Thursday, September 30, 2010

လေတံခွန်

နွေက...လေတွေကိုရူးသွပ်စေခဲ့လားမသိ...
လေရူးတို့ မြူးနေကြပြီ.....မြင်မြင်သမျှသစ်ပင်တွေအရိုးတံတွေနဲ့အတိပြီးနေကြ၏။ဆွေးဆွေးမြေ့မြေ့အော်
နေတဲ့ဥသြသံသဲ့သဲ့ ကိုကြားနေရပါသည်။
တောတန်းလေးတလျှောက်မှာ မြူတွေကဆိုင်းနေ၏။ရေခန်းခြောက်နေသောရေကန်ကလေးမှာ
ဗျိုင်းတကောင်အစာရှာနေရဲ့..လက်ပံပင်တွေကလက်ပံပွင့်တွေနှင့်ရဲရဲနီနေပြီး
တမာရွက်ခြောက်ဝါ၀ါလေးတွေက လမ်းမပေါ်ကျဲပြန့်နေသည်။
လေအဝှေ့မှာလက်ပံပွင့်ကလေးတွေ စကြာလိုလည်ပြီးကြွေကျနေတာကြည့်လို့ကောင်းလှရဲ့။ လေပွေကတော့မှာတမာရွက်တွေယိမ်းထိုးမျောပါ နေကြတာလည်းကဗျာဆန်လှရဲ့။ အရိုးပြိုင်းပြိုင်းထနေတဲ့ထနောင်းပင်တွေက ရွာအလယ်လမ်းမရဲ့တစ်ဖက်တစ်ချက်မှာအစီအရီရှိနေကြသည်။ အဲဒီမြေနီလမ်းလေးအတိုင်းကောင်လေးတယောက်လမ်းလျှောက်လာနေလေသည်။
လက်ထဲမှာ လေတံခွန်လေးနဲ့ရစ်ဘီးကလေးကို ကိုင်ထားပြီး လွယ်အိတ်တလုံးကိုလည်း
လွယ်ထားသေးသည်။
သူသွားနေတာက ရွာအစပ်က တောတန်းလေးဆီကိုပေါ့....လမ်းတလျှောက်လှည်းတွေ ဖြစ်သွားနေကြတာများ
ဖုန်တွေ ထောင်းထောင်းထနေလေသည်။
ကျနော်လေတံခွန်လွှတ်ရတာကို ၀ါသနာပါသည်...တနှစ်လုံးစောင့်စားနေရတဲ့ နွေရာသီကျောင်းပိတ်ရက်က ခုမှပဲဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့သည်။မနေ့ကပဲ သတ္တမတန်းရဲ့ နောက်ဆုံးဘာသာ ဖြေပြီးခဲ့သည်။
တနှစ်လုံးငြိုးထားသမျှ ဒီနေ့တော့ တနေကုန် လေတံခွန်လွှတ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ လွယ်အိတ်ထဲမှာ
ရေဘူးရယ်မုန့်ကြွတ်ရယ်၊ကြံသကာရယ်ထည့်ပြီး ယူလာခဲ့သည်။
ရှေ့မှာ တာရိုးကို လှမ်းမြင်နေရပြီ..အဲဒီတာ တာရိုးကိုကျော်ရင် ကျနော်လေတံခွန်လွှတ်နေကြ တောတန်းလေးကိုရောက်ပါပြီ။လေတံခွန် စလွှတ်ခါစက လေတံခွန်လေကြောင်းဆီရောက်အောင် ဘယ်လိုတင်ရမှန်းမသိပေ..နောက်အကိုသင်ပေးမှလွှတ်တတ်တော့သည်။ ခုတော့ ကျွမ်းကျင်နေပါပြီ။ ရစ်ဘီးကလေးကို လျော့လိုက်တင်းလိုက် လုပ်ရင်းလေကြောင်းမိအောင် အလိုက်သင့်ထိမ်းထားရင်း လေတံခွန်ကလေးက ကောင်းကင်ကိုပြန်တက်ဖို့ အားယူနေရဲ့လေကြောင်းမမိခင်အချိန်ကလေးသည် ရေးကြီးပါသည်။အဲဒီအချိန်မှာ အလိုက်သင့်မထိမ်းတတ်ရင် လေတံခွန်ကလေး ကျွမ်းပစ်ပြီး မြေပြင်ပေါ်ထိုးကျသွားတတ်သည်။ယိမ်းကာနွဲ့ကာ ကောင်းကင်ပေါ်တက်ဖို့ အားယူ နေတဲ့လေတံခွန်လေးကိုကြည့်ရတာကြိုးတန်းပေါ်
လမ်းလျှောက်နေတဲ့ ဆပ်ကပ်မယ်ကလေးကို ကြည့်ရသလို အသည်းယားဖွယ်
ကောင်းလှသည်။ဟော...သူလေကြောင်းထဲ ရောက်သွားပါပြီ။တလွင့်လွင့်နဲ့
ဝဲပြန်နေလိုက်ပုံများ သူကိုတင်ပေးခဲ့တဲ့ ကျနော်ကိုတောင်
မေ့နေပြီထင်ရဲ့..။တခါတခါ နိမ့်နိမ့်လေးပြန်ရတာကို အားမရလို့ထင်ရဲ့
ကျနော်ရစ်ဘီးကိုဆွဲပြီး ကြိုးတောင်းတတ်သည်။ကျနော်ကြိုးလျော့ပေးရင်
ပေးသလောက် သူဟိုးအဝေးကြီးထိ ပျံသန်းသည်။တလောကလုံး ကျနော်ရယ်
လေတံခွန်လေးရယ်၊တောတန်းလေးရယ် ငြိမ်သက်တိတ်ဆိတ်ပြီး ကြည်နူးအေးချမ်းလှရဲ့..တခါတခါ လေပြင်းတွေကျရင် လေတံခွန်ကလေးခမျာ
ယိမ်းထိုးလို့ အောက်ကိုထိုးကျမသွားအောင် ရစ်ဘီးနဲ့မနည်းထိမ်းရသည်။
လေတံခွန်လွှတ် ရတာကို ပျော်သည်။လေတံခွန်လွှတ်ရတဲ့ခံစားချက်ကို
သဘောကြသည်။အပ်ချည်ကြိုးသေးသေးလေးတစ်ချောင်းအားကိုးနဲ့ သူ့ကိုယ်သူ
အမြင့်ဆုံးပျံသန်းနေတဲ့ လေတံခွန်လေးရဲ့ ဘ၀ကို အားကျသည်။သူ့လိုပဲ ကျနော်
ဟိုးအမြင့်ကြီးဆီ ပျံသန်းချင်သည်။

မိုးတိမ်တွေဆီထိရောက်အောင်သွားပြီး ဆော့ကစားချင်လှပါသည်။လေယာဉ်ပျံကြီးကိုတွေ့ရင် ခရီးသည်တွေအံ့သြသွားအောင် အကျယ်ကြီးအော်ပြီးနှုတ်ဆက်လိုက်မည်။
ကောင်းကင်မှာ တိမ်တိုက်တို့သည် အရောင်စုံစွာ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့်
လှုပ်ရှားပြောင်းလဲနေကြ၏။လေတံခွန်လေးရဲ့နောက်ခံ ကောင်းကင်ကြီးဟာ
ပန်းချီကားအမျိုးမျိုးဖြင့် ခြယ်သပေးနေလေသည်။ပန်းချီကားတွေထဲမှာ ၀ဲပျံနေတဲ့
ကျနော့်လေတံခွန်လေးကို ကြည့်ရတာ
ကျနော်ကြည်နူးလိုက်တာဗျာ...။မုန်တိုင်းမကျ၊မိုးမသည်းသမျှ ပျံသန်းနေမယ့်
လေတံခွန်လေးလေ..။
အဲဒီအချိန်မှာ ကျော်သက်တို့ အဖွဲ့ ကျနော်ရှိတဲ့ တောစပ်လေးကို ရောက်လာကြသည်။
ဟေး..သူရ ငါတို့စွန်လွှတ်ပြိုင်ကြမယ်...။တော်ပြီကွာ..မင်းတို့ကစွန်လွှတ်ပြိုင်တာမှမဟုတ်ဘဲ
အပ်ချည်ဖြတ်ပြိုင်တာပဲ
မပြိုင်ချင်ဘူး..။သတ္တိမရှိရင် စွန်ချပြီးပြန်ကွာ တို့ကတော့ လမ်းကြောင်းပေါ် ရှုတ်လာရင် ဖြတ်ပစ်ရမှာပဲ...။
ငါအေးအေးဆေးဆေး တစ်ယောက်ထဲ လွှတ်ပါရစေ ဒီနေရာဟာ ဘယ်သူမှမပိုင်ပါဘူး မင်းတို့လည်း
လွတ်လွတ်လပ်လပ် လွှတ်လို့ရတာပဲ ...။
ဟေ့ကောင် စကားမများနဲ့ ကွာ ကြောက်ရင် ထွက်သွားလို့ရတယ်..။
အဲဒီလိုပြောလိုက်တော့ ကျနော်လည်း အရွဲ့တိုက်ချင်လာသည်။ပြီးတော့ မိုးလေ၀သ ကောင်းကောင်းနဲ့ ပျော်မြူးစွာ
ပျံသန်းနေတဲ့ လေတံခွန်လေးကို ဆွဲမချရက်ပါ..။ပတ်ဝန်းကျင်သည် စောစောကလောက်
ကြည်နူးစရာ မကောင်းတော့..။ကျနော် စွန်လွှတ်ပြိုင်ချင်ပါ
သည်။ဘယ်သူက ပိုပြီးလှအောင်ပျံနိုင်သလဲ.ဘယ်သူကပိုပြီးမြင့်မြင့်
ပျံနိုင်သလဲ..ကျနော်ပြိုင်ရဲပါသည်။
ခုတော့သူတို့ကအဲဒီလိုမဟုတ် လေတံခွန်တွေရဲ့ ကြိုးတွေကို ဖြတ်တောက်ဖို့ ပြိုင်ကြခြင်းဖြစ်သည်။
မိမိအနိုင်ရချိန်မှာ သူတပါး အကြီးအကျယ် ဆုံးရှုံးနစ်နာသွားရမည့် ပြိုင်ဆိုင်ခြင်းမျိုး
ကျနော်မကြိုက်ပါ။

ဘာကြောင့် နှစ်ဦးနှစ်ဘက် နစ်နာမယ့် ပြိုင်ဆိုင်ခြင်းမျိုးကို ပြိုင်ချင်ရတာလဲ..သူတို့ကိုကျနော်
နားမလည်ပါ။ကျနော်တွေးနေစဉ်မှာပဲ
ကျော်သက်တို့ လေတံခွန်တွေ ကောင်းကင်ကို ပျံတက်လာကြသည်။
သူတို့စွန်လွှတ်တာက ကျနော်လို ညင်ညင်သာသည မဟုတ် ဘယ်ညာ အစွမ်းကုန်ယိမ်းထိုးပြီး သွေးဆာနေတဲ့ သိမ်းငှက်တွေလို
ကောင်းကင်ဆီ ညာသံပေးပြီးလာနေကြသည်နှင့်တူ၏။အန္တ၇ာယ်၇ဲ့ အငွေ့အသက်တွေ ကျနော်ရနေသည်။
အမှန်ဝန်ခံရလျှင် ကျနော်လေတံခွန်လေးသည် သူတို့လေတံခွန်တွေနဲ့ ပြိုင်တိုက်နိုင်စွမ်း
မရှိပါ။ကျနော်က စွန်လွှတ်ခြင်း အနုပညာကို
ရင်ခုန်လို့ လွှတ်တာ ကိုယ့်လေတံခွန်လေးကို ချစ်သလို သူများလေတံခွန်လေးတွေကိုလည်း တန်ဖိုးထားသည်။
သူတို့က လေတံခွနလေးတွေကို ဖျက်ဆီးဖို့ လွှတ်တာ...။အရာရာသည်
ဆန့်ကျင်ဘက်.ထို့ကြောင့် လေတံခွန် အမျိုးအစားခြင်းလဲ မတူပါ။
ကျနော်လေတံခွန်လေးက သေးသေးလေး၊အပ်ချည်ကလည်း ရိုးရိုးချည်သား ဘာမာမှမာယာမပါတဲ့ လေတံခွန်လေးပါ။
သူတို့လေတံခွန်တွေက အကြီးစားတွေ အစွန်းနှစ်ဖက်မှာ တခြားလေတံခွန်တွေနဲ့တိုက်မိရင်
ထိုးဖောက်ဖို့ အပ်သေးသေးလေးတွေ
တတ်ထားသည်။ပြီးတော့ အပ်ချည်ကြိုးတွေက နိုင်လွန်အပ်ချည်ကြိုးကိုမှ မှန်စာတိုက်ထားသေးသည်။မှန်စာတိုက်တယ်ဆိုတာ
အပ်ချည်ကို ကော်သုပ်ပြီး ပလင်းကွဲ၊ဖန်ပြောင်းတွေထောင်းပြီး
ကပ်ထားခြင်းဖြစ်သည်။လာငြိတဲ့ ကြိုးကတော့ ဖြတ်တောက်ပစ်ဖို့
အဆင်သင့်။လေ့ကျင့်ထားတဲ့ စစ်သည်တော်တွေလို သူတို့လေတံခွန်တွေ ကျနော်လေတံခွန်လေးဆီ ချည်းကပ်လာကြသည်။
ကျနော်မှာ သူတို့ကိုရှောင်ရင်း တောစပ်လေးရဲ့
ဘေးဆုံးနားထိရောက်နေပြီ..သူတို့လေတံခွန်ကြီးတွေကလည်း ထပ်ကြပ်မကွာပါပဲ.
မဖြစ်တော့ ဆက်ပြီးခေါင်းမာနေရင် ကျနော်လေတံခွန်လေး
ဘ၀ပျက်ရှာတော့မည်။ကနော်ကြိုးကိုထိမ်းရင်း ရစ်ဘီးကို
အမြန်ရစ်နေ၇သည်။ဒါပေမယ့် ကျနော်နောက်ကျသွားပါပြီ..ကျော်သက်လေတံခွန်ကြိုးက
ကျနော့်လေတံခွန်ကြိုးကို ရစ်မိသွားသည်။
သူက လေတံခွန်ကို ဂျွမ်းတစ်ပတ်ထိုးပြီး ထပ်ရစ်လိုက်ပြန်ပါသည်။ကျနော် ဘယ်လိုမှ ရုန်းထွက်၍
မရနိုင်တော့ပါ။
ကြိုးအချင်းချင်း ထိရှနေတဲ့ အသံတွေ ကျနော်နားထဲ ကျယ်လောင်စွာ ကြားယောင်နေရသည်။အပ်ချည်ကြိုးလေးဟာ လေတံခွန်လေးရဲ့
သွေးကြောပါပဲ..။ကျနော့်နှလုံးသွေးကြောတွေကို တမျှင်ချင်းဖြတ်နေသလို
ခံစားရသည်။ကောင်းကင်မှာ
ကူကယ်ရာမဲ့ ယိမ်းထိုးနေရှာတဲ့ လေတံခွန်လေးကို ပင့်ကူတစ်ကောင်ရဲ့ ပိုက်ကွန်ထဲမှာ ပိတ်မိနေတဲ့ ယင်ကောင်ကလေးလို
မြင်ယောင်မိသည်။အသက်ငင်နေတဲ့ ချစ်သူတစ်ယောက်ကို လက်ပိုက်ကြည့်နေရတဲ့ အဖြစ်မျိုးပါ။ကြိုးတွေကို
ကျနော်ဆွဲမထားရက်တောက် နောက်ဆုံးအချိန်ကလေးကို ဆွဲဆန့်ထားရင်း
ကျနော်ကြိုးတွေကို လျှော့ချနေမိသည်။
နောက်ဆုံးတောက် ကြိုးလည်းကုန်သွားပြီ။လေတံခွန်လေးရဲ့ နေ၀င်ချိန်ဟာ ကျနော်နှလုံးသားတွေကို
နင်းပြီး ရောက်ရှိလာပါပြီ။
နှမြောတသစိတ်တွေနဲ့ ကျနော်မျက်ရည်တွေ ၀ိုင်းလာသည်။ကျနော် ဆို့နင့်ကြေကွဲနေစဉ်မှာပဲ လေတံခွန်လေးဟာ
ပြတ်တောက်လွင့်စင် သွားလေသည်..........စောစောကပဲ လေဟုန်ကိုဆန်ပြီး
အလှဆုံးပျံသန်းနေတဲ့ လေတံခွန်လေးဟာ
ရင်ခွင်မဲ့သူတစ်ယောက်လို ကောင်းကင်ဟင်းလင်းပြင်ထဲမှာ အရုပ်ကြိုးပြတ်...ကျနော်
မကြည့်ရက်တော့ပါ..မဖြစ်နိုင်မှန်းသိပေမယ့် ကျနော့်ခြေလှမ်းတွေက လေတံခွန်လေး
လွင့်သွားရာနောက်ဆီ ပြေးလိုက်ခဲ့သည်။လေတံခွန်လေးဟာ လေရဲ့သယ်ဆောင်ရာနောက်
အဝေးဆုံးကို မြောလွင့် ပျောက်ကွယ်သွားခဲ့ပြီ..လေတံခွန်လေးရဲ့ ငိုကြွေးနေသံကို ကျနော်
ကြားနေရသည်..အဖော်ကွဲသွားတဲ့ ရစ်ဘီးကလေးက
အကျည်းတန်လွန်းလှရဲ့..၀မ်းနည်းလွန်းလို့
ကျနော်ငိုကြွေးနေမိသည်..ကျော်သက်တို့က ကျနော်ကို အခြောက်ဟု
လှောင်ပြောင်ရယ်မောနေကြသည်..လေတံခွန်ကို ချစ်မြတ်နိုးသူနဲ့ လေတံခွန်လွှတ်ခြင်းကို ရင်ခုန်တတ်သူများသာ ကျနော်ကို
နားလည်နိုင်ကြပေလိမ့်မည်။
ကျနော့် မုန့်ဖိုးနဲ့စုပြီး နွေကျောင်းပိတ်ရက်အတွက် စိတ်ကြိုက်ရွေးဝယ်ခဲ့ရတဲ့ လေတံခွန်လေးလေ..ကျနော်
အစွဲအလန်းကြီးပါသည်..
တခြားလေတံခွန်တွေ အခုတစ်သောင်းလာပေးလည်း မယူချင်ပါ ကျနော်လေတံခွန်လေးကိုသာ ပြန်လိုချင်မိသည်..
ကျော်သက်တို့ကတော့ အနိုင်ရသွားလို့ ကျေနပ်ပျော်ရွှင်နေကြသည်။သူတို့ကို အပြစ်မတင်လိုပါ...
ကျနော့်ရဲ့ အတ္တကြီးမှုနဲ့ ခေါင်းမာမှုကြောင့် ကျနော်ချစ်တဲ့ လေတံခွန်ကလေးကို
ဆုံးရှုံးခဲ့ရတာပါ..ခွင့်လွှတ်ပါလေတံခွန်လေးရယ်
နေစောင်းသွားပြီ ..အဖော်မဲ့သွားတဲ့ ရစ်ဘီးကိုလည်း ကျနော် ပြန်မခေါ်ခဲ့ချင်ပါ..လိုချင်သူတွေ
ကောက်သွားကြပါစေ...
နောက်ကို ကျနော်လေတံခွန် လွှတ်ဖြစ်မှာလည်း မဟုတ်တော့ပါ...
မိုက်ရူးရဲဆန်မှုကြောင့် ဆုံးရှုံးခဲ့ရခြင်းကို ကျနော် အမြဲအမှတ်ရနေမှာပါ...

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment