Wednesday, September 29, 2010

ကျောင်းတုန်းက ရင်ခုန်သံ (၃)

အပိုင်း(၂) မှ အဆက်

“ကဲအစောနက ပုစ္ဆာပြန်ဆက်မယ်..ဒီပုစ္ဆာက ohm လောကို အခြေခံထားတယ်......
..................
..............................................resistance နဲ့
current ကပြောင်းပြန် အချိုးကျတယ်....”

ဆရာမဘာသင်နေသည်ကို ဒေါင်းကြီး
ဘာမှ မသိတော့..။


“ကဲ ဒီနေ့တော့ ဒီလောက်ပဲ၊ နောက်ရက်မှာ နောက်အခန်းသစ်တက်ကြတာပေါ့”
ဆရာမတောင် စာသင်လို့ပြီးသွားပြီ ။ ဒါပေမယ့် ဘာတွေ သင်သွားမှန်းပင် မသိလိုက်။
“ဟိုကောင် ကျော်သူ မင်း ကို ဆရာမ စာသင်ရင်း ကြည့်နေတာ ကြာပြီ။ စာသေချာ နားမထောင်ဘဲ ဘာတွေ တွေးနေလဲ ပြောစမ်း”
ဆရာမက သူ့ကို သတိထားမိသွားပြီး မေးသည်။

“ဟာ ဆရာမကလဲ မဟုတ်ပါ ဘူးဗျာ ဟိုလေ”

“ထားလိုက်တော့ နောက်တခါဆိုရင်တော့ မင်းကို အပြစ်ပေးရမယ်”
“ဒါနဲ့ ဆန်နီလေးကို အခန်းဖော်တွေ စုံအောင် မိတ်ဆက်ပေးလိုက်ပါဦးကွယ်”

“ဟုတ်ကဲ့ ဆရာမ ကျနော်တို့ သေချာမိတ်ဆက်ပေးလိုက်ပါမယ်”
ကျနော်တို့အားလုံး တက်ညီလက်ညီ ဖြေလိုက်လို့ ဆရာမ သဘောကျသွားသည်။

“ကဲကဲ အားလုံး မင်္ဂလာပါ”

“မင်္ဂလာပါ ဆရာမ ကျေးဇူးတင်ပါတယ် ဆရာမ”
အားလုံးဆရာမကို နှုတ်ခွန်းဆက်လိုက်ကြသည်။

“ကဲ ဆန်နီရေ အကိုတို့ ဆန်နီ့ကို အားလုံးစုံအောင် မိတ်ဆက်ပေးမယ်၊ တို့ အတန်းသူအတန်းသားတွေအားလုံးက ခင်တတ်ကြပါတယ်”
ဒေါင်းကြီးက တက်ကြွနေသည်။ သူငယ်ချင်းတွေကတော့ ပြုံးစိစိ။

“ဟုတ် ကျေးဇူးပါပဲ ကိုကျော်သူ”

“အကိုတို့ကိုတော့ ဆန်နီသိပြီးသားပဲ ကျန်တဲ့သူတွေ မိတ်ဆက်ပေးမယ်”

“သူက သဲမွန်၊ မလိခ သဲမွန်ပေါ့ ဟဲဟဲ”

“ဒေါင်းကြီး နာမည်ပြောင်တွေ မထည့်နဲ့ နင်မညစ်ပတ်နဲ့”

“ဘာဖြစ်လဲဟ ဒါမှ ပိုရင်းနှီးမှာ ဟုတ်ဘူးလား”
“ပြောမရလဲ နေအေ”
သူ့စကားကြောင့် သဲမွန်မျက်နှာကြီး စူပုတ်သွားသည်။

“သူကတော့ အိသွယ် ဆင်ပေါက်တဲ့”
“သူက ဇာခြည် အရူးဘုရင်”
“သူက ဇာဇာ အရူး”
“သူက က ဇင်ကြီး ဆင်ကြီး”
“သူက အိန္ဒာ ၀က်မ”
“သူက နီနီ ကြမ်းတုံး”
“သူက နီလာ ခေါင်းတုန်”
“သူက မွန်ကြီး“
“သူက မြသန္တာ အောင်ဗလ”
“သူက စုစုအောင် ကွင်း”
“သူက ဌေးချို ပဲကြော်”
“သူက စန်းမော် ငဒူ”
“သူက ဇင်နွယ် ပုဂံလမ်း”
“သူက ရွှေစင် အကြွေးရှင်”
“သူက မြတ်မိုး အမွှာ”
“သူက စန္ဒာ”
“သူတို့က အေးတိုး၊နီကျော်၊ ခင်ထက် ရေဦး အပု၃ ကောင်”
“သူက ပွင့်ဇာ ဘောင်ကြီး”
.....
......
“ဒီကောင်က ထွဋ်ကြီး ရက်ပါရူး တို့အတန်းရဲ့ ကင်း”
ထွဋ်ကြီးက သူ့ကို ရက်ပါရူးဟု ပြောသဖြင့် ဘုကြည့်ကြည့်သည်။

“ဒီကောင်က ဥာဏ်ဝင်း ဖျာခင်းဥာဏ်ဝင်း”
“ဒီကောင်က လွင်ဦး ခင်မွန်”
“ဒီကောင်က အောင်တင်လွင် ငယ်ကျွမ်းဆွေ”
“ဒီကောင်က ဇော်မင်းအောင် ဗျိုက် ဥပေါက်”
“ဒီကောင်က အာကာ ကွေ့ကြီး”
“ဒီကောင်က မြင့်သူ”
“ဒီကောင်က ဟန်ထွန်းမြင့် တရုတ်ကြီး”
“ဒီကောင်က ဇော်မျိုးနိုင် စာရူး”
....
.......
သူငယ်ချင်းတွေ လိုက်မိတ်ဆက်ပေးနေရင်း တယောက်တယောက် ဆဲကြဆိုက ရန်လုပ်ကြ တခန်းလုံး ဆူညံနေလေတော့ သည်။


ဆည်းဆာရယ်မင်းနဲ့ကိုနဲ့က စိုင်းစိုင်းပြောသလို တစ်အချိုးတစ် ဖြစ်မယ်ထင်တယ်...မင်းဆီက ၅၂၈ မေတ္တာကို step up transformer
နဲ့ ၁၅၀၀ ဖြစ်အောင် မြှင့်လိုက်ပါရစေ....ကိုယ့်ရင်ထဲမှာတော့ ဗို့1500အားနဲ့ အချစ်မီးလုံးတွေ ထိန်ထိန်ညီးလို့...


ဒီနေ့ ကျောင်းသူအသစ်ပြောင်းလာ၍ အပျော်ဆုံးလူကတော့ ကျနော်ကျော်သူခေါ်ဒေါင်းကြီး ပင်
ဖြစ်တော့သည်။
မှိုရတဲ့မျက်နှကြီးက ဟန်မဆောင်နိုင်အောင် စပ်ဖြီးဖြီးကြီးဖြစ်နေ၏။
သူငယ်ချင်းတွေကတော့ ကျနော်ရဲ့ ကံကောင်းခြင်းကို မနာလိုမျက်စောင်းတွေ တထိုးထိုးဖြစ်နေကြရဲ့..။
ကောင်မလေးရေ နဖူးစာက စာသင်ခန်းထဲထိ လာလည်ပြီထင်ရဲ့..။


ဆန်နီရွှန်းလဲ့ ဆိုတဲ့ ငါ့ရဲ့ ဆည်းဆာမလေးရေ
ယောက်ျားတို့တတ်အပ်တဲ့ ပညာရပ်တွေထဲမှာ
မိန်းမပိုးနည်းအတတ်သာပါခဲ့ရင်
ကျမ်းစာတွေ အထပ်ထပ်ဖတ်လို့
နင့်ကိုချစ်တတ်အောင်
သင်ပေးချင်စမ်းလှရဲ့......

ကဲကိုကိုဒေါင်း ဘယ်လိုလှုပ်ရှားမလဲ..
 

“အင်း.သဲမွန်တို့အဖွဲ့ကို အကူအညီတောင်းရမှာပဲ
မင်းတို့ကလဲ ပစ်မထားကြနဲ့လေကွာ...မင်းတို့ရဲ ဗျူဟာတွေ၊အကြံပေးချက်တွေ
အများကြီးလိုတယ်..။
 

“ငါတို့ကပြောစရာမလိုပါဘူး..အဲ အဆင်ပြေရင်တော့ ဘီယာတစ်ဝိုင်းတော့လုပါပေးရမယ်နော်..”

“ဂူဂဲပြောတာ ထောက်ခံတယ်..ဟီးဟီး..”
 

“နီကိုရဲရာ မုန့်ဆီကြော်က ဘယ်မှန်းမသိသေးဘူး..အဆင်ပြေလို့ကတော့ ဘီယာတစ်ဝိုင်းတင်
မကဘူး ထန်းရေတစ်ဝိုင်းပါ မေတ္တာလက်ဆောင် လုပ်ပေးမယ်ဟေ့ ကဲ ကျေနပ်ပြီလား..”
 

“အေး..အဲဒါဆို ငတိမတွေထိုင်နေတဲ့ ရွှေယမင်းကို ဒိုးကြမယ်...”

သူငယ်ချင်း တသိုက် ရွှေယမင်းလက်ဖက်ရည်ဆိုင်ဘက် ထွက်လာခဲ့ကြသည်။
ရွှေယမင်းရောက်တော့ ငတိမတို့လည်းယောက်နေကြပြီ ..။

သဲမွန်၊အိသွယ်၊ဇာဇာ၊ဇင်ကြီး၊ဇာခြည် ပြီးတော့ဆန်နီရွှန်းလဲ့...။

“ဟာ....ဇာတ်လိုက်တွေရောက်နေကြပြီလား..ဘာမှာပြီးပြီလဲ
ငါတို့အတွက်လည်းမှာလေဟာ သဲမွန်.”

ဝူးဝါးက ရောက်ရောက်ချင်း ဆရာလုပ်လိုက်သည်။

“အောင်မယ် ကိုဝူးဝါး ကျမတို့က ရှင်တို့အဖွဲ့ကိုလှမ်းမြင်လို့
မမှာသေးဘူး ဒကာတွေစောင့်နေတာလေ..ဟဲ..ဟဲ”

သဲမွန် ပြန်ပြောလိုက်သဖြင့် ၀ူးဝါး မျက်လုံးပြူးသွားသည်။
 

“သေပြီဆရာရေ..“

“ကြီးပေါဒကာက ဘယ်သူလဲကွ..”

“မပူပါနဲ့ကွာ ဒေါင်းကြီးတစ်ယောက်လုံးပါပါတယ်”

“ဒီကောင်မနေ့ကမှ အိမ်က ပိုက်ဆံရောက်တာ..”
 

“ဟုတ်တယ် ငါကျွေးမယ်ဟာ နင်တို့ကြိုက်တာမှာကြလေ..”
ဒေါင်းကြီး စေတနာတွေ ရေစီးကမ်းပြို လိုက်နေသည်။

“မဆန်နီရွှန်းလဲ့လည်း မှာလေ...”

“အားနာစရာကြီး ဆန်နီကိုယ့်ဘာသာကိုပဲ ရှင်းလိုက်ပမယ်..”

“.ပြီးတော့ဆန်နီကို ဆန်နီလို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါ..”
သူမက ရင်းနှီးစွာ ပြောလိုက်သည်။

“ခင်မင်းခြင်းအထိမ်းအမှတ်ပေါ့ ဆန်နီရယ် နောက်ကျတော့မှ ဆန်နီရှင်းပေါ့.ဟုတ်ပြီလား..”

လေးဖြူက ကြားဝင် ပြောပေးလိုက်သည်။



“ဒါပေမယ့် တခုတော့ရှိတယ် ဆန်နီ ..နင် သဲမွန်တို့ အဖွဲ့နဲ့ပေါင်းရင် သတိထားနော် သူတို့သိပ်စိတ်မမှန်ဘူး..”

“သေနာလေးဖြူ နင်သာသီချင်းရူး...”

သဲမွန်တို့က သံပြိုင် တွယ်လိုက်ရာ လေဖြူးက စပ်ဖြီးဖြီး လျှာထုတ် ပြောင်ပြလိုက်သည်။


“ဒါနဲ့အကိုကျော်သူကို မနက်ကကိစ္စထပ်ပြီးတောင်းပန်ပါတယ်..”


“ဆန်နီမတောင်းပန်လည်း ဒေါင်းကြီးက ခွင့်လွှတ်ပြီးသားပါဗျာ..ဒီကောင်ကြီး
ခန္ဓီပါရမီနဲ့ တကယ်ပြည့်စုံတဲ့ကောင်ကြီး ဟုတ်တယ်မို့လားတေဇ...”


“ဟုတ်ပကိုကြီးပေါရေ”
နှစ်ကောင်သား အတိုင် အဖောက်ညီနေကြသည်။
 

“ရပါတယ် ရွှံလေးနဲနဲပေသွားတာကလွဲရင် ဘာမှမဖြစ်ပါဘူး...အဆောင်ပြန်ပြီး
ရေဆေးလိုက်ရတာပဲရှိတယ်..”



“စိတ်မကောင်းဖြစ်မနေပါနဲ့ အမှတ်တရပေါ့ဗျာ.။
ကျနော်တို့အဖွဲ့ ပျော်တတ်တယ် ပြီးတော့ခင်တတ်ပါတယ်။”

ဒေါင်းကြီး သူမအနေမခက်အောင် ပြောလိုက်သည်။

“ဟုတ်တယ် အကိုတို့အဖွဲ့ကိုကြည့်ရတာနဲ့ ပျော်ပျော်နေတတ်ကြမှန်း ဆန်နီအကဲခတ်မိပါတယ်”



“သမီးကိုသူငယ်ချင်းသစ်တစ်ယောက်အဖြစ် နွေးနွေးထွေးထွေး ဆင်ဆံတဲ့အတွက်
အကိုတို့ကိုရော အမသဲမွန်တို့အဖွဲ့ကိုပါ သမီး အရမ်းကျေးဇူးတင်ပါတယ်...”


