Thursday, September 30, 2010

စာရွက်ပေါ်ကနေ့စွဲ

ဒုန်း...ဒုန်း...ဒုန်း...
တံခါးခေါက်သံသည် နားထဲသို့ အရှိန်ပြင်းစွာ ပြေးဝင်လာသည်။ကျနော်တို့ သူငယ်ချင်းတွေထဲကတော့ မဖြစ်နိုင်။
ဘယ်သူမျာပါလိမ့်ဆိုတဲ့အတွေးနဲ့ တံခါးကိုဆွဲဖွင့်လိုက်တော့ မြေညီထပ်က ဥက္ကဌရဲ့ တပည့်ကျော် ပေါက်ကြီး ဖြစ်နေသည်။
အသားမည်းမည်း ထောင်ထောင်မောင်းမောင်းနဲ့ ပေါက်ကြီးကို ကျနော်တို့အဖွဲ့က သက်တော်စောင့်ကြီးဟု
ကင်ပွန်းတတ်ထားသည်။ပေါက်ကြီးက ပညာမတတ်၊တကောင်ကြွက် ဥက္ကဌအိမ်ကပ်နေပြီး တာက်တိုမယ်ရ၊
အကြမ်းပတမ်း အကုန်လုပ်ရသည်။
ဘာလဲ..ကိုပေါက်ကြီး..ညနက်မှ..
မင်းတို့အဖွဲ့ကိုဥက္ကဌကြီးက လာခဲ့ဦးတဲ့..ငါထင်တာတော့ ဧည့်စာရင်းကိစ္စနဲ့တူတယ်.။
ကျနော်တို့နေတာက ၅လွှာတိုက်ခန်းမှာဖြစ်သည်။ဥက္ကဌအိမ်က မြေညီထပ်မှာဖြစ်သည်။အသားမည်းမည်းဗိုက်ရွှဲရွှဲနဲ့
ဦးမြင့်အောင်မျက်နှာကြီးကို မြင်ယောင်မိသည်။
ကျနော်တို့ သူငယ်ချင်းတွေက နယ်မှာကျောင်းပြီးပြီးချင်း ရန်ကုန်ကို လုပ်လာလုပ်ကြခြင်းဖြစ်သည်။အလုပ်ရတော့လည်း
လှိုင်သာယာက အထည်ချုပ်စက်ရုံ တစ်ရုံမှာရသည်။ယခုနေနေသည့် တိုက်ခန်းကလဲ ကျနော်တို့သူငယ်ချင်းတွေနေဖို့
သူဌေးပေးထားခြင်း ဖြစ်သည်။ကျနော်သူငယ်ချင်းမျိုးကြီးက အ၇င်၂နှစ်စောပြီးေ၇ာက်သည်။နောက်၁နှစ်နီးနီးကြာမှ
သူဌေးကိုပြောပြီး ကျနော်တို့ ကျန်တဲ့သူငယ်ချင်းတွေကို ခေါ်ခြင်းဖြစ်သည်။ဒီရပ်ကွက်မှာနေတာ ၁ နှစ်ကျော်လောက်
ရှိပြီ ဖြစ်သည်။လူငယ်တွေကြီးပဲဆိုတော့ ပျော်ပျော်ပါးပါးနေကြသည်။ဂစ်တာတီး၊သီချင်းဆိုနဲ့ တခါတရံ ညနက်တဲ့အထိ
ဆူဆူညံညံတော့ရှိသည်။ရပ်ကွက်ထဲမှာလဲ ခတ်တည်တည် ကိုယ့်အထာနဲ့ကိုယ် နေကြပါသည်။ဒါပေမယ့် ဘာကြောင့်
မှန်းမသိ ကျနော်တို့ပုံစံကို ဥက္ကဌက ကြည့်ရပုံမရှိ လမ်းမှာတွေ့လျှင် မျက်နှာကြောကြီး တင်းထားတတ်သည်။သူ့ကို
အရိုအသေပေးမှ သဘောကျသည်ထင်သည်။ကျနော်တို့အေးအေးဆေးဆေးနေတတ်တာကို သဘောကျပုံမရပေ။
ဘွဲ့ရပညာတတ်လည်း မဟုတ်သည့်အပြင် စကားအပြောဆိုရိုင်းလှသည်။
ရန်ကုန်ရောက်ကတည်းက မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပြီး မြန်မာနိုင်ငံသားကဒ်ပြားကိုင်ဆောင်ထားသော ကျနော်တို့မှာ
လစဉ်ဧည့်စာရင်းတိုင်ကြရသည်။ဧည့်စာရင်းတိုင်တိုင်းလည်း ၅၀ ပေးရသည်မှာ ၁ နှစ်ပင်ကျော်နေပါပြီ။
ဒီလတော့ အလုပ်ရှုပ်နေတာရော ပြီးတော့သတိမထားမိသဖြင့် ဧည့်စာရင်းတိုင်ဖို့ မေ့နေခဲ့ကြသည်။အဲဒါကြောင့်လဲ
ဥက္ကဌက ခေါ်ခြင်းဖြစ်ပေလိမ့်မည်။
ကျနော်တို့ သူငယ်ချင်း၅ယောက် ဥက္ကဌရုံးခန်းသို့ဝင်သွားသည်။ရောက်ရောက်ချင်းပဲ ဥက္ကဌက
နေစမ်းပါဦး.မင်းတို့က ဧည့်စာရင်းမတိုင်ဘာမတိုင်နဲ့ ဘာအချိုးချိုးတာလဲ။
မင်းတို့ တရားဝင်နေတာရော ဟုတ်ရဲ့လား။ပြောကြစမ်းပါဦး..။တရားမဝင် အလုပ်တွေများ လုပ်နေကြသလား။
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ဥက္ကဌကြီး၏ စကားလုံးတွေက ဆိုးရွားကြမ်းတမ်းလွန်းလှပေသည်။
အိမ်ကရော ဂရမ်ရောရှိလား....ဂရမ်ပြစမ်းပါဦး....တဖြည်းဖြည်း စကားတွေက စော်ကားလွန်းလာသည်။
ကျနော်သူငယ်ချင်း စိုးလင်းက ကျနော်တို့ထဲမှာ စိတ်အဆတ်ဆုံးဖြစ်သည်။မဟုတ်မခံစိတ်လည်းရှိ၏။
ဥက္ကဌကြီးဒီလိုတော့ တူသားချင်းမစာမနာ မပြောသင့်ပါဘူး။
ကျနော်တို့လည်းပညာတတ်တွေပါ။ကောင်းကောင်းမွန်မွန်လုပ်စားနေတဲ့ လူငယ်တွေပါဗျ။
ဒီရပ်ကွက်မှာနေတာလဲ နှစ်ပေါက်နေပါပြီ။
ကျနော်တော်တို့သတင်းဘာမကောင်းတာကြားမိပါသလဲ။
အိမ်ကတော့ ကျနော်တို့သူဌေးပိုင်တယ်
ဥက္ကဌကြီးမယုံရင် ကျနော်တို့သူဌေးကိုကြိုက်တဲ့အချိန်ဖုန်းဆက်မေးနိုင်ပါတယ်။
စာရိတ္တကိုအစော်ကားခံရခြင်း၊ရိုးသားမှုကို ထိခိုက်ခြင်းတို့ကြောင့်
စိုးလင်း၏အသံတွင် ဒေါသအရိပ်တွေပါသွားသည်။
ဟ...မင်းလူကြီးကိုလူကြီးမှန်းမသိ မိုက်ရိုင်းလှချည်လား..ကဲကွာ ဒီလောက်မိုက်ရိုင်းတဲ့ကောင်...
ဘုန်း..ဥက္ကဌကစိုးလင်း မျက်နှာတည့်တည့် လက်သီးနဲ့ပစ်ထိုးလိုက်၏။
ကျနော့်သူငယ်ချင်းကိုထိတော့ ကျနော်လည်းမခံနိုင်ပေ။
ရှေ့ကခုန်ကိုကျော်ပြီး ဥက္ကဌကို အားကုန်ထိုးလိုက်မိတော့သည်။
ဟေ့ကောင်တွေလာကြစမ်း ဒီကောင်ကို ဆုံးမကြစမ်း..ဥက္ကဌရဲ့ လူတွေ အယောက် ၂၀ လောက်အခန်းထဲဝင်လာကြသည်။
ပြီးတော့ကျနော်နှင့် သူငယ်ချင်း၂ယောက်ကို ဝိုင်းထိုးကြပါတော့သည်။
ကျနော်တို့လည်း အစွမ်းကုန်ပြန်လည်ခုခံကြသည်။သို့သော် အင်အားမမျှပေ။
ကျတဲ့သူငယ်ချင်း၂ယောက်ကဝင်မထိုးရဲကြ ထိုင်ကန်တော့ပြီးတောင်းပန်နေကြသည်။
ကျနော်စိတ်ထဲ ဝမ်းနည်းမိသည ..နာကြည်းမိသည်။သူငယ်ချင်းတွေ ဆိုးတူကောင်းဖက် ဖြစ်သင့်သည်ဟုထင်သည်။
နောက်ဆုံး ကျနော်တို့၃ယောက်ကို ကုလားထိုင်ပေါ်တွင် လက်ပြန်ကြိုးတုတ်ပြီး ပယ်ပယ်နယ်နယ် ထိုးကြပါတော့သည်။
မလောက်လေးမလောက်စားလေးတွေနဲ့ မင်းတို့ကဘယ်လောက် မိုက်လို့လဲ..ဟား..ဟား..ဟား.....
ဘုန်း..ဘုန်း..ဘုန်း....ကဲကွာ..ဘုန်း..ဘုန်း...
လက်သီးတွေ တလုံးပြီးတလုံး ဝင်လာာကသည်..နာကြင်မှုက အသည်းခိုက်အောင် ပြင်းထန်လှသည်..
လာသမျှလက်သီးတွေကိုခေါင်းနဲ့ ထိုးခံနေရင်းကပင်...နားရွက်တွေလည်း
ကြေနေလေပြီ..လက်သီးတွေကလွဲ၍ ကျနော်ဘာကိုမှမမြင်ရတော့ ...ပါးစပ်ထဲမှ
သွေးတွေ ထွက်လာသည်။ခန္ဓာကိုယ်ကနာကြင်နေသလို စိတ်ကလည်း
နာကြည်းမိပါသည်။
ကဲ..ကဲ..ဟေ့ကောင်တွေတော်လောက်ပါပြီကွာ..ရဲကိုဖုန်းဆက်ခေါ်လိုက်တော့ဟေ့...ဒီကောင်တွေကို
တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ တရားစွဲရမယ်...ခဏကြာတော့ ရဲကားတစ်စီးနဲ့ ရဲတွေရောက်လာကြသည်။
ဥက္က္ကဌကြီး ဘယ်လိုဖြစ်တာလဲဗျ။
ဒုအုပ်ကြီးရာ မပြောချင်ပါဘူး..ဒီကောင်တွေပေါ့တော်တော်ရိုင်းတဲ့ကောင်တွေ...စခန်းရောက်မှအေးအေးဆေးဆေး
ရှင်းပြမယ်ဗျာ..လာသွားကြစို့...
ကားနဲ့ကျနော်တို့ရဲစခန်းပါသွားကြသည်။
ကဲဒီကောင်တွေကို အချုပ်ခန်းထဲ ထည့်လိုက်ကြဟေ့...ဟုတ်ကဲ့ဆရာ...
တသက်နဲ့တကိုယ် တခါမှမရောက်ခဲ့ဘူးတဲ့ အချုပ်ခန်းထဲ ကျနော်တို့ကို ထည့်လိုက်ကြသည်။
လူမိုက်လေးတွေလားဟေ့..လာစမ်းကွာ မိုက်မမိုက် စမ်းကြည့်၇အောင်..ဘုန်း..ဘုန်း...
ကျနော်ခွေခနဲ လဲကျသွားသည်။မှတ်ထားတန်းစီး ဗမောင်ဆိုတာငါပဲ မင်းတို့ခေါင်းထောင်ရဲရင် ထောင်ကြည့် ငါ့အကြောင်းသိသွားမယ်...
တကိုယ်လုံးထုံနေပြီ အသည်းခိုက်အောင် နာာကင်မှုကြားမှာ အဖေနဲ့မေကို သတိရသည်.သူတို့သာ ကျနော်ကို
ခုချိန်မြင်ရရင်ဘယ်လောက်ဝမ်းလိုက်မလဲ..အမေတို့ရယ်......သားကိုခွင့်လွှတ်ပါ..သားမဟုတ်တာဘာမှု
မလုပ်ခဲ့ပါဘူးအမေ။
တန်းဆီးဆိုသူက ခေါင်းထောင်လျှင်ခေါင်းကိုထိုးသည် လှုပလျှင်
တင်ပါးကိုဖနောင့်နှင့်ပေါက်သည်။ဒဏ်ရာတွေနဲ့ နာကြင်နေသည့်ကြားက ကျနော်
တညလုံးအချုပ်ခန်းထဲမှောက် အိပ်ခဲ့ရသည်။ဒဏ်ရာတွေကတစစ်စစ်...
နောက်နေ့ကျရင်တော့ သူငယ်ချင်းတွေလာမှာပဲဆိုပြီး မျှော်လင့်ထားခဲ့ပေမယ့် ကျနော်အရမ်းချစ်တဲ့
သူငယ်ချင်းတွေတယောက်မှ ရောက်မလာခဲ့ကြပေ။နေစိမ့်နိုင်လွန်းကြရဲ့..။ရပ်ကွဲထဲက ကျနော်နဲ့မျက်မှန်း
တန်းမိနေသည့်ကောင်းလေးတယောက်သာ မမျှော်လင့်ဘဲရောက်လာခဲ့သည်။
အကိုရာမျက်နှာတခုလုံးဒဏ်ရာတွေနဲ့ပါလားဗျာ ကျနော်စတ်မကောင်းဘူး
အကိုလို သဘောကောင်းအေးတဲ့သူကိုမှဗျာ..ဒါနဲ့ အကိုသူခယ်ချင်းတွေေ၇ာမမြင်ပါလား..
တယောက်မှ မလာာကဘူးကွာ....ဟာ..အဲဒါသူငယ်ချင်းလားဗျာ..
ဘယ်တတ်နိုင်မလဲညီလေးရာကံပေါ့..ခုလိုလာတာကျေးဇူးကွာ..အကိုအဒေါ်တယောက် မြေနီကုန်းမှာရှိတယ်ဖုန်းဆက်
ပေးပါကွာ..အသိမပေးလို့မဖြစ်တော့ဘူး။ကောင်လေးကျေးဇူးကြောင့် အဒေါ်ချက်ချင်းရောက်လာသည်။
နိုင်မင်း..ငါ့တူလေးရယ်ဖြစ်မှဖြစ်ရလေကွယ်..မျက်နှာတခုလုံးလဲရစရာမရှိပါလား..ဘယ်လိုဖြစ်တာလဲကွယ်..
ဒေါ်လေးနောက်မှရှင်းပြမယ်ခုကျနော်ဗိုက်ဆာနေပြီ..နားလည်းနားချင်နေပြီဗျာ..။သြော်အေးအေး..
မင်းအမေတို့သိရင်တော့ကွယ်..ဒေါ်လေးရယ် အမေတို့ကို အကြောင်းမကြားပါနဲ့နော်...
အဒေါ်က ကျနော်တို့သူငယ်ချင်း၃ ယောက်ကို၁ယောက် ၃၀၀၀၀ နဲ့အာမခံပြီးထုပ်းခဲ့ရသည်။ ကိစ္စကတော့မပြီးသေး
အမှုရင်ဆိုင်ရဦးမည်။တရားရုံးရောက်တော့ တရားသူကြီးက ဦး..၏သား တရားခံ မောင်နိုင်မင်းဆိုပြီးခေါ်လိုက်တဲ့အသံ
ကျနော့်နားထဲ သံရည်ပူနဲ့လောင်းထည့်လိုက်သလိုခံစားရသည်။သာမာန်ဝန်ထမ်းလေးဘဝနဲ့ တသက်လုံးရိုးသားစွာ
နေခဲ့တဲ့ကျနော်အဖေကို စိတ်ထဲမှာမြင်ယောင်လာရင် ယူကြုံးမရဝမ်းနည်းရသည်။အသည်းထဲထိတဆတ်ဆတ်
တုံအောင် နာကြင်လွန်းလှရဲ့..။ခွင့်လွှတ်ပါအဖေရယ် သားဘာမကောင်းမှုဒုစရိုက်မှ မလုပ်ခဲ့ပါဘူး..သက်သက်
အနိုင်ကျင့်တာကို မခံနိုင်လွန်းလို့ပါ အဖေရယ်......
ထပ်ပြီးရင်နာစရာကောင်းလွန်းတာက အမှုရင်ဆိုင်တဲ့အထိအောင် ကျနော်နဲ့ တအိမ်ထဲနေခဲ့တဲ့သူငယ်ချင်းတွေ
တယောက်မှယောက်မလာကြပေ။နောက်ဒီလိုမဖြစ်စေရပါဘူးဆိုပြီး ခံဝန်လက်မှတ်ထိုးပြီး အမှုပြီးသွားသည်။
ရပ်ကွက်နဲ့သူငယ်ချင်းတွေကိုစိတ်နာသည်။အလုပ်ကိုလဲ တခါတည်းထွက်ပြစ်လိုက်သည်။အဲဒီရပ်ကွက်ကိုလည်း
မသွားတော့ သူငယ်ချင်းတွေကိုလည်း အဆက်အသွယ် ဖြတ်ခဲ့လိုက်သည်။
သေသေချာချာ စဉ်းစားကြည့်တော့ ဒေါသတွေ၊ဆင်ချင်ဥာဏ်မဲ့မှုတွေ၊သဘောထားသေးသိမ်မှုတွေ၊
ကိုယ်ချင်းစာတရားခေါင်းပါးမှုတွေ၊ဆိုးတူကောင်းဖက် သူငယ်ချင်စိတ်မရှိမှုတွေ..အဲဒါတွေနဲ့ အားလုံး
မှားခဲ့ကြပါသည်။ဥက္ကဌအနေနဲ့ ကိုယ့်တူသားအရွယ်လူငယ်လေးတွေကို ကြင်ကြင်နာနာ ချိုချိုသာသာ ပြောဆိုခဲ့ရင်၊
ဒေါသရှေ့ထားပြီးကိုယ်ထိလက်ရောက် မကျူးလွန်ခဲ့ရင်၊ကျနော်တို့ကလည်း သည်းခံပြီးလူကြီးသူမကိုရိုရိုသေသေ
ဆက်ဆံခဲ့ရင်၊လူကြီးရဲ့အမှားကို အမှားနဲ့လက်တုန့်မပြန်ခဲ့ရင်၊သူငယ်ချင်းတွေကလည်း ညီအကိုစိတ်ဓာတ်နဲ့
တယောက်ကိုတယောက် ကူညီဖေးမခဲ့ကြရင်ခုလို ရင်နာစရာ၊နာကြည်းစရာ နေ့စွဲ တစ်ခုဟာ ကျနော်ဘဝရဲ့စာရွက်
ပေါ်မှာ စွန်းထင်းပေကျံခဲ့မှာ မဟုတ်ပါဘူး..။
ကြာခဲ့ပြီ......ခုတော့ စိတ်နာတာတွေ၊နာကြည်းတာတွေဟာ ရင်ထဲမှာ ဘာမှမရှိတော့။
ုကျောင်းပြီးစ ၂၀ စွန်းစွန်း လူငယ်လေးလဲ မဟုတ်တော့..။အလုပ်အမျိုးမျိုးနဲ့ ပြည်ပနိုင်ငံ ၂ ခုကိုလည်း
ကျင်လည်ခဲ့ပြီးပြီးမို့ ရင့်ကျတ်သင့်သလောက်ရင့်ကျတ်ခဲ့ပြီ...
အရေးကြီးတာကတော့ စိတ်ထားကလေးတွေပါပဲ..တယောက်နဲ့တယောက်နားလည်ပေးပြီး စိတ်ထား
ကောင်းကောင်းလေးတွေထားကြရင် လူ့အသိုင်းအဝိုင်းကြီးမှာ ပြဿနာတွေ မရှိသလောက်နည်းပါးသွားမှာပဲလို့
တွေးမိသည်။လူတိုင်းဟာအမှားနဲ့မကင်းနိုင်ကြဘူးဆိုရင်တောင် အမှာနည်းနိုင်သမျှနည်းအောင်နေထိုင်ကြဖို့
ပါလိုသည်။ကိုယ်ပြောမဲ့စကားတစ်ခွန်း၊ကိုယ်လုပ်မယ့် အလုပ်တခု အပြစ်ကင်းအောင်၊အကြိုးရှိအောင် ကျင့်ကြံ
ရမည်။တွေးတောကြရမည်။ဘာလုပလုပ် ကောင်းတဲ့အကျိုးရှိပါစေ...။
လူ့ဘဝသည် အခိုက်အတန့်လေးတွေနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပေသည်။ခွင့်လွှတ်မှု ကိုယ်ချင်းစာမှုတွေနဲ့
အယောက်ခွက်ကိုတယောက် ဖြည့်စွက်ရပေမည်။

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment