Thursday, September 30, 2010

ရွက်လှေတစ်စင်းရဲ့တမ်းချင်း

ဘဝမှာ မိုးတွေသည်းတဲ့အခါ
ဘဝမှာ မုန်တိုင်းတွေထန်တဲ့အခါ
သား...ဘယ်သူ့ကိုနာကြည်းရမလဲ..အမေ
သမိုင်းမလှခဲ့တဲ့ လမ်းက
လှိုင်းကြမ်းတွေ များလွန်းလှရဲ့
ဘယ်ထိ ထမ်းပိုးထားရမလဲ
ယမ်းအပြည့်ထည့်ထားတဲ့ လက်ပစ်ဗုံးတလုံးလို...
ဟို...အဝေးဆုံးထိလွှင့်ပစ်
ကိုယ့်ကိုယ်ကို ဖေါက်ခွဲလိုက်ရမလား..အမေ
ငိုရှိုက်သံနဲ့ စိုစွတ်နေတဲ့ညက
ကမ်းဝေးရွက်လှေတစင်းအတွက်
အိပ်မက်အသေတွေရဲ့ ဈာပနပါ...အမေ
တကယ်တော့ တယောက်ထဲ လျှောက်ခဲ့ရတဲ့ လမ်းပါ..
တစုံတယောက် ကမ်းလင့်မယ့် လက်အစုံအတွက်
ဘဝဆိုတာ ရပိုင်ခွင့်နည်းလွန်းတဲ့
ပန်းတခင်းရဲ့ ဖြစ်တည်ခြင်းပါ..အမေ
ဘယ်ပင်လယ်....ဘယ်လို....ဖြတ်ပြီး...
ဘယ်အရပ်ကို...... ဘယ်လို....ဆိုက်ကပ်ရမလဲ...
ကြောင်းကျိုးတွေဆင်ခြင်ရင်း
ခေါင်းစဉ် ပျောက်ခဲ့ရတဲ့ညတွေ
သားဘဝမှာ ...များနေပြီအမေ.......
ဒါပေမယ့်...မဟောင်းဘူး...မဟောင်းခဲ့ဘူးအမေ....
အမေပေးခဲ့တဲ့ မေတ္တာတွေ...သားရင်ထဲမှာ..
နေလို လလို........လတ်ဆတ်သစ်လွင်နေဆဲလေ...
ပြန်ခဲ့မယ်...အမေ...သားပြန်ခဲ့ဦးမယ်..အမေ
ကမ္ဘာကြီးတနေရာက သားချော့တေးတွေ ဆိုညီးနေမယ့်..အမေဆီ
ဆောင်းအကုန် နွေအကူး ထူးမြတ်တဲ့ နေ့တရက်မှာ..
အမေ့ဆီအရောက်....သားကူးခတ်ခဲ့မယ်..အမေ...

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment