အလေ့ကျခင်းထားတဲ့
လမ်းမတွေ...
အလေ့ကျစိုက်ထားတဲ့
သစ်ပင်တွေ...
အလေ့ကျထောင်ထားတဲ့
မီးတိုင်တွေ...
အလေ့ကျဆောက်ထားတဲ့
နေအိမ်တွေ...
အလေ့ကျလင်းပြနေတဲ့
နေရောင်တွေနဲ့...
အလေ့ကျလက်ဖြာနေတဲ့
လရောင်တွေကြား..
အလေ့ကျတည်ထားတဲ့
မြို့ကလေးက
မသပ်မရပ်
ဖြစ်တည်နေတယ်....
ကျနော်ကလည်း
အလေ့ကျရှင်သန်နေရတဲ့
လူငယ်တစ်ယောက်ပေါ့..
ဘ၀ဆိုတာ
ခရီးရှည်ကြီးတစ်ခုလား..
ဒါမှမဟုတ်..
ဘူတာရုံလေးတစ်ခုလား..
လူဆိုတဲ့ သတ္တ၀ါတွေဟာ
မတူတာကို တူအောင်ပြုချင်တယ်...
အတုတွေကို အစစ်လို့ထင်တတ်တယ်...
...ရှုတ်တယ်....
ဘယ်အရာကိုမှ
မခံစားချင်တော့ဘူး..
မီးနီရင် ရပ်မယ်..
မီးစိမ်းရင် ဖြတ်မယ်..
ဘယ်အရာကိုမှ
သိမ်းဆည်းမထားခြင်းက
အမြင့်မြတ်ဆုံးဖြစ်မယ်ထင်ရဲ့..
လောကကြီးက
အသီးအပွင့် လွယ်သလောက်
ပုတ်လွင့်တာ လွယ်တယ်
လူတွေက
အသိရင့်ကျက်သလောက်
ယုတ်မာအကျင့်ပျက်တတ်ကြရဲ့..
ကျနော်ကလည်း
အဲဒီလူတွေထဲက လူတစ်ယောက်များလား...
နှစ်ပေါင်းများစွာက
ခင်းထားခဲ့တဲ့လမ်းမတွေ
ကျနော်မပြင်ဘဲ လျှောက်ခဲ့ရတယ်...
ပေါက်ပြဲနေတဲ့
ခြေထောက်တွေ
ဘယ်သူကြင်နာပေးမလဲ..
ရင်နာစရာတွေကို
ခဏခဏတွေးတွေးနေမိတယ်..
တွေးရင်းတွေးရင်း
ကျနော့်အတွက်တော့
အသည်းကွဲရတဲ့
ညနေခင်းတွေချည်းပါပဲ....
နေရက်တွေကလည်း
ဆေးလိပ်ပြာတွေလိုပဲ
ရှူရင်းရှိုက်ရင်းက
လွင့်ကြွေတတ်ကြလွန်းတော့
တခါတလေဆို...
အိပ်စက်ဖြစ်ဖို့တောင် နှမြောမိရဲ့..
အဲဒီလောက်
ကိုယ့်ဘ၀ကိုယ် ချစ်တတ်တဲ့
လူငယ်တစ်ယောက်ဟာ
ကမ္ဘာကြီးအတွက်
ဘယ်လိုရှင်သန်နေတာတဲ့လဲ..
ထားလိုက်ပါတော့...။
အကြောင်းပြချက်တော့မရှိဘူး
ဒါပေမယ့်...
ကိုယ့်ကိုယ်ကို ဆင်တစ်ကောင်လို
ကြီးကျယ်တယ်လို့တင်တတ်ကြတဲ့
လူကြီးလူကောင်းဆိုတဲ့
လူတစ်ချို့ကိုတော့
ကျနော်ရယ်တယ်..
ဟော...
ပီပီသသ ကြားလိုက်ရတယ်....
`မနက်ဖြန်အတွက်
ရေတစ်ခွက်ပေးပါ´ တဲ့...
ဖြန့်နေတဲ့လက်တွေ....
တောင်းဆိုနေတဲ့နှုတ်ခမ်းတွေ...
မျှော်လင့်နေတဲ့မျက်ဝန်းတွေ...
လမ်းမကြီးပေါ်
တောထအောင်ပြိုလဲနေကြရဲ့..
မုန်တိုင်းတွေ ထန်ဦးမယ်တဲ့..
ကျနော်နားထဲ
ခေါင်းလောင်းသံတွေကြားတယ်..
ကြောက်ရလွန်းလို့
ကြောက်ဖို့ကိုမေ့နေရှာကြတဲ့
နှလုံးသားတွေ
အဲဒီလမ်းမကြီးပေါ်မှာ ရှိတယ်...
တစ်စုံတစ်ဦးရဲ့ အိပ်မက်ကို
အလှပဆုံးဖန်တီးဖို့
တခြားလူတွေရဲ့ အိပ်မက်တွေ
အပျက်စီးခံနေရခြင်းတွေအတွက်တော့
ကျနော်...
ကမ္ဘာကြီးကိုပဲ
စိတ်ရှိလက်ရှိအော်ဆဲလိုက်တယ်..
ဒါတွေကို ဘယ်သူတွေသိပါသလဲ..
သိသိကြီးနဲ့
မသိချင်ယောင်ဆောင်တတ်ကြတဲ့
စက်ရုပ်လို လူတွေလို
ကျနော်က
စက်ရုပ်တစ်ရုပ်လိုပဲ မသိသလို
မနေနိုင်ခဲ့ဘူး.....။
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment