Thursday, September 30, 2010

ကမ္ဘာကျော်မယ့်မုံရွာ GTC


မုံရွာGTCဆိုတာ ကျနော် 5 နှစ်တာ ဖြတ်သန်းခဲ့၊ပျော်ရွှင်ခဲ့၊ပညာနို့ရည် သောက်စို့ခဲ့ရတဲ့
ဧရိယာကြီး ဖြစ်လေသည်။
အဲဒီကျောင်းကြီးဟာ မုံရွာမြို့ရဲ့မြောက်ဘက် မုံရွာ-ရေဦးလမ်းမကြီးရဲ့နံဘေး အလုံလမ်းထွက်က
မြို့သစ်ဆိုတဲ့ ရပ်ကွက်ကြီး အလယ်တွင် တည်ရှိလေသည်။လမ်းဘေးမှာထောင်ထားတဲ့ ကျောင်းဆိုင်းဘုတ်ကြီးက
ကြီးကျယ်လွန်းတာကြောင့် ခရီးသွား ပြည်သူအပေါင်းက တအံ့တသြငေးကြည့်ကြရသည်အထိ ဆိုစမှတ်
ရှိခဲ့ဖူးပါ၏။
ကျောင်းဆီကိုဝင်ဖို့အတွက်ကတော့ ကြီးမားတဲ့ လမ်းမကြီး ၂ ခုရှိပါသည်။အဲဒီလမ်းမကြီးတွေကိုတော့
gtcလမ်းဟောင်းကြီးနဲ့gtcလမ်းသစ်ကြီးဟူ၍ ကျနော်တို့ကျောင်းသားများ သမုတ်ခဲ့ကြပါသည်။နည်းပညာ
ကျောင်းသားများနေသည့်ကျောင်းမို့ထင့် လမ်းမကြီးများဟာ အင်မတန် ကောင်းမွန်လှပေသည်။လမ်းတဘက်တချက်တွင်
အလှစိုက်ထားသော ချုံပုတ်လှလှများ၊ခိုင်ခန့်စွာ ကျောက်ခဲတွေမခွဲဘဲ
စီချထားတဲ့ ဘုရားစူး ကတ္တရာလမ်းက သွားရသူများအဖို့
အစာကိုကြေစေ၏။ရင်ကိုချောင်စေ၏။ဘေးဘီမကြည့်ရဲ ခလုတ်တိုက်မှာစိုး၍ အရုံစိုက်
လျှောက်လှမ်းရခြင်းကြောင့် စာသင်သားများအတွက် သမာဓိအားကိုလဲ ကောင်းစေ၏။ဆိုင်ကယ်၂စီး လွတ်လွတ်ကြီး
ရှောင်တိမ်းနိုင်လောက်အောင် အလွန်ကျယ်ပြန့်သော လမ်းမကြီးများ ဖြစ်လေတော့သည်။
လမ်းတလျှောက်မှာတော့ ခန့်ညားလှတဲ့ အမျိုးသမီးဆောင်ကြီးများ ရှိလေသည်။လမ်းသစ်ကြီးတလျှာက်
မြသီတာ၊မြဉ္ဇူရီ၊ဆွေမြန်မာ၊အေးသီတာ၊ခိုင် စသည့် အမျိုးသမီးဆောင်ကြီးများနှင့် လမ်းဟောင်းကြီးမှ ရမ္မာဝတီ၊သပြေ၊
သီရိမေ၊မြတ၊်နယူးဝမ်း .....အမျိုးသမီးဆောင်ကြီးများကလည်း ဟီးဟီးထလျှက် ရှိချေသည်။
မြင်သူတကာငေးလောက် ၆ပြစ်ကင်းသဲလဲစင် ခါးသေးရင်ချီ ဗဒုံမနီ တော်လေးဝ စံချိန်မှီ နှင်းဆီရုံကပန်းတွေလို
အပြိုင်းအရိုင်းရုံးကြွ အလှကြီးလှကြပါတဲ့ gtcကျောင်းသူချောကြီးများကို မြင်ရကြည့်ရသည်ကလည်း
ကျနော်တို့ ကျောသားများအဖို့တော့ မျက်စိပသာဒပါပဲ။
ကျောင်းနားရောက်ပြီဆိုတာနဲ့ ဦးကျော်ကြီးလက်ဖက်ရည်ဆိုင်ကြီးက လမ်းသစ်ကြီးရဲ့ဘယ်ဘက် ချစ်သူလမ်းကြားနဲ့
မျက်စောင်းထိုးတွင် တွေ့ရပေလိမ့်မည်။ဆက်လျှောက်ပြန်တော့ ကျောင်းသားတွေနဲ့ပြည့်သိပ်နေတဲ့
ရွှေယမင်းကင်တင်းကြီး ပြီးတော့ ကျောင်းသားများ အားထားအကြွေးစားရာ မစာဥရဲ့ ကွမ်းယာဆိုင်ကြီးပေါ့။
အဲဒါတွေကတော့ ကျနော်တို့ကျောင်းသားကျောင်းသူများ၏ သမုဒ္ဒရာဝမ်းတထွာများအတွက် မရှိမဖြစ်
ဌာနကြီးများ ဖြစ်ကြ၏။
ရွှေယမင်းမှာမှာ ကျစိမ့်တခွက်နဲ့ နေခြည်ဆေးပေါ့လိပ်ကလေးကိုခဲ၇င်း အေးသီရိကျော်၊မြင့်၊ဘုန်းသာ၊ဝင်းသီရိ၊
မြင့်မိုရ်၊အေးချမ်းမေ၊ပန်းခရေ၊မြမဉ္ဇူ၊ပွင့်သဇင်၊မြကြေးမုံလမင်း၊မေသရဖူ၊မြင့်မြင့်စန်း.......စသည့် ရပ်ကွက် ဆောင်များမှ
လုံမေချောများကို ငန်းကြောထကြပြန်သေး၏။

စားသောက်ပြီး ကျောင်းထဲဝင်လိုက်ပြီဆိုတာနဲ့ ကြီးမားခန့်ညားတဲ့ ကျောင်းမုတ်ပေါက်ကြီးက ဆီးကြိုပြုံးပြလို့။
ကျောင်းဝင်းထဲရောက်ရင်တော့ မြက်ခင်းစိမ်းတွေ၊ေ၇တမာပင်တွေ၊ယူကလစ်ပင်တွေ၊သပြေပင်တွေနဲ့ ကဗျာဆန်
လွန်းတဲ့ကျောင်းဝင်လမ်းကို ရင်ကော့ခေါင်းမော့ပြီးလျှောက်ကြတယ်..ဘယ်ခွေးမှ လူမထင်တဲ့ အပေါက်ပေါ့ဗျာ..။
ပထမဆုံးလမ်းညာဘက်ကစတွေ့ရတာတော့ ကျောင်းအုပ်ကြီးရုံးခန်းနဲ့ကျောင်းသားရေးရာ၊ငွေသွင်းဌာနများရှိရာ
၂ထပ်အဆောက်အဦးကြီးက ခန့်ခန့်ညားညားနဲ့ ကျောင်းရဲ့ကြက်သဆောင်ပေါ့။အဲဒီမြောက်ဘက်မှာတောအဆောင်
၁၊၂၊၃ရန်ကြီးအောင်၊ကျန်စစ်သား၊ဗန္ဓုလကောင်းစွာမမှတ်မိတော့။101/102 (CIVIL),
103/104(T.U),
201/202(EP)/203/204(EC),301/302(MP)စသည်ဖြင့်airconအခန်းကျယ်ကြီးတွေနဲ့၂ထပ်ကျောင်းဆောင်ကြီးတွေဖြစ်လေသည်။
ကောင်းစွာမမှတ်မိတော့။အနောက်မြောက်ထောင့်ကိုကွေ့သွားတော့ ဌာနအလိုက်ပရက်တီကယ်ဌာနကြီးများက
စက်ပစ္စည်းအပြည့်အစုံနဲ့ နိုင်ငံတကာ အဆင့်မီပါပဲ။အရှေ့မြောက်ထောင့်ရောက်တော့ ဆရာမများရဲ့ ပုလဲဆောင်။
လမ်းရဲ့ညာဘက်ခြမ်းမှာတော့ ကျောင်းသားများသက်သာဆိုင်၊ကျောင်းသားဆေးခန်း၊နှင့် joyကင်တင်းကြီးများ
ဖြစ်သည်။
မစ်ဇင် ၁ ၊၂ စားရိပ်သာကြီးများ ပြီးတော့ စာသင်ဆောင် ၅၊၆၊၇၊၈ သလ္လာဝတီ၊ဟန်လင်း၊ဗိဿနိုး စသည်ဖြင့်
တိတိကျကျမမှတ်မိတော့ပေ။

ထူးခြားသည်ကတော့ ကျောင်းသားအိမ်သာများဆီမှ နံရံကပ်စာပေများ ဖြစ်ပေသည်။ အတွေးအခေါ်၊ဗဟုသုတ၊ခံစားချက်၊ဟာသ၊ပေါက်တကရ အစုံပါပဲ။ထို့အပြင် စာသင်ခုံ
များပေါ်မှ ခေတ်အဆက်ဆက် ကျောင်းသားကျောင်းသူများ ရေးသားခဲ့ကြသည့် သူတို့၏
မှတ်တမ်းများစွာ ရှိသေးပါသည်။ဤသည်တို့ကို တစုံတယောက်ကတာဝန်ယူ စာတမ်းပြုစုလျှင်
ကောင်းပေလိမ့်မည်။မျိုးဆက်သစ်လူငယ်တို့အတွက် ခေတ်အဆက်ဆက်ကျောင်းသားကျောင်းသူ
ဟောင်းတို့၏ အတွေးအခေါ်၊ဗဟုသုတ၊ခံစားချက်၊ဟာသ၊ပေါက်တကရ၊ဘဝတွေကို လေ့လာနိုင်ပြီး
ကျောင်းရဲ့ သမိုင်းကိုလည်း ထင်ဟပ်စေမယ့် စာတမ်းတစောင်ဖြစ်လာလိမ့်မည်ဟုလည်း
ယုံကြည်မိပါသည်။
မှတ်ချက်။ ။အမျိုးသမီးအိမ်သာများကတော့ ကျနော်မရောက်ဖူးပါသဖြင့် မမှတ်သားနိုင်ခဲ့ပါ။
မှတ်သားထားခဲ့သည့် ကျောင်းသူဟောင်းများရှိလျှင် ဤနေရာ၌ ဖြည့်စွက်နိုင်ပါသည်။
ကျောင်းစာကြည့်တိုက်ကြီးကတော့ ပြည်တွင်းပြည်ပ နိုင်ငံတကာစာပေ၊အတွေးအခေါ်ဗဟုသုတ
စာပေ၊သိပ္ပံနဲ့ပညာစာပေ စသည်ဖြင့် စုံလင်လှပြီး ၂၄နာရီ စာဖတ်သူကျောင်းသားကျောင်းသူများဖြင့်
ပြည့်နေတတ်ပါ သည်။ဤသို့ဤနှယ် ကျနော်တို့ gti ကျောင်းသားကျောင်းသူများသည် စာပေကို
တန်ဖိုးထားချစ်မြတ်နိုကြပါသည်။

ကျောင်းအရှေ့ဘက်ခြမ်းမှာတော့ ဆရာဆရာမများအတွက်
အဆင့်မြင့်အိမ်ယာများရှိလေသည်။
ကစားကွင်း၊ရေကူးကန်များပါထည့်သွင်းပေးထားသည့်
အဆင့်မြင့်ကွန်ဒိုအိမ်ယာများမှာ ဟီးဟီးထနေကာ
ကမ္ဘာအဆင့်မီပါ၏။ဆရာဆရာမများအတွက် အရှေ့တောင်အာရှတွင် မည်သည့်တက္ကသိုလ်မှ
မပေးနိုင်သေးသည့် ဝန်ဆောင်မှုဖြစ်လေသည်။ကျောင်းနှင့်ကပလျှက် ကွင်းကျယ်ကြီးမှာတော့ ကျောင်း
သားကျောင်းသူများအတွက် အားကစားကွင်းများ၊ဘောလုံးကွင်း၊ရေကူးကန်၊အပန်းဖြေစာကြည့်ရန်
ပန်းခြံများဖြင့် သာယာလှကာ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ၁၀ ခုတွင် ထိပ်ဆုံးမာ ရှိ၏။စင်္ကာပူရှိ ntu,
nus စသောတက္ကသိုလ်များသည် ကျနော်တို့ ကျောင်းကြီးကို အားကျအတုယူတည်ဆောက်ကြရသည်အထိ
နာမည်ဂုဏ်သတင်း ကျော်စောခဲ့ပါသည်။
မုံရွာနည်းပညာမှ အဆင့်မြင့်ကျောင်းသားကျောင်းသူများအား စင်္ကာပူ၏ဂုဏ်သိက္ခာကိုချီးမြှင့်ပေးပါရန်
စင်္ကာပူအစီုးရကိုယ်တိုင်တောင်းပန်စားရိတ်ခံ၍ ntu၊nus စသည့်တက္ကသိုလ်လေးများသို့ လာရောက်ဆည်းပူး
စေသည်အထိ ဂုဏ်သတင်းမွှေးပျံ့လှပေ၏။ထို့ကြောင့်လည်း asian စိတ်ဓာတ်အပြည့်ဖြင့် ကူညီခဲ့ရပေသေးသည်။
ဤဤထိုထိုသော ကောင်းသတင်းများစွာ၊အောင်မြင်မှုများစွာဖြင့် ကျော်စောလှသော မုံရွာနည်းပညာကျောင်း
တော်ကြီးမှာ ပညာဆည်းပူးခွင့် ခဲ့သည့်အတွက်လည်း မိမိကိုယ်ကို ဂုဏ်ယူမဆုံး ဖြစ်မိပါ၏။ကျနော့်ကဲ့သို့ အခြား
same batchသူငယ်ချင်းတွေလည်း ခံစားမိကြပေလိမ့်။
ဒီစာတမ်းလေးကိုရေးခြင်းဖြင့် ကျနော်၏ ကျောင်းကိုလွမ်းတဲ့စိတ်၊သူငယ်ချင်းတွေလွမ်းတဲ့စိတ်တွေကို
ဖြေဖျောက်လိုက်ရပါသည်။



သတ္တဝါအားလုံး၊မုံရွာနည်းပညာမိသားစုအားလုံး ကျန်းမာခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံပါစေ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment