....
ဗင်းနစ်မြို့နဲ့
အင်းလေးကို မလဲနိုင်သလို
နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့
ဗိုက်ပူချက်ပလက်ကြီးကို
မလဲနိုင်ခဲ့ဘူး။
စပါဂတ်တီနဲ့
မုန့်ဟင်းခါးကို မလဲနိုင်သလို
ကာနေဗယ်နဲ့
သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။
ဟာဝိုင်ယီနဲ့
ငပလီကိုမလဲနိုင်သလို
ဝင်ဘလေကွင်းနဲ့
ငါတို့ကတ္တရာလမ်း
ဘောလုံးကွင်းလေးကို
မလဲနိုင်ခဲ့ဘူး။
ဥရောပရဲ့ ဖြူဖွေးဖွေး
နှင်းဖုံးလမ်းတွေနဲ့
အညာရဲ့ ဖုန်ထူထူ
အလှကို မလဲနိုင်သလို
နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့
မြစ်ဧရာဝတီပေါ်က
ဘဝတွေကိုမလဲရက်ခဲ့ဘူး။
ကုန်ကုန်ပြောရရင် ......
ငါတို့မြေ၊ငါတို့ပြည်ရဲ့
အရိပ်အငွေ့လေးကိုတောင်
ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။
ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်
အချိန်တန်အိမ်ပြန်ကြတဲ့
ဆော်လမွန်ငါးတွေလို
မရောက်ရောက်အောင်
ပြန်လာကြမှာပါ .....။
အနည်းဆုံးတော့ .....
ဒီမြေမှာ သေဖို့
သက်သက်မွေးဖွားခဲ့သူလို
ပြန်လာကြမှာပါ။

Monday, August 8, 2011

မင်း..မရှိတဲ့အခါ

မင်းမရှိတဲ့ အရပ်
ငါ့ အိပ်မက်တွေ
ခြောက်ကပ် အက်ရှနေပါတယ်
အချစ်ရယ်...။
စံပယ်ဖြူလေး
တစ်ပွင့်လို
အလှသစ်ဆုံး
မင်းပြုံးတဲ့အခါ
အဲဒီနေ့တစ်နေ့လုံးဟာ
ငါ့အတွက်
ဥတုသာယာတဲ့
နေ့တနေ့...
စမ်းချောင်းလေး
တစ်စင်းလို
အချိုလွင်ဆုံး
မင်းရယ်တဲ့အခါ
အဲဒီနေ့တနေ့လုံးဟာ
ငါ့အတွက်
ခမ်းနားထည်ဝါတဲ့
နေ့တနေ့...
ဘယ်တော့မှ
ငါမမေ့နိုင်တဲ့
မင်းရဲ့
ဖြူဖြူစင်စင်
မျက်ဝန်းတွေ
ငါ့ရင်ဘတ်ထဲ
သိမ်းဆည်းထားပါတယ်
ချစ်သူ..။
လာခဲ့ပါ..ချစ်သူ..
ငြိမ်သက်နွေးထွေးနေတဲ့
ငါ့ရင်ခွင်ဆီ...
ဟောဒီမှာ
အခန်းကျဉ်းလေးထဲမှာ
ငါ...
အထီးကျန်ဆန်မှုကို
အဖော်ပြုလို့..
ဝင်ခဲ့ပါ...ချစ်သူ..
အချစ်တွေနဲ့ ပြင်ဆင်ထားတဲ့
ငါ့ရဲ့
ကဗျာဆန်တဲ့ အခန်းကျဉ်းလေးထဲ..
တကယ်ပါ ..ချစ်သူ..
ငါ့ နားတွေဟာ
မင်းရဲ့
ခြေသံတစ်စုံကို
တမ်းတနေရဲ့..
မင်းမရှိတဲ့ အရပ်
ငါ့ အိပ်မက်တွေ
ခြောက်ကပ်
အက်ရှနေပါတယ်
ူအချစ်ရယ်...။

လင်းဝေ (ရွှေဘို)

...စကားလုံးမရှိတဲ့ ဘာသာစကား....

မြက်ပင်တွေ
လေယူရာ
ယိမ်းနေကြရဲ့
သစ်ရွက်တွေ
အစိမ်းလိုက်ကြွေသက်
ဟောဒီနေ့ရက်ထိ
မေ့မရခြင်းများစွာနဲ့
ငါ..
လွမ်းနေခဲ့တယ်
ချစ်သူ...
သဘာဝအတိုင်း
စီးဆင်းနေတဲ့
စမ်းရေအေးဟာ
ငါ့ရင်ထဲက
အပူကို
မကုစားနိုင်ခဲ့ဘူး
နူးညံ့သိမ်မွေ့မှု
ဆိုတာကို
မင်းနဲ့တွေ့မှ
ငါ ခံစားတတ်ခဲ့တာပါ..
ယုယုယယ
မင်းအကြင်နာစကားသံလေးဟာ
ငါ့ကို
အတိုင်းအဆမဲ့
အေးမြစေတယ်...
ဘယ်တော့မှ
မဝေးတော့ဘူး
ဆိုတဲ့ ယုံကြည်ချက်ဟာ
ငါတို့ နှစ်ယောက်ကို
တိုးတိုးပြီး ချည်နှောင်နေပြီ
ချစ်သူ...
တကယ်ပါ
ပြောပြဖို့
စကားလုံးတွေ မရှိတော့ဘူး..
ငါ့ရင်ထဲက
အချစ်တွေလေ
မင်းသိအောင်
ပြောပြဖို့
ဘာသာဗေဒတွေနဲ့တောင်
မလုံလောက်တော့ဘူး
အချစ်ရယ်....။

လင်းဝေ (ရွှေဘို)