Thursday, September 30, 2010

အညာသားရဲ့တက္ကသိုလ်သွားတောလား


၂၀၀၁ ခုနှစ်ရဲ့ ဂျူလိုင်လ .........မိုးလေးတဖွဲဖွဲနဲ့ မိုးဦးကျဟာ အချိန်မှန်စွာ ရောက်ရှိလာခဲ့သည်။
“နယုန်မိုးသေး မြက်သားမွေး“ဆိုသလို မြက်ပင်လေးတွေလဲ ရွက်နုဝါလေးတွေနဲ့ လယ်ကန်သင်းတွေ၊
မြက်ခင်းတွေပေါ်ထွက်ပေါ်လာကြပြီပေါ့။တောင်သူဦးကြီးတွေလည်း လယ်ယာလုပ်ငန်းစဖို့ ပြင်ဆင်နေ
ကြပြီဖြစ်သည်။
တက္ကသိုလ်ဝင်တန်းအောင်ပြီးစဖြစ်သော ကျုပ်ကတော့ အိမ်အလုပ်လေး ဝိုင်းလုပ်ရင်း၊သူငယ်ချင်းတွေနဲ့
အချိန်ဖြုံးရင်း တက္ကသိုလ်တက်ဖို့ စောင့်နေချိန်လေ.....
ငယ်ငယ်လေးကတည်းက ဦးလေးတက်နေတဲ့ မန္တလေး နည်းပညာတက္ကသိုလ်ကြီးကို သူတို့ပြောတာနားထောင်ရင်း
အတွေးနဲ့မြင်ယောင် အားကျခဲ့ရဖူးသည်။
ဦးလေးမျိုး......ကျုပ်လည်း ကြီးရင် အဲဒီ (MIT)ဆိုတဲ့ မန္တလေး နည်းပညာတက္ကသိုလ်ကြီးကိုတက်မယ်ဗျာ....
နော်..ဦးလေးမျိုး...။
အေး..မင်းတက်ချင်ရင် ဆယ်တန်းမှာ ဂုဏ်ထူးတွေ အများကြီးရအောင် တအားကြိုးစားခွဲရမှာကွ။
ကျုပ်တအာကြိုးစားခွဲမယ်ဗျာ.....အဲဒီလိုနဲ့ အင်ဂျင်နီယာကျောင်းကြီးတက်ချင်တဲ့ စိတ်ကူးတွေနဲ့
ကျုပ်ငယ်လေးထဲက စာကြိုးစားခဲ့ပါသည်။ကျုပ်လဲ ဆယ်တန်းရောက်ရော ပညာရေးစနစ် ပြောင်းပြီး
နည်းပညာတက္ကသိုလ် အမှတ် လျော့ချခဲ့ပါသည်။ကောင်းတာလားဆိုးတာလားတော့မသိ။အရမ်းကြီး
အားစိုက်စရာမလိုတော့တဲ့အတွက် ကျုပ်ပျော်မိပါသည်။ကျုပ်မျှော်လင့်ခဲ့တဲ့ တက္ကသိုလ်ကိုလည်း
လွယ်ကူစွာ လျှောက်ခွင့် ရခဲ့ပါသည်။ဒါပေမယ့် အိပ်မက်ထဲက မန္တလေး နည်းပညာတက္ကသိုလ်ကြီးကို
တော့မဟုတ်၊မုံရွာနည်းပညာကောလိပ်(GTC)ကိုလျှောက်ခွင့် ရခဲ့တာဖြစ်သည်။
အရေးမကြီးပါဘူး အင်ဂျင်နီယာကျောင်းသားဖြစ်ဖို့က အဓိကပဲလေ...ဆိုပြီးကျောင်းကခေါ်စာကို
စောင့်နေခဲ့ပါသည်။မုံရွာဆိုတော့ ပိုအဆင်ပြေတာပေါ့ အမျိုးတွေလဲ ရှိတယ် ။ငယ်ငယ်ကတော့
တခေါက်ရောက်ဖူးသည်။ဒါပေမယ့် စိတ်ထဲမှာရေးတေးတေးပါပဲ..
ဟကောင်ကြီး..ဆယ်တန်းအောင်ပြီးပြီဆို...မြို့ကိုကျောင်းမတက်သေးဘူးလားကွ
သွားတက်ချင်တာ တပိုင်းကိုသေနေတာပါပဲဗျာ...ခေါ်စာမရသေးလို့..
ဒီပဲယင်းစာတိုက်က နောက်ကျပါတယ်ဗျာ..ကျောင်းဖွင့်နေပြီလို့ကြားတယ်။
အိမ်ကလည်းစာမရောက်သေးတော့ မသွားခိုင်းသေးဘူး..
ကောင်ကြီး..ကျောင်းတက်ရင်တော့ စာကြိုးစားကွာ..မိန်းမ မရှုပ်နဲ့အရက်မသောက်နဲ့ကွနော်..
ငါတို့တောင်သူလယ်သမားဆိုတာ ဖင်ထဲရွှံ့တစ်ပိဿာလောက်ဝင်မှ ထမင်းစားရတာကွ..
ကျုပ်သိပါတယ်ဗျ..ကိုကြီးအောင်မောင်းကလဲ..
ငါတို့ကတော့ ပညာမတတ်ပါဘူး ဒါပေမယ့် တို့ရွာက မများလှတဲ့ ပညာတတ်ကလေးတွေကိုတော့
မဆုံးရှုံးချင်ဘူးဟေ့...ဟုတ်ကဲ့ပါ ကိုကြီးအောင်မောင်းစကားတွေ ကျုပ်မှတ်ထားပါ့မယ်..
မြောက်ချောင်သွားပြီး ပေတိုးတို့နဲ့ ဘောသွားကန် လိုက်ဦးမယ်ဗျာ။
အေးအေး ပညာတွေတတ်ရင် ရွာကို မေ့မသွားနဲ့ကွာ နော
ဟုတ်...

ညီညီရေ စာတုက်က စာရောက်တယ်ဟေ့..မင်းကျောင်းသွားတက်ရတော့မယ်..
ဦးလေးမျိုးက လှမ်းအော်ပြောသည်။ရင်တွေတဆတ်ဆတ်ခုန်ပြီး ကြက်သီးတွေထလောက်အောင်
ကျုပ်ပျော်ပါသည်။ကျုပ်စိတ်ကူးတွေက ဇောင်းကလွတ်တဲ့မြင်းလို တခါမှ မရောက်ဖူသေးတဲ့
ကျောင်းတော်ကြိးဆီ စိတ်ကူးနဲ့ လွင့်လို့..။
ခေါ်စာကို ဖတ်ကြည့်သည်။စည်းကမ်းချက်တွေပြီးတော့ ကျောင်းလျှင် လိုအပ်မယ့် စာရွက်စာတမ်း
ထောက်ခံစာတွေယူခဲ့ဖို့..။ပြီးတော့ ကျောင်းဖွင့်ရက်စွဲ။
ဟာ..အမေ ကျောင်းဖွင့်တာ ၁ လ ရှိပြီဗျ ကျုပ် အမြန်သွားမှဖြစ်မယ်..အမေရ..
အေးပါကွယ် မင်းအဖေလာရင် ပြောတာပ..ငါ့သားအင်္ကျီအသစ်တွေချုပ်ပေးရဦးမယ်။
မလိုပါဘူး အမေရာမြို့မှာ စတိုးဆိုင်ကြီးတွေ ရှိသားပဲ နောက်ပြီးကျုပ် အင်္ကျီတေါကလည်း
အသစ်တွေ ရှိပါသေးတယ်.။သဘက်ခါသွားမယ်ဗျာ အမေနော်...ဖွင့်တာကြာပြီဆိုတော့ စာတွေ
နောက်ကျလှရောမယ် အမေရ..
အေးအေး အဲဒါဆိုယူရမယ့်ပစ္စည်းတွေကို မင်းဦးလေးနဲ့ တိုင်ပင်ပြီးထည့်ကြ။မနက်ဖြန်ကြတော့
မင်းသူငယ်ချင်း ဖိုးထောင်တို့ ပေတိုးတို့ နှုတ်ဆက်လိုက်ဦး..ဘကြီးတို့အဖွားတို့ပြီးတော့ မင်း
ဦးလေးတွေ အဒေါ်တွေလည်း ကန်တော့သွားဦး။ဟုတ်ကဲ့ပါ အမေရ..
မသွားညက တညလုံးအိပ်မပျော်..ဟိုတွေးဒီတွေး နဲ့ အင်းကျောင်းရောက်ရင် ဘယ်လိုနေမလဲ
ငါလူကြီးဖြစ်ပြီပဲ..။ည အိပ်မက်ထဲ ကျောင်းကိုရောက်သွားသည်။တယောက်မှမရှိကျောင်းကြီါ်က
တိတ်ဆိတ်လို့..။ကျောင်းပေါက်ဝမှာတော့ ဦးလေးကြီးတစ်ယောက် ရှိသည် ဦးလေးကြီး ဘာလို့တိတ်
ဆိတ်နေတာတုန်းဗျ..။ဟ ငါ့တူရ ဒီနေ့sunday လေ ကျောင်းပိတ်တယ်။ဟိုက်......

ဟဲ့...ကောင်လေး ထတော့လေ
ကားနောက်ကျနေဦးမယ်..။အမေလာနိုးလို့ နာရီကြည့်တော့ မနက် ၄ နာရီ ..ကျုပ်တို့ရွာကနေ မုံရွာသွား
ချင်လျှင် ရွှေဘိုမြို့ကတဆင့် သွားရသည်။ရွှေဘိုသွားဖို့ဆိုတာလဲ ရွာမှာကားမရှိဘူး ကားရှိတဲ့ရွာကို ၂ မိုင်ခွဲ
လောက်သွားရသေးသည်။ကြာထဲ မူးမြစ်ကကန့်လန့်ခံနေသေးတယ်..တံတားကလည်းမရှိဆိုတော့
ကျုပ်တို့ရွာလေးက လမ်းပန်းဆက်သွယ်ရေး ညံ့ချက်ကတော့ အတော်နာပါသည်။
အဖေက လှည်းနဲကလိုက်ပို့သည် ကျောင်းတက်ရမှာဆိုတော့ ကျုပ်မှာသေတ္တာတွေရော အထုပ်တွေရော
စုံစီနဖာပဲဗျာ..ကားဆီရောကအောင် လှည်းတတန်လှေတတန် သွားရသည်မှ မသက်သာလှ။
ဒါပေမယ့်ပျော်နေတာဆိုတော့ ကျုပ်မျက်နှာက လှည်းပေါ်မှာ ပြုံးပြုံးကြီး.....
ရွှေဘို .....ရွှေဘို..ရွှေဘို....
တက်ထား တက်ထား ကျုပ်တို့ကားက လက်ဦးကားနော်
နောက်ကျရင်တော့ အပေါက်ဝက တွယ်ရမယ်နော် ဟေးညီလေးကျောင်းသားလေး လာ ကိုကြီါ်တို့ကား
က နံပတ် ၁ ကားနော် ၇ နာရီထိုးတာနဲ့ထွက်မှာ..
အဒေါ်ကြီးအဲဒီခြင်းကြီးအမိုးပေါ်မတင်နဲ့လေဗျာ ငါးပိရေတွေက တခြားခရီးသည်တွေပေါ်ဖိတ်ကျကိနမယ်ဗျ။
ကားစထွက်ပါပြီ..အဖေသွားပြီဗျို့..အေးအေးး အစစအရာရာ အဖေစိတ်ချမယ်နော် ငါ့သား..
ထနောင်းပင်တွေ တဖက်တချက်ပေါက်နေတဲ့ ကတ္တရာလမ်းလေးအတိုင်း ကားက အအိအိ
စထွက်၏။ကျုပ်ကတော့ကားကို အမိုးပေါ်ကစီးရတာ သဘောကျသည်။အောက်မှာ လူနံ့၊ကလေးနံ့၊ချွေးနံ့တွေနဲ့
နာရီယက်မပြည့်ခင် အံထွက်နိုင်သည်။
ကားအမိုးပေါ်ကနေ ထနောင်ပင်တွေစီနေတဲ့ကတ္တရာလမ်းထဲတိုးဝင်သွာတာကိုကားစီးရင်း ကြည့်ရတာ
ပန်းချီကားထဲပြေးနေရသလို စိတ်ကူးယဉ်ဆန်လိုက်ပုံများ ဘယ်လိုပြောရမှန်းတောင်မသိ.။ရွှေဘိုနယ်တဝိုက်ဟာ
စပါးကိုအဓိကထားလုပ်သောကြောင့် လမ်းဘေးဝဲယာမျက်စိတဆုံး လယ်ကွင်းတွေကအပြည့်..။
ရေဖွေးဖွေးနဲ့ လယ်ကွင်းတွေထဲမှာလဲ ထွန်စက်နဲ့တမျိုး၊နွားနဲ့တဖုံ လယ်ထွန်ကြ၊ထယ်ထိုးကြနဲ့
မိုးဦးကျမို့ထင့် စည်ကားနေလေသည်။ဒီရှုခင်းတွေကတော့ ကျုပ်အတွက် ဘယ်တော့မှ
မရိုးနိုင်မယ့် ပန်းချီကားတွေပါပဲ။
ရွှေဘိုထိရောက်အောင် ၁နာရီ ၁၅ မိနစ်ခန့် ကားစီးရပါသည်။စောင်တန်းရွာ၊ဆိပ်ခွန်ရွာ၊ချီပါရွာတို့ကိုဖြတ်ရသည်။
ရက်ကန်းခတ်သောရွာတွေမို့ ရက်ကန်းခတ်သံတွေနံ့ ညံစီနေပါတော့သည်။ဆိပ်ခွန်ရွာကိုဖြတ်တော့ ငယ်ငယ်က
ဘုရားပွဲခဏခဏလာရသည့် အင်ကြင်းတောဘုရားနှင့် မဟယစည်ဆရာတော်ဘုရားကြီးကျောင်းစထိုင်ခဲ့သည့်
မဟာစည်ဝိပဿနာပင်ရင်း ကျောင်းတိုက်ကြီးကို သတိတရ လှမ်းမျှော်
ကန်တော့မိပါသည်။ချီပါရွာကိုဖြတ်တော့ စာအုပ်ထဲ ဖတ်ခဲ့ရဖူးသည့် စကားကြွယ်တဲ့
ချီပါသားတွေကို မြင်ယောင်မိပြန်၏။
ရွှေဘိုမြိုကို ဝင်ပြီဆိုရင်ပဲ နန်းမြို့ရိုးဟောင်းနဲ့ကျုံးတော်ဟောင်းကိုတွေ့ရသည်။မြင်းလှည်း၊ဆိက်ကား၊စက်ဘီး၊
ဆိုင်ကယ် သွားသူလာသူတွေနဲ့စည်ကားလာကာ ကားဟွန်းသံတွေလည်း တပွမ်ပွမ်နဲ့ ဆူညံလှပါသည်။
ပေ၃၀ လောက်ပဲရှိတဲ့ ကတ္တရာလမ်းက ယဉ်တွေတစီးနဲ့တစီး မတိမ်းသာလှပါ။
မုဆိုးဖို၊ရွှေဘို၊ရတနာသိင်္ဃ
ရန်ကြီးအောင်၊ကုန်းဘောင် ခ
ငါးမည်ရပြည်ရွှေဘို ဘေးရန်ကပြို ဟု အလောင်းမင်းတရားကြီးတည်ထောင်ခဲ့သည့် ရွှေဘိုမြို့ဟာ
သမိုင်းစဉ်ဆက် နာမည်ကျော်စောခဲ့တဲ့ တတိယ မြန်မာနိုင်ငံကို တည်ထောင်ရာ သမိုင်းဝင် အောင်မြေမြို့
ဖြစ်ပေသည်။တအားမကြီးခွဲပေမယ့် တအားမသေးခွဲလှတဲ့ရွှေဘိုမြို့ဟာ ဈေးသည်ဈေးဝယ်တွေနဲ့ အမြဲ
စည်ကားနေတတ်လေသည်။
ရွှေရောင်တဝင်းဝင်းနဲ့နန်းတော်ကြီးနဲ့ဦးအောင်ဇေယျ ရုပ်ထုကိုမြင်ရတော့တချိန်က ဘုရင့်နေပြည်တော်ကြီး
ဖြစ်ခဲ့တဲ့ ကုန်းဘောင်ခေတ်အစက ရွှေဘိုမြို့တော်ကြီးကို မြင်ယောင်မိပါသည်။ဒီအောင်မြေကနေ မြန်မာတပြည်လုံး
မက ယိုးဒယားထိအောင် အာဏာစက်ဖြန်နိုင်ခဲ့တဲ့ မြန်မာတွေရဲ့သမိုင်းကိုပြန်တွေး ဇာတိသွေး ဇာတိမာန်
တက်ကြွရပါ၏။
ငုံးဥပြုတ်၊လိမ္မော်သီး၊ပေါင်းတင်းကျည်၊ဆေးလိပ်၊ကွမ်းယာ၊အချဉ်ပေါင်း အကုန်ပါတယ် အကိုတို့အမတို့ဝယ်ာကဦး
နော်...။ဟေ့..ငါ့ကို ကွမ်းတထုပ်လောက် ပေးပါဦးဟ...ဂေါ်ဖီထုပ်တွေ ၂၀၀ဖိုး ၃ထုပ်တဲ့တော့...ဈေးချိုလိုက်တာ
ကျုပ်တော့ ဝယ်ခွဲချလာပြီတော်ရေ့.....ဟဲ့ကောင်လေး ဖိုးညီ နင်ကျောင်းသွားတက်မလို့လား..
ဟုတ်ကဲ့ကြီးတော်ပု...အေးဟယ် သူများသားလေးတွေများတော်ချက်အေ.. အိမ်ကကောင် ကတော. ကုတ်နဲ့
ကော်တင်ရင်တောင်အောင်မယ် မထင်ဘူ..မောင်တာ ကြိုးစားနော်..ဟုတ်..
ရွှေဘိုကားကွင်းသို့ ဆိုက်ကားငှားပြီး ထွက်ခဲ့သည်။ရွာကားဂိတ်ကတော့ ဆူညံပြီး ကျန်ခဲ့ပြီ။

ရွှေဘိုကားကွင်းရောက်ပါပြီ..ညီလေး မုံရွာလား၊မန္တလေးလား၊ရန်ကုန်လား ပေး...သေတ္တာကြီးအကိုထမ်းမယ်။
ညီလေး ပေးအိတ်တွေ မနိုင်မနင်းကွာ....။ဆိုက်ကားပေါ်ကမဆင်းရသေးဘူး..ဘယ်သွားမယ်မပြောရသေးဘူး
စပယ်ယာတွေက သေတ္တာမသူက မ အိတ်ဆွဲသူက ဆွဲ ကျုပ်မှာဟိုလိုက်ဆွဲရဒီလိုက်ဆွဲရနဲ့ စိတ်ညစ်ပြီး
တော်တော်ဒေါဖေါင်းသွားသည်။
ဟေးလူတွေ ကျုပ်ပစ္စည်းတွေ တယောက်မှ မထိနဲ့ဗျာ.... ကျုပ်ဘာသာ စီးချင်တဲ့ကားနဲ့
စီးမယ်...ဘယ်နှယ်ဗျာ ခရီးသည်ကို တော်တော်ဒုက္ခရောက်အောင်လုပ်တဲ့လူတွေ
..ကြားမကြားဖူးဘူး။အေးပါညီလေးရာ မင်းကစိတ်ကြီး
လှချေလားကွ..။မုံရွာဆိုရင်တော့ ကိုတို့ကားကိုစီးနော် ၉ နာရီထိုးရင်ထွက်မယ်။ညီလေးစီးမယ်ဆိုရင် ရှေ့လှည့်
ဘေးခုန်လုပ်ပေးမယ်..နော် ညီလေး။
ကွမ်းသွေးတပြစ်ပြစ်နဲ့ ပြောလဲပြော နောက်ခရီးသည်တွေ သွားဆွဲပြန်သည်။သြော်ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်
နေကြပါလေသည်။
အောင်ရတနာနဲ့စီးမလား ကံရာမင်းနဲ့ စီးမလားစဉ်းစားရင်း စောနက အကိုကားကိုပဲ စီးဖြစ်သွားပါသည်။
ညီလေးရာ စောစောကလိုက်မယ်ဆို မင်းသေတ္တာတေတာင် သယ်စရာမလိုဘူး...။ရပါတယ်ဗျာ..။
ကွမ်းစားဦး ညီလေး ..ကျေးဇူးဗျာ..ကျုပ်မစားတတ်ဘူး..။ကောင်ပါတယ်ကွာ အကိုတို့ကတော့ တရက်တရက်
ကွမ်းဖိုးနဲ့ မခံနိုင်ပါဘူးကွာ..။ကဲကဲ ခရီးသည်ထွက်မယ် ..ဆွဲရအောင် ဆရာရေ..။အချိန်နဲ့ဒီရေသည် လူကိုမစောင့်
ဘူတဲ့ဗျ ကျုပ်တို့ကားကလဲ အချိန်စေ့ရင်လူမစောင့် ဘူးနော်..ဆွဲပြီဆရာရေ...။

ဒီလိုနဲ့ ရွှေဘိုမှမုံရွာသို့ ရွှေဘ-ိုမန္တလေးလမ်းမကြီးအတိုင်း ခရီးဆက်ခဲ့ပါသည်။ဒီလမ်းရဲ့ရှုခင်းကတော့
တဘက်တချက် ထနောင်းပင်တွေ မဟုတ်တော့ပါပဲ ကုက္ကိုရ်ပင်ကြီးတွေနဲ့လယ်ကွင်းတွေဖြစ်သည်။လူလဲတဖြေးဖြေး
ငိုက်ချင်လာပြီ။ပတ်ဝန်းကျင် မနည်းပြူးပြဲ ကြည့်နေသည့်ကြားက ငိုက်ငိုက်သွားသေးသည်။ရွာပေါင်းများစွာ
ဖြတ်ရသည်။အကုန်တော့ မမှတ်မိပေ။ရွှေဘိုကထွက်တော့ တဂဏန်း၊စိုင်နိုင်ကြီး၊ပြီါ်တော့ ဝက်လက်မြို့နယ်
စကားတောင်စားတွေနေတဲ့ လှတောရွာ ။ရွာသာကြီါ်ရောက်တော့ မန္တေလးလမ်းမှ မုံရွာလမ်းခွဲသို့ တဆစ်ချိုး
ကွေ့ပြီး လမ်းခွဲရသည်။ပြီးတော့ သမရိုး၊ရွှေပန်းကုံးစတဲ့ ငှက်ပျောထွက်တဲ့ ရွာတွေကျုလည်းဖြတ်ရပါသည်။
ရွှေပန်းကုံးက လှည်းကောင်းလည်းထွက်ပါသည်၊ငါတို့မောင်းနေတဲ့လှည်းတွေက ရွှေပန်းကုံးက ထွက်တာကွ
ဟု အဖေပြောတာ ကြားဖူးပါသည်။ထို့နောက်မူးမြစ်ကို ဒုတိယအကြိမ်မြောက် တံတားဖြင့် ဖြတ်ရပြန်သည်။
မူးမြစ်ကျော်တာနဲ့ အရာတော်မြို့နယ်ထဲဝငဲရောက်လာပြီး ဝက်လက်မြို့နယ်ကတော့ အဝေးကို ကျန်ခဲ့ပြီ။
အရာတော်မြို့နယ်ထဲရောက်တာနဲ့ မြေမျက်နှာသွင်ပြင်နဲ့ ရှုခင်းတွေက တမျိုးပြောင်းလာပြန်သည်.ကျုပ်မှာ
ခရီးသွားရသည်နှင့် မတူဘဲ ပန်းချီပြခန်းတွေထဲ တခန်းပြီးတခန်းရောက်နေသလို ခံတားနေရသည်။
သြော် ...ကြည်နူးဖွယ်ကောင်းလှပါဘိ။

အရာတော်နယ်ရဲ့ လမ်းဘေးတွေကတော့ လယ်ကွင်းတွေ မဟုတ်တော့..။ဘေးတဘက်တချက်မှာ
ွ် ကန္တရပင်တွေ၊ဇီးပင်တေ၊တမာပင်တွေ၊ထနောင်းပင်တွေ....ပေါ့....့စပါးခင်းတွေအစား ပဲစိမ်းငုံခင်း
နှမ်းခင်းတွေ၊မြေပဲခင်း ပဲကြားခင်၊ကုလားပဲခင်းကြံခင်းတွေ့ရသည်။မြေတွေကလည်း အနီရောင်တွေဖြစ်၏။
ငှက်ပျောခင်းများလည်း တွေ့ရ၏။ကားလမ်းကလည်း နိမ့်လိက်မြင့်လိုက်၊ဟိုကွေ့ဒီကောက်နဲ့ မြေပြန့်လိုမဟုတ်တော့။
အရာတော်မြို့ဆိုတာလည်း တောမြို့လေးဆိုတော့ ခတ်ခြောက်ခြောက်ပါပဲ။အနီးအနားရွာတွေက ဈေးသည်ဈေးဝယ်
တွေတော့ရှိပါသည်။ထန်းပင်တွေလည်း ပေါလှသည်။စကားပြောရင် မောင်တာ..မောင်တာ ဟုခေါ်ပြောတတ်တာလေးက
ကျေးလက်ဆန်ပြီးချစ်စရာကောင်းပါသည်။အရာတော်နယ်က ထန်းသီးမုန့်ကိုတော့ ကြိုက်ပါသည်။တမာပင်တွေပေါလာပါပြီ။
အရာတော်နယ်ကထွက်တော့ မြင်ကွင်းက လမ်းဘေးဝဲယာ တောင်ကုန်းတွေနဲ့ပြည့်နေလေသည်။မျက်စိတဆုံး ဟိုး......
မိုးကုတ်စက်ဝိုင်းဆီက မြူတွေနဲ့ အုံ့မှိုင်နေတဲ့ တောင်ကုန်းတွေ လှမ်းမျှော်ကြည့်ရင်းလိုက်ပါလာရတာ ရင်ထဲမှာဘာကိုမှန်းမသိ
လွမ်းနေသလိုလို ရှိလှပါသည်။

မုံရွာမြို့နယ်ထဲ ရောက်ပြီဆိုရင်ဘဲ ခြောက်သွေ့မှုကို စတင်ခံစားရပါသည်။ကျောက်မှော်ရွာ၊ဆူးလေကုန်းရွာတို့ကို ဖြတ်သန်းရသည်။

တဖြည်းဖြည်း နီးလာပြီဆိုတဲ့အသိနဲ့ လူကလန်းဆန်းလာပြီါ်
မငိုက်ချင်တော့။လမ်းဘေးတဘက်တချက်ကတော့
တမာတလှည့်၊ကုက္ကိုရ်တလှည့်၊ထနောင်းတလှည့်နှင့် လမ်းက တောင်ကုန်းတွေကြား
မြွေတကောင်လို ကောက်ကွေ့လို့....။

ကားဆရာက သန်းထွန်းလေး၏ ညီလေးတို့ရွာကို ဖွင့်ပါတော့သည်။ကျောက္ကာရွာကလည်း နီးလာပြီဆိုတော့ လှည်းလမ်းကြောင်း

တလျှာက်က ဖုန်လုံးကြီးတွေနဲ့ ရေခတ်ဆင်းလာတဲ့ ကျောက္ကသူလေးတွေကို မြင်ယောင် မိသည်။

ရင်ထဲကို သီချင်းလေးက ဆွတ်ဆွတ်ပျံ့ပျံ့ ....။ဟိုးအရှေ့မှာ
သစ်ပင်အုံ့အုံ့ဆိုင်းဆိုင်းနဲ့ တောင်ကုန်းလေးပေါ်က ကျောက္ကာရွာလေးကို
မြင်ရပါပြီ။ပြီးတော့  စိမ်းညို့နေသည့် ကျောက္ကာတောင်ကြီးနဲ့
တစွန်းတစလှမ်းမြင်ရတဲ့ ထန်းစလုတ်ချောင်းနဲ့
ရေလှောင်တမံ..ကျောက္ကာရွာကိုဖြတ်တော့ တန်ခိုးကြီး ရွှေဂူနီ
မြတ်စွာဘုရားကြီးကိုလည်း ဦးချကန်တော့ လိုက်ပါသေးသည်။
ကျောက္ကာကထွက်ပြီဆိုတာနဲ့ မုံရွာ-ကျောက္ကာလမ်းရဲ့ သင်္ကေတ မုံရွာရဲ့ လွမ်းမောဖွယ် တမာပင်ကြီးများဝိုင်းရံထားတဲ့ ကတ္တရာလမ်း
အတိုင်း ကားဟာလေးညှို့က လွှတ်လိုက်တဲ့မြားလို လေကိုခွင်း၍ ပြေးပါပြီ။ကျောက္ကာရွာလေးကတော့ အဝေးမှာ
ပူပင်ကင်းစွာ ကျန်ခဲ့ လေသည်။အဲဒီကနေ ထနောင်းဝင်း၊ရွာတုံ၊ဇလုတ်ရွာ လေးတွေကိုဖြတ်ပြီးရင်တော့ မုံရွာမြို့ကို ဝင်ပါပြီ။
မုံရွာမြို့မှကြိုဆိုပါ၏ ဆိုတဲ့ဆိုင်းပုဒ်ကို ဖြတ်ပြီးရင် ခမ်းနားထည်ဝါလှတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ကြီးကို စတင်မြင်ရသည်။
နုပျိုသစ်လွင်မှုတွေနဲ့ အစွမ်းကုန်လင်းလက်နေတဲ့ ကြယ်ပွင့်လေးတွေလို ကျောင်းသားကျောင်းသူလေးတွေဟာ စက်ဘီးနဲ့တစ်မျိုး၊
ဆိုင်ကယ်နဲ့တစ်ဖုံ၊ခြေလျင်တစ်သွယ် သွားလာနေကြ၏။ကျောက္ကာလမ်းမကြီးပေါ်
ပန်းပွင့်တွေကြဲထားသလို
အေ၇ာင်မျိုးစုံ၊ဒီဇိုင်းမျိုးစုံနဲ့ကျုပ်မှာပန်းပေါင်းစုံပွင့်နေတဲ့
ဥယျာဉ်ကြီးထဲ ရောက်သွားသလိုပါပဲ..။
သူတို့ဆီကအပျော်တွေအပြုံးတွေကျုပ်ဆီကူးစက်လာပြီးကျုပ်မျက်နှာကြီး ကလည်းကားပြူတင်းဝမှာပြုံးပြုံးကြီး...
မုံရွာစီးပွားရေးတက္ကသိုလ်ကြီးကိုကျော်တော့ မုံရွာမိန်းတက္ကသိုလ်ကြီးပေါ့ အဲဒီရှေ့မှာလည်း ကျောင်းသူကျောင်းသားတွေ
ပုရွက်အုံထဲက ပုရွက်ဆိတ်လေးတေလို ကျောင်းထဲနဲ့ကျောင်းပြင် ယင်လိုက်ကြ ထွက်လိုက်ကြနဲ့ ပျော်စရာ ပွဲဈေးတန်းကြီးလိုပ။
ကျုပ်တက်ရမယ့် မုံရွာGTC ကတော့ ဘယ်လိုနေမယ် မသိရသေး..။ကျုပ်ရဲ့မခင်ရသေးတဲ့ သူငယ်ချင်းတွေက
ကျုပ်ကို မျှော်နေကြမယ်ထင်ရဲ့ ....
ဟဲ့ ...ကောင်လေး..ထမင်းကျက်ပြီ..လာစားတော့။အိမ်ရှင် အဒေါ်က ထမင်းစားခေါ်တဲ့အသံကြောင့် ကျနော်
အတွေးကနေ လန့်နိုးလာပါသည်။
သြော်..၉ နှစ်တောင်ကြာခဲ့ပြီပဲ..။ခုတော့ ကျောင်းတွေကိုယ်စီပြီးလို့ နေရာအနှံ့မှာ ရာထူးတွေအမျိုးမျိုးနဲ့ ကျောင်းတော်က
ပန်းပွင့်လေးတွေဟာ အနာဂတ်အတွက် မျိုးကောင်းမျိုးစေ့ကို ချကြရပေဦးမည်။
ကြာခဲ့ပြီပေါ့လေ....ဒါပေမယ့် ပြန်တွေးကြည့်တော့ မနေ့ကလိုလို..။
ကျုပ်စိတ်ထဲကနေပဲ “တက္ကသိုလ်ကြီးရယ် ကျုပ်လွမ်းနေဆဲပါ“ လို့ ပြောလိုက်ချင်ပါတော့တယ်..။

သတ္တဝါအားလုံး၊မုံရွာနည်းပညာမိသားစုအားလုံး ကျန်းမာခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံပါစေ


သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment