Wednesday, September 29, 2010

ကျောင်းတော်က ရင်ခုန်သံ အပိုင်း(၄)

အပိုင်း(၃) မှ အဆက်

“ဟေ့ကောင်တို့က အလကားတော့လိုက်တီးမပေးနိုင်ဘူးနော် သိတယ်မဟုတ်လား
ထုံးစံအတိုင်း
တစ်ဝိုင်းလောက်တော့ ဆွဲမှဖြစ်မှာ”
လေးဖြူကလဲ သူ့ဂွင်ထဲရောက်တုန်း ပညာပြသည်။

“အေးပါလေးဖြူရာ ဒါပေမယ့်ငါ့မှာ ကျည်သိပ်မရှိတော့ဘူး အကြမ်းလောက်ပဲ
တွယ်ကြရအောင်ကွာ”


“ဖြစ်တယ် ဂူဂဲတို့ကတော့ ကြမ်းကြမ်းနုနု ဘာလာလာရတယ်..”

ဂူဂဲကလည်း ဒီလိုဂွင်ဆို သိပ်ကြိုက်တာပေါ့ နှစ်ခါမညှိရဘူး။

“ယမကာလေးနဲ့မှ
သီချင်းကဆိုလို့ကောင်းတာ..ဒေါင်းကြီးရ..”


“အေးပါကြာကြီးရာ မင်းအသံကိုပဲ ငါကအားကိုးတာပါ..”

ခုချိန်မှာတော့ သူငယ်ချင်းတွေအတွက် ဒေါင်းကြီးက စေတနာအပြည့်ပါပဲ။ ဒါမှလဲ ချစ်သူအဆောင်ရှေ့မှာ ရင်ဖွင့်ရမည် မဟုတ်လား။

“ငါနဲ့တေဇဆရာ့ဆီခဏသွားလိုက်ဦးမယ် ခိုင်းထားတာလေးရှိလို့..တို့အတွက်ပိုမှာထားလိုက်..”
ဝူးဝါးပြောပြောဆိုဆို ဆိုင်ကယ်နဲ့တေဇကိုခေါ်ပြီးထွက်သွားသည်။

“အဲဒါဆို မင်္ဂလာအချိန်မှီ လစ်ကြမယ်..”

နီကိုရဲက လောဆော်လိုက်သည်။

“ဟုတ်တယ် လာmove ကြမယ်”


ထုံစံအတိုင်း တောတန်းအိုင်ဘေးနားက အိမ်ဖြူတော်ဆီကိုရွေ့ခဲ့ကြသည်။

ဆိုင်လေးက ပေလမ်းရဲ့ဘေးအောက်ချိုင့်ထဲကို ဆင်းသွားရသည်။
အတွင်းမှာ ထန်းရွက်တဲလေးတွေနဲ့ တစ်ဝိုင်းစီလုပ်ပေးထားသည်။

ကဗျာဆန်သလို သောက်ရတာလည်း လွတ်လွတ်လပ်လပ်ရှိ၏။
ဆိုင်ရှင်ကိုမိုးကလည်း လူငယ်ဆိုတော့ ကျနော်တို့လိုကျောင်းသားတွေနဲ့အထာကျပါသည်။စလိုက်နောက်လိုက်နဲ့ ဖော်ဖော်ရွေရွေနေ တတ်သည်။


“ဟ ငါ့ညီတို့ဂစ်တာတွေဘာတွေနဲ့ပါလား ဘယ်သွားတီးမလို့လဲ ..”

ကိုမိုးက ရောက်ရောက်ချင်းပဲ သူတို့အဖွဲ့ကို ဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။

“ဒီနားအမျိုးသမီးဆောင်တွေပဲ တီးမှာပါဗျာ..အီကိုဘက်က ဝေးတယ်အကိုရ..”

ကြီးပေါက လေရှည်လိုက်သည်။

“ညီတို့ကျောင်းကကျောင်းသူတွေလည်း လန်းပါတယ်ကွ..”


“ဒီလိုပဲ တွေးရတာပေါ့ဗျာ ဟုတ်တယ်မို့လား ကိုမိုး ဟဲဟဲ”
ဂူဂဲက ထုံးစံအတိုင်း ရွှတ်နောက်နောက် ပြောလိုက်သည်။

“ကဲ ဘာကစ်ကြမှာလည်း..”


“grand ၀ီစကီတစ်တောင့်.၀က်သားသုတ်တစ်ပွဲ၊ကန်းစွန်းပလိန်းတစ်ပွဲ၊ပြီးတော့ကြက်သားခေါက်ဆွဲကြော်တစ်ပွဲ အဲဒါအရင်လုပ်ဗျာ ပြီးမှထပ်မှာမယ်..”
ဒါကြတော့ ဘာအရက် ဘာအမြည်းမှာရမလဲ မမေးနဲ့ လေးဖြူက ကျွမ်းသည်။

“မူမူရေ ..နင့်မောင်တွေအတွက် ကောင်းကောင်းလေးလုပ်ပေးလိုက်ပါကွာ..”


ခဏနေတော့ စားပွဲထိုးကောင်လေး လာချသဖြင့် အရက်အရင်ရောက်လာသည်။
 ကြာကြီးကမာကာပေါ့ တစ်ခွက်ပြီးတစ်ခွက် အညီအမျှငှဲ့ပေးသည်။

“အမြည်းလည်းစုံပြီ ..ဟိုကောင်နှစ်ကောင်ကလည်းကြာလိုက်တာကွာ ဒီကသောက်ချင်ပြီ”
ဂူဂဲက အမြည်းတွေ ကြည့်ပြီး စိတ်မရှည်ချင်တော့။

“စိတ်ထိန်းပါဦး ဂူဂဲရာ ဟောပြောရင်းဆိုရင်း လာပြီ အသက်ရှည်ဦးမယ်..”


“ဟေ့ကောင်တွေ မင်းတို့က သောက်နှင့်နေကြပြီလားကွ..ချန်ထားဦးနော်.”


“မသောက်သေးပါဘူးဝူးဝါးရာ မင်းတို့နှစ်ကောင်ကိုစောင့်နေကြတာ..”


ကြာကြီးကဖန်ခွက်တွေ အကုန်ထည့်ပြီးသွားပြီ ဒီကောင်ကဒီနေရာမှာတော့သွက်သည်။


“လူစုံပြီဆိုတော့ ၀ိုင်းလေးစလိုက်ကြရအောင် ...”


“ချီးယား..........ဆော်ကြည်ထီပေါက်နတ်ပြည်ရောက်နတ်သမီးလှလှလေးတွေနဲ့ ညားပါစေ..”


“ဟား...ဟား..”


“ဟေ့ကောင်တွေ ဒေါင်းကြီးကို ဆုတောင်းပေးလိုက်ကြဦးလေကွာ..”


“၀ူးဝါးပြောတာမှန်တယ် ဒေါင်းကြီးလည်း ဆည်းဆာလေးနဲ့ အမြန်ဆုံး ပူနိမ်တိန်းနိုင်ပါစေဗျာ...ဟား.ဟား..ဟားး”


ယမကာလေးတွေ ဗိုက်ထဲဝင်လာပြီဆိုတော့ စကားဝိုင်းလေးက ပိုစည်လာသည်။


“နေစမ်းပါဦး မင်းတို့က အချစ်အချစ်နဲ့ တစ်ချစ်ထဲချစ်နေလိုက်ကြတာ ဂက်စ်မီးခြစ်ဆို
ကျောက်ကုန်ပြီးဆီခန်းနေလောက်ပြီ”


“အချစ်ရဲ့အနက်အဓိပ္ပာယ်ကိုရောသိကြလို့လား..”
ကြီးပေါကစဖောက်လာသည်။


“ငါကတော့ အချစ်ဆိုတာ ချောင်းဆိုးသလိုပဲ အောင့်ထားလို့မရဘူးလို့ ကြားဖူးတယ်”


“ဘယ်ဟုတ်မှာတုန်း အချစ်ဆိုတာ ၀မ်းနှုတ်ဆေးတစ်ဗူးလုံးစားပြီး အိမ်သာပျောက်နေတဲ့လူလို
အူထဲအသည်းထဲ ရစ်နေအောင်နာပြီးတော့ မဖွင့်ချရရင် မနေနိုင်တဲ့ ရောဂါတစ်မျိုးကွ..”


“၀ူးဝါးရာမင်းပြောမှ ပိုဆိုးသွားပြီ..”

“အချစ်ဆိုတာ တွမ်တီးဝမ်းဆွဲရသလိုပဲ ဆယ့်နှစ်ပေါက်ဖဲကနေ လေးတန်းနေတဲ့စိတ်ဖဲကို
အသာလေးကြိတ်ပြီး ပွတ်ဆွဲနေရသလို အသည်းထဲမှာ ယားကျလိယားကျလိဖြစ်တဲ့ဖီလင်ကွ..”


“ခါးတစ်ပွင့်ပျောက်သွားလို့ကတော့ ၀ိုင်းလုံးသိမ်းဖို့ပြင်ထားပေတော့ဟေ့..”

“ဟာကွာဖဲသမားငတေဇက တစ်မှောင့်ကွာ..အေးမင်းဖဲရိုက်တာ အရေးမကြီးဘူး မင်းနဲ့တစ်ခန်းတည်းနေတဲ့ စိန်ခိုင်ကိုတော့ သနားတယ်..”


ဘာဖြစ်လို့လဲ နီကိုရဲရ..”

“ဟ ဒီကောင်က ဖဲရိုက်ရင်ထမင်းမေ့ဟင်းမေ့ မအိပ်မနေရိုက်တာလေကွာ ..ကြာတော့ဟိုကောင်က
မနေနိုင်တော့ ထမင်းချက်ပြီးပို့ရတယ်..စားပြီးသားပန်းကန်တောင်ဆေးပေးလိုက်ရသေးတယ်
တော်တော်ညစ်တဲ့ကောင်..”


“စိန်ခိုင်မှာ အင်ဂျင်နီယာကျောင်းလာတက်ရတာ အင်ဂျင်နီယာမဖြစ်ခင် စားဖိုမှူးလုံးလုံးဖြစ်နေတယ်လေ..”


“တေဇရာမင်းအဲလိုတော့ မလုပ်သင့်ပါဘူး.. ငါကဖဲနိုင်ရင်ဒီကောင်ကို ရှယ်ပြုစုပါတယ်ကွ”


“ပြီးတော့ ငါနိုင်တဲ့ ငွေရဲ့လေးပုံတစ်ပုံကို ပေးပါတယ်ကွ မင်းတို့ကလည်း”

တေဇကလဲ အတင်းဖြေရှင်းနေလေသည်။

“ငါ့အတွက်တော့ အချစ်ဆိုတာ ဂီတတစ်ပုဒ် သံစဉ်တစ်ခုပဲ...”

လေးဖြူက တစခန်းထလာသည်။

“အချစ်က တခါတလေကျတော့ ရော့ခ်လိုပေါက်ကွဲချင်စရာကောင်းပြီး တစ်ခါတစ်ခါကျတော့ ပန့်ခ်လို
ရူးသွပ်စရာကောင်းတယ်”


“ဆက်ပြောပါဦး”
ဂူဂဲက ကြားထဲကနေ ၀င်ထောက်ပေးသည်။

“တခါတလေကျတော့ ကလတ်စစ်ကယ်တစ်ပုဒ်လို ဆွေးမြေ့စရာကောင်းနေတတ်ပြန်ရောကွာ..”


“အချစ်တွေခံစားချက်တွေကနေ ငါတို့ရဲ့ကမ္ဘာကြီးမှာ ဂီတဆိုတဲ့ အနုပညာတစ်မျိုးဟာ ....”
လေးဖြူကလည်း သူသန်ရာရာ ဂီတအကြောင်းတွေနဲ့ အမွှန်းတင်နေတော့သည်။

“တော်ပါတော့ ကိုလေးပြာရယ် ကျနော်မျိုးတို့သေသင့်ပါတယ်..”

“ရပ်ပြီနော် ကျနော်တို့သဘောပေါက်သွားပါပြီ .. လေးဖြူပါကွာ မင်းတို့ကလည်း...”


ကြီးပေါ ၀င်ဘရိတ်အုပ်မှ လေးဖြူလဲ ကုတ်သွားတော့သည်။

“မဖြူတော့ဘူးကွ ပြာနေပြီ အဆောင်တကာလှည့်ပြီး လိပ်ခေါင်းထွက်အောင်အော်နေလို့ မင်းအသံတွေက ပြာအက်နေပြီ သိပြီလား.ဟားဟားး”


ဝူးဝါး စလိုက်သဖြင့် လေးဖြူတင်းသွားသည်။

“အေပေးတွေ မင်းတို့က ဘယ်တုန်းက ၀ိုင်းဆိုလို့လည်း အလကားအချောင်သမားတွေ အော်စရာရှိငါနဲ့ ကြာကြီးပဲအော်ရတာ”


“စားစရာရှိတော့ မင်းတို့က ပါးဖြဲနားဖြဲစားပြီးတော့..”

“တော်ကြပါတော့ကွာ ငါ့လိုကဗျာဆရာပြောမှ မင်းတို့အချစ်ဆိုတဲ့ ဝေါဟာရကို
သဘောပေါက်တော့မယ်ထင်တယ်...”

ဂူဂဲက ဆရာကြီးစတိုင်နဲ့ ခတ်တည်တည်ပဲ။

“အချစ်ဆိုတာ အာဒန်နဲ့ဧ၀ကမွေးဖွားလိုက်တာပဲ..”

“အာဒန်ရဲ့နံရိုးတစ်ချောင်းက ဖြစ်လာပြီးတာ့
ဧဒင်ဥယာဉ်ကြီးထဲက ပန်းသီးတစ်လုံးကစခဲ့တယ်လို့
ဒဏ္ဍာရီတွေထဲကလို ပြောလို့လဲရတယ်.”


“နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကဖူးပွင့်လာတဲ့
ကမ္ဘာဦးကပန်းတစ်ပွင့်လို့လဲ ပြောလို့ရတယ်..”


“အမှန်တော့ဖိုနဲ့မ နှစ်ဦးကြားမှာ ဖြစ်တည်နေတဲ့ နယ်လွန်သံယောဇဉ်နဲ့ အပြန်အလှန်
မေတ္တာတရားလဲဖြစ်တယ်..”

အားလုံးက ဂူဂဲ ဖောသမျှကို အီလည်လည်နဲ့ နားထောင်နေကြသည်။

“သမိုင်းအဆက်ဆက် လူသားတွေ စပ်ဆိုလို့ ဘယ်တုန်းကမှ မပြည့်စုံခဲ့ကြတဲ့ ကဗျာတစ်ပုဒ်..ရေးလို့အပြီးမသတ်နိုင်ခဲ့ကြတဲ့ ဇာတ်လမ်းတစ်ပုဒ် ဗဟေဠိတစ်ခုပေါ့ကွာ”

“အခုတော့ ငါနားလည်ခဲပါပြီ...အချစ်ရဲ့အဓိပ္ပာယ်ကို
ငါတကယ်သိလိုက်ရပြီ..”


ပြောရတာမောသွား၍ထင်သည် ဂူဂဲက အရက်တကြိုက်ထပ်မော့လိုက်သည်။
ပြီးတော့ ဟန်ပါပါနဲ့ကောင်းကင်ကြီးကို မော့ကြည့်လိုက်သေး၏။
ထန်းရွက်အမိုးတွေကာထား၍ ခေါင်မိုးက ပင့်ကူအိမ်ကိုပဲ တွေ့လိမ့်မည်။


“ဟေ့ကောင် ပြောမယ့်ဟာ ပြောလေကွာ ငါ့ထတွယ်လိုက်မှာနော်...”

နီကိုရဲက လူပုသလောက် စိတ်မရှည်ဘဲ ၀င်ငေါက်သည်။

“ဟဲဟဲ မင်းတို့ငါပြောတာကို စိတ်မှဝင်စားကြရဲ့လားလို့ စမ်းသတ်ကြည့်လိုက်တာ..”


“တကယ်တော့ အချစ်ဆိုတာ အချစ်ပါပဲကွာ..ကဲရှင်းပြီလား..”


”စောက်ပေါ ..အလေနတော...ဟုတ်မလားလို့ နားထောင်နေတာ..ရုပ်ဆိုးသလောက် ဘာမှ
သုံးစားလို့မရတဲ့ကောင်..”


“ဟုတ်တယ် အဲဒီကဗျာရူးစာရူးက အလှူရှိမှ ထမင်းစား မိုးရွာမှရေချိုး ပလက်ဖောင်းခေါင်းအုန်း ဓာတ်တိုင်သေးပန်း အုတ်ကြားမြက်ပေါက်”


“မြောက်လောက်တောင် အသုံးမကျတဲ့ ဆန်ကုန်မြေလေး...”

ကြီးပေါက အမြင်ကတ်ကတ်နဲ့ ထကောပါတော့သည်။

“ဟား.ဟားး ကြီးပေါပြောမှ ငါ့မှာဘွဲ့တွေ ဒီလောက်များမှန်းသိရတော့တယ်..”


“ငါမှ ရည်းစားမထားဘူးတာ အချစ်အကြောင်းဘယ်သိမှာလဲ..”

အဲဒါဆိုလဲ မပြောနဲ့ကွာ ငါပြောမယ်။ နီကိုရဲက တစ်စခန်းထလာသည်။

“အချစ်ဆိုတာ အမုန်းနဲ့ ကျောချင်းကပ်နေတာကွ အမုန်းဘက်ကနေ အမှတ်တမဲ့ လှည့်ကြည့်လိုက်မှ
လင်းလက်လာတတ်တာမျိုး ချစ်ခြင်းအစ အမြင်ကပ်ခြင်းကတဲ့ ..မှတ်ထား”


“မှတ်သားလောက်ပါပေတယ် ကိုနီကိုရဲရယ်...”


“မင်းကလဲ ပြောလေ ၀ူးဝါး”

“ငါကတော့ အချစ်ဆိုတာ အင်မတန် ရှုတ်ထွေးခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ကိုတွက်ရသလိုပဲ ...တွက်ရင်းရှုတ်ရင်း အဖြေရှာရင်း မှားရင်း ပြန်ရှင်းရင်းရှုတ်ရင်းနဲ့
နားကိုမလည်တော့ပါဘူးကွာ..”


“၀ူးဝါးရာ မင်းနားမလည်တာပဲကောင်းပါတယ်..
ခုတောင် ငါတို့မှာ နားထောင်ရတာ တော်တော်ရှုတ်နေပြီ..”


“ကဲဒေါင်းကြီးမင်းသား မင်းအလှည့်ပဲ ကျန်တော့တယ်..မင်းက လောလောဆယ်ခံစားနေတဲ့ကောင်ဆိုတော့ မင်းရဲ့
အဓိပ္ပာယ်ဖွင့်ဆိုချက်က ပိုပြီးမှန်မယ်ထင်တယ်..”


အားလုံးက ဒေါင်းကြီး အပြောကို စောင့်နားထောင်နေကြသည်။

“ငါကတော့ အချစ်ဆိုတာ ရှေးဘ၀က အတူတူပြုခဲ့ ဆုတောင်းခဲ့ကြဖူးတဲ့ ကုသိုလ်ရေစက်တစ်ခုလို့မြင်တယ်..”


“ဘ၀အဆက်ဆက်က စိုက်ပျိုးခဲ့တဲ့ သံယောဇဉ် မျိုးစေ့တစ်ခုလို့လဲ ခံစားမိတယ်..”


“ငါက ဆည်းဆာကို မမြင်ဖူးခင်ကတည်းက စွဲလန်းခဲ့၇တာ..မြင်တော့လည်း မြင်မြင်ချင်း
ချစ်မိသွားတယ်..”

ဒေါင်းကြီးက တကယ်ခံစားချက် အပြည့်နဲ့ ပြောနေတော့သည်။

“မင်းတို့မယုံကြဘူးဆိုတာလည်း မဆန်းပါဘူး..တခါတလေ ငါ့ကိုယ်ငါတောင် စဉ်းစားမိတိုင်း ခဏခဏအံ့သြရတယ်...”


“အေးပါ ဆက်ပြောပါဦး”
ဂူဂဲက စကားထောက်ပေးလိုက်သည်။

“အချစ်ဆိုတာ မထင်မှတ်ထားတဲ့နေရာ မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်ဘဲ မွေးဖွားလာတတ်တာကို
ငါကြုံဖူးသွားပြီ ပြီးတော့ အချစ်မှာ ရွေးချယ်မှုဆိုတာမရှိဘူးလေ..အဲဒါဟာလည်း ရှေးဘ၀က ဖူးစာရေစက်လို့လည်း ငါယုံကြည်တယ်...”


“ဒါပါပဲကွာ ...ဘယ်နှစ်နာရီရှိပြီလဲ ..”


“၁၁ နာရီကွ အချိန်ကောင်းပဲ ..ဒီအချိန်ဆို သူတို့စာကျက်ပြီးနေလောက်ပြီ...”


“ကဲ ရေစက်ကြီးရေ မင်းရဲ့ဖူးစာရှင်မလေးဆီသွားပြီး အချစ်ရေတွေလောင်းကြစို့ဟေ့..”


“ကိုဇော်ရေရှင်းတော့မယ်ဗျို့...”

အားလုံး တက်ညီလက်ညီ မူးကြောင်မူးကြောင်ဖြင့် အရက်ဝိုင်းမှ ထလိုက်ကြသည်။

“တပြားလောက်ဆွဲခဲ့ပါဦး သီချင်းဆိုရင်းကစ်ရအောင်..”
လေးဖြူက ဒါကျတော့မမေ့။

“အပြင်မှာ အရမ်းအေးတယ်ဗျ...”


“အေးအေး..မင်းတို့ရန်တွေဘာတွေတော့ မဖြစ်ကြနဲ့နော်..”


“ဟုတ်ကဲ့ပါကိုဇော် ကျေးဇူးပါပဲ ခုလိုဆုံးမလို့ သွားပြီဗျို့..”


အားလုံးရဲ့ ဦးတည်ရာကတော့ လှပျိုဖြူများရှိရာ အမျိုးသမီးဆောင်တွေဆီသို့။



ရမ္မာဝတီ အမျိုးသမီးဆောင်လေးသည် လရောင်အောက်တွင် ငြိမ်သက်နေသည်။
ကျောင်းသူတချို့ရဲ့ စာကျက်သံကတော့ တစာစာထွက်ပေါ်နေဆဲပါ။


“ကဲ..ရောက်ပြီ ဒေါင်းကြီး မင်းဆန်နီ့ကို
မုန့်ကျွေးခိုင်းရမယ်နော်..”


“မင်းတို့ကလည်းကွာ ကြွေးပါ့မလား..ဘာလို့မကျွေးရမှာလဲ”

“မင်းနဲ့ဒီလောက်တောင်ခင်နေတာကို..မင်းမရရအောင်ပြောရမယ်နော်....”


“အေးကွာ မင်းတို့သဘောပဲ..တီးကြတော့လေ..”


ပြောရင်းဆိုရင်း ဂူဂဲစဖောက်တော့သည်။


“ပရိတ်သတ်ကြီးခင်ဗျား ..ကျနော်တို့လျှပ်စစ်စွမ်းအားမေဂျာမှ
ဂျွန်စော၊ထယ်ဆောက်နဲ့ အပေါင်းပါ ကိုးရီးယားမင်းသား
ချောကလေးများအဖွဲ့လေး ရောက်လာပါပြီ ..”


“ခုချိန်ကစပြီး နားဒုက္ခခံတော်မူကြပါခင်ဗျား...ရေဗူးများ၊အချဉ်ပေါင်းထုပ်များ
လက်ဖက်သုတ်များဖြင့် ပြစ်ပေါက်ခြင်းကိုတော့ ကျနော်တို့အဖွဲ့က
ဂရုဏာရှေ့ထားပြီး ခွင့်လွှတ်သွားမှာဖြစ်ပါကြောင်း..”


ဂူဂဲ၏ ရွှတ်နောက်နောက် အသံကြောင့် အဆောင်သူများ တ၀ါးဝါးဖြင့် ပွဲကျသွားကြလေသည်။

“ဒီကနေ့ညတော့ ကျနော်တို့ရဲ့ မင်းသားချောလေး ကိုကျော်သူခေါ်
ဒေါင်းမောင်မောင်ရဲ့ ရင်ထဲက သံစဉ်တွေကို
သက်ဆိုင်သူကလေး တစ်ဦးအတွက် ကျနော်တို့ဖြေဖျော်ပါတော့မယ် ခင်ဗျား...”


ဂူဂဲက မျက်နှာပြောင်စွာ အခန်းအနား စတင်လိုက်ပါတော့သည်။

“ဟေ့ကောင် ဂူဂဲမင်းက ဘာလို့နာမည်ကြီးထည့်တာလဲကွာ ရှက်စရာကြီး..”


“ဟာ မင်းကလည်း ဒါမှနားဖောက်ပြီးသား ဖြစ်တာပေါ့ ဟုတ်ဘူးလား..ကဲလေ
မရှည်နဲ့စမယ်..”


“လေးဖြူ ဘာသီချင်းစဆိုမလဲ..”


“ထွဏ်းခဏ် ရဲ့ အချစ်စွမ်းအားနဲ့စမယ်ကွာ....ဒီသီချင်းလေးကကောင်းတယ်
မင်းခံစားချက်နဲ့လည်းလိုက်တယ်..”


ဒီနေရာကြတော့ လေးဖြူနဲ့ ကြာကြီးကအားကိုးရသည်။


ထို့နောက် ကိုညီထွဋ်၇ဲ့ အနှိုင်းမဲ့၊လေးဖြူ၇ဲ့
မျှော်လင့်ခြင်းလေး..စသည်ဖြင့် သီချင်းကောင်းလေးတွေကို
ရည်းစားစကားပြောသလို တန်းစီဆိုပေးကြသည်။


တချက်တချက် ကီးကြောင်ကြီးနဲ့ ထထအော်တတ်သည့် နိုင်လင်းရဲ့
အသံပြဲပြဲကြီးကလွဲရင် ကျနော်တို့အဖွဲ့လေးရဲ့
သီးချင်းသံတွေက တိတ်ဆိတ်တဲ့ ညလေးမှာ မြိုင်နေပါတော့သည်။


ရေချိန်ကိုက်နေကြပြီမို့ ဂူဂဲ၊တေဇနဲ့နီကိုရဲတို့က လရောင်အောက်တွင်
ကွေးနေအောင် ကကြပါတော့သည်။
ကရင်းနဲက ပါးစပ်ကလည်း ရို့ရို့..ရက်ရက်နဲ့ ရက်ပါတွေလို ထထအော်ကြသေးရဲ့..
အဆောင်သူတွေလည်း စာကြက်၍မရကြတော့ ဂူဂဲတို့ကတာသဘောကျနေကြသည်။


အဆောင်ရှေ့ထွက်လာပြီး နေကြာစေ့ဝါးရင်း ကျနော်တို့တီးတာကို
နားထောင်နေကြပါသည်။သီချင်းတွေကလည်း ဆည်းဆာကိုရည်ရွယ်ပြီးဆိုမှန်း သိသာလှသည်။
ကျနော့်ရဲ့ဆည်းဆာလည်း အပြင်ထွက်လာပါသည်။


လရောင်အောက်တွင် သူမမျက်နှာလေးသည် ရှက်သွေးတို့ဖြင့် ရဲနေမည်ထင်ရဲ့..


“နောက်ထပ် အလှည့်ကျတင်ဆက်မယ့် သီချင်းကလေးကတော့ ကိုတိုးကြီးရဲ့ ဒေါင်းရဲ့ဆည်းဆာဖြစ်ပါတယ်
အဲ ယောင်လို့ ၀ိုင်းရဲ့ ဆည်းဆာပါခင်ဗျား...”


“ဟဲ့ ဂူဂဲ ငပေါ ငါတို့စာကြည့်လို့ မရတော့ဘူးဟဲ့..”


“မနက်ကျမှ နင်တို့အဖွဲ့ကို ဆရာမနဲ့တိုင်ရမယ်..”

သဲမွန်လှမ်းအော်သည်။

“တိုင်တိုင် တိုင်တစ်လုံးမှ ၂ ကျပ် ဒေါ်ဘုမကြီး ရင်ကြပ် ..ဒတ်..ဒတ်..ဒတ်..”


“ငါတို့မောပြီဟာ လက်ဖက်သုတ်လေးရေလေး လုပ်ကြဦးလေ..”


“ဟေ့ကောင် ဒေါင်းကြီး မင်းမေ့ချင်ယောင်ဆောင်မနေနဲ့လေကွာ..”


“အေးပါကြီးပေါရာ..”


“ဆန်နီ ငါတို့ကို ရေတိုက်ပါဦးဟာ ဟို မုန့်ရောနော်..”


“ကိုကျော်သူ သမီးနေ့လည်က၀ယ်ထားတဲ့ ဘီစကစ်တော့ ရှိတယ် စားမလား..”


“စားမယ်..စားမယ်...”

ကြာကြီးကထအော်သည်။

“ဒေါင်းကြီးကွ....”
ဝူးဝါးကလည်း ၀င်အော်လိုက်သေးသည်။
တညလုံးပျော်ကြ အော်ကြနဲ့ ည၂နာရီထိုးလောက်မှ ပြန်လာကြသည်။
အကုန်လုံးလည်း တော်တော်မှန်နေကြပြီ ဖြစ်သည်။
လမ်းမှာ အမြဲလွဲတတ်တဲ့ နီကိုရဲတစ်ယောက် လမ်းမြေဖို့ဖို့တူးထားတဲ့
ကျင်းထဲမူးကြောင်မူးကြောင် လိမ့်ကျလို့ မနဲတွဲတင်ခဲ့ကြရသည်။
ရင်ထဲကခံစားချက်တွေကို ချစ်သူရှိရာ သီချင်းတွေနဲ့ ရင်ဖွင့်ခွင့်ရခဲ့လို့
ကျေနပ်မိသည်။


ရင်ထဲက ကြည်နူးမှုကတော့ ပြောပြ၍ပင်မရ။

သူငယ်ချင်းတွေကို ကျေးဇူးတင်ရပါသည်။`
ဆည်းဆာရယ် ငါနင့်ကို ချစ်လိုက်တာဟာ...
မူးမူးနဲ့ အိပ်ပျော်သွားသည်။အိပ်မက်ထဲမှာတော့ ဆည်းဆာက ကျနော်ကို
အဖြေပေးတယ်တဲ့..။


ချစ်သူရယ် ငါဟာအိပ်မက်တွေနဲ့ ရူးသွပ်နေခဲ့သူ တစ်ယောက်ပါ..နင်ဟာငါ့ရဲ့
တမ်းတလို့မဆုံးနိုင်တဲ့ အိပ်မက်လေးပါပဲ.
စောင့်ရတဲ့ အချိန်တွေက ကြာလွန်းတယ် ထင်ရရဲ့..
မင်းဆီက အချစ်ကိုမျှော်လင့်စောင့်စားနေရတဲ့ အချိန်တွေက
ပိုပြီးရှည်ကြာလွန်းတယ်ထင်ရဲ့...
လွမ်းတယ်
ကောင်မလေးရယ်

ဘယ်ကဗျာတွေဆီကိုပဲ ရောက်ရောက်
နင့်ရဲ့စိတ်ကို တံခါးလှမ်းလှမ်းခေါက်မိတယ်။

ငါ့ကိုယ်ငါ လွယ်အိပ်တစ်လုံး
ဆွဲဖြဲဖူးပါရဲ့

ဒါပေမယ့် ကျောင်းတော်ကဖြင့်
....ခုထက်ထိ မြူပြာတွေထဲမှ
ပွင့်နေတုန်း...။


ချစ်ခြင်းတရားဟာ..
ငါ့အတွက်တော့ တစ်ချို့ခေါင်းလောင်းကြိုးတွေလိုပဲ..
ဘယ်လိုဆွဲဆွဲ..တံခါးက ပွင့်မလာခဲ့ဘူး။

ဒီအရွယ်မှာ ဆောင်းဦးပေါက်မိတာဟာလည်း
မထူးတော့ပါဘူး
အစကတည်းက....
သူငယ်ချင်းဆိုတာ.......
ဆွတ်ခူးဖို့မှ မဟုတ်ခဲ့ဘဲကွယ်။ ။

တာရာမင်းဝေ




ဆက်ရန်
လင်းဝေ

No comments:

Post a Comment