“အကိုတို့နာမည်အရင်းတွေကိုမမှတ်မိဘူး နာမည်ပြောင်တွေပဲ မှတ်မိတယ်...”

“အဲဒီနာမည်တွေကိုပဲခေါ်မယ်နော်...ကိုကျော်သူနာမည်ကတော့
ဒေါင်းကြီးဆိုတော့ သိပ်ခေါ်လို့ မကောင်းဘူး ကိုကျော်သူလို့ပဲခေါ်လိုက်မယ်နော်..”
 

“အော်..အော်...ဂလိုလား ရပ်တယ်ဗျာ ဆန်နီကြိုက်သလိုခေါ်ပါဗျာ”

“ဒီလိုမှန်းသိရင် ခေါ်ကောင်းအောင် အမေကို မင်းသားနာမည်လေး ပေးခိုင်းခဲ့ပါတယ်..”

ဂူဂဲက ပြောင်စပ်စပ်မျက်နှာပေးနဲ့ နောက်နေသည်။ 

“ဂူဂဲရာ အားမငယ်ပါနဲ့ မင်းသားလေးမွေးမှ မင်းသားနာမည် မှည့်ပေးပေါ့ကွာ...”

ကြာကြီးက ၀င်ပြောလိုက်သည်။


“အေးပေါ့ ကြာကြီးရာ ငါတတ်နိုင်တာ ဒါတစ်ခုပဲရှိတော့တာပေါ့...”
သူတို့ရဲ့ နောက်လုံးပြောင်လုံးတွေကြား အကြောင်းမသိသေးတဲ့ သူမကတော့ မနေတတ်မထိုင်တတ် ဖြစ်နေရှာသည်။
 

“မဟုတ်ပါဘူးဆန်နီက ခေါ်ကောင်းသလိုခေါ်လိုက်မယ်လို့ဆုံးဖြတ်လိုက်တာပါ ..”

“ကိုကြီးပေါတို့ နာမည်အရင်းခေါ်စေချင်ရင်လည်း သမီး....”
ကြီးပေါစတာကို အဟုတ်မှတ် ပြီးသူမက ပြာပြာသလဲ ပြန်ဖြေရှင်းနေသေးသည်။

“ငါတို့က နောက်တာပါဟာ ကြိုက်သလိုခေါ်ပါ..နာမည်ပြောင်ခေါ်တာက ပိုရင်းနှီးတာပေါ့..”
 

“အိသွယ် ငါ့ကို စာအုပ်ငှားဦး မနက်က တို့class နှစ်ချိန်လွတ်သွားတာ ကူးလိုက်ဦးမယ်...”
စာကူးဖို့ကျတော့ အိသွယ်ကို အားကိုးရသည်။သူမက လက်ရေးသတ်ရပ်သည်။


“နင်တို့ကလေ ဒီအတိုင်းကြီးပဲ ကျောင်းတော့ မှန်မှန်မတက်ဘူး ရော့ မြန်မြန်ကူး...” 

“၀ူးဝါးနင်အရင်ကူးလိုက် ပြီးမှဟိုကောင်တွေက သူ့ထဲကပြန်ကူးကြ...”
အိသွယ်ကလည်း ဂွင်ထဲရောက်တုန်း ဆရာမကြီးလေသံနဲ့ ဟောက်လိုက်သည်။

“အင်းပါဟာ နင်ကလည်းစာအုပ်ငှားတာနဲ့ မကာမိဘူး ဆရာမကြီးကလည်းလုပ်ချင်လိုက်တာ
နင်ကျောင်းပြီးရင် တက္ကသိုလ်မှာပဲ ဆရာမပြန်လုပ်ပါဟာ..”

ဝူးဝါးကလည်း ပြန်ရွဲ့လိုက်သည်။
 

“ကိုကျော်သူနဲ့ကိုဂူဂဲက သမီးကြောင့်ကျောင်းနောက်ကျတာဆိုတော့ သမီးကူးပေးပါ့မယ်..”
သူမက သူမကြောင့် ကျောင်းနောက်ကျသဖြင့် အားနာနေသည်။
 

“ဟာနေပါစေဆန်နီ ကျနော်တို့ကိုယ့်ဘာသာကိုယ်ပဲ ကူးပါ့မယ်..ဆန်နီကြောင့် မဟုတ်လည်း
ကျနော်တို့က နောက်ကျနေကျပါ”
 

“ကျောင်းတက်လဲ လေပေါနေတာများတယ် လက်ချာမလိုက်ဘူး ဒ်ီလိုပဲ ပြီးမှ အိသွယ်တို့ဆီက ပြန်ကူးနေကြပါ..”
ဒေါင်းကြီးက သူမမျက်နှာကို မြတ်နိုးစွာ ကြည့်နေရင်း ပြောလိုက်သည်။
 

“ဒီတခါတော့ ဆန်နီကူးပေးပါ့မယ် အဲဒီလိုမှမဟုတ်ရင် ကျမဘယ်လိုစိတ်ကောင်းပါ့မလဲရှင်..”
သူမက အားနာစွာ ဆိုသည်။

“စိတ်မကောင်းမဖြစ်ပါနဲ့ တစ်ခေါက်ကူးလိုက်တော့ တစ်ခေါက်မှတ်မိတာပေါ့ဗျာ....”
 

“အင်း အဲဒါလည်းဟုတ်တာပဲ...”

“အေးကွာ ငါလည်း ဒေါင်းကြီးလို ဆိုင်ကယ်အတိုက်ခံချင်စမ်းလှရဲ့ ..”
 

“ဟာကိုနီကိုရဲကလည်း..”

နီကိုရဲက စလိုက်သဖြင့် သူမမျက်နှာလေးရဲသွားသည်။

“နီကိုရဲရယ် နင့်လိုအမြဲလွဲနေတတ်တဲ့ကောင်ကို ဆိုင်ကယ်တင်မဟုတ်ဘူး လမ်းကြိတ်စက်ပါတိုက်မှာ ဟားဟား..”
သဲမွန်ဝင်တွယ်လိုက်ရာ နီကိုမျက်နှာကြီး အီးမှန်သွားသည်။


အဲဒီလိုနဲ့ ကျနော်ကျော်သူတစ်ယောက် အတန်းအားချိန်တိုင်း ဆန်နီအနားကပ်ရင်း သဲမွန်တို့အိသွယ်တို့အဖွဲ့နဲ့ပဲ အချိန်ဖြုန်းနေဖြစ်သည်။သံယောဇဉ်တို့သည် တစ်ရက်ပြီးရစ်ပတ်နှောင်ဖွဲ့လာခဲ့သည်။


အချစ်ဆိုသောသစ်သီးဟာ ကျနော့်ရင်ထဲမှာ တစ်နေ့တခြားရင့်မှည့်ချိုရီလာခဲ့ပြီထင်ရဲ့..ချစ်သူရဲ့
ချစ်စဖွယ်ကောင်း လှသောမျက်နှာလေး ဟာ ကျနော့်လမင်းလေးတစ်စင်းဖြစ်၍ ချစ်သူရဲ့စကားသံသည် ကျနော့်အတွက် ဆည်းလည်းသံများဖြစ်၏။


ချစ်သူရဲ့လှုပ်ရှားမှုတိုင်းကသာ ကျနော်အိပ်မက်တွေကို စိုးမိုးနေပါတော့သည်။ကြီးပေါတို့ ဂူဂဲတို့အဖွဲ့နဲ့
နေတဲ့အချိန်ထက် ချစ်သူရဲ့အနားခစားနေသည့် အချိန်တွေက များနေသည်။သူငယ်ချင်းတွေကလည်း နားလည်ပေးကြပါသည်။


အိသွယ်တို့သဲမွန်တို့အဖွဲ့ကလည်း ကျနော်ကို ကူညီပေးကြပါသည်။ ဒါပေမယ့်သူတို့လည်းကျနော်အတွက်စိုးရိမ်နေတယ်..။


“ဒေါင်းကြီး နင့်တကယ်အရူးအမူးခံစားနေရတယ်ဆိုတာငါတို့ ရိပ်မိပါတယ်..”


“သူ့ပုံစံကြည့်ရတာလည်း နင့်ကိုသံယောဇဉ်ရှိနေပုံ ပါပဲ..ဒါပေမယ့်သူ့မှာ လျှို့ဝှက်ချက်တစ်ခုခု
ရှိနေသလိုပဲ..“

သဲမွန်ကတော့ တစ်ဆောင်တည်းနေတော့ ပိုသိသည်။

“တစ်ခါတစ်ခါသူမှိုင်ပြီး ဘာတွေတွေးနေလည်း မသိဘူး
တို့မေးတော့လည်း ပြောမပြဘဲ လမ်းကြောင်းလွှဲလွှဲပြစ်တယ်ဟ..”


“ဟုတ်တယ်သဲမွန် ပြောတာမှန်တယ်...”


“သူကလူသစ်ဆိုတော့ ဟိုဘက်ကျောင်းမှာ ဇာတ်လမ်းတွေရှိရင် ရှိခဲ့မှာပေါ့..”
ဇင်ကြီးကလည်း ထောက်ခံသည်။

“ဒါပေမယ့် သူပုံစံကြည့်ရတာ ရည်းစားရှိတဲ့ပုံလည်း မပေါ်ပြန်ဘူးဟ...ငါတို့စိတ်ထဲမှာတော့ တစ်မျိုးကြီးပဲ..“


“သူကသဘောကောင်းပါတယ် မျက်လုံးလေးတွေကလည်း ဖြူစင်တယ်.
တခါတခါ သူပုံစံလေးက တစ်ခုခုကို ၀မ်းနည်းနေသလိုပဲ”

သူလဲသူခံစားရသလိုပြော မိသည်။

“နားမလည်တတ်တော့ပါဘူးဟယ် နင်လည်းသူ့အကြောင်းတွေကို စုံစမ်းဦးပေါ့...”

သဲမွန်က သတိပေးသည်။

“ငါတို့ကတော့ နင်တို့နှစ်ယောက်ကို အဆင်ပြေစေချင်ပါတယ်..နင်ကလည်း
ရိုသားတယ်..ကြိုးစားတယ်..စိတ်ရင်းလည်းကောင်းတယ်...သူကလည်းချစ်စရာလေး..လိုက်ပါတယ်”


“ဒါပေမယ့် အဆိုးဆုံးတွေကိုလည်း ကြိုတွေးထားပေါ့ဟာ ငါတို့ကတော့ ဘယ်သူ့ကိုမှ
မခံစားစေချင်ဘူး...”

အိသွယ်ကလည်း စေတနာနဲ့ ၀င်ပြောရှာသည်။

“ဒါပေမယ့်နင်သိထားရမယ့်အရေးကြီးဆုံးတစ်ခုကတော့ သူတို့မိသားစုက တော်တော်ချမ်းသာပုံရတယ်.
အဲဒါလည်းစဉ်းစားထားဦး...” ဇာခြည်ကသတိပေးသည်။


“ကျေှးဇူးပါပဲ သူငယ်ချင်းတို့ရာ..နင်တို့ကိုငါ တိုင်ပင်တာလည်း ရင်ထဲမှာ စိုးရိမ်လို့ပါ..”


“ငါတို့ကတော့ တတ်နိုင်သမျှ ကူညီပေးပါ့မယ်..ဟောပြောရင်းဆိုရင်း
နင့်နတ်သမီးလေးလာနေပြီ...”

အိသွယ်က ပြောရင်းဆိုရင်း မေးငေါ့ပြသည်။ဟုတ်တယ် သူမ ကျနော်တို့ဆီလာနေသည်။

ညင်သာစွာလျှောက်လှမ်းလာတဲ့ သူမရဲ့ လမ်းလျှောက်ဟန်လေးက မဟာဆန်လွန်းလှရဲ့ ...

“ကိုကျော်သူတို့ မသဲမွန်တို့ ရောက်နေတာကြာပြီလား..
သမီးလည်း မေမေနဲ့ဖုန်းပြောနေလို့ နည်းနည်းနောက်ကျသွားတယ်..”


“အတန်းမတက်ကြဘူးလား..”

ရောက်ရောက်ချင်းပဲ သူမက သူတို့ကို မေးလိုက်သည်။

“ဆရာရန်ကုန် အစည်းအဝေးသွားတက်တယ်လေ..အတန်းအားလို့ ထိုင်စကားပြောနေကြတာ..
တော်သေးတာပေါ့ သမီးက အတန်းနောက်ကျပြီဆိုပြီး မေ့မေ့ကို ပြောနေသေးတယ်...”

သဲမွန်က ပြန်ပြောလိုက်သည်။

“အကိုကျော်သူ အားရင်သမီးနဲ့မြို့ထဲလိုက်ခဲ့ပါဦးနော် ဘဏ်သွားပြီး ငွေသွားထုတ်ချင်လို့..”

သူမက အားကိုးတကြီး အကူအညီတောင်းသည်။

“အောင်မလေး ဆန်နီရယ် နင်ခေါ်လို့ကတော့ ဒေါင်းကြီးအဲဗား အားပါတယ်..ဟုတ်တယ်မဟုတ်လား...”

သဲမွန်က ဘယ်တုန်းက ပြောချင်နေသည်မသိ။
 

“နင်တို့ကလည်းဟာ နင်တို့ကိစ္စတွေဆိုလည်း ငါလုပ်ပေးပါတယ်”

ကျနော်တောင် အို့တို့အမ်းတမ်းဖြစ်သွားသည်။သူမမျက်နှာလေးကို မ၀ံ့မရဲလှမ်းကြည့်လိုက်တော့
သူမမျက်နှာလေးလည်းရဲနေပါသည်.။ဘာမှတော့ပြန်မပြောရှာ ခေါင်းလေးငုံ့နေရှာသည်။


သူမမျက်နှာမှာ ကျေနပ်တဲ့အရိပ်ကလေးတွေများလား...ကိုယ့်ဘက်ကိုယ်ယက်တွေးမိတာထင်ရဲ့..။
အိနြေ္ဒကြီးသလို အရှက်အကြောက်ကြီးတဲ့ ချစ်သူလေးကိုမြတ်နိုးစွာ ငေးကြည့်နေမိသည်။
အိသွယ်ကတော့ ဘယ်နှယ့်လည်းဆိုတဲ့ သဘောနဲ့ ကျနော်ကို မျက်စပြစ်ပြပါသည်။
 

“ကဲကဲ နောက်အတန်းသွားတက်ကြမယ်..”

ဇာခြည်က ကျနော်တို့ အခက်အခဲကို ၀င်ရှင်းပေးလိုက်လို့တော်သေးသည်။

ဆည်းဆာရယ် မင်းဘက်ကဘယ်လိုမှန်းမသိပေမယ့် ငါ့ဘက်တော့ ဖိတ်စတစ်ခြမ်းသေချာနေပါပြီ..။
ခုလည်းချစ်သူအအကြောင်း ကဗျာတွေ ရေးနေမိသည်။


“ဒေါင်းကြီးမင်းတကယ် ကြွေနေတာလား..”

ဂူဂဲက တကယ် လေးလေးနက်နက် ပုံစံနဲ့ မေးသည်။

“ငါမင်းကိုဘာလို့လိမ်မှာလည်း ဂူဂဲရာ..”


“မင်းတို့ကြီးပေါတို့လည်း ငါဆည်းဆာအနားမှာပဲနေနေလို့ အမြင်ကပ်နေကြမယ်ဆိုတာ ငါသိပါတယ်”
 

“သူငယ်ချင်းတွေကို ငါချစ်ပါတယ်..ဒါပေမယ့် သူ့မျက်နှာလေးကို ပဲအမြဲမြင်ချင်နေမိတော့
ဘယ်တတ်နိုင်မှာလဲ တောင်းပန်ပါတယ်ကွာ မင်းငေါက်လဲခံရမှာပဲ သူ့စကားသံလေးတွေပဲ ကြားချင်နေမိတယ်..”

ဒေါင်းကြီးရဲ့ အချစ်ဒီဂရီကတော့ စိုးရိမ်ရေအမှတ်ကို ကျော်နေပြီ ဖြစ်သည်။

“ငါတို့မင်းကိုနားလည်ပါတယ်..”

“ဒါပေမယ့် မင်းကနည်းနည်းတော့ over ဖြစ်နေသလားလို့..”
သူငယ်ချင်း အတွက် ဂူဂဲက ၀ိုင်းစဉ်းစားပေးနေသည်။

“ဒီလိုနားလည်ပေးတာ ကျေးဇူးပါပဲ ဂူဂဲရာ”

“အင်းပေါ့မင်းက ဒီကိစ္စနဲ့ပတ်သက်ရင် အတွေ့အကြုံနည်းတာကိုး..အရမ်းခံစားရမှာစိုးလို့ပါကွာ
အဆင်ပြေရင်တော်သေးရဲ့..”


“ပြီးတော့သူကခုမှ ပြောင်းလာတာ သူ့ရဲ့နောက်ကြောင်းကို မင်းဘယ်လောက်သိလို့လည်း
အရင်ကျောင်းမှာများ ရည်းစားတွေဘာတွေရှိခဲ့သေးလား မသိဘူး”


ဂူဂဲက တွေးတွေးဆဆ ပြောသည်။

“မင်းတို့ဆဲလည်းခံရမှာပဲ ငါအဲဒါတွေစိတ်မ၀င်စားဘူး..
သူရည်းစားဘယ်လောက်ပဲရှိခဲ့ရှိခဲ့ငါချစ်နိုင်တယ် ခွင့်လွှတ်နိုင်တယ်..”

ဒေါင်းကြီးက မျက်နှာက တကယ့် ခံစားချက်အပြည့်နှင့်။

“အော် ဆေးတောင်မမီတော့ပါပဲလား ဒါနဲ့မင်းကဖွင့်ပြောပြီးလို့လား..”

ဂူဂဲက ရွဲ့ပြောသည်။

“ငါမပြောရဲဘူး ဂူဂဲရာ ...”


ဒေါင်းကြီးအသံက တိုးတိတ်စွာထွက်လာသည်။

“သေဟ လခွီး မင်းကဖွင့်မပြောဘဲနဲ့ ကောင်မလေးကတော့ ကိုကျော်သူရယ်
သမီးကိုကျော်သူကို အရမ်းချစ်တာပဲသိလား လို့ သေတောင်မပြောဘူး..”


ဂူဂဲပြောတာ ဟုတ်နေတော့ သူလဲ ဘာမှပြန်မပြောနိုင်ဘဲ နားပဲ ထောင်နေရသည်။ခုချိန်မှာတော့ သူက ဆရာကြီးပေါ့။

“မှတ်ထား လှသောမိန်းကလေးသည် ရဲသောယောက်ျားလေးအတွက်တဲ့..”


“မပြောရဲရင် မကြိုက်နဲ့ကွာ ပြီးမှ အသည်းကွဲနေမယ်..ခုခေတ်က အင်တာနက်ခေတ်ကွ
နောက်ကျရင် မင်းအပေါက်ဝတောင်ရောက်မှာ မဟုတ်ဘူး..”


ဂူဂဲက အားမလိုအားမရ ဖြစ်နေသည်။

“M.P ကကောင်တစ်ကောင် လှုပ်ရှားနေတယ်ကြားတယ် မင်းကျန်ရစ်ဖြစ်မယ်နော်..
ဆန်နီက ချစ်စရာလေးဆိုတော့ ကြိုက်တဲ့လူ ပေါတယ်ကွ..”


ဂူဂဲကလဲ မီးလောင်ရာလေပင့်နေသည်။

“သူငါ့ကိုပြောပါတယ် သူမကြိုက်ဘုးတဲ့..”
“ငါကလည်း ဘယ်လိုစပြောရမှန်းမသိဘူး သူလည်းရိပ်မိသလောက်တော့ ရိပ်မိမှာပါ..”

ဘာပဲ ဖြစ်ဖြစ် သူရင်ထဲမှာတော့ စိုးရိမ်နေမိသည်။

“ငါတို့သူတို့အဆောင် ဂစ်တာသွားတီးကြရအောင်ကွာ ဟိုကောင်တွေကို ပြောထားဦး..”

ဂူဂဲကို အပူကပ်ရသည်။ဂူဂဲက ဒါမျိုးကျတော့အားကိုးရသည်။

“အိုကေလေ ညကျမှ အပီအပြင်ရင်ဖွင့်ကြတာပေါ့..”

ဂူဂဲက ပြောပြောဆိုဆို ထွက်သွားသည်။

ည မိုးချုပ်တော့ အဆောင်ကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
 

“လူစုံရင်သွားကြမယ်..” ကြီးပေါက လောဆော်သည်။

“ဂန္တ၀င် အချစ်သမားကြီး ဘယ့်နှယ်လည်း ရပ်ကူပါရွာဝိုင်းပါဖြစ်နေပြီလား..”

ကြီးပေါပြောလဲ ခံရမယ့် ဘ၀ပဲလေ။

“ကြီးပေါရာ ငါ့မှာမင်းတို့ကောင်တွေကိုပဲ အပူကပ်စရာရှိတာပဲဟုတ်တာ”


“ဟေ့ကောင်တို့က အလကားတော့လိုက်တီးမပေးနိုင်ဘူးနော် သိတယ်မဟုတ်လား
ထုံးစံအတိုင်း တစ်ဝိုင်းလောက်တော့ ဆွဲမှဖြစ်မှာ”

လေးဖြူကလဲ အခွင့်အရေးရတုန်း ဈေးကိုင်နေသည်။

“အေးပါလေးဖြူရာ ဒါပေမယ့်ငါ့မှာ ကျည်သိပ်မရှိတော့ဘူး အကြမ်းလောက်ပဲ
တွယ်ကြရအောင်ကွာ”

ဒေါင်းကြီး အသံက ခတ်ပျော့ပျော့ ..ပျော့ဆို သူအိပ်ကပ်ထဲ ငွေက သိပ်မကျန်တော့။

“ဖြစ်တယ် ဂူဂဲတို့ကတော့ ကြမ်းကြမ်းနုနု ဘာလာလာရတယ်..”

ဂူဂဲက သောက်မယ်ဆိုထိပ်ဆုံးက။

“ယမကာလေးနဲ့မှ သီချင်းကဆိုလို့ကောင်းတာ..
ဒေါင်းကြီးရ..” 

ကြာကြီးကလည်း သူအတွေးနဲ့ သူဝင်ပြောသည်။

“အေးပါကြာကြီးရာ မင်းအသံကိုပဲ ငါက အားကိုးတာပါ..”


ခုချိန်မှာတော့ သူအားလုံးကို ဆရာတင်ဖို့ အဆင်သင့်ဖြစ်နေသည်။
ကြိုက်မရှက် ချစ်မရှက်ဆိုတာ ဒါပဲ ထင်ရဲ့...။

“ငါနဲ့တေဇဆရာ့ဆီခဏသွားလိုက်ဦးမယ် ခိုင်းထားတာလေးရှိလို့.”

“တို့အတွက်ပိုမှာထားလိုက်.”

ဝူးဝါးပြောပြောဆိုဆို ဆိုင်ကယ်နဲ့တေဇကိုခေါ်ပြီးထွက်သွားသည်။
 

“အဲဒါဆို မင်္ဂလာအချိန်မှီ လစ်ကြမယ်.”

နီကိုရဲက လောဆော်လိုက်သည်။

“ဟုတ်တယ် လာmove ကြမယ်”



နှစ်ယောက်သား တက်ညီလက်ညီ ထွက်သွားကြလေသည်။



ဆက်ရန်


လင်းဝေ

No comments:

Post a Comment