Thursday, September 30, 2010

လမင်းထံပါး၌ပွင့်သောပန်း

မ......
ကျနော်အရမ်းချစ်တယ် မရယ်..စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်..`မင်းဘာသာ အတင်းကြီးပဲချစ်ချစ်
ဒလဟောကြီးပဲ ချစ်ချစ် ၁၅၀၀ ထက် မပိုပါဘူးကွာ´ တဲ့ ကျနော့်အချစ်တွေကို ၁၅၀၀ ဆိုတဲ့ ဂဏန်းလေးနဲ့
ဖော်ပြရတာ ကျနော်အားမရနိုင်ပါဘူး..ဖြစ်နိုင်ရင် ဂဏန်းတွေထောင်သောင်းသိန်းသန်းမက သတ်မှတ်ပြီး
ချစ်ပြချင်ခဲ့တာပါ မရယ်...နားစွင့်လိုက်တိုင်း မရဲ့ဆည်းလည်းလို သာယာတဲ့ အသံကလေးကို တမ်းတတယ်
မျက်လုံးတွေဖွင့်လိုက်တိုင်း မရဲ့ လှုပ်ရှားဟန်ကလေးတွေကို လွမ်းတယ်..ဖုန်းဆိုင်လေးဘက် ရောက်ရောက်
သွားတတ်တဲ့ ခြေလှမ်းတွေကို ထိမ်းချုပ်ရတာ ခက်ခဲလွန်းရဲ့...မင်းရူးနေပြီတဲ့ ဖုန်းဆိုင်က အကိုကပြောတယ်
ဟုတ်တယ် ကျနော် အချစ်မှာ ရိုးသားစွာ ရူးသွပ်ပြီ မရယ်....ဒါပေမယ့် မမှာ ချစ်သူရှိနေတာကို ကျနော်
နောက်ကျစွာသိခဲ့ရတာ ကျနော်ကံဆိုးလွန်းခဲ့တာလား..ဘယ်လိုမှ ဖြစ်နိုင်ဘူးဆိုတာလည်း သိပါရဲ့..
မရယ်..ကျနော်တို့ သူစိမ်းဆန်ဆန် နေသွားကြတာပဲ ကောင်းမယ်ထင်ပါတယ်...သတိရစိတ်တွေက ဒဏ်ရာတွေကို
ခဏခဏ ထိုးဆွနေသလိုပါပဲ....
မရတာကိုမှလိုချင်တောင့်တတဲ့ အာသာက ရင်ကို ပူလောင်စေပါတယ် မရယ်..တနေ့တနေ့ ဘာကြောင့်များ မကို
မတွေးဘဲ မနေနိုင်ရတာလဲဗျာ..ကျနော်လေ ချစ်တတ်တဲ့ စိတ်ကလေးကိုတောင် မုန်းချင်လာပြီ...ပိုင်ရှင်ရှိပြီးသား
ပန်းတစ်ပွင့်ကို မနမ်းသင့်မှန်း သိလျှက်နဲ့ ကျနော် အသိခေါက်ခက် အ၀င်နက်ခဲ့တာပါ...
ကျနော်ဖွင့်မပြောရဲခဲ့ပါဘူး မရယ်...မြိုသိပ်ထားပြန်တော့လည်း မနဲ့မျက်နှာချင်းဆိုင်ရတိုင်း ဘတ်စ်ကားခိုးစီးတဲ့
လူတစ်ယောက်လို ကျနော့်စိတ်တွေ လိပ်ပြာ မလုံခဲ့ပါဘူးလေ...
ခွင့်လွှတ်ပါ မရယ် ..ဒီစာနဲ့ပဲ ကျနော် မကို ချစ်တယ်လို့ ပြောပါရစေ...
ဒီစာနဲ့ပဲ ကျနော့် အချစ်တွေကို ပြန်ရုပ်သိမ်းခဲ့ပါတယ်...ပြီးတော့ ဒီစာနဲ့ပဲ ကျနော် မကို
နှုတ်ဆက်ခဲ့လိုက်မတယ်...
`မ´တယောက် ပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်မြတ်နိုးခြင်းများစွာဖြင့် `သော်က´

ဟာကွာ မင်းစာကိုဖတ်ရတာ ငါတောင် ကြွေချင်လာပြီ တကယ်..ဘ၀များပြောင်းလို့ရရင် ခုချက်ချင်းပြောင်းပြီး မင်းကိုအဖြေပေးလိုက်ချင်တယ်ကွာ...တကယ် တကယ်...
မလှောင်ပါနဲ့ ဥာဏ်ထက်ရာ ငါတကယ် ကွဲနေတာပါ..ငါဘာဆက်လုပ်ရမှန်း မသိတော့ဘူး ဆုပ်လဲစူး
စားလဲရူးဆိုတာ ငါ့ကို ပြောတယ်ထင်တယ်..စိတ်ညစ်ပါတယ်ကွာ.....
မင်းအရမ်းစိတ်ညစ်မှာစိုးလို့ ငါက အရယ်နဲ့ဖေါ့ပေးတာပါ သူငယ်ချင်းရယ်.မင်းတကယ်ခံစားနေရတယ်ဆိုတာ
ငါတကယ်နားလည် ပါတယ်..မင်းနာမည် သော်က ကို သောကလို့ပြောင်းရမယ်ထင်တယ်..
အေးကွာ ငါ မ ကို အရမ်းချစ်တယ်..ဘယ်လောက်ထိချစ်ပြီး ဘယ်လိုချစ်တယ်ဆိုတာ
ငါပြောမပြတတ်လောက်အောင်ပဲ....သူ့ရဲ့ ဘဲအကြောင်းတွေ ငါ့ကို
ပြောတယ်..ပြီးတော့ အကြံဥာဏ်တောင်းတယ်...ငါဘယ်လောက်နာကြင်ခံစားရလဲဆိုတာ
မင်းစဉ်းစားကြည့်စမ်း ...ကြာရင် ငါသေလိမ့်မယ်...
ခု မင်းဘယ်လို လုပ်မယ်စိတ်ကူးထားလဲ...တစ်ခုခုတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါကွာ...
ငါဆုံးဖြတ်ပြီးပါပြီ ဥာဏ်ထက်..ချစ်သူကို ပိုင်ဆိုင်ခွင့်မရတဲ့နောက် ငါ..ချစ်သူရဲ့အနီးမှာ
မနေချင်တော့ဘူး..ငါရန်ကုန်ဆင်းမယ်..
သင်တန်းတွေတက်မယ် ..ပြီးတော့ ပြည်ပကိုသွားပြီးအလုပ်လုပ်မယ်....ငါမိသားစုအတွက် ငါကြိုးစားရမယ်....
အသည်းကွဲလို့ ဘ၀ပျက်တယ်ဆိုတာ လူ့အန္ဓတွေရဲ့ အတွေးအခေါ်လို့ ငါယုံထားတယ်....
ကောင်းတယ် သော်က မင်းရင်ထဲက ဒဏ်ရာတွေကို အချိန်တွေက ကုစားသွားမှာပါ...ငါလည်းမင်းလို
ငယ်တုန်းမှာ ပြည်ပမှာ ဗဟုသုတ ရှာချင်တယ်..ဒါပေမယ့် ဖေဖေတို့က ခွင့်ပြုဘူး
..ပြန်တမ်းဝင်စာမေးပွဲဖြေပြီး အစိုးရအင်ဂျင်နီယာပဲ လုပ်ရမယ်တဲ့..
ငါကမင်းလောက်သတ္တိမရှိဘူး မိဘအထောက်အပံ့မရှိဘဲ မစွန့်စားရဲဘူးကွာ...သွားပါကွာ
ကြိုးစားပါ..ငါဆီကိုလည်း အမြဲဆက်သွယ်ပေါ့ မင်းအကူအညီလိုရင် အချိန်မရွေး
ငါ့ဆီဖုန်းဆက်လိုက်ပေါ့..
ကျေးဇူးပဲသူငယ်ချင်း ငါမင်းကို အမြဲဆက်သွယ်မှာ အရင်းနှီးဆုံးသူငယ်ချင်းဆိုလို့ မင်းတစ်ယောက်ပဲ ရှိတာပဲ
မင်းမိဘတွေအနေနဲ့ကလဲ ချမ်းသာပြီးသားဆိုတော့ သူတို့အတွက် ဂုဏ်ပဲလိုချင်မှာပေါ့ကွာ....ငါကတော့
ငွေများများရှာရဦးမယ်
ပြီးတော့ ငါက အစိုးရလုပ်ငန်း လုပ်ရတာ ၀ါသနာမပါဘူး..မင်းလည်းသိတဲ့အတိုင်း ငါကလွတ်လွတ်လပ်လပ်နေပြီး လုပ်ချင်တာလုပ်
ပျော်ရာမှာနေချင်တဲ့ကောင်လေ..လောကကြီးထဲ ဘယ်လောက်ကြာအောင် လွင့်ရဦးမလဲ
မသိသေးဘူး....ငါပျင်းတဲ့ အချိန်ဒီမြို့လေးကို ပြန်လာခဲ့မှာပါ..
မင်းမင်္ဂလာဆောင်ရင်တော့ ငါ့ကို ဖိတ်ဖို့
မမေ့နဲ့နော်..ငါအတတ်နိုင်ဆုံးလာနိုင်အောင်ကြိုးစားမယ်..မလာနိုင်ရင်တောင်
လက်ဖွဲ့ ပေးလို့ရတာပေါ့...
အောင်မလေးသော်ကရာ မုန့်ဆီကြော်ကဘယ်မှန်းမသိ နှုတ်ခမ်းနာနဲ့တဲ့ပါ့မလားဆိုသလိုဖြစ်နေပြီ...ရည်းစားတောင်
မူးလို့ရှူစရာမရှိတဲ့လူကို မင်းမို့..ငါကမင်းလို
စာတွေကဗျာတွေလည်းမရေးတတ်ဘူး..talkingလည်းမကောင်းဘူး...မလွယ်ပါဘူးကွာ
လူပျိုကြီး ဖြစ်မယ့်ဇာတာပါတယ်နဲ့တူတယ်..
မင်းမိဘအသိုင်းအ၀ိုင်းနဲ့ မင်းပညာအရည်အချင်းနဲ အမျိုးကောင်းသမီးတစ်ယောက်တော့ ရမှပါကွာ
မပူပါနဲ့..မင်းတော်ဖို့ မလိုဘူး မင်းအဖေတော်ဖို့ပဲ လိုတယ် ..ဟုတ်တယ်
မို့လား..ဟား..ဟား.....
ငါ့ပြောမနေနဲ့ မင်းလည်းဟိုရောက်ရင် နှလုံးသားအသစ်နဲ့ အချစ်သစ်တွေ တွေ့နိုင်ပါသေးတယ်..မင်းက အပြောကောင်းတယ်လေ..
မင်းထင်သလောက်မလွယ်ဘူး ဥာဏ်ထက် ဒဏ်ရာဆိုတာ အနာကျက်သွားရင်တောင် အမာရွတ်တော့ ကျန်ခဲ့သေးတာပဲ
အကောင်းတိုင်းတော့ မဖြစ်နိုင်တော့ဘူးပေါ့ကွာ..
နှလုံးသားလို နူးညံ့တဲ့နေရာမှာဖြစ်တဲ့ဒဏ်ရာက အမာရွတ်ပိုကြီးတယ လို့ပြောရင် မင်းငါ့ကို
စာရူးကဗျာရူးလို့ ပြောဦးမယ်
မ အပေါ်မှာချစ်ခဲ့တဲ့ အချစ်တွေကို ရုပ်သိမ်းခဲ့တယ်ဆိုတာလည်း အဲဒီအချစ်တွေအားလုံး ငါ့နှလုံးသားထဲ
အကုန်စုထည့်ထားခဲ့မိတာပါ
နောက်ထပ် မိန်းမတစ်ယောက်ကို ဆက်ပြီးချစ်ဖို့ဆိုတာလည်း ငါက တစ်ခါသေခဲ့ဖူးပြီးလေ...
အသည်းကွဲတယ်ဆိုတာ သီချင်းဆိုလို့သာကောင်းတာ တကယ်ခံစားရတဲ့သူက မသက်သာဘူး
အေးပေါ့ကွာ..ဘာပဲဖြစ်ဖြစ် မင်းကတော်ပြီးသားပဲ အခက်အခဲတွေ အတားအဆီးတွေကို ခေါင်းအေးအေးနဲ့
ကျော်ဖြတ်ရင်း
အောင်မြင်မယ်ဆိုတာ ငါယုံပါတယ် သူငယ်ချင်း စိတ်ကူးယဉ်တာက ခဏနားထားလို့၇ပေမယ့် လက်တွေ့ဘ၀ကို ရင်ဆိုင်ဖို့
ငါတို့အချိန်စောင့်နေလို့မရဘူး....အချစ်ကို မင်းအတွက် အားတွေအဖြစ် အသုံးချနိုင်ပါစေကွာ...
အင်းပေါ့ ပြီးတော့လည်းပြီးသွားတာပဲလို့ ပြောကြတာပဲ...ရင်ထဲမှာသိမ်းဆည်းရတာတွေက
များလွန်းတယ်...တို့တွေ ရည်မှန်းချက်နဲ့
ပျော်ရွှင်မှုအတွက်ပဲ နေရာအပြည့်ပေးထားသင့်တယ်...
ဟုတ်တယ် ၀မ်းနည်းခြင်းတွေကို ငါတို့ပီကေလိုပဲ ခဏလေးဝါးစားအရသာခံပြီးထွေးထုတ်ကြရမယ်...
ဥာဏ်ထက်ရဲ့ ဒီစကားကတော့ တော်တော်စားသွားပြီ ဒါကြောင့်ရှေးလူကြီးတွေကပြောတာ...ကလေး၊သဘင်သည်၊သူရူး
ဤ၃ဦးစကား မှန်တတ်၏ တဲ့..ဟား..ဟား..
ဟေ့ကောင် အသည်းကွဲသံကြီး ဟန်ဆောင်ရယ်မနေနဲ့ နားတယ်မှာ ငါးဇဉ်ရိုင်းဝင်မွှေနေသလားပဲ ခွီး.....
ငါမနက်ဖြန် သွားတော့မယ် ကားလက်မှတ်ဖြတ်ပြီးပြီ..ခုမှမင်းကို အသိပေးတာကိုတော့
နားလည်ပေးကွာ...ပြန်ကြစို့ကွာ
အများကြီးသောက်မိရင် မေမေတို့ ရိပ်မိသွားလိမ့်မယ်...သွားကာနီးကျမှ မေမေတို့ကို စိတ်မဆင်းရဲစေချင်ဘူး..
ပြီးတော့ မ ကို ဒီစာလေးဝင်ပေးရဦးမယ်..
ဒီလောက်ညနက်နေပြီကို..ငါညနေက ဖုန်းဆက်ထားပါ တယ်..မ ငါ့ကိုစောင့်နေမှာပါ..အန်တီတို့လည်း ငါနဲ့ခင်နေတော့
ပြဿနာ
မရှိပါဘူး..
ဒါနဲ့မနက်ဘယ်နှနာရီ ကားနဲ့လဲ..မနက် 5.30 မန္တလေးကတဆင့်သွားမှာ ငါ့ဘကြီးဘုန်းကြီးကို သွားကန်တော့ရဦးမယ်..
အေး အဲဒါဆို မနက်စောစော ငါ ဆိုင်ကယ်နဲ့ လိုက်ပို့မယ်....
ရွှေစည်တော်ဘီယာဆိုင်ထဲက ထွက်လာကြပြီး ကျောက္ကာလမ်းအတိုင်း လမ်းလျှောက်ပြန်လာကြသည်။
မင်းထွက်သွားရင် ငါတော့ တကောင်ထဲ ပျင်းနေတော့ မှာပဲ..ခါတိုင်းဆိုရင် ညနေတိုင်း
လက်ဖက်ရည်ဆိုင်ထိုင်ရင်း
စကားလက်ဆုံကျနေကျ..မုံရွာအ.ထ.က (၃)ကျောင်းမှာ အတူတက်ခဲ့ကြတာတွေ ..ပြီးတော့ မုံရွာနည်းပညာမှာ ၅နှစ်စလုံး
အတူတက်ခဲ့တဲ့ နေ့ရက်တွေနဲ့အတူု ငါမင်းကို အမြဲသတိရနေမှာပါ
ကဲပြန်တော့ကွာ မနက်မှတွေ့မယ်..ဟေ့ကောင် အိပ်ယာထဲငိုမနေနဲ့ဦး...
ငါယောက်ျား အရင့်အမာကြီးပါကွ ချီးထဲမှပဲ..ဥာဏ်ထက်က သလ္လာရပ်ကွက်မှာနေသည်..ကျနော်က
နန္ဒ၀န်ရပ်ကွက်ဆိုတော့ ဆက်
လျှောက်ရဦးမည်...
ဂစ်တာတီးတဲ့ကျောင်းသားဆိုင်ကယ်တွေနဲ့ အခြားဆိုင်ကယ် စက်ဘီးတစ်စီးနှစ်စီး ဖြတ်သွားကြတာကလွဲလျှင်
ကျောက္ကာလမ်းမကြီးသည် တိတ်ဆိတ်နေ၏။ဇောတိကကျောင်းရှေ့နားက
အလင်းဆိုင်တွေမှာတော့ လူစည်ကားနေပါသေးသည်။
တချက်ချက် ထထညာတဲ့ ဘောလုံးပွဲရုံတွေက အသံတွေကတော့ မကြခဏ လွင့်လာတတ်သည်။ည အမှောင်အောက်မှာ
ကျောက္ကာ
လမ်းဘေးက တမာပင်ကြီးတွေက ထိုးထိုးထောင်ထောင် မတ်တပ်ကြီးတွေ အိပ်ပျော်နေကြသည် ထင်ရဲ့.....
ငယ်ငယ်လေးကတည်းက ဖြတ်သန်းကျင်လည်ခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့
အမြဲစည်ကားနေတတ်တဲ့ ကျောက်က္ကာလမ်း...
မ နဲ့အတူ သွားခဲ့ကြသည့် ကျောက္ကာရွာ ရွှေဂူနီဘုရားနဲ့
ထန်းဇလုပ်ချောင်း၊အလုံလမ်းထွက်ဘက်က ချင်းတွင်းတံတားကြီးနဲ့
ရွှေတောင်ဦးစေတီ၊ မန္တလေးလမ်းထွက်ကနေသွားရတဲ့ မြေနဲရွာလေးနားက
တန်ခိုးကြီးသမ္ဗုဒ္ဓေဘုရားနဲ့ ဗောဓိတစ်ထောင်၊
ချင်းတွင်းမြစ်ဟိုတစ်ဖက်ကမ်းကနေ သွားရတဲ့ ဖိုးဝင်တောင်၊
ညတိုင်းသွားဖြစ်ကြတဲ့ မြို့လယ်က ရွှေစည်းခုံနဲ့ ဆုတောင်းပြည့်ဘုရား
...ဆောင်းညတွေမှာ အတူခံစားဖူးတဲ့ ချင်းတွင်းမြစ်ကြီးဆီက ဖြတ်လာတဲ့
လေညင်းကလေးတွေ..အားလုံးဟာ ကျနော်အတွက်
လွမ်းစရာတွေပါပဲ..ခုတော့ ဒါတွေကျနော်ထားခဲ့ ရတော့မည်....
အောင်သပြေလမ်းကလေးကိုရောက်လာပြီ မ တို့အိမ်ဘက် လျှောက်လာခဲ့သည်။မ က
စာအုပ်ဖတ်ရင်း ကျနော့်ကို စောင့်နေရှာပါသည်။မီးရောင်အောက်မှာ အိနြေ္ဒရစွာ
လှပနေတဲ့ မ ကို ငေးကြည့်နေရင်း ကျနော် မဝေးခင်က ဆွေးနှင့်နေပါပြီ
ချစ်စရာကောင်းတဲ့ မ ရယ် ကျနော် ခွဲမသွားချင်ဘူးဗျာ.. ဒါပေမယ့် ဘယ်လိုမှ
မနီးနိုင်တဲ့ ဘ၀ပါ..
ကျနော် မ တို့အိမ်ရဲ့ ၀င်းတံခါးပေါက်ကြီးနားကနေ မ ကို လှမ်းအသံပေးလိုက်သည်။
သြော် ကိုယ်တော်လေး ပေါ်လာသေးတယ်နော်..လာ ၀င်လေ..
မ၀င်တော့ဘူး မ
အတင်းညနက်နေပြီ..မကိုပေးစရာရှိလို့....အောင်မယ်ထူးထူးဆန်းဆန်း မတွေ့ရတဲ့
လူတွေကျနေတာပဲ..
ပြောစမ်းနင် အရက်တွေသောက်လာတယ် မဟုတ်လား..ဘီယာလေး နည်းနည်း
သောက်လာတာပါဗျာ..
ဘာဖြစ်ဖြစ် ငါမကြိုက်ဘူးလို့ ပြောထားတယ်မဟုတ်လား ...
နောက်မသောက်တော့ပါဘူး မ ရယ်..ပြော ဘာပေးစရာရှိလဲ...
ကျနော်ခံစားချက်ကဗျာလေးတွေပါ..အရင်တုန်းကဖတ်ချင်လို့ ပေးဖတ်ပါဆိုတော့
ရှက်သလေးဘာလေးနဲ့ ခုမှ ဘာအရူးထတာလဲ..
ဟုတ်တယ်ဗျ ခုမှ အရူးထနေလို့ ..ကျနော် ပြန်တော့မယ် မေမေ စောင့်နေေ၇ာမယ်...
ဟုတ်ကဲ့ အရူးလေး ကောင်းကောင်းပြန်နော် ....
မ မျက်နှာလေးကို တစ်သက်စာ အ၀ကြည့်လိုက်ပါသည်..တကယ်ဝေးကြပြီမရယ်......
အိမ်ရောက်တော့ မီးရောင်လင်းနေသေးသည်.မေမေ မအိပသေးဘူးထင်ရဲ့...တံခါးကို
အသာဖွင့်ဝင်ခဲ့သည်။
အိမ်ရှေ့မှာ နှင်းဆီပင်လေးတွေ၊ရွက်လှပင်လေးတွေ၊kiss me quick
ပန်းပင်ကလေးတွေ သူတို့သခင်က သူတို့ကို စွန့်ခွာသွားတော့မှာကို
မသိလေရော့သလား အိပ်မောကျနေကြသည်...သားရယ်နောက်ကျလိုက်တာ
မနက်ခရီးသွားရမှာကို
ပင်ပန်းမှာပေါ့ သားရယ် ..ဥာဏ်ထက်နဲ့ စကားကောင်းနေလို့ပါမေမေ
သားဘီယာနည်းနည်းသောက်ခဲ့သေးတယ်..
အေးအေး နောက်မသောက်ပါနဲ့ကွယ်..ကဲကဲ အိပ်တော့..တညလုံးအိပ်မပျော်..မ အကြောင်းတွေ တွေးနေမိသည်..
မနက် အားလုံးကိုနှုတ်ဆက်ပြီး ဥာဏ်ထက်ဆိုင်ကယ်နဲ့
ကားကွင်းကိုထွက်ခဲ့သည်..မေမေကတော့ တခါမှမခွဲဘူးလို့ တတွတ်တွတ်မှာရင်း
ငိုနေ၍ မနည်းချော့ခဲ့ရသေးသည်...ဖေဖေကတော့ ကိုယ့်ဘ၀ကိုထိမ်းကျောင်းပြီး
တိုးတက်လမ်းရှာဖို့ ပြောနေပေမယ့် သူလည်းမျက်နှာ မကောင်းပါ..
ကဲ..ကောင်ကြီး..သွားပြီဟေ့..ငါ ရန်ကုန်ရောက်ရင်
မင်းဆီဖုန်းဆက်မယ်..မမနှင်းဆီမေးရင် ဘယ်လိုဖြေရမှာလည်း..
ထားလိုက်ပါကွာ..သွားပြီ..ကားစထွက်ပြီမို့ ဥာဏ်ထက်တစ်ယောက်
လက်တယမ်းယမ်းကျန်ခဲ့သည်...
မုံရွာမြို့မှနှုတ်ခွန်းဆက်ပါ၏...မြို့ကလေးသည် တဖြည်းဖြည်းဝေး၍
ကျန်ခဲ့ပါပြီ...မြေနဲရောက်တော့ နောက်ဆုံးနှစ်မှာတက်ခဲ့ရသည့်
မုံရွာနည်းပညာတက္ကသိုလ်ကြီးကို လှမ်းပြီးနှုတ်ဆက်ရင်း
တန်ခိုးကြီးသမ္ဗုဒ္ဓေဘုရားနဲ့ ဗောဓိတစ်ထောင်ဘုရားတွေကို ကန်တော့မိသည်...
မြို့လေးနဲ့အတူ မ ဟာ ကျနော်နဲ့တဖြည်းဝေးခဲ့ပါပြီ...အစကတည်းက ကျနော်ဟာမနဲ့
အဝေးကြီးပါပဲ
ကျနော့် အတွက်တော့ မ ဟာ ဟိုးကောင်ကင်က ငွေလမင်းကြီးရဲ့ ရင်ခွင်ထဲက
တော်ဝင်ပန်းကလေးတပွင့်ပါ...မ ကိုချစ်တဲ့ အချစ်တွေကို မေ့သွားတဲ့ထိ ကျနော် မ
ရဲ့ အဝေးဆုံးကို လွင့်သွားချင်တယ်....
နှုတ်ဆက်ခဲ့ပါတယ် မ ရယ်..

ရွှင်လန်းချမ်းမြေ့ကြပါစေ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment