Wednesday, September 29, 2010

တံငါသည်ပုံပြင်

တစ်ခါတုန်းက တံငါသည်လင်မယားနှစ်ယောက်ရှိလေသည်။သူတို့ဟာ ပင်လယ်ကမ်းစပ်နားမှာ တဲကလေးဆောက်ပြီး
နေကြလေ၏့။တစ်နေ့မှာတော့ တံငါသည်ဟာ ထူးဆန်းတဲ့ ငါးကြီးတစ်ကောင်ကို ဖမ်းမိလာခဲ့လေသည်။ငါးကြီးက ရိုးရိုးသာမန် ငါးကြီးမဟုတ်ပေ။တန်ခိုးရှိတဲ့ ငါးကြီးဖြစ်လေ၏။
ငါးကြီးဟာ တံငါသည်ကို သူဟာ ရိုးရိုးသာမန်ငါးမဟုတ်တဲ့ အကြောင်း။သူ့ကိုပြန်လွှတ်ပေးဖို့ အကြောင်း တောင်းပန်ပြောဆို လေသည်။တံငါသည်လည်း ငါးပါးစပ်က လူ့စကားပြောသံကြားတာနဲ့ လန့်ပြီးပြန်လွှတ်လိုက်မိလေ၏။
အိမ်ရောက်သောအခါ အဲဒီအကြောင်းကို မိန်းမဖြစ်သူအားပြောမိလေသည်။ထိုအခါ မိန်းမဖြစ်သူက ငါဆီက ဘာမှမတောင်းလိုက်
ဘူးလားလို့မေးလေ၏။တံငါသည်က လောဘမရှိ တောင်းရမှန်းလည်းမသိပေ။မိန်းမဖြစ်သူကတော့ ဒီလိုငါးမျိုးဟာ
တန်ခိုးတကယ်ရှိမှာပဲ တခုခုတောင်းရင်တော့ ရမှာပဲလို့တွေးမိလေ၏။အဲဒါကြောင့် ယောက်ျားကို ပြောသည်။
`ရှင်ပင်လယ်နားပြန်သွား၊ အဲဒီငါးကို ခေါ်။ သူလာလို့ရှိရင် ကျုပ်တို့အတွက် အိမ်ကောင်းကောင်းလေးတစ်လုံးပေးပါလို့ပြော´ဆိုပြီး
ခိုင်းသည်။
တံငါသည်လည်း ရေစပ်နားသွားပြီး ငါးကြီးကိုခေါ်လေရာ ငါးကြီးက အမှန်တကယ်ပင်ရောက်လာသည်။အဲဒါနဲ့ တံငါသည်က
ကျုပ်အိမ်ကောင်းကောင်းလေးတစ်လုံးလောက်လိုချင်ပါတယ်လို့ ပြောတော့ ငါးကြီးက ယူစေ၊ရစေဟု ပြောလိုက်လေသည်။
တံငါသည် အိမ်ပြန်သွားသောအခါ တကယ်ပင် အင်မတန်သတ်ရပ်တဲ့ အိမ်ကလေးတစ်လုံး ခြံနဲ့ဝင်းနဲ့ ကြက်ခြံဘဲခြံနှင့် ဥယျာဉ်စိုက်
ခင်းလေးနဲ့ စိတ်ကျေနပ်စရာ ပြည့်ပြည့်စုံစုံလေးတွေ့ရလေသည်။
ယောက်ျားက အိမ်လေးခြံလေးကြည့်ပြီး ၀မ်းသာအားရ ဖြစ်နေချိန်မှာ မိန်းမမျက်နှာကတော့ ကျေနပ်ပုံမရဘဲ သုန်သုန်မှုန်မှုန်
ဖြစ်နေလေသည်။မိန်းမဖြစ်သူက လောဘကြီးလေသည်။
သူမက တဲစုတ်ကလေးဘ၀ကနေ ခြံနဲ့ဝင်းနဲ့ဖြစ်တာကို အားမရနိုင်။တိုက်တလုံးဆောက်ပေးပါလို့ပြောရင်လည်း တိုက်ရမှာပဲ၊ခုတော့
ရိုးရိုးအိမ်လေးပဲတောင်းမိလို့ဟု တွေးတွေးပြီးစိတ်မကောင်းဖြစ်နေလေ၏.။နောက်တော့ ယောက်ျားကိုထပ်ပြောသည်။
`ရှင် ငါးကြီးဆီပြန်သွား တိုက်နဲ့နေချင်တယ်လို့ ပြော သူကရစေဆိုရင် ကျုပ်တို့ရမှာပဲ သွားပြောချည်ဆိုတော့
ယောက်ျားလည်း မသွားချင်သွားချင်သွားရပြန်တယ်။အားလည်းနာ ရှက်လည်းရှက်ပေါ့။ဒါပေမယ့် ဒီမိန်းမနဲ့ က နှစ်ယောက်ထဲ
နေတာဆိုတော့ ကြာကြာနားညည်းမခံနိုင်ဘူး။မျက်နှာပူပူနဲ့ပဲ ငါးကြီးဆီသွားပြီး ပြောရှာလေသည်။
`ငါးကြီးရယ် ကျုပ်မိန်းမက ချေးနည်းနည်းများတယ်ဗျာ အခုခင်ဗျားပေးတဲ့ အိမ်ကိုမကြိုက်ဘူးတိုက်နဲ့နေချင်တယ်လို့ ပြောနေတယ်´လို့ဆိုလိုက်တော့ ငါးကြီးက တိုက်ရစေ ယူစေဆိုပြီး လုပ်ပေးလိုက်ပြန်ပါသည်။
တကယ့် အဆောင်ဆောင်အခန်းခန်းနဲ့ ခန့်ညားထည်ဝါတဲ့တိုက်ကြီး။အဖိုးတန်ပရိဘောဂတွေ၊အသုံးအဆောင် ပစ္စည်းတွေနဲ့၊
သေတ္တာဗီရိုတွေထဲမှာလည်း ရွှေငွေရတနာတွေက အပြည့်အစုံပါပဲ။ခြံဝင်းကြီးထဲ ကြည့်လိုက်ရင်လည်း မြင်းဇောင်းတွေ၊အမဲလိုက်
ခွေးတွေထားတဲ့လှောင်အိမ်တွေ၊ုမြင်းရထားတွေ ပြီးတော့ အဲဒါတွေကို ထိမ်းသိမ်းဖို့စေခံအလုပ်သမားတွေစသည်ဖြင့် တကယ့်
နယ်စားရွာစားအခြေအနေဖြစ်သွားလေသည်။
ပထမတော့ ကျေနပ်သွားလေရဲ့။ဒါပေမယ့် လောဘကြီးတဲ့မိန်းမက ဒီအနေအထားကိုပဲ နည်းသေးတယ်လို့ထင်လာပြန်သည်။
အဲဒီတော့ တံငါသည်ပဲ ငါးကြီးဆီသွား မရှက်မကြောက်တောင်းပေါလေ။ဘာလဲဆိုတော့ ရှင်ဘုရင်ဖြစ်ချင်ပါသတဲ့။မြို့စားရွာစား
အဆင့်နဲ့ မကျေနပ်နိုင်တော့ဘူးပေါ့။တံငါသည်ရဲ့မိန်းမက ဘုရင်မကြီးလုပ်ချင်ပါတဲ့။
အားလည်းနာပါရဲ့ ငါးကြီးရဲ့ ကျုပ်မိန်းမကလေ ဘုရင်မကြီးဖြစ်ချင်ပြန်ပြီတဲ့ဗျာ
လုပ်စမ်းပါဦးငါးကြီးရယ် ဆိုတော့ သဘောကောင်းတဲ့ငါးကြီးက ဖြစ်စေ ရစေလို့ပြောလိုက်ပြန်လေသည်။
နန်းတော်ရဲတိုက်ကြီးမျှော်စင်ကြီးတွေနဲ့ စစ်သည်အစောင့်အရှောက်တွေ၊ရွှေရောင်ပြိုးပြိုးပြက်ပြက် တံငါသည်မိန်းမခေါင်းပေါ်
မှာ သရဖူကြီးနဲ့ ဘုရင်မကြီးဖြစ်သွားတာပေါ့ တံငါသည်ကတော့ ကြင်ယာတော်ပေါ့လေ..။
´မိန်းမရေ ဘုရင်မဖြစ်သွားပြီဆိုတော့ အရာရာပြည့်စုံပြီပေါ့ကွာ ဒီတိုင်းပြည်မှာ မင်းသဘော မင်းစိတ်ထဲရှိတာအကုန်လုပ်နိုင်ပြီ
လို့ တံငါသည်ကပြောတဲ့အခါ မိန်းမက ဘယ်ဟုတ်ဦးမလဲယောက်ျားရယ်တဲ့ ကျုပ်တို့တိုင်းပြည်က သေးသေးလေးဆိုတော့ ဒီဟာလေးလောက်ဘုရင်လုပ်ရတာ ဘာရာဇ၀င်မှာစာတင်နိုင်မှာလဲ၊ ကျုပ်က အင်ပါရာဘုရင်ဧကရာဇ်ဖြစ်ချင်တာလို့
ပြောလိုက်သတဲ့..။ထုံးစံအတိုင်း ငါးကြီးဆီပြေးရပြန်လေသည်။ငါးကြီးကလည်း ယူစေရစေပါပဲ။
အင်ပါရာပိုင်ရှင် ဘုရင်မကြီးပေါ့တိုင်းငယ်ပြည်ငယ်တွေက မင်းသားတွေ ဘုရင်လေးတွေက ခစားလို့နေတာပေါ့။
စစ်သည်ဗိုလ်ပါ အမြောက်အများနဲ့ကြီးကျယ်လှတဲ့ ညီလာခံကြီးတွေ ဗိုလ်ဂရှုသဘင်ကြီးတွေ ကျင်းပလို့ ခဏတော့
ကျေနပ်နေကြလေသည်။
ဒါပေမယ့်မကြာခင်မှာပဲ တကမ္ဘာလုံးကို အုပ်စိုးရတဲ့ စကြာဝတေးမင်းဖြစ်ချင်ပြန်သတဲ့။တံငါသည်လည်း ငါးကြီးဆီပြေးရပြန်ပါသည်။ငါးကြီးကလည်း တော်တော်တန်ခိုးင်္ကြီးတယ် စကြာဝတေးမင်းဆိုတော့လည်းလုပ်ပေးနိုင်တာပဲ။
ဖြစ်စေဗျားတဲ့။
တကယ်ကို စကြာဝတေးမင်းကြီး ဖြစ်သွားပါသည်။လောကတခွင် စကြာယာဉ်ကြီးနဲ့လှည့်လည်လို့ အကျေနပ်ကြီးကျေနပ်နေကြတာပေါ့။အစတော့ ငြိမ်သွားပြီး နောက်မကြာခင်ပဲ မိန်းမဟာ မရွှင်မပျဖြစ်လာပြန်လေသည်။
ညဘက်လည်း မအိပ်နိုင် လူးလူးလိမ့်လိမ့်နဲ့ တစ်ညကျတော့ ည သန်းခေါင်ကျော်အချိန်ကြီး အမှောင်ကြီးထဲကိုကြည့်ပြီး
မိန်းမဖြစ်သူက ပြောတယ် နေလုံးကြီးကလည်းခုထိမထွက်သေးဘူးတဲ့.။
တံငါသည်လည်းလန့်ပြီးနိုးလာတယ်။ဘာဖြစ်တာလဲလို့မေးတော့
နေလုံးကြီးကို သူအလိုရှိတဲ့အချိန် ထွက်အောင်ဝင်အောင်လုပ်နိုင်ချင်တယ်တဲ့
ဟာအဲဒါတော့ တန်ခိုးရှင်မှပဲလုပ်နိုင်မှာ မိန်းမရလို့ဆိုတော့ တန်ခိုးရှင်ဖြစ်ချင်သတဲ့ ငါးကြီးဆီထပ်သွားသူ လုပ်ပေးနိုင်မှာတဲ့
အဲဒါတော့လုပ်ပေးနိုင်မယ် မထင်ဘူးဆိုတော့ သွားမှာသာသွားစမ်းပါတဲ့.။တောင်းဖြင့်မကြည့်ရသေးဘူး မရဘူးပြောနေတယ်ဆိုပြီး
အတင်းသွားခိုင်းတယ်။
တံငါသည်လည်း သွားပြီး ငါးကြီးကိုလုပ်ခိုင်းတော့ ငါးကြီးက ခင်းဗျားအိမ်ပြန်တော့ ခင်ဗျားမိန်းမ တဲကုတ်လေးထဲပြန်ရောက်နေပြီ
လို့ပြောပြီး ငုတ်သွားလိုက်တယ် ပြန်ပေါ်မလာတော့ပေ။
အဲဒီနေ့ကစလို့ တံငါသည်လင်မယားလည်း အရင်ကလိုပြန်ပြီးဆင်းရဲသွားကြသတဲ့..။
ပုံပြင်ကဒါပါပဲ လောဘဆိုတာ ရလေလိုလည်းအတောမသတ်နိုင်ပါဘူး။ကြီးပွားချမ်းသာအောင် ရိုးသားစွာရှာဖွေ မှန်ကန်စွာကြိုးစား
လှူသင့်တာလှူ ဝေသင့်တာဝေ လောကြကြီး၌ အဓိပ္ပာယ်ရှိရှိနေတတ်ကြဖို့လိုအပ်လှပေသည်။
လောဘအပို အလိုမလိုက်နဲ့ ကိုယ်ထိုက်တာနဲ့ကျေနပ်လေ ကျနော်တို့ဗုဒ္ဓဘုရားရှုင်က မင်္ဂလတရားတော်မှာ ဟောကြားခဲ့ပါတယ်။
ဒီပုံပြင်လေးကို ဖတ်ပြီး ဘာတွေခံစားရသလဲ..ပြီးတော့ ဘာတွေသိလိုက်ရသလဲ..။
ညီအကိုမောင်နှမများအားလုံး မတော်လောဘတွေနည်းပြီး စွန့်ကြဲပေးကမ်းနိုင်ကြကာ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment