အလုံပိတ်ထားတဲ့ အခန်းထဲနေပြီးမှာ အောင်မြင်မှုတွေအတွက် ခင်ဗျားကိုယ်ခင်ဗျား အရမ်းကြီးအားရကျေနပ်မနေ ပါနဲ့။
ပြူတင်းတံခါးတွေကိုဖွင့်ပြီး အပြင်ကိုလှမ်းမျှော်ကြည့်လိုက်စမ်းပါ။ခင်ဗျားရဲ့အောင်မြင်မှုတွေဟာ တခြားသူတွေရဲ့
ကူညီမှုတွေကြောင့်ဆိုတာ ခင်ဗျားတွေ့ရမယ်။ခင်ဗျားကျရှုံးခဲ့တယ်ဆိုရင်တော့ ခင်ဗျားရဲ့ မှန်ချပ်ထဲကိုခင်ဗျား ကြည့် လိုက်ပါ။ ခင်ဗျားကျရှုံးသွားတာဟာ ခင်ဗျားကိုယ်တိုင်ကြောင့်ဆိုတာ ခင်ဗျားတွေ့ရလိမ့်မယ်။
အဲဒီစကားလုံးတွေကို ကျနော်စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးကတည်းကကြိုက်လွန်းလို့ စိတ်ထဲမှာ မှတ်မိစွဲလန်းနေခဲ့ပါသည်။ အဲဒီစကားလုံး တွေနဲ့ပတ်သက်ပြီး ကျနော့်စိတ်ထဲမှာတွေးစရာလေးတွေ၊ပြီးတော့ ကျနော့်ရင်ထဲမှာ ပြောချင်တာလေးတွေရောက် လာသည့်အတွက်ကျနော်ဒီဆောင်းပါးကို ချရေးလိုက်မိတော့သည်။
မနက်ဖြန်တိုင်းတွင် ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်တို့အတိအကျမသိနိုင်ပေမယ့် မနက်ဖြန်တိုင်းမှာဘာတွေဖြစ်လာအောင် ကြိုးစားကြမလဲဆိုတာကိုတော့် ကျနော်တို့ကြိုတင်စဉ်းစားစီစဉ်ထားလို့ရပါသည်။
အဘယ့်ကြောင့်ဆိုသော် ကျနော်တို့သည် အသိဥာဏ်ရှိသော လူသားဖြစ်သောကြောင့်ပင်တည်း။ကျနော်တို့ တွေ
ကျနော်တို့မနက်ဖြန်တွေကို အကောင်းဆုံးဖြစ်အောင်ဘယ်လိုဖန်တီးတည်ဆောက်ကြမည်နည်း။
ကျနော်တို့လူသားတွေဟာ တစ်ဦးတည်းတစ်ယောက်တည်း ရှင်သန်နေထိုင်တတ်တဲ့သတ္တ၀ါတွေ မဟုတ်ကြပေ။
ကျနော်တို့နေထိုင်တဲ့ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်၊ကပ်ရောဂါဆိုးအန္တရယ်၊သားရဲတိရစ္ဆာန်အန္တရာယ်၊
ငတ်မွတ်ခြင်းအန္တရာယ်၊လူလူချင်းသတ်ဖြတ်ကြတဲ့အန္တရာယ်စသည့် အန္တရာယ်တွေ ပြည့်နက်နေသဖြင့် လူတွေဟာမိဘညီကိုမောင်နှမ မိသားစုကလေးတစ်စု ကနေပြီးမြို့ရွာတိုင်းနိုင်ငံထိ သင်းဖွဲ့နေထိုင်တတ်ကြ လေသည်။ထို့ကြောင့်
မိသားစုသေးသေးလေးကနေ နိုင်ငံတနိုင်ငံထိ အားလုံးဟာ မိသားစုတွေပါပဲ။
မိသားစုရဲ့ခေါင်းဆောင်တွေနိုင်ငံခေါင်းဆောင်တွေရဲ့ အရည်အချင်းဦးဆောင်မှုနဲ့ နောက်လိုက်ကောင်းတွေရှိမှသာမိသားစုတစ်ခု လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်ခုတိုးတက်ကြီးပွားအောင်မြင်ပေလိမ့်မည်။ ခေါင်းဆောင်ကောင်းဆိုတာ
ရိုးသားမှု၊ယုံကြည်မှု၊ရဲရင့်မှု၊ပြတ်သားမှု၊တာဝန်သိတတ်မှု၊ဇွဲရှိမှု၊၀ိရိယရှိမှု၊အတွေးအခေါ်အမြော်အမြင် ဗဟုသုတရှိမှု၊စွန့်လွှတ်အနစ်နာခံမှု၊စိတ်ရှည်သည်းခံမှု၊နားလည်ခွင့်လွှတ်မှု၊စုပေါင်းဆောင်ရွက်လိုမှု၊အကျိုးလိုလားမှု၊
မေတ္တာတရားရှိမှု၊တိုင်ပင်ဆွေးနွေးမှုစသည်တို့နှင့်ပြည့်စုံအောင် ကြိုးစားရမည်။လူ့အဖွဲ့အစည်းတခုရဲ့တိုးတက်
ကောင်းမွန်မှုသည် ခေါင်းဆောင်တယောက်ရဲ့ အရည်အချင်းပေါ် များစွာမူတည်ပါသည်။ခေါင်းဆောင်က ချောက်ထဲဆင်းမယ့် လမ်းကြောင်းကို ဦးတည်နေရင်အားလုံးအောက်ဆုံးကို ရောက်သွားနိုင်ပါသည်။ခေါင်းဆောင်ကတောင်တန်းတွေကျော်ဖြတ်ဖို့ ကြောက်ရွံ့နေလျှင် အားလုံးဟာအမြင့်ကိုမရောက်နိုင်သလို ပင်လယ်ကိုဖြတ်သန်းဖို့တွေဝေနေလျှင်လည်း အားလုံးဟာ
ကမ်းနဲ့ဝေးနေကြပေလိမ့်မည်။ထို့ကြောင့်ခေါင်းဆောင်ကောင်းသည်မရှိမဖြစ်လိုအပ်လှပေသည်။
သို့သော် ခေါင်းဆောင်ကောင်းတစ်ယောက်တည်းနှင့်လည်းမပြီးပြည့်စုံသေးပါ။နောက်လိုက်ကောင်းတွေ လည်းလိုအပ်ပါသည်။ ဘယ်နေရာမဆိုငါတော်သည်ငါတတ်သည် ငါမရှိလျှင်မဖြစ်ဆိုတာ တစိတ်တဒေသ အားဖြင့်မှားပါသည်။ငါမရှိလျှင်မဖြစ်ဆိုသလို
ငါရှိနေယုံနဲ့လည်းမပြီးမြောက်နိုင်ပါ။မင်းမရှိလျှင်မဖြစ်ဆိုသလိုမင်းရှိနေယုံနှင့်လည်း မပြီးမြောက်နိုင်ပါ။သူမရှိလျှင်မဖြစ်ဆိုသလို
သူရှိနေယုံနဲ့လည်းမပြီးမြောက်နိုင်ပါ။
မင်းရယ်၊ငါရယ်၊သူရယ် သုံးဦးညီညွတ်မှသာအရာအားလုံးပြီးမြောက်အောင်မြင်ပေလိမ့်မည်။
လူသားတွေဟာ အောင်မြင်ဖို့အတွက် တယောက်ကိုယောက်မှီခိုနေကြရသည်။
မိမိကိုယ်ကိုလည်းယုံကြည်ရမည်။ တစ်ယောက်နဲ့တစ်ယောက်လည်း အပြန်အလှန်ယုံကြည်မှုကိုတည် ဆောက်နိုင်ရမည်။
တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် အောင်မြင်ဖို့ခက်ခဲလှပေသည်။
တစ်ယောက်အားနဲ့ဆောင်သော်မရ တစ်သောင်းအားနဲ့ဆောင်သော်ရ၏ဆိုလိုအားလုံးညီညွတ်ပြီး အချောင်မခိုဘဲ သာတူညီမျှ ကြိုးစားကြမှသာလူ့အဖွဲ့အစည်းတစ်ခုဟာ အောင်မြင်ပေလိမ့်မည်။အချောင်ခိုစိတ်နဲ့ အခွင့်အရေးကို
အလွယ်တကူရယူချင်စိတ်သည် ဆိုးရွားလွန်းလှပေသည်။ ကိုယ်တိုင်အားမစိုက်ချင်ဘဲအချောင်အကျိုးခံစားချင်
တဲ့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ လူတွေအရမ်းများနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ အမြဲနိမ့်ကျနေပေ လိမ့်မည်။ပုံပြင်လေးတစ်ပုဒ် ဖတ်ဖူးသည်။
တခါက ရွာတရွာမှာ အင်မတန်အမြော်အမြင်ရှိတဲ့ သူကြီးတစ်ယောက်ရှိလေသည်။တနေ့သောအခါသူကြီးသည်
သူ့ရွာသားများ၏စိတ်ဓာတ်ကိုစမ်းသတ်ရင် ကောင်းမှာပဲဆိုတဲ့အကြံရမိသည်။ထို့ကြောင့် မောင်းထုပြီး ရွာသားများ အား
ပျော်ပွဲရွှင်ပွဲကျင်းပမည်။တစ်ဦးလျှင် အရက်တလုံးယူပြီး သူကြီးအိမ်ရှေ့ရှိစဥ့်အိုးကြီးထဲတွင် လာထည့်ကြရမည်။ လူစုံလျှင် အတူတကွ သောက်ပြီးပျော်ရွှင်စွာကကြမည်ဟု အမိန့်ချလေသည်။လူတွေက အိုးတစ်လုံးစီဖြင့် တဖွဲဖွဲရောက်လာက
စဥ့်အိုးထဲလောင်းထည့်ကြလေသည်။ လူလည်းစုံရော သူကြီးက ကဲအိုးဖွင့် ပြီးတစ်ယောက်တစ်ခွက် ခတ်ပြီးသောက်ကြလို့ဆိုပြီး အားလုံးပြိုင်တူမော့လိုက်ကြရာရေတွေဖြစ် နေသည်ကိုတွေ့ ရလေသည်။လူတိုင်းအတွေးတွေက သူများတွေယူလာကြမှာပဲ
ငါ့တစ်အိုးထဲနဲ့တော့ ဘာမှမသိနိုင်ပါဘူးဆိုပြီးရေကိုပဲခတ်ယူလာကြ၏။သို့သော်အားလုံးက သူလိုကိုယ်လိုလူတွေချည်းဆိုတော့
ရေတွေပဲဖြစ်ကုန်သည်။အဲဒီအခါကျမှ သူကြီးက ရွာသားများကို အချောင်မခိုကြဖို့ဆုံးမလေသည်။ အဲဒီလို အချောင်စိတ်တွေ ရှိနေသမျှ ဘယ်လူ့အဖွဲ့အစည်းမှမတိုးတက်နိုင်ပေ။ကျနော်တို့တွေဟာ သူများနိုင်ငံတိုးတက်ရေးအတွက် ကျနော်တို့ရဲ့
ကာယအားဥာဏအားတွေကို အဆုံးအရှုံးခံပြီး ပေးဆပ်နေကြရသည်။ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး ကိုယ့်နိုင်ငံတိုးတက်ရေးအတွက်
မလုပ်နိုင်ခဲ့ကြပေ။နိုင်ငံတနိုင်ငံရဲ့ စားဝတ်နေရေးတွေဟာကျနော်တို့ထမ်းဆောင်ရမယ့် လူမျိုးရေးနိုင်ငံေ၇းတွေပါပဲ။ နိုင်ငံရေးဆိုတာဆန္ဒပြမှ လက်နက်ကိုင်တိုက်ပွဲဝင်တာမှနိုင်ငံရေးမဟုတ်ပါဘူး။ကိုယ့်နိုင်ငံကိုယ့်လူမျိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသမျှဟာနိုင်ငံရေးပါပဲ။နိုင်ငံသားတိုင်းဟာ နိုင်ငံရေးကို စိတ်ဝင်စားရမယ်တတ်နိုင်သမျှ ပါဝင်ရမယ်။သို့မှသာ ကျနော်တို့ချစ်သောကျနော်တို့တန်ဖိုးထားသော ကျနော်တို့နိင်ငံနဲ့လူမျိုးကို ကျနော်တို့မြှင့်တင်နိင်မည်ဖြစ်သည်။
ok sir.yes sir ဆိုပြီး စင်္ကာပူတရုတ်တွေ ငေါက်သမျှခေါင်းငုံ့ခံပြီးဒေါ်လာလေးသုံးနေရတာကို ကိုယ့်ကိုယ်ကို တော်လှပြီဆိုပြီးဘ၀င်လေဟပ်မနေကြပါနဲ့။
ကျနော်တို့မိသားစုကလေးတွေ အဆင်ပြေတယ်ဆိုတာလေးနဲ့ကိုယ့်ကိုယ်ကိုတာဝန်ကျေလှပြီလို့ လူတော်ကြီးတွေလုပ် မနေကြပါနဲ့။ ကျနော်တို့ရဲ့ နောက်ကိုတချက်လောက်ငဲ့ ကြည့်လိုက်ပါ။
စုတ်ပြတ်သတ်ပြီး ချွတ်ခြုံကျနေတဲ့ဘ၀တွေအများကြီးရှိပါသည်။ အဲဒီအတွက် ကျနော်တို့ဘာလုပ်ပေးနိုင်မလဲ။ အမျိုးကိုချစ်ရင်တိုင်းပြည်ကိုချစ်ရင် နိုင်ငံရဲ့အရေးလေးကိုလစ်လျူမရှုကြပါနဲ့။ကိုယ်တတ်စွမ်းသမျှ ကိုယ့်လူမျိုးကို
စောင့်ရှောက်ကြပါ။ကူညီကြပါ။တို့လိုမျိုး တို့ရဲ့မျိုးဆက်သစ်တွေဘာသယံဇာတမှမထွက်တဲ့ ထန်းသီးမှုတ်လောက်နိုင်ငံလေးမှာ ကျွန်လာမခံစေရအောင်ကြိုးစားကြပါ။
သူများတွေက ကတ္တရာခင်းထားလမ်းပေါ်မှာ ရထားစီးမလား၊ကားစီး မလားအေးဆေးဖြတ်သန်းသွားနေကြပြီ၊ ကျနော်တို့က တော့ဆူးငြောင့်တွေပြည့်နက်နေတဲ့တောကြီးထဲမှာခုမှလမ်းဖောက်နေတုန်း။ကျနော်တို့တွေ သူတို့ထက်ပိုပြီးကြိုးစား ကြဖို့လိုသည်။ကျနော်တို့တွေ အိပ်ယာကနိုးထဖို့အချိန်တန်နေပါပြီ။မိမိတို့ရဲ့ အသိဥာဏ်ပြူတင်းတံခါးတွေ၊နှလုံးသားတွေကို ဖွင့်ထားကြဖို့ အချိန်တန်ပါပြီ။
အမှားတွေပါခဲ့ရင် ကျနော့်ရဲ့ မရင့်ကျက်မှုများသာဖြစ်ပါသည်။
ညီကိုမောင်နှမများအားလုံးကျန်းမာပျော်၇ွှင်ပြီး အများအကျိုးသယ်ပိုးနိုင်ကြပါစေ။
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment