Thursday, September 30, 2010

မြစ်တစ်စင်းရဲ့ပြောင်းပြန်စီးသံ..

လောကကြီးတွင် လူအမျိုးမျိုး ဘ၀အဖုံဖုံ ရှိလေသည်။
ကတ္တရာလမ်းပေါ်မှာ နောက်ဆုံးပေါ်ကားတ၀ီဝီနဲ့ သွားလာနိုင်တဲ့ လူတွေရှိသလိုတရက်ထမင်းစားဖို့
အတွက် တရက်လုံးရုံးကန်လှုပ်ရှားကြရတဲ့ လူတွေလဲ ရှိရဲ့....
ဟောတယ်ကြီးတွေမှာ အကောင်းစားတွေ စားနိုင်တဲ့ လူတွေရှိသလို ထမင်းနပ်မှန်အောင် မစားရရှာပဲ
ငတ်ပြတ်နေတဲ့ လူတွေလည်းရှိရဲ့..
ဆင်းရဲသားတွေက လူကုံတန်တွေကို မုဒိတာ မပွားနိုင်ကြသလိုလူကုံတန်တွေကလည်း ဆင်းရဲသားလူတန်းစားတွေရဲ့ဘ၀တွေကို
နားလည်မပေးနိုင်ကြ...သံဝေဂရဖွယ်ကောင်းလှ၏။
လောကကြီးသည် တစုံတခု မှားယွင်းနေသည်ဟု ကျနော်ခံစားမိပါသည်။
အင်း..မတွေးတာပဲကောင်းပါတယ်..
ှိဗိုက်ထဲကတကြုတ်ကြုတ်နဲ့ ဆန္ဒပြနေပြီ ..တမနက်ခင်းလုံး ဘာမှမသွင်းရသေး..လမ်းထိပ်သွားပြီး
မုန့်ဟင်းခါးသွားစားတာပဲ ကောင်းလိမ့်မည်ထင်ရဲ့...အ၀တ်စားလဲပြီး လမ်းထိပ်ထွက်ခဲ့ပါသည်။
ဟေးထက်ခိုင်လေး ခုမှအိပ်ယာက နိုးတာလား..
မုန့်ဟင်းခါးဆိုင်ပိုင်ရှင် အမအေးမေက နှုတ်ဆက်ပါသည်။
ဟုတ်ကဲ့အမ ညက စာဖတ်တာညနက်သွားလို့ခင်ဗျ..
အတော်ပဲ နင်ကြိုက်တဲ့ နန်းကြီးသုတ် ကျန်သေးတယ်..အမချဉ်ငံစပ်ကလေး သုပ်ပေးမယ်
...နှစ်ပွဲစာလောက်ရှိတယ် ငါ့မောင် အ၀သာ စားသွားပေတော့..ဟာ အမ ကျနော် နှစ်ပွဲဖိုး
ပေးပါ့မယ်..ကဲကိုယ်တော်လေး ကြောရှည်မနေနဲ့...အမကစေတနာရှိတဲ့သူကိုပဲကျွေးတာ...
အမကလေးတွေကို စာအလကား သင်ပေးတာကိုပဲ အမက ကျေးဇူးတင်နေတာပါကွယ်..
အမကလေးတွေကို ငါ့မောင်လို လူတော်လေးတွေဖြစ်စေချင်တာ..
သူတို့နားဝင်အောင်ဆုံးမပေးပါဦးနော် ..ကလေးတွေက မင်းစကားဆိုနားထောင်တယ်..ပြီးတော့
မင်းကိုလည်း ချစ်ကြတယ်လေ...ဟူတ်ကဲ့ပါတယ်အမရယ် ကျနော်က အမပြောလောက်အောင်မတော်ပါဘူး
စာအုပ်တွေဖတ်ထားလို့ နည်းနည်းပါးပါးပဲ သိတာပါ..
မင်အကြောင်းခရစေ့တွင်းကျမသိပေမယ့် မိဘကိုလုပကျွေးနေတဲ့ ခေတ်ပညာတတ်လေးတစ်ယောက်ဆိုတာ
အမကြားမိပါတယ်..ငါ့မောင်ကြီးပွားချမ်းသာဦးမှာပါ..အမတို့ကတော့ ကိုယ့်အပူနဲ့ကိုယ် တနှစ်တခါ သီတင်းကျွတ်
မှပဲ မိဘအိမ်ရောက်ဖြစ်တော့တယ်..အိမ်ထောင်ကျသွားပြီဆိုတော့ မလွယ်ပါဘူးကွယ်...
သြော် အမတို့မှာလဲ သားတွေသမီးတွေနဲ့ဆိုတော့ ဘယ်လွယ်မှာလဲဗျာ..ကျနော်တောင်
လူလွတ်မို့
ထောက်ပံ့နိုင်တာ.ဒါတောင် အနီးကပ်မပြုစုနိုင်ပါဘူးဗျာ..
ကဲ..အမရေ စားလို့လဲဝပြီကျေးဇူးပါဗျာ နေ့လည်စာတောင် စားနိုင်မယ်
မထင်တော့ဘူး..ကျနော်လည်း
ပြန်လိုက်ဦးမယ်..ကောင်လေး မင်းလည်းမငယ်တော့ဘူး မိန်းမလေးဘာလေးယူဖို့စဉ်းစားဦးလေ..
အမရှာပေးရဦးမှာလား..စောပါသေးတယ် အမရယ် ခုမကလေးရှိသေးတယ် ..ကဲသွားပြီဗျို့..
ပျင်းပျင်းရှိတာနဲ့ အိမ်တန်းမပြန်သေးဘဲ ကိုဝင်းဇော်ဆိုင်ဘက်ထွက်ခဲ့သည်။
ကိုဝင်းဇောကြီး အလုပ်တွေရှုတ်နေလားဗျ...ဟာထက်ခိုင်လာဟေ့..မရှုတ်ပါဘူးကွာတီဗွီတလုံးနဲ့
ကက်ဆက်အိုလေးတစ်လုံးပဲရှိတာပါ..မင်းလာတာနဲ့ အတော်ပဲ ငါလည်းပျင်းနေတာဆိုတော့
စကားပြောဖော်ရတာပေါ့..ဟုတ်တယ် ကျနော်လည်းပိတ်ရက်ဆိုတော့ ပျင်းတာနဲ့..မြို့ထဲလည်း
မသွားချင်လို့ဗျာ...
အကိုတို့ရပ်ကွက်လေးထဲမှာနေရတာ အဆင်ပြေရဲ့လား ညီ..အကို့အိမ်လေးကကျဉ်းလို့ ညီ့ကိုအားနာနေတာ..
ကျနော်ကတယောက်ထဲသမားပဲအကိုရယ် အဆင်ပြေပါတယ်..ပြီးတော့ အကိုနဲ့မမယမင်းနဲ့က မိသားစုလိုဆိုတော့
ကျနော်နေရတာ ပျော်ပါတယ်..ဒါနဲ့ မင်းမိဘတွေဆီရော ဖုန်းဆက်ဖြစ်လား...ဟုတ်ကဲ့အကို မနေ့ကပဲ
ကျနော်ဆက်ပြီးပြီ အမေက တလတခါဖုန်းမဆက်ရင် စိတ်ပူတယ်လေ..ညီလေးနဲ့ညီမလေးကတော့
စာမေးပွဲနီးလို့ စားကြိုးစားနေကြတယ်လို့ ပြောတာပဲ..အဖေက သူကိုယ်တိုင် ပညာမသင်ခဲ့ရရှာတော့
ကျနော်တို့မောင်နှမတွေကို ပညာတတ်တွေ ဖြစ်စေချင်တာ...မိဘဆိုတာ ဒီလိုပဲ မင်းမိဘတွေေ၇ာ နေကောင်းကြ၇ဲ့
မဟုတ်လား...ကောင်းကြေပါတယ်ဗျာ..အမေကလည်းပြန်လာခဲ့ဦးလို့မှာနေတယ် ..ဒီတခါသီတင်းကျွတ်မှ ကန်တော့
ရင်းပြန်တော့မယ်ဗျာ..အေးကွာ မင်းလိုသားလိမ္မာလေးရှိတော့ မိဘတွေ စိတ်ချမ်းသာရတာပေါ့..
စကားသံတွေကြားရတော့ ထက်ခိုင်ရောက်နေတယ်လို့ အမထင်သားပဲ..ကဲစကားပြောရင်းစားကြဦး..
အမရေနွေးကြမ်းနဲ့ လက္ဖက်သုပ်လာတယ်..င့ါမောင်တောင် တနေ့တခြားချောလာတယ်...
တကယ်လာဗျာ ကျနော်တောင်ရှက်လာပြီ..မုန့်ဝယ်ကျွေးရဦးမယ် အမကို..ဟား..ဟား...
မောင်နော် ကလေးကို ဘာမဟုတ်တာတွေ သင်ပေးနေတာလဲ..မိန်းမကလည်းက ရမ်းပြီးစွတ်စွဲနေတော့ပဲ
ခုပဲငါ့ညီနဲ့ စကားအကောင်းပြောနေကြတာပါကွာ..ဟော ကလေးငိုနေပြီ
သွားလိုက်ဦးမယ်တော်ရေ...ခဏကြာတော့
မမယမင်း၏ မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ ပါ အစရှိတဲ့ ကလေးချော့သံကလေး လွင့်လာပါသည်။
ငါ့ညီရာ ကိုယ်တိုင်မိဘဖြစ်မှပဲ အကိုလည်းမိဘမေတ္တာကို နားလည်တော့တယ်..ငါ့ညီလို
လူပျိုလူလွတ်မဟုတ်တော့
စိတ်ရှိတိုင်း မဟုတ်တော့ဘူးပေါ့ကွာ..တတ်နိုင်သလောက်တော့ ခဏခဏ သွားပြီးကန်တော့ဖြစ်ပါတယ်...
မိဘမေတ္တာဆိုတာ အင်မတန်ကြီးမားတာကွ ..သူတို့ ကျွေးမွေးပြုစုခဲ့တဲ့ကျေးဇူးမပြောနဲ့
မွေးခဲ့ကျေးဇူးကို
ဆပ်လို့ မကုန်နိုင်ပါဘူး..တို့ဘုရားတောင် နို့တလုံးဖိုးပဲ ကြေတယ်လို့ ဆိုခဲ့ကြတာပဲလေ..
ဟုတ်တယ်ဗျ မိခင်တယောက်အနေနဲ့ ကလေးတစ်ယောက်ကို မွေးဖို့ တကယ်မလွယ်ဘူး
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ သင်္ချိုင်းကိုတစ်ရက် သုံးခါမျက်စောင်းထိုးကြရတယ်လို့ ကျနော့်အဖွား
ပြောတာကြားဖူးတယ်.
ငါ့မောင်ရယ် အဲဒါတင် ဘယ်ကမလဲ ....မမယမင်းလည်း ကလေးပွေ့ရင်း ကျနော်တို့ စကားဝိုင်းထဲ
ရောက်လာသည်။
ပဋိသန္ဓေစတည်ပြီဆိုကတည်းက အထီးလေး အမလေးမှန်းမသိရသေးဘဲ အမတို့မှာချစ်လိုက်ရတာ..
ဗိုက်ထဲကကလေး ဒုက္ခရောက်မှာစိုးလို့ အပူ၊အစပ်၊အအေး..အစားအသောက် အနေအထိုင် ရေချိုးတာကအစ
အစစအရာရာ ဂရုစိုက်ရတာ အရမ်းပဲ..အလေးအပင်လည်းမမရဲဘူး၊ကုံးလိုက်ကွလိုက် မလုပ်ရဲဘူး
အထဲကကလေး ကျန်းမာရေးကောင်းအောင် လမ်းလျှောက်ပေးရတာလည်း ခဏခဏ ..၉လလုံးလုံး
လွယ်ထားရတာတောင်
အမမှာ သားလေးကို ချစ်တဲ့စိတ်နဲ့ လေးတယ်လို့ မထင်မိဘူး..မွေးတော့လည်း သေလောက်အောင် ဝေဒနာတွေ
ခံစားလိုက်ရတာ သားလေးမျက်နှာလေးလဲမြင်ရော မောတာပမ်းတာတွေ အကုန်မေ့ သွားတာပါပဲ..အဲဒီတော့မှ

သြော် အမေ့တုန်းကလည်း ဒီလိုခံစားခဲ့ရမှာပါလားလို့ ပြန်တွေးပြီး မိဘကျေးဇူးကို ပိုပြီးနားလည်ခဲ့ရတယ် ငါ့မောင်ရေ.
မမယမင်း အမေက ခေါင်းလျှော်ရေ၀ယ်ခိုင်းလိုက်လို့..
မိန်းမရေ ပူးစူးဈေးလာဝယ်နေတယ် သွားလိုက်ပါဦးကွာ...မင်းအမကတော့ ကလေးအကြောင်းပြောရရင်တော့
မမောနိုင်ဘူးဟေ့.အေးဗျာ လူသားတစ်ယောက်ဖြစ်လာဖို့ မလွယ်ဘူးနော်...
အေးပေါ့ကွာ အဲဒါကြောင့် မြင့်မိုရ်တောင်ဦး မကကျူးသား ကျေးဇူးကြီးလှ မိနဲ့ဖ ဆိုသလို
မြတ်စွာဘုရားရှင်က
မိဘကျေးဇူးဟာ မြင့်မိုရ်မက ကြီးမားတယ်လို့ ဟောကြားခဲ့တာပေါ့.
မိဘကမွေးပြီး စွန့်ပစ်ခဲ့တယ်ဆိုရင်တောင် တို့အနေနဲ့ မွေးကျေးဇူးကိုဆပ်သင့်တယ်..မကျွေးခဲ့ဘူးဆိုပေမယ့်
အသက်နဲ့ ရင်းပြီးမွေးခဲ့ရရှာတာပါကွာ.....လူလားမြောက်အောင်ပြုစုပျိုးထောင်ပေးတဲ့
မိဘတွေဆိုရင်တော့ ပြောစရာမလိုတော့ဘူးပေါ့ကွာ..
ဟုတ်တယ်ဗျ...တချို့ဆိုရင် မိဘမကောင်းဘူးဆိုပြီး ပစ်ထားကြတယ်...ကျနော်သူငယ်ချင်းတစ်ယောက်ဆိုရင် သူ့အမေကြောင့်
သူတို့အိမ်စီးပွားပျက်ရတယ်ဆိုပြီး သူ့အမေနဲ့ စကားမပြောဘူးတဲ့ဗျာ..နောက်သူငယ်ချင်းတစ်ယောက်ကတော့ သူ့အမေက
သူ့ကို ငယ်ငယ်လေးတုန်းက ကြိုးနဲ့ တုတ်ပြီးရိုက်လို့ ခုထိစိတ်နာတုန်းပဲတဲ့
..ကြားရတာ စိတ်မကောင်းဘူးဗျာ တကယ်..
မိဘဆိုရင် ပြည့်တန်ဆာမကြီးပဲဖြစ်ဖြစ်၊သူတောင်းစားပဲဖြစ်ဖြစ်၊သူခိုးဓားပြကြီးပဲဖြစ်ဖြစ်မိဘဟာ
မိဘပဲ ငါ့ညီရ
ဟုတ်တယ် အကို အဲဒီလိုသူငယ်ချင်းတွေတွေတွေ့တိုင်း ကျနော့် မှာရှင်းပြရတယ်..သူတို့ကို ငရဲမကြီးစေချင်ဘူးဗျာ...
မိဘလမ်းမှားနေရင်တောင် လမ်းမှန်ရောက်အောင် သတိပေးရမယ်..အတွေးအခေါ်တွေမှားနေရင်လည်း
ပြင်ပေးရမယ်...ဖြစ်နိုင်ရင် နိဗ္ဗာန်ထိ ရောက်အောင် ကျေးဇူးဆပ်သင့်တာကွ..
မိဘကရိုက်နှက်တယ်ဆိုတာကလဲ ကလေးကဆိုးမှ မလုပ်သင့်တာလုပ်မှပါဗျာ..သားသမီးတွေကို ကောင်းစေချင်လွန်းလို့

မဖြစ်သင့်တာ မဖြစ်ရအောင် စေတနာ၊ဂရုဏာဒေါသောနဲ့ ဆုံးမကြတာပါ..အတွေးအခေါ်ဗဟုသုတအပေါ်မူတည်ပြီး
ဆုံးမပုံ ဆုံးမနည်းချင်းမတူပေကြမယ့် သားသမီးတွေအပေါ်ထားကြတဲ့ မိဘတိုင်းရဲ့
မေတ္တာစေတနာတွေကတော့ ပမာဏ
အတူတူပဲလို့ ကျနော်ကတော့ ယူဆတယ်.
အိုးထိမ်းသည်တွေက အိုးလုပ်တဲ့အခါ အိုးကောင်းရအောင် အိုးလုပ်တဲ့ရွှံ့ကို ပုံသွင်းပြီး
နာနာလေးရိုက်ပေးရသလိုပေါ့ကွာ..
မိဘတွေဟာ လက်ဦးဆရာတွေပဲ..ကလေးတယောက်လမ်းလျှောက်တတ်၊စကားပြောတတ်၊ထမင်းစားတတ်အောင်ကအစ
အန္တဖြစ်မဲ့ကိစ္စတွေ မလုပ်ရအောင် ချော့တခါခြောက်တလှည့် ဆုံးမသွန်သင်ကြရတာ..ပြီးမှ ကျောင်းနေတဲ့
အရွယ်ကျမှ
ဆရာတွေလက်ထဲရောက်ရတာလေ..
မိဘတိုင်းဟာ သားသမီးတွေကို သူ့တို့တော်စေချင်တယ်၊တတ်စေချင်တယ်၊ကြီးပွားစေချင်ကြတယ်
ဆရာတွေနဲ့တောင်စိတ်ချတာ
မဟုတ်ဘူး ဖြစ်နိုင်ရင် သူတို့ကိုယ်တိုင်တာ အကုန်သင်ပေးချင်ကြတာဗျ..
အဲဒါတင်ဘယ်ကမလဲ သားသမီးအတွက်ဆိုရင် သူတို့တတ်နိုင်သမျှ အကောင်းဆုံးတွေ လုပ်ပေးချင်ကြတာ.
ထမင်းစားရင်လည်း သူတို့က အရိုးအရင်းစားပြီး သားကို အသားတုံးကျွေးတယ်..သူတို့ ဖြစ်သလို
ဝတ်ကြပေမယ့်
သားသမီးတွေကို ဈေးကြီးတာတွေဝယ်ပေးချင်ကြတာ...သားသမီးတွေကို မျက်နှာမငယ်စေချင်ဘူး..
ကျောင်းတက်တဲ့ အရွယ်ရောက်တော့ သူများ ကျူရှင်ဆိုကျူရှင်၊သူများစက်ဘီးဆို စက်ဘီး၊ဟောတက္ကသိုလ်ရောက်ပြန်တော့ `
သူများ ဆိုင်ကယ်ဆိုလည်းဆိုင်ကယ်၊ကားဝယ်ပေးနိုင်တဲ့မိဘက ကား မိဘတွေမှာ
ဖတ်ဖတ်ကိုမောနေတာပါပဲ ....
ကျနော်ကတော့ မိဘရဲ့ မေတ္တာတရားကိုလေးစားတယ်..သူတို့ရဲ့ မျှော်လင့်ခြင်းမဲ့ ပေးဆပ်ခြင်းဆိုတဲ့
စိတ်ဓာတ်ဟာလဲ
မိဘတွေဆီမှာပဲတွေ့ နိုင်တယ်..
ဟုတ်တယ်ငါ့ညီရ မိဘမေတ္တာကို အကိုတို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေက ပို
ပြီးနားလည်ကြတယ်...အနောက်နိုင်ငံတွေမှာတော့
၁၈နှစ်ပြည့်ရင် ကလေးတွေက ကိုယ့်တာဝန်ကို ယူ၊ကိုယ့်ဝမ်းကို ကျောင်းကြရတယ်...သားသမီးကလဲ
မိဘကိုလေးစားရမှန်း
ကျေးဇူးဆပ်ရကောင်းမှန်းမသိကြဘူးတဲ့..တစ်ခါတလေ မိဘကဆုံးမတာလွန်သွားရင်တောင် မိဘကို တရားပြန်စွဲကြတယ်
ဆိုပဲ..အိုကြီးအိုမတွေခမျာ သားသမီးက စွန့်ပစ်ထားတဲ့အထဲ စုဆောင်းထားတာလည်းမရှိကြတော့ ကြုံရာ
အမှိုက်လှဲ၊
ပန်းကန်ဆေး လုပ်နေကြရတယ်လို့ ဟိုနေ့က ဂျာနယ်တစ်စောင်ထဲမှာ ဖတ်လိုက်ရတယ်...စိတ်မကောင်း စရာပဲကွာ....
ဗုဒ္ဓဘာနိုင်ငံဖြစ်ရတာလဲ ဂုဏ်ယူစရာကောင်းပါတယ်ဗျာ.ကျနော်တို့နိုင်ငံက ဘိုးဘွားတွေကတော့
အသက်ကြီးလာရင် ဘုရား
သွားကျောင်းတက်လုပ်နိုင်ကြတယ်။သားသမီးတွေကလည်း စောင့်လျှောက်ကြတာကိုတွေ့ရတယ့် အဲင်္ဒီယဉ်ကျေးမှုလေးဟာ
ချစ်စရာကောင်းပါလားလို့ ခံစားရတယ်ငါ့ညီရာ..
ဟုတ်တယ်အကို ဒါပေမယ့် ခုနည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးမှာ လူငယ်တွေဟာ
လူကြီးမိဘတွေကို အရှုတ်လို့ထင်
လာကြတာတွေ့ရတယ်.တချို့ခေတ်လူငယ်တွေဟာ
သိပ်မသိတတ်ချင်ကြတော့ဘူး။တချို့ငွေကြေတတ်နိုင်တဲ့သူတွေဆိုရင်
မိဘတွေကို ဘိုးဘွားရိပ်သာ ပို့ပြီး မျက်နှာလွဲခဲပစ် လုပ်လာကြတာကိုလည်း
ကြားနေရတယ်..အနာဂတ် ဘိုးဘွားတွေအတွက်
ရင်လေးစရာပါပဲဗျာသန္ဓေတည်ချိန်ကစပြီး ဘွဲ့ရတဲ့ထိ
ကျွေးမွေးစောင့်လျှောက်ခဲ့တဲ့ မိဘတွေကို ထမင်းတလုပ်တောင် မသထာ
ကြတာ အံသြမိပါရဲ့..
အေးပေါ့ညီရာ ငယ်ငယ်ကချီးမရှောင်သေးမရှောင် ပြုစုခဲ့တဲ့မိဘကို
အိုချိန်နာချိန်ကမှ မစွန့်ပစ်သင့်ပါဘူး..
အကိုရယ် လူသန်းပေါင်းများစွာထဲမှာ
ဒီလိုဆိုးယုတ်တဲ့သူတွေကတော့ရှိနေကြဦးမှာပဲ.အဆိုးနဲ့အကောင်းဟာ
အမြဲဒွန်တွဲနေတယ်
လို့ ကျနော်တို့ ဗုဒ္ဓမြတ်စွာကတောင် ဟောကြားခဲ့သေးတာပဲလေ..၀တ်ကြွေးတွေလို့
ပြောရမလားပဲ..ပြုသူအသစ် ဖြစ်သူအဟောင်း
ပေါ့ဗျာ..ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာပီပီ မိဘကျေးဇူးကိုတော့ ဆပ်ရကောင်းမှန်း
သိသင့်ကြတာပေါ့...
မဆပ်နိုင်ဘူးဆိုရင်တောင် ကျေးဇူးတော့ မကန်းသင့်ပါဘူး
လူ့ကျင့်ဝတ်၊ဘာသာရေးယဉ်ကျေးမှု စတဲ့ အသိတရားတွေကြွယ်ဝအောင်
ကလေးတွေရဲ့အသည်းနှလုံးထဲစွဲနေအောင်
ငယ်စဉ်ကတည်းက သင်ကြားဆုံးမထားသင့်တယ်လို့ အကိုထင်တယ်.ခုဟာက စကားတတ်တာနဲ့
ကျောင်းနဲ့ကျူရှင် ပြေးနေရတဲ့
ခေတ်ဆိုတော့ကလေးတွေဟာဘာသာရေးအသိ၊ရိုးရာယဉ်ကျေးမှုလူ့ဝတ္တရားတွေနဲ့အလှမ်းဝေးနေကြတယ်
လူငယ်တွေရဲ့စိတ်ဓာတ်တွေ ပျက်စီးရတာ လူကြီးတွေရဲ့
ဆုံးမမှုညံ့ဖျင်းခဲ့တာတွေကြောင့်လည်း ပါတယ်..
ယနေ့လူငယ်တွေဟာ အနာဂတ်ရဲ့ ဗိသုကာတွေပဲ အကို..သူတို့လေးတွေရဲ့
စိတ်ဓာတ်တွေပျက်ပြားနေရင်
နောက်သူတို့ရဲ့မျိုးဆက်တွေဟာ မတွေးဝံ့စရာပါပဲ..
အင်း...မင်းပြောတာမှန်တယ် အကိုတို့ ဗုဒ္ဓဘုရားဟောကြားခဲ့တဲ့ မင်္ဂလာတရား ၃၈
ပါးကို ကလေးတွေကို ငယ်တုန်းမှာသင်ကြားပေး
သင့်တယ်.ဒီတရားတွေဟာ လောကီအတွက်ရော လောကုတ္တရာအတွက်ပါ တကယ် အကျိုးရှိတဲ့
တရားတွေပဲ
လူဆိုတာပညာတွေ အရမ်းတတ်နေရုံနဲ့ မပြီးဘူး
လူ့ဝတ္တရားတွေကို တတ်သိကျေပွန်ပြီး လူသားဆန်ဖို့လည်းလိုတယ်..
ဒါမှလူတော်လူကောင်းတွေဖြစ်လာကြမယ်.လူတော်တွေတော့ရှိတယ်
လူကောင်းတွေမဟုတ်ကြဘူးဆိုရင် မိသားစုတစ်ခု၊
မြို့ရွာတစ်ခု၊တိုင်းပြည်တစ်ခုဟာ ဘယ်လို အေးချမ်းသာယာပြီး တိုးတက်မှာ မဟုတ်ဘူး
ဟုတ်တယ်အကို လောကကြီးက စုန်ရေလိုစုန်ဆင်းတတ်တဲ့ သဘောရှိတယ်..မိဘရဲ့
ကျေးဇူးသူတပါးရဲ့ကျေးဇူးတွေအတွက် ပြောင်း
ပြန် ပြန်လည်စီးဆင်းပေးဖို့ ခက်ခဲတယ်. အဲဒီလို ပြောင်းပြန်စီးဆင်းပေးမယ့်
မြစ်တွေရဲ့ စီးဆင်းသံဟာ လောကကြီးကို
သာယာလှပစေတယ်ဆိုတာ လူတိုင်းခံစားနားလည်နိုင်ကြဖို့လိုတယ်..
ကဲ...ကိုယ်တော်တို့ ဘာတွေနားလည်ခံစားနေကြတာလည်း..၁၂
နာရီထိုးတော့မယ်..ထမင်းစားကြရအောင် ထက်ခိုက်လဲ တခါတည်း စားသွားနော်..
မရမ်းသီးထောင်း၊ငါးရံ့ခြောက်ကြော်၊ဘူးရွက်ဟင်းရည်နဲ့ မမယမင်းလက်ရာကစားလို့
အင်မတန်ကောင်းလှပါသည်။
ထမင်းဝိုင်းထဲမှာတော့ မြစ်တစ်စင်းရဲ့ ပြောင်းပြန်စီးသံဟာ သဲ့သဲ့လေး
ပြန့်လွင့်နေလေရဲ့...

ရွှင်လန်းချမ်းမြေ့ကြပါစေ..ကြိုးစားပါဦးမည်

သားထက် (မုံရွာနည်း ပညာတက္ကသိုလ်)

No comments:

Post a Comment