Thursday, September 30, 2010

ချစ်သူမဖတ်တတ်ခဲ့သောကျနော့်အိပ်မက်များ

“ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်..
ရာစုတစ်ထောင်နေရစ်ခဲ့..
ထိုသို့ဖြင့် စကားမဲ့စေသတည်း“
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ံငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက် လန့်ပျံသွားတယ်..။
ချို့တဲ့သောကျောင်းသားဘဝ
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက်ပန်းသစ္စာ
သြော်..ငါ့ကိုလေ..
နားလည်ပါ..နားလည်ပါ..
နားလည်စမ်းပါ..။
(တာရာမင်းဝေ)
့ညက..အေးစက်စက်..။ဆောင်းညတညရဲ့ ၁၁ နာရီတိတိ အချိန်..။
လမ်းကလေးသည် တိတ်ဆိတ်စွာ အိပ်မောကျနေသည်။အိပ်မက်ဆိုးတွေဟာ
သူ့ဆီဘယ်တော့မှမလာနိုင်တော့မယ့် ယုံကြည်ခြင်းမျိုးနဲ့ အပူအပင်ကင်းစွာ ပက်လက်လှန်ပြီး လဲလျောင်း
နေ၏။ခရေပင်တွေနဲ့ အုံ့ဆိုင်းနေသောလမ်းကလေးပေါ်လရောင်က ဟိုတကွက်ဒီတကွက် စိုလက်တောက်ပလို့။
ကြယ်တွေက ကောင်းကင်အနှံ့ပြန့်ကြဲနေပြီး နှင်းတွေကတော့ ခတ်ပါးပါးလေးဝေ့ဝဲနေလေရဲ့ ...။
ဖျတ်....ဖျတ်..ဖျတ်....အဲဒီအချိန်မှာ လမ်းကလေးရဲ့ ရင်ဘတ်ပေါ် ခြေလှမ်းတစ်စုံ ဖြတ်သန်းလာတယ်။
ုဟုတ်တယ် လူငယ်လေးတစ်ယောက်သည် နှင်းတွေခွင်းရင်း လရောင်ကိုနင်းရင်း လျှောက်လှမ်းလာနေလေသည်။
အဲဒီလူငယ်လေးကတော့
တခြားသူ မဟုတ်ဘူး..ကျနော်ပါပဲ..။အေးစက်နေတဲ့ လေပြေရဲ့လက်တွေက
ကျနော့်ကိုယ်ပေါ်ကဂျာကင်အင်္ကျီလေးကို ဆွဲခွာချနေ၏။သြော် ..ဆောင်းက
အေးစိမ့်လွန်းလှရဲ့..။
ကျောပေါ်မှာလွယ်ပိုးထားတဲ့ ဂစ်တာက လရောင်အောက် ထိုးထိုးထောင်ထောင်..။တောက်ပနေတဲ့ ကျနော့်
မျက်ဝန်းတွေက မျှော်လင့်ချက်တွေနဲ့ပေါ့..။ကျနော်မျှော်လင့်နေတာက ချစ်သူရဲ့ အရိပ်ကလေး..။ဒီလမ်းကိုဖြတ်ပြီး
ချစ်သူရှိရာအဆောင်ဆီ ဂစ်တာတလက်နဲ့ ရင်ဖွင့်ခဲ့တဲ့ ညတွေ များပြီမို့ဒီလမ်းကလေးနဲ့ ကျနော် ငယ်ပေါင်းကြီးဖော်
ဖြစ်နေလေပြီ။မျက်စိမှိတ်ပြီးလျှောက်မယ်ဆိုရင်တောင် ဘယ်နေရာက ကမူ၊ဘယ်နေရာကကျင်းကျနော် အလွတ်ရနေပါပြီ။
သူမနေတဲ့ အဆောင်က ဒီခရေပင်လမ်းကလေးရဲ့ ဘယ်ဘက်ထောင့်ကလေးမှာရှိသည်။အဆောင်ရဲ့ ဘယ်ဘက်ထောင့်
လေးဆီက အခန်းနံပါတ် ၁၈ မှာသူမရှိသည်။စာတော်သူလေးမို့ ညနက်သည်အထိ သူမအခန်းက မီးရောင်ကလေးလင်း
နေပြီး သူမစာကြည့်နေတာ ကျနော် သိပါသည်။ကျနော်ကလည်းညနက် ၁၁ နာရီကျော် သူများတွေပြန်သွားလောက်တဲ့
အချိန်ကျမှ လာပါသည်။သူမ ကြိုက်မကြိုက်တော့မသိ ရင်ထဲမှာခံစားရသမျှ အကုန်ဖွင့်ဆိုပြီးမှ ကျနော်ပြန်သည်။
သူမကတော့ ကျနော့်ကို ညညဂစ်တာတီးပြီး လာလာနှောက်ယှက်တဲ့ ကောင်လေးတယောက်အဖြစ်ပဲ သိပေလိမ့်မည်။
ကျနော်ဘယ်သူဆိုတာ သူမ မသိနိုင်လောက်ပေ။ကျောင်းမှာဆိုလည်း ကျနော်သူမကို အဝေးကနေပဲ မြတ်နိုးစွာ
ကြည့်နေတတ်ပါသည်။တခါတလေတော့ သူမအတန်းရှေ့ ကော်ရစ်တာသွားကြညမိ၏။သူမမျက်ဝန်းလေးတွေနဲ့
ဆုံခွင့်ရတဲ့နေ့ဟာ ကျနော်အတွက် အပျော်ရွှင်ရဆုံးနေ့ရက်တွေပါပဲ။မျက်ဝန်းချင်းဆုံတိုင်းလည်း သူမရဲ့ နားမလည်
နိုင်တဲ့အရိပ်အယောင်၊ရှက်နေတဲ့ အငွေ့အသက်တွေကို ကျနော်ခံစားမိပါသည်။
သူမပုံစံကလေးက ရိုးရှင်းလှ၏။အပေါင်းအသင်းလည်းများများစားစားမရှိ။စကားလည်း နည်းသည်။လမ်းလျှောက်
တော့လည်းညင်ညင်သာသာလေး..။သူမလမ်းလျှောက်လာလျှင် နတ်သမီးလေးလေထဲလွင့်လာသလိုလို..။
ဖြူဖွေးနူးညံ့လွန်းတဲ့ပါးပြင်ကလေးလေးပေါ်က အကြောစိမ်းစိမ်းလေးတွေကလည်း ကဗျာဆန်လွန်းလှ၏။
လည်တိုင်ကျော့ကျော့ကလေးကလည်းစွဲမက်ဖွယ်ကောင်းပါသည်။လည်တိုင်လှလှလေးပေါ်ဖြာကျနေတဲ့
ဂုတ်ဝဲဆံပင်လေးတွေနဲ့ နဖူးပေါ်ဝဲကျနေတဲ့ ဆံစလေးတွေကအစ ကျနော့်အချစ်တွေရဲ့ မြစ်ဖျားခံရာပါ။
သူမဟယကျနော်အိပ်မက်တွေကိုဖမ်းစားထားတဲ့ ကျနော့်ရဲ့ပဉ္စလက်မလေးပါပဲ ။တခါတရံချစ်စရာသွားစွယ်ဖွေးဖွေး
လေးပေါ်အောင် သူမပြုံးလိုက်တိုင်း ကျနော် အသက်ရှူရပ်ရပ်သွားပါသည်။သူမခဏခဏပြုံးရင် ကျနော်
သေသွားနိုင်တယ်ထင်ရဲ့။
ချစ်တယ်..ချစ်သူ..။မင်းရဲ့အနီးမှာနေရဖို့ဆိုရင် မင်းအမြဲသုံးဆောင်နေတဲ့ ထီး၊ဖိနပ်၊ခြုံစောင်၊အိပ်ယာကလေးကအစ
ငါအကုန်ဖြစ်ပေးလို့ မင်းအရိပ်လေးလိုပဲ မင်းအနား အမြဲရှိချင်လိုက်တာ ချစ်သူ..။မင်းကိုပြောမထွက်ခဲ့တဲ့၊မပြောရဲခဲ့တဲ့
ချစ်တယ်ဆိုတဲ့စကားလုံးက ငါ့နှလုံးခုန်သံနဲ့အမျှ ငါ့နှလုံးသားထဲမှာ ပဲ့တင်ထပ်နေခဲ့တယ် ချစ်သူ..။
ငါ့ကို ယောက်ျားမဟုတ်ဘူး၊ညံ့တယ် ပြောချင်ရာပြော ခံရမှာပါပဲ။မင်းရှေ့မှာ ငါအမြဲ ဆွံ့,အ ခဲ့တယ် ချစ်သူ။
ငါ့လိုကျည်းတန်နုံချာလှတဲ့ လူတစ်ယောက်ဟာ မင်းနဲ့ဘယ်နည်းနဲ့မဆို မလိုက်ဖက်နိုင်ဘူးချစ်သူ..။
ခရောင်းတွေပြည့်နေတဲ့ ငါလျှောက်မဲ့လမ်းမှာ ပန်းလိုနူးညံ့လှပလွန်းတဲ့ ငါ့ချစ်သူလေးကို မနွမ်းစေချင်တာ
၇င်ထဲက ချစ်ခြင်းရဲ့ စေတနာ သက်သက်ပါ ချစ်သူ..။ကျောင်းတွေပိတ်လို့ ဝေးကြတော့လည်း ငါ့တယောက်ထဲပဲ
သက်သေမရှိ တဘက်သတ် လွမ်းရက်တွေ ရှည်ကြာခဲ့ရ..။မင်းဘယ်သိနိုင်မှာလည်းလေ..။အချစ်စိတ်
အရင့်အမာကြီးနဲ့ မြိုသိပ်ထားရတာ လမင်းကိုဆွတ်ယူဖို့ ကြိုးစားရသလိုပါပဲလားကွာ။
ဒီလိုနဲ့ပဲ မင်းနဲ့ငါ ဝေးကွာခဲ့ကြတယ်.။နှစ်တွေကြာလို့ငါ့ဘဝငါလှော်ခတ်နေချိန်တွေမှာ ငါ့ရဲ့နံဘေး
တိုးတိုးဖော်လေးအဖြစ်မင်းရှိနေရင် သိပ်ကောင်းမှာပဲ...။အဲဒီလို တမ်းတမိတာလဲခဏခဏပါ.။လောကရဲ့
ဟင်းလင်းပြင်ကြီးထဲမှာ ငါတစ်ယောက်ထဲ အဖော်မဲ့ ပျံသန်းနေခဲ့တယ်။မင်းရော ဘဝကို ဘယ်လိုဖြတ်သန်းနေလဲ။
ငါ့လို အဖော်မဲ့လား..။ဒါမှမဟုတ် မင်းဟာ မြင့်မြတ်တည်ကြည်ပြီး ခန့်ညားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့
တိုးတိုးဖော်လေး ဖြစ်နေပြီလား။ငါသိချင်စမ်းလှရဲ့...
ချစ်သူရယ် ငါကတော့ အိပ်မက်တွေထဲမှာ အိပ်ပျော်နေဆဲပါ။လန့်မနိုးပါရစေနဲ့..။ငါ့ကို အိပ်မက်တွေ ဆက်မက်ခွင့်
ပြုပါချစ်သူ..ဒီတစ်ခုကပဲ ငါ့ရဲ့ပိုင်ဆိုင်မှုလေးမို့..။မင်းကို ပေးမဖတ်ခဲ့တဲ့ ငါ့နှလုံးသားရဲ့ ဒိုင်ယာရီတွေလေ ..အိပ်မက်ထဲ
မှာပဲ ရေးနေခဲ့တယ်..။အိပ်မက်တွေဟာ ငါ့လိုလူတစ်ယောက်အတွက် ဝင်သက်ထွက်သက်တွေပါပဲ ချစ်သူ။
လန့်မနိုးပါရစေနဲ့ချစ်သူရယ်..ငါ အိပ်မက်တွေ ဆက်မက်နေပါရစေ........။
လှတစ်မျက်နှာအတွက်
ဘဝတစ်သက်စာလွမ်းရဲ့
အိပ်မက်ကိုဖယ်ကြည့်
အတွေးထဲ ငါ့အချစ်တွေရှိတယ်
ရင်ဘတ်ကိုဆုတ်ဖြဲကြည့်
နှလုံးသားထဲ ငါ့အချစ်တွေရှိတယ်
ဝေးလေလေ လွမ်းလေလေ
လွမ်းလေလေ ချစ်လေလေ
ငါသေတဲ့ထိ
မေ့မပစ်ရက်ဘူး
ချစ်သူ.......

သတ္တဝါအားလုံး ကျန်းမာ၊ချမ်းသာ၊ပျော်ရွှင်ကြပါစေ
သားထက်(မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment